အခန်း (၇၈) လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို
ကြယ်တာရာ တောအုပ်။
ဤသည်မှာ လုချန် ဤနေရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းပင်။
သူ ပထမဆုံး ရောက်လာစဉ်က ဝိညာဉ်ကွင်း မရှိသေးသော ဝိညာဉ်ပညာရှင်တစ်ဦးသာ ဖြစ်ခေသည်။ ထို့နောက် သူ၏ မွေးရာပါ နတ်ဘုရားခွန်အားဖြင့် ဝိညာဉ်သားရဲ ခြောက်ကောင်ကို အမဲလိုက်ခဲ့ပြီး အထောက်အကူပြု ဝိညာဉ်ဧကရာဇ်တစ်ဦး ဖြစ်လာခဲ့သည်။
ဤနေရာသို့ ဒုတိယအကြိမ် ရောက်လာချိန်တွင် ဝိညာဉ်စွမ်းအား အဆင့် ၈၀ ရှိသော အလားအလာရှိသည့် ဝိညာဉ်တိုလောတစ်ဦးအနေဖြင့် သူ၏ အဋ္ဌမ ဝိညာဉ်ကွင်းအတွက် သက်တမ်းတစ်သိန်းရှိ အပင် ဝိညာဉ်သားရဲ တစ်ကောင်ကို ရှာဖွေလိုခဲ့သည်။
လုချန်သည် သက်တမ်းတစ်သိန်းရှိ အပင်ဝိညာဉ်သားရဲ ကို ရှာတွေ့နိုင်မလားဆိုသည်ကိုပင် မသေချာခဲ့ချေ။
ဤအဆင့်ရှိ ဝိညာဉ်သားရဲမျိုးမှာ ဖီးနစ်ငှက်များကြားတွင်ပင် အလွန် ရှားပါးလှပေသည်။
‘ဒီလို စဉ်းစားကြည့်ရင် နတ်ဘုရားပေးတဲ့ ဝိညာဉ်ကွင်းက တကယ်ကို အဖိုးတန်တာပဲ’
ခန္ဓာကိုယ်က နှစ်တစ်သိန်း ဝိညာဉ်ကွင်း၏ စွမ်းအင် ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိသရွေ့ နတ်ဘုရားပေးသော ဝိညာဉ်ကွင်းသည် သက်တမ်း တစ်သိန်းရှိ ဝိညာဉ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်လေသည်။
သက်တမ်းတစ်သိန်းရှိ ဝိညာဉ်သားရဲများကို ရှာဖွေခြင်း သို့မဟုတ် အမဲလိုက်ခြင်းကဲ့သို့သော အားထုတ်မှုမျိုး လုပ်စရာမလိုဘဲ သက်တမ်းတစ်သိန်းရှိ ဝိညာဉ်ကွင်းကို ရရှိနိုင်လေသည်။
လုချန်သည် ၎င်းကို စိတ်ထဲတွင်သာ တွေးနေနိုင်ပြီးနောက် သက်တမ်း တစ်သိန်းရှိ အပင် ဝိညာဉ်သားရဲ ၏ သဲလွန်စများကို ရှာဖွေရန် ငွေပြာနယ်ပယ်မှတစ်ဆင့် များပြားလှသော ငွေပြာမြက်ပင်များနှင့် ဆက်သွယ်ကာ ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့သည်။
တစ်ရက်၊ သုံးရက်၊ ငါးရက်၊ ဆယ်ရက်၊ ဆယ့်ငါးရက်...
