အခန်း (၈၁) အစားထိုး ငွေပြာအင်ပါယာ၊ ဝင်စားခြင်း ငွေပြာအင်ပါယာ
မြေလျှိုးခြင်း။
အသွင်ပြောင်းခြင်း။
ဤအရာများ အားလုံးသည် အလွန် လက်တွေ့အသုံးကျသော အထောက်အကူပြု နည်းစနစ်များ ဖြစ်ကြသော်လည်း လူများကို အံ့သြမှင်သက်သွားစေရန်တော့ မလုံလောက်သေးပေ။
လုချန် ဆက်ပြောမည့် အရာကမှ အရေးကြီးသော အပိုင်းပင်။
“နှစ်တစ်သောင်း သက်တမ်းရှိ ကိုးဆင့် ဂျင်ဆင်းဘုရင်က ငါ့ကို စွမ်းရည် နှစ်ခုပါဝင်တဲ့ အဋ္ဌမ ဝိညာဉ်ကွင်းကို ပေးခဲ့တယ်။ ပထမ စွမ်းရည်က အစားထိုး ငွေပြာအင်ပါယာလို့ခေါ်ပြီး ဒုတိယစွမ်းရည်က ဝင်စားခြင်းငွေပြာအင်ပါယာလို့ ခေါ်တယ်”
“သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာပဲ လက်တွေ့ ပြပေးမယ်...”
စကားပြောပြီးသည်နှင့် လုချန်သည် သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်ကို ဆင့်ခေါ်လိုက်၏။
လုချန်၏ မျက်စိရှေ့တွင် အမြစ်များနှင့် အရွက်များပေါ်တွင် ရွှေရောင်ပုံစံများ ဖုံးလွှမ်းနေသော ကြည်လင်တောက်ပသည့် ငွေပြာအင်ပါယာတစ်ပင် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနီ၊ အဝါ နှစ်ကွင်း၊ ခရမ်း နှစ်ကွင်း၊ အနက် သုံးကွင်းနှင့် အနီ တစ်ကွင်း။ နောက်ဆုံး အနီရောင် ဝိညာဉ်ကွင်းသည် ထူးဆန်းသော အလင်းတန်းများဖြင့် တောက်ပနေပြီး လူများ၏ နှလုံးသားကို တုန်လှုပ်သွားစေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေခဲ့၏။
လုချန်၏ ပထမဆုံး ဝိညာဉ်ကွင်းခြောက်ကွင်းလုံးမှာ အတုများသာ ဖြစ်ကြသည်။ မဟုတ်ပါက သူ၏ ဝိညာဉ်ကွင်းအချိုးအစားမှာ ပို၍ပင် အံ့သြစရာ ကောင်းနေပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူ၏ အစစ်အမှန် ဝိညာဉ်ကွင်း အချိုးအစားမှာခရမ်း သုံးကွင်း၊ အနက် လေးကွင်းနှင့် အနီ တစ်ကွင်း ဖြစ်သည်။ ဤသည်မှာ သာမန် အသိတရားကို ကျော်လွန်နေပြီး မည်သူ့ကိုမဆို အံ့သြသွားစေလောက်သည့် ဝိညာဉ်ကွင်းအချိုးအစား တစ်ခုပင်။
ဤအချိန်တွင် တူကူပို၊ တူကူရန်နှင့် လုချန်တို့သည် ထူးဆန်းသော အလင်းတန်းများဖြင့် တောက်ပနေသည့် လုချန်၏ အဋ္ဌမ ဝိညာဉ်ကွင်းဆီသို့ အာရုံရောက်သွားခဲ့ကြသည်။
အနီရောင် ဝိညာဉ်ကွင်း။
သက်တမ်း တစ်သိန်း ဝိညာဉ်ကွင်း။
ယနေ့ခေတ် တိုက်ကြီးပေါ်တွင် သက်တမ်း တစ်သိန်းရှိ ဝိညာဉ်ကွင်းကို သူတို့၏ နဝမ ဝိညာဉ်ကွင်း အဖြစ် ပိုင်ဆိုင်ထားသော ဘွဲ့ခံတိုလော လက်တစ်ဆုပ်စာခန့်သာ ရှိလေသည်။ ယခုအခါ လုချန်သည် သက်တမ်း တစ်သိန်းရှိ ဝိညာဉ်ကွင်းကို သူ၏ ကိုယ်ပိုင် အဋ္ဌမ ဝိညာဉ်ကွင်းအဖြစ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
တူကူပိုနှင့် တူကူရန်တို့က မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။
လုချန်က အသံနှိမ့်ကာ အော်လိုက်သည်။
“အဋ္ဌမ ဝိညာဉ်စွမ်းရည်... အစားထိုး ငွေပြာအင်ပါယာ...”
