အခန်း (၇၇) ဝိညာဉ်စွမ်းအား အဆင့် ၈၀
ပဉ္စမ ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက် တူကူရန်သည် တကယ့်ကို ဝိညာဉ်ဘုရင် တစ်ယောက် ဖြစ်လာခဲ့ပေပြီ။
အဘိုးဖြစ်သူ တူကူပိုမှာ နားရွက်တက်ချိတ်မတတ် ပြုံးရွှင်နေပြီး သူ ဘွဲ့ခံတိုလောအဖြစ် အဆင့်တက်စဉ်ကထက်ပင် ပို၍ ပျော်ရွှင်နေခဲ့လေသည်။
လုချန်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေပြီး တူကူရန် ဝိညာဉ်ဘုရင်ဖြစ်လာသည့်အတွက် ဝမ်းသာနေခဲ့သော်လည်း သူက သတိပေးစကား ဆိုလိုက်၏။
“ဒီ မြေနဂါး ချပ်ဝတ်သားရဲက နှစ်နှစ်သောင်း သက်တမ်းရှိတဲ့ ဝိညာဉ်သားရဲပဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အတော်လေး မြင့်တယ်။ သူ့ဆီကနေ ဝိညာဉ်အရိုး ထွက်လာမလားဆိုတာကို ခန္ဓာကိုယ်ထဲမှာ မြန်မြန် စစ်ကြည့်ရအောင်”
လုချန်၏ သတိပေးမှုကြောင့် တူကူပိုနှင့် တူကူရန်တို့သည်လည်း သူတို့၏ အာရုံကို မြေနဂါး ချပ်ဝတ်သားရဲ ၏ အလောင်းဆီသို့ ရွှေ့လိုက်ကြ၏။
ယခုအခါ မြေနဂါး ချပ်ဝတ်သားရဲထံမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေပြီး ၎င်း၏ အတွင်းသားများမှာ လုံးဝနီးပါး ပုပ်သိုးနေကာ ကလီစာများမှာလည်း တိုက်စားနိုင်သော အဆိပ်များကြောင့် အပေါက်အပြဲများ ဖြစ်နေခဲ့လေသည်။
သူတို့သည် ပထမဦးစွာ အဆိပ်ကို ပြယ်စေပြီးနောက် မြေနဂါး ချပ်ဝတ်သားရဲကို အပိုင်းပိုင်း ခုတ်ထစ်လိုက်ကြသော်လည်း ကံမကောင်းစွာဖြင့် ဝိညာဉ်အရိုး တစ်ခုမျှ မတွေ့ရှိခဲ့ကြပေ။
တူကူပိုက တည်ငြိမ်စွာ ပြောလိုက်၏။
“ဝိညာဉ်အရိုး ထွက်လာမှာ မဟုတ်ဘူး ထင်တယ်။ ငါတို့ စိတ်ပျက်စရာ မလိုပါဘူး။ ဝိညာဉ်အရိုး ထွက်လာနိုင်ခြေက အရမ်းကို နည်းပါးတယ်။ ယန်ယန် သင့်တော်တဲ့ ဝိညာဉ်ကွင်းကို ရခဲ့တာကတင် အရမ်း ကံကောင်းနေပြီ”
တူကူရန်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သော်လည်း သူမကိုယ်သူမ အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီး တောက်ပစွာ ပြုံးလျက် ပြောလိုက်သည်။
“အဘိုး ပြောတာ မှန်တယ်။ သင့်တော်တဲ့ ဝိညာဉ်ကွင်းကို ရတာကတင် အရမ်း ကံကောင်းတဲ့ ကိစ္စပဲ။ ဝိညာဉ်အရိုး မရှိလည်း ဘာမဖြစ်ပါဘူး”
သူတို့က ထိုနေရာကို ရှင်းလင်းလိုက်ပြီး ဝိညာဉ်သားရဲ ထံမှ ယူနိုင်သမျှ ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။
ထို့နောက် တူကူပို၊ လုချန်နှင့် တူကူရန်တို့သည် ရေခဲမီးလျှံ ရေပူစမ်းသို့ ပြန်လာခဲ့ကြသည်။
ကျင့်ကြံခြင်း၏ ရတနာသိုက်ဖြစ်သော ရေခဲမီးလျှံရေပူစမ်းသို့ ပြန်ရောက်သည်နှင့် လုချန်သည် သူ၏ မမောနိုင်မပန်းနိုင်သော ကျင့်ကြံခြင်းကို နေ့ရောညပါ ပြန်လည် စတင်လေတော့သည်။
ဝိညာဉ်စွမ်းအား နေ့စဉ် တိုးပွားနေသည့် ခံစားချက်မှာ အလွန် သာယာဖွယ်ကောင်းလှသဖြင့် လုချန်သည် ၎င်းထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့ရသည်။
တူကူပိုနှင့် တူကူရန်တို့သည်လည်း ကျင့်ကြံခြင်းကို ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြသည်။ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် တရားထိုင်ခြင်းအပြင် တူကူပိုက တူကူရန်ကို ကျင့်ကြံခြင်း အတွေ့အကြုံ၊ တိုက်ခိုက်ရေး အတွေ့အကြုံ၊ အဆိပ်ဖော်စပ်နည်းများ၊ အဆိပ်ဖြေနည်းများ စသည်တို့ကို သင်ကြားပေးခဲ့၏။
ယခုအခါ တူကူပိုသည် သူ၏ အဆိပ်ပညာ အားလုံးကို တူကူရန်ထံ လက်ဆင့်ကမ်းပေးရန် စိတ်အားထက်သန်နေခဲ့သည်။
...