လဝက်ခန့် လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။ လုချန်သည် အပင်ဝိညာဉ်သားရဲ အတော်များများကို ရှာတွေ့ခဲ့သော်လည်း ထို အပင်ဝိညာဉ်သားရဲများမှာ စွမ်းရည်အရဖြစ်စေ၊ သက်တမ်းအရဖြစ်စေ မသင့်တော်ခဲ့ချေ။
အဆိုးရွားဆုံးမှာ လုချန်သည် မရေတွက်နိုင်သော ငွေပြာမြက်ပင်များမှတစ်ဆင့် နှစ်ပေါင်း သိန်းချီ ကျင့်ကြံထားသော နတ်ဆိုးဘုရင်အမည်ရှိ သစ်ပင်နတ်ဆိုး တစ်ကောင်ကို ရှာတွေ့ခဲ့ခြင်းပင်။
ဤအဆင့်ရှိ ကြမ်းကြုတ်သော သားရဲကြီးသည် ဝိညာဉ်စွမ်းအား အဆင့် ၉၉ ရှိသော စူပါတိုလော နှင့် နှိုင်းယှဉ်နိုင်ပြီး လုချန် အနေဖြင့် အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။
‘ငါတို့ သူတို့ကို သွားမစရဲဘူး... လုံးဝကို သွားမစရဲဘူး’
လုချန်သည် တူကူပိုနှင့် တူကူရန်တို့ကို ခေါ်ဆောင်ကာ နတ်ဆိုးဘုရင်၏ နယ်မြေနှင့် လုံခြုံသော အကွာအဝေးတွင် နေထိုင်ခဲ့ပြီး ဖမ်းဆီးခံရကာ မြေဩဇာအဖြစ် အသုံးပြုခံရမည်ကို စိုးရိမ်သဖြင့် အနီးကပ် မသွားရဲခဲ့ပေ။
သို့သော် ကြိုးစားအားထုတ်မှုသည် အမြဲတမ်း အကျိုးရှိပေသည်။ လုချန်၏ ကြိုးစားပမ်းစား ရှာဖွေမှုအပြီးတွင် သူသည် နောက်ဆုံး၌ ထူးခြားမှုတစ်ခုကို ရှာတွေ့သွားခဲ့၏။
ငွေပြာမြက်ပင်များ၏ သတင်းပေးပို့ချက်အရ ကြယ်တာရာ တောအုပ်ကြီးအတွင်းရှိ ရေကန်တစ်ခုဘေးတွင် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို တစ်ဦး နေထိုင်ပြီး ကျယ်ပြန့်သော သစ်ရွက်များနှင့် ခိုင်ခံ့သော နွယ်ပင်များကို အသုံးပြု၍ အဝတ်အစားများ ရက်လုပ် ဝတ်ဆင်လေ့ရှိသည်။
ထိုအဘိုးအိုသည် နေ့စဉ် ငါးဖမ်းရသည်ကို နှစ်သက်သော်လည်း ငါးဖမ်းမိပြီးနောက် ၎င်းတို့ကို မစားဘဲ ရေကန်ထဲသို့ ပြန်လွှတ်ပေးလေ့ရှိသည်။
သူသည် ငါးဖမ်းရသည့် လုပ်ငန်းစဉ်ကိုသာ နှစ်သက်ခြင်း ဖြစ်သည်။
သူ၏ အစားအသောက်နှင့် ပတ်သက်၍ သူသည် နှင်းပေါက်များနှင့် လေကိုသာ အမြဲ စားသုံးလေ့ရှိလေသည်။
ထို့အပြင် ဤအဘိုးအိုသည် မြေလျှိုးနိုင်စွမ်း ရှိပြီး အခြား ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ခံရပါက မြေကြီးထဲသို့ ချက်ချင်း ဝင်ရောက် ပုန်းအောင်းနိုင်သည်။
ငွေပြာမြက်ပင်များ၏ အဆိုအရ ဤအဘိုးအိုသည် ပြင်းထန်သော သက်စောင့်စွမ်းအားများကို ထုတ်လွှတ်နေပြီး လူသားတစ်ဦးနှင့် မတူဘဲ ဝိညာဉ်ဖြစ်လာသော ဝိညာဉ်သားရဲတစ်ကောင်နှင့် ပိုတူနေခဲ့သည်။
ထို့အပြင် ဤအဘိုးအိုသည် ကြယ်တာရာ တောအုပ်ကြီးတွင် အမြဲတမ်း နေထိုင်ခဲ့ခြင်း မဟုတ်ပေ။ သူသည် မူလက အပြင်ဘက်မှ ရောက်လာခြင်းဖြစ်ပြီး ကြယ်တာရာ တောအုပ်ကြီး၏ ပတ်ဝန်းကျင်ကို သဘောကျသဖြင့် ထိုနေရာတွင် အခြေချ နေထိုင်ခဲ့ခြင်း ဖြစ်၏။