တစ်ပြိုက်နှက် ထူးဆန်းသော အလင်းတန်းများ တောက်ပနေသည့် သူ၏ အဋ္ဌမ ဝိညာဉ်ကွင်းသည် ယှဉ်ပြိုင်နိုင်စွမ်း မရှိလောက်အောင် စူးရှသော အလင်းတန်းများဖြင့် လင်းလက်လာခဲ့လေသည်။
လုချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက ငွေပြာအင်ပါယာ ဝိညာဉ်ထဲသို့ အဆက်မပြတ် စီးဝင်သွားခဲ့သည်။
သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်သည် စူးရှစွာ တောက်ပနေခဲ့သည်။
ထို့နောက် စူးရှသော အလင်းတန်းများကြားတွင် သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်သည် လက်ဝါးအရွယ်အစားရှိသော ငွေပြာအင်ပါယာအပင် နှစ်ပင်အဖြစ် ကွဲထွက်သွားခဲ့သည်။
လုချန်က လက်နှစ်ဖက်ကို တစ်ပြိုင်နက် မြှောက်လိုက်ပြီး လက်ဝါးအရွယ်အစားရှိ ငွေပြာအင်ပါယာ အပင် နှစ်ပင်ကို လက်ထဲတွင် ကိုင်ထားလိုက်၏။
သူက ထိုအထဲမှ တစ်ပင်ကို တူကူပိုထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေသည်။
တူကူပိုက မတုံ့ဆိုင်းဘဲ ဖမ်းယူလိုက်ပြီးနောက် လုချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။
လုချန်က တူကူရန်ထံသို့ လျှောက်သွားကာ သူမ၏ သွယ်လျသော လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး အခြား လက်ဝါးအရွယ်အစားရှိ ငွေပြာအင်ပါယာကို သူမ၏ လက်ဖဝါးထဲသို့ လေးနက်စွာ ထည့်ပေးလိုက်သည်။
“ယန်ယန်... မင်း ဒီ အစားထိုး ငွေပြာအင်ပါယာ အပင်ကို လုံခြုံအောင် သိမ်းထားပြီး အချိန်တိုင်း ကိုယ်နဲ့မကွာ သယ်သွားရမယ်”
“မင်း အဲဒါကို ကိုယ်နဲ့မကွာ သယ်သွားရင် သူ့ရဲ့ ချီ ယန္တရားနဲ့ ချိတ်ဆက်နိုင်ပြီး မင်းရဲ့ ဝိညာဉ်စွမ်းအား နဲ့ အာဟာရ ဖြည့်ပေးနိုင်တယ်။ ဒါဆိုရင် သူ ဘယ်တော့မှ ညှိုးနွမ်းသွားမှာ မဟုတ်ဘူး”
“အကယ်လို့ အနာဂတ်မှာ မင်း သေစေနိုင်တဲ့ ဒဏ်ရာ ရခဲ့ရင် မင်း ရလိုက်တဲ့ သေစေနိုင်တဲ့ ဒဏ်ရာက အစားထိုး ငွေပြာအင်ပါယာဆီကို လွှဲပြောင်းသွားလိမ့်မယ်”
“ဒါက လူတစ်ယောက်ကို အပို အသက်တစ်ချောင်း ပေးလိုက်တာနဲ့ တူတူပဲ။ အဲဒါက အစားထိုး ငွေပြာအင်ပါယာရဲ့ အကျိုးသက်ရောက်မှုပဲ”
လုချန်၏ ရင်းနှီးသော အမူအရာများကြောင့် တူကူရန်၏ ရင်ထဲတွင် အလွန် ချိုမြိန်သွားသည်ဟု ခံစားလိုက်ရပြီး လုချန်အပေါ် သူမ၏ အကြည့်များမှာ ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်သွားရသည်။
တူကူရန်သည် အစားထိုး ငွေပြာအင်ပါယာ၏ အကျိုးသက်ရောက်မှုများအပေါ် လုချန်၏ ရှင်းပြချက်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လုချန် ကိုယ်တိုင် သူမကို ဤ အစားထိုး ငွေပြာအင်ပါယာ ပန်းလေးကို ပေးခဲ့သောကြောင့်ပင်။ သူမက ၎င်းကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကြင်နာမှုများ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်၏။
“အိုကေ... သိပါပြီ... ကျွန်မ ဒီ ငွေပြာအင်ပါယာကို အချိန်တိုင်း ကိုယ်နဲ့မကွာ သယ်သွားပါ့မယ်။ ဒါက ရှင် ကျွန်မကို ပေးဖူးတဲ့ ပထမဆုံး လက်ဆောင်ပဲလေ.. ဟီးဟီး...”