အချိန်တွေက မြန်ဆန်လွန်းပြီး မျက်တောင်တစ်ခတ်အတွင်းမှာတင် ရှစ်လ ကုန်လွန်သွားခဲ့လေပြီ။
ဒီရှစ်လအတွင်းမှာ လုချန်က သူ့ရဲ့ ဝိညာဉ်စွမ်းအားကို အဆင့် ၇၆ ကနေ အဆင့် ၈၀ အထိ အဆင့် ၄ ဆင့်တောင် တိုးမြှင့်နိုင်ခဲ့၏။
ယခု လုချန်သည် ဝိညာဉ်တိုလော ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဒါတွေ အားလုံးက ရေခဲမီးရေပူစမ်းဆိုတဲ့ ရတနာမြေ ကြောင့်ပင်။
ရေခဲမီးလျှံရေပူစမ်းသာ မရှိပါက လုချန်၏ ကျင့်ကြံခြင်း အရှိန်မှာ အနည်းဆုံး တစ်ဝက်ခန့် ကျဆင်းသွားလောက်ပေမည်။
ဤကာလအတွင်း လုချန် တစ်ယောက်တည်းသာ ဝိညာဉ်စွမ်းအား တိုးတက်လာခဲ့ခြင်း မဟုတ်ပေ။
ရေခဲမီးရေပူစမ်း၏ ထူးခြားသော ပတ်ဝန်းကျင်ကို အသုံးပြု၍ တူကူပိုသည် မြေနဂါး ရွှေဖရဲသီး၏ ကျန်ရှိနေသော ဆေးစွမ်းများကို လုံးဝ သန့်စင်နိုင်ခဲ့သည်။
၎င်းက သူ၏ ဝိညာဉ်စွမ်းအား ကို အဆင့် ၉၃ မှ အဆင့် ၉၄သို့ တစ်ဆင့် တိုးမြှင့်ပေးနိုင်ခဲ့သည်။
ဤသည်မှာ တူကူပိုအတွက် သေချာပေါက် ပျော်ရွှင်စရာ ကိစ္စတစ်ခုပင်။
လုချန်နှင့် မတွေ့ဆုံမီက သူသည် ဝိညာဉ်စွမ်းအား အဆင့် ၉၁သာ ရှိခဲ့ပြီး နေ့စဉ် အဆိပ်ကို ဖိနှိပ်ရန် အချိန်များစွာ ပေးခဲ့ရ၏။
ယင်းကြောင့် တူကူပိုသည် ဘွဲ့ခံတိုလော အသိုင်းအဝိုင်းတွင် အားအနည်းဆုံး ဘွဲ့ခံတိုလော အဖြစ် နောက်ပြောင် ခေါ်ဝေါ်ခြင်း ခံခဲ့ရလေသည်။
လုချန်နှင့် တွေ့ဆုံပြီးနောက် သူသည် ဝိညာဉ်စွမ်းအား အဆင့် ၉၄သို့ ရောက်ရှိသွားခဲ့ပြီး သေစေနိုင်သော အဆိပ်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ မြစိမ်းရောင် မြွေဝိညာဉ်သည်လည်း မြစိမ်းရောင် မြွေဘိုးဘေး ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် မကြာသေးမီက တူကူပိုသည် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းတွင် တစ်ယောက်တည်း ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့ပြီး လူတိုင်းကို မသက်မသာ ဖြစ်စေခဲ့သည်။ ယခုအခါ မည်သူက တူကူပိုကို အထင်သေးရဲတော့မည်နည်း။
ထို့အပြင် တူကူရန်၏ တိုးတက်မှုမှာလည်း အလွန် သိသာထင်ရှားလှပြီး သူမသည် ရှစ်လအတွင်း သူမ၏ ဝိညာဉ်စွမ်းအားကို အဆင့် သုံးဆင့် တိုးမြှင့်နိုင်ခဲ့သည်။
ဝိညာဉ်စွမ်းအား အဆင့် ၅၂ မှ အဆင့် ၅၅ သို့ ရောက်ရှိသွားခဲ့၏။
ရှစ်လ ကြာပြီးနောက်တွင်ပင် တူကူရန်သည် ယခုအခါ အသက် ၁၇ နှစ်သာ ရှိသေးလေသည်။
ဒီလမ်းကြောင်းအတိုင်းဆိုလျှင် တူကူရန်သည် အသက် ၂၀ မတိုင်မီ ဝိညာဉ်စွမ်းအား အဆင့် ၆၀ ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆဋ္ဌမ ဝိညာဉ်ကွင်းကို စုပ်ယူကာ ဝိညာဉ်ဧကရာဇ်တစ်ဦး ဖြစ်လာနိုင်ခြေ များပြားပေသည်။