ဤအခြေချ နေထိုင်မှုမှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပေပြီ။
သူ ရောက်လာစဉ်ကလည်း အဘိုးအို တစ်ဦးပုံစံ ဖြစ်သည်။
ယခုတိုင်အောင် အဘိုးအိုပုံစံ ဖြစ်နေဆဲပင်။
နှစ်ပေါင်း ရာနှင့်ချီ၍ အသက်ရှင်နေသော ဤ လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအိုသည် သေချာပေါက် လူသား မဟုတ်ပေ။
လုချန်က မျက်တောင်ခတ်လိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူ စုဆောင်းရရှိထားသော အချက်အလက်များအရ ဤ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုသည် သေချာပေါက် ဝိညာဉ်သားရဲဖြစ်သည်။
သူ၏ အစစ်အမှန် အသွင်အပြင်မှာ မည်သည့် ဝိညာဉ်သားရဲမျိုး ဖြစ်သည်ကိုသာ မသိရသေးခြင်း ဖြစ်သည်။
‘ဘာပဲဖြစ်ဖြစ် သွားကြည့်ရမယ်။ ပြီးတော့ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်’
ချက်ချင်းပင် လုချန်က တူကူပိုကို ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။
“ညီအစ်ကို တူကူ... အဆိပ်တွေကို မြေကြီးထဲ ထည့်လို့ ရမလား”
“ကျွန်တော် ဝိညာဉ်သားရဲတစ်ကောင်ကို ရှာတွေ့ထားတယ်။ ဒါပေမဲ့ သူ့မှာ မြေလျှိုးနိုင်စွမ်း ရှိတယ်။ အကယ်လို့ ငါတို့ ကြိုတင် မပြင်ဆင်ထားရင် အဲဒီ ဝိညာဉ်သားရဲက အချိန်မရွေး မြေလျှိုးပြီး ထွက်ပြေးသွားနိုင်တယ်”
လုချန်၏ စကားများကို ကြားသောအခါ တူကူပိုက အလေးအနက် စဉ်းစားကာ ပြောလိုက်၏။
“မြေလျှိုးနိုင်စွမ်းရှိတဲ့ ဝိညာဉ်သားရဲ လား။ ဒီလို ဝိညာဉ်သားရဲမျိုးက တကယ် ရှားတယ်။ မြေကြီးထဲကို အဆိပ်ထည့်တာက သီအိုရီအရတော့ ဖြစ်နိုင်တယ်။ ငါ စမ်းကြည့်လိုက်မယ်”
စကားပြောပြီးသည်နှင့် တူကူပို စမ်းသပ်မှုကို စတင်လိုက်၏။ ရိုးရှင်းသော စမ်းသပ်မှုများမှတစ်ဆင့် အဆိပ်ကို ဝိညာဉ်စွမ်းအားဖြင့် ဖုံးအုပ်ထားသရွေ့ ၎င်းသည် မြေအောက်တွင် လျင်မြန်စွာ ပျံ့နှံ့နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
တူကူပိုထံမှ သေချာသော အဖြေကို ရရှိပြီးနောက် လုချန်သည် တူကူပိုနှင့် တူကူရန်တို့ကို ခေါ်ဆောင်ကာ အဘိုးအို ရှိရာ နေရာသို့ သွားလိုက်သည်။
လေးနာရီ အကြာတွင်။
ငွေပြာနယ်ပယ်ကို အသုံးပြု၍ လုချန်သည် အဘိုးအို မသိစေရန် သူတို့ သုံးဦး၏ အရှိန်အဝါများကို ဖုံးကွယ်ထားလိုက်ပြီးနောက် တူကူပိုကို အဆိပ် စတင် ပျံ့နှံ့စေရန် လုပ်ဆောင်ခိုင်းလိုက်သည်။
