အခန်း (၈) ထန်စန်းကို ဖယ်ကျဉ်ထားခြင်း
လုချန်ကို အချိန်အကြာကြီး စောင့်ဆိုင်းစေခြင်းမရှိဘဲ ယွီရှောင်ကန်း၏ တပည့်ဖြစ်လာခဲ့ပြီဖြစ်သော ထန်စန်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ အခန်း ၇ ထဲသို့ ဝင်လာခဲ့သည်။
အခန်း ၇ ကို ပတ်ပတ်လည် ကြည့်လိုက်ပြီးနောက် ထန်စန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေကာ နောက်ဆုံးတွင် သူက မျက်မှောင်ကြုတ်၍ သည်းခံထားလိုက်သည်။
ထို့နောက် ထန်စန်းက အခန်း ၇ သို့ စောစီးစွာ ရောက်ရှိနေသော လုချန်ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
တစ်ဖက်လူအနေဖြင့် မည်မျှမယုံနိုင်စရာကောင်းသော အခွင့်အရေးကို လက်လွတ်သွားခဲ့ကြောင်း သူက လုချန်ကို အရမ်းပြောပြချင်နေခဲ့သည်။
ယွီရှောင်ကန်း။
သူသည် ထန်စန်း တွေ့ဖူးသမျှထဲတွင် ပညာအကြွယ်ဝဆုံး သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး သူ၏ ငွေပြာမြက် ဝိညာဉ်၏ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ကို ကြည့်ရုံမျှဖြင့် သူသည် အမြွှာဝိညာဉ်ပိုင်ရှင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
ဤကောက်ချက်ချမှု တစ်ခုတည်းအပေါ် အခြေခံကြည့်လျှင်ပင် အကယ်ဒမီတစ်ခုလုံးရှိ မည်သည့်ဆရာကမျှ ယွီရှောင်ကန်းကို မယှဉ်နိုင်ပေ။
ထိုသို့သော ပညာတတ်ပြီး အရည်အချင်းရှိသော သက်ကြီးရွယ်အိုတစ်ဦးထံတွင် ပညာသင်ယူခွင့်ရသည့်အတွက် ထန်စန်းမှာ အလွန်ကံကောင်းသည်ဟု ခံစားရပြီး ၎င်းမှာ ဘဝနှစ်ဆက်တိုင်တိုင် သူ စုဆောင်းခဲ့သော ကောင်းချီးတစ်ခု ဖြစ်ပေမည်။
ထိုအချိန်တွင် ထန်စန်းက သူ့စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။
‘ငါ အနေအထိုင်ဆင်ခြင်ရမယ်။ ဆရာ့ရဲ့ နက်နဲတဲ့ ဉာဏ်ပညာကို လုချန် သိသွားလို့ မဖြစ်ဘူး။ သူကလည်း ငွေပြာမြက်ဝိညာဉ်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ကို ပိုင်ဆိုင်ထားတာပဲ။ ဆရာ သင်ပေးလိုက်တဲ့ ဗဟုသုတတွေအရ ငွေပြာမြက်မှာ မျိုးရိုးဗီဇပြောင်းလဲခြင်းတွေ မရှိတဲ့အတွက် သူကလည်း အမြွှာဝိညာဉ်ဖြစ်ဖို့ အရမ်းများတယ်’
‘အခု လုချန်က ဆရာ့တပည့်ဖြစ်ဖို့ အခွင့်အရေးကို လက်လွတ်သွားခဲ့ပြီ။ တကယ်လို့ သူသာ ဆရာ့ရဲ့ ဉာဏ်ပညာအကြောင်းကို သိသွားရင် ဆရာ့ရဲ့ တပည့်ဖြစ်လာဖို့ မျက်နှာပြောင်တိုက်ပြီး အတင်းအကျပ် လုပ်မှာ သေချာတယ်။ ဆရာက လောကကြီးကို ပညာပေးဖို့ သဘောထားကြီးတဲ့အတွက် သူ တကယ် အောင်မြင်သွားနိုင်တယ်။ ငါ ဒါကို လုံးဝ ဖြစ်ခွင့်ပေးလို့ မရဘူး’
လုချန်အပေါ် မနာလိုဝန်တိုမှုများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထန်စန်းသည် ဆရာ ယွီရှောင်ကန်းကို လုချန်နှင့် လုံးဝ မျှဝေချင်စိတ်မရှိပေ။
ထိုအချိန်တွင် လုချန်က ထန်စန်းဆီသို့ ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသဖြင့် ထန်စန်းမှာ လန့်သွားရသည်။ သူ ဘာတွေးနေသည်ကို လုချန် ခန့်မှန်းမိသွားသည်ဟု ထင်မှတ်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်လေသည်။
ထန်စန်းက မျက်မှောင်ကြုတ်လိုက်ပြီး သတိထားကာ မေးလိုက်၏။