အခြားတစ်ဖက်တွင် အစပိုင်းက အစားထိုး ငွေပြာအင်ပါယာ၏ အကျိုးသက်ရောက်မှုများကြောင့် အံ့သြနေခဲ့သော တူကူပိုမှာ ရုတ်တရက် အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားပြီး လုချန်ကို စူးရဲစွာ ကြည့်လိုက်၏။
ဒီကောင်လေး... သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို မပြခင်တုန်းက သူ့မြေးမလေး ရှေ့မှာ လေးလေးနက်နက် နေဟန်ဆောင်ခဲ့တယ်။
အခု သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို ပြပြီးတဲ့နောက် သူ ရှိရှိ မရှိရှိ၊ သူ့ရှေ့မှာတောင် သူ့မြေးမလေးကို အချိန်တိုင်း မြှူဆွယ်နေတော့တာပဲ။
တူကူပိုသည် လုချန်၏ အသွင်အပြင်၊ အမူအကျင့်၊ ပါရမီနှင့် ခွန်အားတို့အပေါ် အတော်လေး ကျေနပ်နေသော်လည်း... မင်းတို့ ငါ့ရှေ့မှာ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။
တူကူပိုက မည်းမှောင်သော မျက်နှာဖြင့် နှစ်ခါလောက် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။
“အဟမ်း... လန်ချန်.. မင်းရဲ့ အဋ္ဌမ ဝိညာဉ်ကွင်းမှာ စွမ်းရည် နှစ်ခု ရှိတယ် မဟုတ်လား။ အစားထိုး ငွေပြာအင်ပါယာရဲ့ အကျိုးသက်ရောက်မှုကို ငါတို့ သိပြီ... ဒါပေမဲ့ ဝင်စားခြင်း ငွေပြာအင်ပါယာရဲ့ အကျိုးသက်ရောက်မှုကို မင်း မရှင်းပြရသေးဘူးလေ”
တူကူပို၏ စကားများကို ကြားသောအခါ လုချန်က တူကူရန်၏ လက်ကို လွှတ်လိုက်ပြီး သူ၏ အဋ္ဌမ ဝိညာဉ်ကွင်း၏ ဒုတိယစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။
“အဋ္ဌမ ဝိညာဉ်ကွင်းဆက်... ဝင်စားခြင်း ငွေပြာအင်ပါယာ”
ချက်ချင်းဆိုသလိုပင် သူ၏ အဋ္ဌမ ဝိညာဉ်ကွင်းက နောက်တစ်ကြိမ် လင်းလက်လာပြီး အလွန် စူးရှသော အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။
သူ၏ ကျန်ရှိနေသော ဝိညာဉ်စွမ်းအား တစ်ဝက်ကို သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်ထဲသို့ နောက်တစ်ကြိမ် ထည့်သွင်းလိုက်ပြန်သည်။
စူးရှသော အလင်းတန်းများကြားတွင် သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်သည် လက်ဝါးအရွယ်အစားရှိ ငွေပြာအင်ပါယာအဖြစ် နောက်တစ်ကြိမ် ကွဲထွက်သွားခဲ့ပြန်သည်။
လုချန်က လက်လှမ်းကာ လက်ဝါးအရွယ်အစားရှိ ငွေပြာအင်ပါယာကို ကိုင်လိုက်ပြီး တူကူပိုနှင့် တူကူရန်တို့ကို ကြည့်ကာ သူ၏ အမူအရာ လေးနက်သွားပြီး ရှင်းပြလိုက်သည်။