တူကူပိုက ဘာမှမပြောဘဲ ခေါင်းသာ ညိတ်လိုက်၏။ ထို့နောက် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မြစိမ်းရောင် မြွေအဆိပ်ကို ဖုံးအုပ်ကာ သူ၏ ခြေအောက်ရှိ မြေကြီးထဲသို့ ထည့်သွင်းလိုက်သည်။
ဝိညာဉ်စွမ်းအား၏ ပျံ့နှံ့မှုမှတစ်ဆင့် မြစိမ်းရောင် မြွေအဆိပ်သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မိနစ်အနည်းငယ် အတွင်းမှာပင် တစ်ကီလိုမီတာ ပတ်လည်ရှိ မြေကြီးထဲတွင် မြစိမ်းရောင် မြွေအဆိပ် များဖြင့် ပြည့်နှက်သွားလေသည်။
ဤ တစ်ကီလိုမီတာ ပတ်လည်ရှိ အပင်များ အားလုံးသည် မြစိမ်းရောင် မြွေအဆိပ်ကို စုပ်ယူမိပြီးနောက် အဝါရောင် ပြောင်းသွားကာ လျင်မြန်စွာ ညှိုးနွမ်းသွားကြရသည်။
ဤမြင်ကွင်းကို သတိပြုမိပြီးနောက်မှသာ ရေကန်ဘေးတွင် ထိုင်၍ ငါးဖမ်းနေသော အဘိုးအိုသည် တစ်ခုခု မှားယွင်းနေကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့၏။
အန္တရာယ်ကို အလွန် အကဲဆတ်သော သူသည် မြေလျှိုးခြင်းဖြင့် ချက်ချင်း ထွက်ခွာလိုခဲ့ပြီး လျှပ်တစ်ပြက်အတွင်း မြေကြီးထဲသို့ တိုးဝင်သွားခဲ့သည်။
သို့သော် သုံးစက္ကန့်အကြာတွင် အဘိုးအိုသည် မြေကြီးထဲမှ ပြန်လည် ထွက်ပေါ်လာခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မြက်များ၊ နွယ်ပင်များနှင့် သစ်ရွက်များမှာ အဝါရောင်ပြောင်းကာ ညှိုးနွမ်းနေပြီး သူ၏ မျက်နှာပင်လျှင် ပြာနှမ်းနေခဲ့ပြီ ဖြစ်သည်။
သူ အဆိပ်မိသွားပြီ။
အဘိုးအိုက ကျိန်ဆဲလိုက်ပြီး ပြောလိုက်၏။
“ကျစ်... ဘယ်သူက ငါ့ကို အကွက်ချတာလဲ။ မြေကြီးထဲမှာတောင် အဆိပ်တွေ ကြိုထည့်ထားသေးတယ်”
“ငါ့အကြောင်းကို ဒီလောက် သေချာသိနေဖို့ မဖြစ်နိုင်ပါဘူး။ ငါက အလွယ်တကူ လူလုံးထွက်ပြလေ့ မရှိဘူးလေ”
ဤအဘိုးအိုသည် လူသားများ၏ ရှေ့တွင် ဘယ်သောအခါမှ ပေါ်ထွက်လေ့ မရှိသော်လည်း နေရာအနှံ့အပြားတွင် ရှိနေသော ငွေပြာမြက်ပင် များထံမှတော့ သူ့ကိုယ်သူ မဖုံးကွယ်ထားခဲ့။
ငွေပြာနယ်ပယ်ကို ပိုင်ဆိုင်ထားပြီး ငွေပြာမြက်ပင် များနှင့် ဆက်သွယ်နိုင်သော ဝိညာဉ်သခင်တစ်ဦးဖြစ်သည့် လုချန်နှင့် တွေ့ဆုံသောအခါ သူ၏ လျှို့ဝှက်ချက်များ အားလုံး ပေါ်လွင်သွားခဲ့ရလေသည်။
ယင်းကို မြင်သောအခါ လုချန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ချက်ချင်း လင်းလက်သွားခဲ့ရသည်။
မြေကြီးထဲသို့ အဆိပ်ခတ်ခြင်းက အဘိုးအို၏ မြေလျှိုးနိုင်စွမ်းကို တကယ်ပင် အလုပ်မဖြစ်အောင် တားဆီးနိုင်ခဲ့သည်။
လုချန်က လှုပ်ရှားရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။
“ငွေပြာနယ်ပယ်... အလုံးစုံ လွှမ်းခြုံ တောအုပ်..”