“လုချန်.. ဘာကိစ္စရှိလို့လဲ”
လုချန်က ထန်စန်းနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး သူ၏ မျက်နှာပေါ်၌ စိတ်အားထက်သန်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေခဲ့သည်။ သူက လက်မောင်းများနှင့် ခြေထောက်များကို ဆန့်ထုတ်ရင်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ထန်စန်း... အခန်း ၇ မှာ စည်းမျဉ်းတစ်ခုရှိတယ်။ လူသစ်တိုင်းက ခေါင်းဆောင်ကို တိုက်ခိုက်ရမယ်... နိုင်တဲ့သူက ခေါင်းဆောင်အသစ် ဖြစ်လာမယ်”
“ငါ အခုလေးတင် အရင်ခေါင်းဆောင်ကို အနိုင်ယူပြီးပြီဆိုတော့ အခု ငါက ခေါင်းဆောင်အသစ်ပဲ။ မင်းလို လူသစ်က လာပြီး ငါ့ကို တိုက်ခိုက်စမ်း”
လုချန် စကားပြောပြီးနောက် ဝမ်ရှန်း ဦးဆောင်သော အခန်း ၇ မှ စီနီယာများသည် သူ၏ ပတ်လည်တွင် ဝိုင်းရံလာကြပြီး စိတ်လှုပ်ရှားသော မျက်နှာများဖြင့် သူ့ကို အားပေးလိုက်ကြသည်။
“လုပ်သာလုပ် ခေါင်းဆောင် လုချန်”
“ဒီကျောင်းသားသစ်ကို သင်ခန်းစာတစ်ခုလောက် ပေးလိုက်ကြစို့”
ဘဝနှစ်ဆက်စာ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော ထန်စန်းအနေဖြင့် ထိုကဲ့သို့သော တိုက်ပွဲမျိုးကို စိတ်ဝင်စားမှုမရှိသည်မှာ သဘာဝပင်။ သူက တိုက်ရိုက်ပင် ငြင်းဆန်လိုက်ခေသည်။
“ပျင်းစရာကြီး။ မင်း ခေါင်းဆောင်ဖြစ်ချင်ရင် ဖြစ်လိုက်လေ။ ငါကတော့ ခေါင်းဆောင်ဖြစ်ဖို့ စိတ်မဝင်စားဘူး”
သူ၏ ရွှမ်ထျန်းကျင့်စဉ်သည် ပထမအဆင့်ကိုပင် မချိုးဖျက်နိုင်သေးသောကြောင့် နက်ရှိုင်းသော စိတ်တွင်း၌ သူသည် လုချန်နှင့် တိုက်ခိုက်ရန် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
ရွှမ်ထျန်းရတနာမှတ်တမ်းတွင် ရွှမ်ထျန်းကျင့်စဉ်သည် အခြေခံအကျဆုံး ကျင့်စဉ်ပင်။ လုံလောက်သော ကျွမ်းကျင်မှုမရှိဘဲ ရွှမ်ကျောက်စိမ်းလက်၊ တစ္ဆေအရိပ် ခြေလှမ်း၊ ကြိုးကြာထိန်း နဂါးဖမ်း၊ ခရမ်းရောင် မိစ္ဆာမျက်လုံးနှင့် လျှို့ဝှက်လက်နက်များသည် ၎င်းတို့၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
မွေးရာပါ သဘာဝလွန် ခွန်အားများ ပါလာသော လုချန်ကဲ့သို့ ကောင်လေးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ထန်စန်းမှာ တကယ်ကို ကြောက်လန့်နေပြီး အပြင်းအထန် တုံ့ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
သူက အင်္ကျီလက်အောက်ရှိ လျှို့ဝှက်မြားတိုကို ချိန်ညှိလိုက်သည်။ ၎င်းမှာ ယခုအချိန်တွင် သူ၏ အကြီးမားဆုံးသော ဖဲချပ်ပင်။ ၎င်းကို အသုံးပြုရန် လိုအပ်လာပါက သွေးစွန်းသွားရန် သူ ဝန်လေးမည်မဟုတ်ပေ။
ဤစကားကို ကြားသောအခါ လုချန်၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာက အေးခဲသွားရသည်။ ထန်စန်းက သဘောမတူလျှင် သူ တကယ်ပဲ ထန်စန်းကို ထိုးကြိတ်နိုင်မည်မဟုတ်ပေ။
ထန်စန်းသည် နော့တင်းအကယ်ဒမီသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုအရှက်မရှိသော ထန်ဟောက်ကလည်း အရိပ်ထဲတွင် ပုန်းအောင်းကာ စောင့်ကြည့်နေလောက်ပြီဖြစ်သည်။