“အစားထိုး ငွေပြာအင်ပါယာက အခြေခံအားဖြင့် ထိခိုက်မှု လွှဲပြောင်းပေးတာ ဖြစ်ပြီး ဝင်စားခြင်း ငွေပြာအင်ပါယာကတော့ သေလွန်သူတွေကို ပြန်ရှင်သန်စေနိုင်တယ်”
“အသတ်ခံရတဲ့ ဘယ်လူသား ဒါမှမဟုတ် ဝိညာဉ်သားရဲမဆို သူတို့ရဲ့ ဝိညာဉ်တွေက ဝိညာဉ်လွင့်စဉ်ပြီး ပျောက်ကွယ်သွားတာမျိုး မဖြစ်သရွေ့ သူတို့ရဲ့ ဝိညာဉ်တွေကို ဒီ ဝင်စားခြင်း ငွေပြာအင်ပါယာထဲကို ထည့်လို့ ရတယ်”
“ဝင်စားခြင်း ငွေပြာအင်ပါယာက ဒီ ဝိညာဉ်တွေကို ပြန်လည် ရှင်သန်စေဖို့ ခန္ဓာကိုယ် အသစ်တစ်ခု ဖန်တီးပေးနိုင်တယ်.. ဒါပေမဲ့ ပြန်လည် ရှင်သန်ခြင်းမှာတော့ အကန့်အသတ်တွေ ရှိတာပေါ့”
“ဥပမာ အစွမ်းထက်တဲ့ သူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဝင်စားခြင်း ငွေပြာအင်ပါယာထဲကို လွှဲပြောင်းလိုက်ရင် ဝင်စားခြင်း ငွေပြာအင်ပါယာကနေ ဖန်တီးလိုက်တဲ့ ခန္ဓာကိုယ်အသစ်က သူ့ရဲ့ ခွန်အား အပြည့်အဝကို ပြန်မရနိုင်ဘူး။ အများဆုံးမှ သူ့ခွန်အားရဲ့ ဆယ်ပုံ တစ်ပုံလောက်ပဲ ပြန်လည် ရရှိနိုင်တယ်”
“ပြန်လည် ရှင်သန်လာတဲ့ အစွမ်းထက်သူ တစ်ယောက်က ဆက်ပြီး ကျင့်ကြံလို့ ရတယ်။ အကယ်လို့ သူတို့က ဆယ်စုနှစ် အနည်းငယ်လောက် မှန်မှန် ကျင့်ကြံမယ်ဆိုရင် သူတို့ရဲ့ အမြင့်ဆုံး ခွန်အားကို ပြန်လည် ရရှိဖို့ အခွင့်အရေး ရှိနိုင်တယ်”
“ဒါ့အပြင် ပြန်လည် ရှင်သန်ခြင်း အကျိုးသက်ရောက်မှုက ဝိညာဉ် ပြီးပြည့်စုံမှုနဲ့လည်း သက်ဆိုင်တယ်။ ဝိညာဉ်က ပိုပြီးပြည့်စုံလေ ပြန်လည် ရှင်သန်ပြီးရငမ အကျိုးသက်ရောက်မှုက ပိုကောင်းလေပဲ။ အကယ်လို့ မပြည့်စုံတဲ့ ဝိညာဉ်ဆိုရင်တော့ ပြန်လည် ရှင်သန်ပြီးရင် အရူး တစ်ယောက် ဖြစ်သွားနိုင်တယ်”
လုချန်၏ မိတ်ဆက်မှုကို နားထောင်ပြီးနောက် တူကူပိုနှင့် တူကူရန်တို့ နှစ်ဦးစလုံး မှင်သက်သွားကြရသည်။
ဒါက မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ စွမ်းရည်ပဲ။
အကန့်အသတ်တွေ ရှိနေရင်တောင် လူတွေကို ပြန်လည် ရှင်သန်စေနိုင်တဲ့ စွမ်းရည်ဆိုတာ နတ်ဘုရား စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်လို့ ရသေးလေသည်။
တူကူပို မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
“ဒီစွမ်းရည် တစ်ခုတည်းနဲ့တင် မင်းက တိုက်ကြီးတစ်ခွင် ကြေညာလိုက်မယ်ဆိုရင် အဲဒီမှာ ရှိတဲ့ ဝိညာဉ်သခင်တိုင်းက မင်းကို နတ်ဘုရားတစ်ပါးလို လုံးဝ ကိုးကွယ်ကြလိမ့်မယ်..”