နောက်တစ်ခဏတွင် လုချန်၏ ထိန်းချုပ်မှုအောက်ရှိ များပြားလှသော ငွေပြာနွယ်ပင်များက အရပ်မျက်နှာ အားလုံးမှ အဘိုးအိုထံသို့ တိုးဝင်သွားကြသည်။
အဆိပ်မိပြီးနောက် အဘိုးအို၏ လှုပ်ရှားမှုများမှာ သိသိသာသာ နှေးကွေးသွားခဲ့ပြီး မြေကြီးထဲတွင်လည်း မြစိမ်းရောင် မြွေအဆိပ်များဖြင့် ပြည့်နှက်နေသဖြင့် မြေလျှိုးခြင်းဖြင့် ထွက်ခွာရန် မဖြစ်နိုင်တော့ချေ။
မြွေများကဲ့သို့ အရပ်မျက်နှာအားလုံးမှ တိုးဝင်လာသော ငွေပြာနွယ်ပင်များက သူ၏ ခန္ဓာကိုယ်ကို ဖက်ထုပ် တစ်ခုကဲ့သို့ ရစ်ပတ်သွားသည်ကို သူ အကူအညီမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဖမ်းဆီးခံရပြီးနောက် အဘိုးအို၏ အမူအရာမှာ လုံးဝ မယုံကြည်နိုင်ပုံ ဖြစ်နေခဲ့ရသည်။
“ငွေပြာအင်ပါယာ... မင်းက ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ။ ငါက မင်းအပေါ် ဘာရန်ငြိုးမှ မရှိခဲ့ဖူးပါဘူး”
ဤအချိန်တွင် လုချန်က တောအုပ်ထဲမှ ထွက်လာပြီး ဖက်ထုပ် တစ်ခုကဲ့သို့ ချည်နှောင်ခံထားရသော အဘိုးအိုကို ကြည့်လိုက်သည်။ သူ လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
“ငွေပြာ အရှင်သခင်လှံ”
လုချန်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ ကြီးမားလှသော အပြာရောင် အလင်းတန်းတစ်ခုက သူ၏ ညာဘက်လက်မောင်းမှ ထွက်ပေါ်လာခဲ့သည်။
အပြာရောင် အလင်းတန်းအားလုံးသည် သူ၏ လက်ဖဝါးတွင် စုစည်းသွားပြီးနောက် နှစ်ဖက်စလုံးသို့ ရှည်ထွက်သွားကာ သုံးမီတာရှည်သော အပြာရောင် လှံတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထို အဘိုးအိုတွင် အခြား လှည့်ကွက်များ ရှိသေးလား ဆိုသည်ကို သူ မသိပေ။
‘ဘာပဲဖြစ်ဖြစ် အရင်ဆုံး ပြင်းပြင်းထန်ထန် တစ်ချက်လောက် တိုက်ခိုက်ထားသင့်တယ်’
လုချန်က ငွေပြာ အရှင်သခင်လှံကို မြှောက်ကာ အားကုန်ထုတ်၍ အဘိုးအို ရှိရာသို့ ပစ်လွှတ်လိုက်၏။
ဆုတ်ဖြဲလိုက်စမ်း...