သူသာ ထန်စန်းကို အတင်းအကျပ် ထိုးကြိတ်လိုက်လျှင် ထန်ဟောက်ကို ရန်စလိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး ထိုခွေးအိုကြီးက ထိန်းချုပ်မှုမရှိဘဲ တိုက်ခိုက်လာပါက သူ၏ လက်ရှိအခြေအနေဖြင့် ယှဉ်နိုင်မည်မဟုတ်ပေ။
သေချာစဉ်းစားပြီးနောက် လုချန်၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာက ပျောက်ကွယ်သွားခဲ့ရသည်။ အကြမ်းဖက်ခြင်းကို အသုံးမပြုနိုင်တော့သည့်အတွက် သူက ထန်စန်းကို စကားလုံးများဖြင့် ရန်စရန် ကြိုးစားလိုက်၏။
“ဟက်... မင်း သတ္တိမရှိဘူးဆိုရင်လည်း မရှိဘူးပေါ့။ ဘာလို့ ဆင်ခြေတွေ လာပေးနေတာလဲ”
“ဝမ်ရှန်း... အလုပ်သင်ကျောင်းသားတွေ ဘာလို့ အတူတကွ ပေါင်းစည်းနေရသလဲဆိုတာ သူ့ကို ရှင်းပြလိုက်။ သူက အခန်း ၇ ရဲ့ စည်းမျဉ်းတွေကို လက်မခံမှတော့ သူ့ကို ငါတို့အဖွဲ့ထဲ ဆက်ပြီး မပါဝင်စေသင့်တော့ဘူး”
သူက ထန်စန်းကို မရိုက်နှက်နိုင်သောကြောင့် လုချန်က အခန်း ၇ မှ အခြားသူများကို ဦးဆောင်ကာ ထန်စန်းကို ဖယ်ကျဉ်ထားရန်နှင့် သူ့ကို ဒုက္ခရောက်စေရန် ဆုံးဖြတ်လိုက်၏။
ညွှန်ကြားချက်များ ပေးပြီးနောက် လုချန်သည် လှည့်ထွက်သွားပြီး သူ၏ အိပ်ရာကို ပြင်ဆင်ရန် ပြန်သွားလ်ုက်သည်။
အမိန့်ရပြီးနောက် ဝမ်ရှန်းက ရင်ကော့ခေါင်းမော့ကာ ထန်စန်းအနီးသို့ လျှောက်သွားပြီး အလုပ်သင်ကျောင်းသားများ အကယ်ဒမီတွင် မည်ကဲ့သို့ အနိုင်ကျင့်ခံရကြောင်း ပြန်လည်ပြောပြလိုက်ဆခသည်။
သူက လက်ပိုက်ကာ ဝမ်းသာအားရဖြင့် ပြောလိုက်၏။
“ဟီးဟီး... ကောင်လေး... ခေါင်းဆောင်လုချန်က မင်းကို အခန်း ၇ ရဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် နောင်ကျရင် မင်း အနိုင်ကျင့်ခံရတဲ့အခါ ငါတို့က မင်းဘက်ကနေ ရပ်တည်ပေးမယ်လို့ မမျှော်လင့်နဲ့တဲ့”
“ညီအစ်ကိုတို့... ငါ့နောက်လိုက်ခဲ့။ ငါတို့ ခေါင်းဆောင်လုချန်ဆီ သွားကြမယ်။ အခုကစပြီး ဘယ်သူမှ ဒီကောင်လေးနဲ့ စကားမပြောရဘူး၊ မပတ်သက်ရဘူး။ စည်းမျဉ်းတွေကို မလိုက်နာလို့ အနိုင်ကျင့်ခံရတာ ဘယ်လိုမျိုးလဲဆိုတာ သူ့ကို ခံစားခိုင်းလိုက်”
ပတ်ဝန်းကျင်ရှိ စီနီယာကျောင်းသားများ အားလုံးက တပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။
“ဟုတ်ကဲ့ပါ”
ထို့နောက် စီနီယာကျောင်းသားများအားလုံးက လုချန်၏အနီးသို့ သွားကြပြီး ထန်စန်းမှာ အခြားသူများ၏ ဖယ်ကျဉ်ခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။
ထန်စန်း၏ မျက်နှာအမူအရာက အလင်းနှင့် အမှောင်ကြားတွင် ပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့ ဖယ်ကျဉ်ခြင်းကလည်း အနိုင်ကျင့်ခြင်း ပုံစံတစ်မျိုးဖြစ်ရာ လုချန်၏ဘက်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေချိန်၌ သူ၏ဘက်တွင်မူ အေးစက်ပြီး လူသူကင်းမဲ့နေသည်ကို သူ မြင်တွေ့နေခဲ့ရသည်။
ထိုခံစားချက်က ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေလေသည်။
သို့သော်လည်း ဘဝနှစ်ဆက်စာ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ထားသော ထန်စန်းမှာ ဤကလေးများနှင့် ထိုကဲ့သို့သော မိုက်မဲသည့် အပြုအမူမျိုး လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပေ။ သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့စိတ်ထဲတွင် ‘သောက်ကျိုးနည်း’ ဟု တွေးလိုက်သည်။