“လူတိုင်းက သေရမှာကို ကြောက်ကြတယ်။ အသတ်ခံရပြီးတဲ့နောက် ပြန်ရှင်ချင်တဲ့သူ ဘယ်သူ မရှိဘဲ နေမလဲ။ ခွန်အားတွေ ဆုံးရှုံးသွားရမယ်ဆိုရင်တောင် အနည်းဆုံး အသက်ရှင်နေသေးတယ်လေ...”
လုချန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ဒီစွမ်းရည်က တကယ်ကို နတ်ဘုရား စွမ်းရည်ပဲ။ ငါ့ဆီမှာ ဝိညာဉ်တစ်ခု ရှိနေတော့ ဒီစွမ်းရည်ရဲ့ တိကျတဲ့ အကျိုးသက်ရောက်မှုတွေကို ငါ စမ်းကြည့်လိုက်မယ်”
ထို့နောက် လုချန်သည် သူ၏ ဘယ်ဘက် ခြေထောက်အရိုးမှ နှစ်တစ်သောင်း သက်တမ်းရှိ ကိုးဆင့် ဂျင်ဆင်းဘုရင်၏ ဝိညာဉ်ကို ဆွဲထုတ်ကာ ဝင်စားခြင်း ငွေပြာအင်ပါယာထဲသို့ ထည့်လိုက်လေသည်။
နှစ်တစ်သောင်း သက်တမ်းရှိ ကိုးဆင့် ဂျင်ဆင်းဘုရင် ၏ ဝိညာဉ် နှင့် ဝင်စားခြင်း ငွေပြာအင်ပါယာ ပေါင်းစပ်သွားသည်နှင့် ဝင်စားခြင်း ငွေပြာအင်ပါယာ သည် စူးရှစွာ တောက်ပလာခဲ့သည်။
စူးရှသော အလင်းတန်းများကြားတွင် ဝင်စားခြင်း ငွေပြာအင်ပါယာသည် ခန္ဓာကိုယ်ကို စတင် ဖန်တီးလာပြီး ၎င်း၏ သဘာဝကို ဝိညာဉ် နှင့် အလိုအလျောက် ညှိနှိုင်းကာ နောက်ဆုံးတွင် ဝိညာဉ် နှင့် ပြီးပြည့်စုံသော သဟဇာတ ဖြစ်မှုကို ရရှိသွားခဲ့သည်။
ဤဖန်တီးမှု လုပ်ငန်းစဉ်သည် မမြန်ဆန်ပေ။ တကယ်တမ်းတွင် ၎င်းကို အလွန် နှေးကွေးသည်ဟု ဆိုရပေမည်။
သို့သော် ၎င်းမှာ မည်သို့ပင်ဖြစ်စေ အံ့သြဖွယ် ပြန်လည် ရှင်သန်ခြင်းဖြစ်ပြီး ဖြစ်ပေါ်လာမှုများကို စောင့်ကြည့်နေကြသော လုချန်၊ တူကူပိုနှင့် တူကူရန်တို့ အားလုံးသည် အလွန် စိတ်ရှည်ကြပေသည်။
ဝင်စားခြင်း ငွေပြာအင်ပါယာ နောက်ဆုံးတွင် ၎င်း၏ ဖန်တီးမှုကို အဆုံးသတ်သည်အထိ သူတို့သည် ရေကန်ဘေးတွင် သုံးရက်နှင့် သုံးညတိုင်တိုင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
မြက်ခင်းပြင်ပေါ်တွင် လုံးဝ ကိုယ်လုံးတီးဖြစ်နေသော ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအို တစ်ဦး လဲလျောင်းနေခဲ့သည်။ ထူးဆန်းသည်မှာ ဤအဘိုးအိုတွင် အမျိုးသား၊ အမျိုးသမီး မျိုးပွားအင်္ဂါ လုံးဝ မရှိဘဲ သူ၏ ပေါင်ခြံနေရာမှာ ဗလာဖြစ်နေခြင်းပင်။
သို့သော် သေချာ စဉ်းစားကြည့်ပါက ၎င်းမှာ နှစ်တစ်သောင်း သက်တမ်းရှိ ကိုးဆင့် ဂျင်ဆင်းဘုရင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ သီးခြား မရှိခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများ မရှိခြင်း ဖြစ်နိုင်ပေသည်။