ငွေပြာ အရှင်သခင်လှံသည် လေထုကို ဆုတ်ဖြဲကာ စူးရှသော အသံများကို ထုတ်လွှတ်လိုက်သည်။ အပြာရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ မျက်တောင်တစ်ခတ်အတွင်းမှာပင် အဘိုးအို၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ရင်ဘတ်ကို ဝုန်းကနဲ ဖောက်ထွင်းသွားခဲ့သည်။
ရင်ဘတ် ဖောက်ထွင်းခံရသော်လည်း အဘိုးအိုသည် ကြောက်ရွံ့သည့် အရိပ်အယောင်မပြဘဲ လုချန်ကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။
“မင်းက လူသား တစ်ယောက်လား။ မဖြစ်နိုင်တာ။ လူသားတစ်ယောက်က ဘယ်လိုလုပ် ငွေပြာအင်ပါယာ ဝိညာဉ်ကို နိုးထနိုင်မှာလဲ။ မင်းက ငွေပြာအင်ပါယာရဲ့ မျိုးဆက်သွေးလား”
စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တွန့်လိမ်သွားပြီး လူတိုင်း၏ မျက်စိရှေ့တွင် မှုန်ဝါးသွားစေကာ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်က ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့သော ငွေပြာ အရှင်သခင်လှံမှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီး ရင်ဘတ်ပေါ်တွင်လည်း မည်သည့် ဒဏ်ရာမျှ မကျန်ရစ်ခဲ့ပေ။ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုအလားပင်။
ယင်းကို မြင်သောအခါ လုချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာချင်းဆိုင်ရှိ အဘိုးအိုကို အသေအချာ စိုက်ကြည့်လိုက်၏။
တကယ်ပင် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမျှ မရှိပေ။
“မဟုတ်သေးဘူး... တစ်ခုခု မှားနေပြီ...”
လုချန်သည် အဘိုးအို၏ ခန္ဓာကိုယ်မှ ဂျင်ဆင်းမြစ် တစ်ခု ပြုတ်ကျလာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
ထို ဂျင်ဆင်းမြစ်မှာ နှစ်ပိုင်း ပြတ်နေခဲ့လေသည်။
ငွေပြာ အရှင်သခင်လှံက အဘိုးအိုအပေါ် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်တွင် ထိုထိခိုက်မှုများကို အဘိုးအိုက လွှဲပြောင်းလိုက်ခြင်း ဖြစ်၏။
ဤအဘိုးအိုသည် မြေလျှိုးခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားရုံသာမက ထိခိုက်မှုများကို လွှဲပြောင်းနိုင်စွမ်းလည်း ရှိသည်။
‘တကယ်ကို အံ့မခန်း အထောက်အကူပြု နည်းစနစ်ပဲ’
ဤအချိန်တွင် အဘိုးအိုက မောက်မာသော အမူအရာဖြင့် ပြောလိုက်၏။
“လူသား... ငါ့မှာ တိုက်ခိုက်နိုင်စွမ်း မရှိပေမဲ့ မင်းကလည်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
“ငါ့ခန္ဓာကိုယ်ထဲက အဆိပ်နည်းနည်းလေးကတော့ မကြာခင် ငါ စုပ်ယူပြီး ခြေဖျက်ပစ်လိုက်မှာ”
“ငါ့ကို ထွက်သွားခွင့်ပြုပြီး ကိုယ့်လမ်းကိုယ် သွားရင်ရော မကောင်းဘူးလား”
အခန်း ၇၈ပြီး