ဤ ကျင့်ကြံခြင်းအရှိန်မှာ ချန်းရန်ရွှယ် ၏ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၂၀ နှင့်ပင် ယှဉ်နိုင်လေသည်။
ချန်းရန်ရွှယ်၏ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၂၀ ပါရမီမှာ လုံးဝ အလဟဿ ဖြစ်သွားခဲ့ရသည်။ သူမသည် ဤထက် များစွာ ပို၍ ထူးချွန်နိုင်ခဲ့ပေသည်။
ဒါပေမဲ့ အခုတော့...
ဘာမှ မပြောတာက ပိုကောင်းပါတယ်။
အဓိက အကြောင်းအရာသို့ ပြန်သွားရလျှင် လုချန်၏ ဝိညာဉ်စွမ်းအား အဆင့် ၈၀ သို့ ရောက်ရှိသွားခြင်းမှာ သူ၏ အဋ္ဌမ ဝိညာဉ်ကွင်းကို ရှာဖွေရန် ခရီးထွက်သင့်ပြီဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။
တူကူပိုနှင့် တူကူရန်တို့သည် လုချန်၏ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြသည်။
ရေခဲမီးလျှံရေပူစမ်းတောင်ကြားမှ ထွက်ခွာလာပြီး သူတို့ သုံးယောက် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။
တူကူရန်၏ အကြည့်များက လုချန်ထံမှ ဘယ်တော့မှ မခွာဘဲ သူမက အံ့သြတကြီးဖြင့် ရေရွတ်လိုက်၏။
“လန်ချန်... ရှငိ့ရဲ့ ပါရမီက အရမ်းကို အံ့သြစရာကောင်းလွန်းတယ်။ ရှစ်လအတွင်းမှာ ရှင်က ဝိညာဉ်စွမ်းအား လေးဆင့်တောင် တက်လာပြီး ကျွန်မက ဝိညာဉ်စွမ်းအား သုံးဆင့်ပဲ တက်လာတယ်”
“ပြီးတော့ ရှင်က ဝိညာဉ်သူတော်စင်အဆင့်မှာ ရှိနေပြီး ကျွန်မက ဝိညာဉ်ဘုရင်အဆင့်မှာပဲ ရှိသေးတယ်။ တိုက်ကြီးပေါ်မှာ ရှင့်ထက်မြန်တဲ့ ဝိညာဉ်သူတော်စင် ဒါမှမဟုတ် ကျင့်ကြံခြင်းကို လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိလောက်ဘူး”
ယင်းကို ကြားသောအခါ လုချန်က အနည်းငယ် ပြုံးကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“ငါ့ရဲ့ ပါရမီက တစ်ပိုင်းပေါ့... ဒါပေမဲ့ ပိုအရေးကြီးတာက ညီအစ်ကို တူကူရဲ့ ဆေးခြံက ငါ့အတွက် အသင့်တော်ဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင် ဖြစ်နေလို့ပဲ”
“ဒါပေမဲ့ အဲဒါက တကယ်ကို နည်းနည်းတော့ အံ့သြစရာကောင်းတယ်။ ဒီတစ်ကြိမ် အဋ္ဌမ ဝိညာဉ်ကွင်းကို စုပ်ယူပြီးသွားရင် ငါက တိုက်ကြီးပေါ်မှာ အသက်အငယ်ဆုံး ဝိညာဉ်တိုလော ဖြစ်လာလောက်တယ်”
ဤအချိန်တွင် တူကူပိုက သူ၏ဘေးရှိ လုချန်ကို ကြည့်ကာ စူးစမ်းလိုစိတ် ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်၏။
“လန်ချန်... မင်းရဲ့ အဋ္ဌမ ဝိညာဉ်ကွင်းအတွက် ဘယ်လို ဝိညာဉ်သားရဲမျိုးကို အမဲလိုက်ဖို့ စီစဉ်ထားလဲ”
“ပုံမှန်အားဖြင့် ဝိညာဉ်သခင်တစ်ယောက်ရဲ့ အဋ္ဌမ ဝိညာဉ်ကွင်းက သက်တမ်း ၅ သောင်းကနေ ၇ သောင်းကြားရှိတဲ့ ဝိညာဉ်သားရဲတွေကို အမဲလိုက်ဖို့ပဲ သုံးလေ့ရှိတယ်။ ဒါပေမဲ့ မင်းကတော့ သတ္တမ ဝိညာဉ်ကွင်းကို စုပ်ယူတုန်းက သက်တမ်း ၈ သောင်းကျော်ရှိတဲ့ ဝိညာဉ်သားရဲကို အမဲလိုက်ခဲ့တာဆိုတော့...”