‘ဒါက ကလေးတွေ ကစားတာသက်သက်ပဲ။ ငါ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် အနိုင်ကျင့်မခံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ ပြီးတော့ ငါက ဒီလူတွေနဲ့ ပေါင်းသင်းရမှာ အရမ်း ပျင်းတယ်။ ငါ့အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်မယ့်အစား ဆရာ့ဆီကနေ စစ်မှန်တဲ့ ကျွမ်းကျင်မှုတွေ သင်ယူဖို့ပဲ အချိန်ပေးချင်တယ်’
အထီးကျန်သွားသော ထန်စန်းမှာ အခန်း ၇ ၏ ထောင့်တစ်နေရာရှိ ကုတင်တစ်လုံးကို ရွေးချယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် သူ၏ အိပ်ရာခင်း တစ်စုံပင် မရှိသေးကြောင်း ထိုအခါမှ သတိရလိုက်လေသည်။
ထို့ကြောင့် သူက မာကျောသော သစ်သားပျဉ်ပြားများပေါ်တွင် အိပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
ဤအချက်ကို တွေးမိပြီးနောက် ယွီရှောင်ကန်း၏ တပည့်ဖြစ်လာပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ထန်စန်း၏ ကောင်းမွန်သည့် စိတ်အခြေအနေမှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။
သူက ခံစားချက်များကို အစွမ်းကုန် ဖိနှိပ်ထားရန် ကြိုးစားနေပုံရပြီး သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ၏ ခံစားချက်များက နောက်ဆုံးတွင် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
‘အခုလောလောဆယ် ငါ ဆက်ပြီး သည်းခံရမယ်။ ဆရာ့ဆီကနေ စစ်မှန်တဲ့ ကျွမ်းကျင်မှုတွေကို သင်ယူပြီး အတိတ်ဘဝတုန်းက ငါ ခိုးယူခဲ့တဲ့ ထန်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်တွေကို ဝိညာဉ်သခင်စနစ်ထဲကို ပေါင်းစပ်ပြီးသွားရင် ဒီအခြားကမ္ဘာတစ်ခုမှာ ထန်ဂိုဏ်းရဲ့ နည်းစနစ်တွေကို ငါ သေချာပေါက် ရှေ့ဆက် သယ်ဆောင်သွားနိုင်မှာပဲ’
‘အဲ့ဒီအချိန်ကျရင် အခု ငါတို့ ဖြတ်သန်းနေရတဲ့ အရာအားလုံးက အခက်အခဲလေး အနည်းငယ်ပဲ ဖြစ်သွားမှာပဲ...’
ထန်စန်းက သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရန် ကြိုးစားနေစဉ်မှာပင်...
ကြည်လင်ပြီး နူးညံ့သောအသံလေးတစ်ခုက အခန်း ၇ ၏ တံခါးဝမှ ထွက်ပေါ်လာခေသည်။
“ဒါ အခန်း ၇ လား။ အခုကစပြီး ဒါက ငါ့ရဲ့ အိပ်ဆောင်အခန်း ဖြစ်လာတော့မှာပဲ”
ထိုအသံက အခန်း ၇ ထဲရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
ပန်းရောင်အင်္ကျီနှင့် ဘောင်းဘီအဖြူကို ဝတ်ဆင်ထားပြီး ကင်းမြီးကောက်အမြီးပုံစံ ကျစ်ဆံမြီးကျစ်ထားကာ ပန်းသီးနီလေးကဲ့သို့ နီမြန်းနေသော ပါးပြင်လေးများကို ပိုင်ဆိုင်ထားသည့် ကောင်မလေးတစ်ယောက်က အခန်း ၇ ၏ အဝင်ဝတွင် လှပစွာ ရပ်နေခဲ့သည်။
အလွန်လှပသော ကောင်မလေးကို ကြည့်ရင်း ထန်စန်းသည် သူ၏ မူလက လေးလံနေသော စိတ်အခြေအနေမှာ တဖြည်းဖြည်း သက်သာသွားကြောင်း တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများက တစ်ဖက်လူဆီသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ် လေးဆယ်နီးပါးရှိသော ထန်စန်းမှာ ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့လေပြီ။
အခန်း၈ပြီး