ရုတ်တရက် အဘိုးအို မျက်လုံးဖွင့်လာခဲ့၏။ သူ နောက်ဆုံးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ နိုးလာခဲ့ပြီ ဖြစ်သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် လုချန်၊ တူကူပိုနှင့် တူကူရန်တို့ သူ့ကို စိုက်ကြည့်နေကြသည်ကို သူ တွေ့လိုက်ရလေသည်။
အဘိုးအိုက အလျင်အမြန် ထလာပြီး ထိုသို့ လုပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ရရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
အဘိုးအိုက အံ့သြသည့် အမူအရာဖြင့် ပြောလိုက်၏။
“ငါ ဒီလောက် မြန်မြန် ပြန်ရှင်လာတာလား”
လုချန်က ပြန်ပြောလိုက်သည်။
“အခု ငါ သေလွန်သူတွေကို ပြန်ရှင်သန်စေနိုင်တဲ့ စွမ်းရည် ရလာတာနဲ့ တစ်ပြိုင်နက် ငါ့ရဲ့ ကတိကို တည်ပြီး မင်းကို ပြန်ရှင်သန်အောင် လုပ်ပေးလိုက်ပြီ”
“မင်းရဲ့ ကျင့်ကြံခြင်းက ဆယ်ပုံ တစ်ပုံတောင် မပြည့်တော့တဲ့အထိ ကျဆင်းသွားပေမဲ့ မင်း ဆက်ပြီး ကျင့်ကြံလို့ ရပါသေးတယ်... ပြီးတော့ မင်းရဲ့ စွမ်းရည် အမျိုးမျိုးကလည်း အကောင်းပကတိ ရှိနေသေးလောက်တယ်”
“ကောင်းပြီ... အခု မင်း နိုးလာပြီဆိုတော့ ငါတို့ သွားတော့မယ်”
စကားပြောပြီးသည်နှင့် လုချန်၊ အံ့သြနေသော တူကူပိုနှင့် တူကူရန်တို့သည် လှည့်ထွက်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နှစ်တစ်သောင်း သက်တမ်းရှိ ကိုးဆင့် ဂျင်ဆင်းဘုရင်သည် သူ၏ အတွင်းပိုင်း စွမ်းအင်များကို အာရုံခံလိုက်ရာ သူ၏ ကျင့်ကြံခြင်း မှာ တကယ်ပင် ဆယ်ပုံ တစ်ပုံအောက်၊ အများဆုံး နှစ်တစ်သောင်းစာခန့်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။ သူ သက်ပြင်းချကာ ပြောလိုက်၏။
“အနည်းဆုံးတော့ ငါ အသက်ရှင်နေသေးတယ်။ ဒါက ဆိုးတဲ့ ကိစ္စတော့ မဟုတ်လောက်ပါဘူး”
“ငါ့ရဲ့ ကျင့်ကြံခြင်းက နှစ်တစ်သိန်း ရောက်သွားရင် ငါက ကောင်းကင်ဘုံ ဘေးဒဏ်ကို စောစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် သေချာပေါက် ရင်ဆိုင်ရမှာပဲ။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းက နှစ်တစ်သောင်းစာပဲ ကျန်တော့တယ်ဆိုတော့ ငါက ကောင်းကင်ဘုံ ဘေးဒဏ် ရဲ့ ခြိမ်းခြောက်မှုကို မခံရတော့ဘူး”
“ငါ့ရဲ့ စွမ်းရည်တွေကလည်း အကောင်းပကတိ ရှိနေသေးပြီး ငါ ဘာအန္တရာယ်မှ မရှိတော့ဘူး။ ဒါကြောင့် စတေးလိုက်ရတာက ကံဆိုးမသွားဘဲ ကံကောင်းသွားတာပဲ...”