“အခု မင်းရဲ့ အဋ္ဌမ ဝိညာဉ်ကွင်းအတွက် ဘာလုပ်မှာလဲ။ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲကို အမဲလိုက်မှာလား....”
“သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲ.... ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။ တကယ်လို့ ဒီတစ်ကြိမ် မင်းနဲ့အတူ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲကို သွားပြီး အမဲလိုက်ဖြစ်ရင် ငါ့ရဲ့ အမြင်အာရုံတွေ ပိုကျယ်ပြန့်လာမှာပဲ”
တကယ်တမ်းတွင် လုချန်သည်လည်း ဤပြဿနာကြောင့် ခေါင်းခဲနေခဲ့ရသည်။ သူ၏ သတ္တမ ဝိညာဉ်ကွင်းက သက်တမ်း ၈၅,၀၀၀ ရှိသော ငွေပြာဘုရင်ဆိုသည့် ဝိညာဉ်သားရဲကို အမဲလိုက်ခဲ့ခြင်းပင်။
ယခု သူ၏ အဋ္ဌမ ဝိညာဉ်ကွင်းက အနည်းဆုံး သက်တမ်း ၈၅,၀၀၀ ရှိရမည်ဖြစ်သော်လည်း သက်တမ်း ၈၅,၀၀၀ ကျော်ရှိသော အပင်ဝိညာဉ်သားရဲကို သူ ဘယ်မှာ သွားရှာရမည်နည်း။
အဆင့်မြင့် အပင်ဝိညာဉ်သားရဲများသည် သဘာဝအားဖြင့် အဆင့်မြင့် တိရစ္ဆာန် ဝိညာဉ်သားရဲ များထက် အရေအတွက် နည်းပါးလေသည်။
မူလ ဇာတ်လမ်းထဲတွင် အဆင့်မြင့် အပင်ဝိညာဉ်သားရဲ လက်တစ်ဆုပ်စာခန့်သာ ပါဝင်ခဲ့သည်။
လုချန်တွင် ကိုးကားစရာ လုံးဝမရှိဘဲ ကံကိုသာ အားကိုးပြီး ရှာဖွေရမည် ဖြစ်၏။
ငွေပြာနယ်ပယ်ကို အသုံးပြုကာ တိုက်ကြီးတစ်ခွင်ရှိ ငွေပြာမြက်ပင်များကို လှုံ့ဆော်ပြီး သက်တမ်း တစ်သိန်းရှိသော အပင်ဝိညာဉ်သားရဲကို ရှာတွေ့နိုင်မလား ဆိုသည်ကို စုံစမ်းရမည် ဖြစ်သည်။
လုချန်က အဝေးသို့ ငေးကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“တကယ်တော့ ငါ့ရဲ့ အဋ္ဌမ ဝိညာဉ်ကွင်းကို ဖွင့်ဖို့ ဘယ်လို ဝိညာဉ်သားရဲမျိုးကို အမဲလိုက်ရမလဲ ဆိုတာ ငါလည်း မသိသေးဘူး”
“အဆင့်မြင့် ဝိညာဉ်သားရဲတွေက အရမ်း ရှားပါးပြီး အဆင့်မြင့် အပင်ဝိညာဉ်သားရဲတွေက ပိုတောင် ရှားသေးတယ်။ ငါ့မှာ ရွေးချယ်စရာ လုံးဝ မရှိဘူး။ ကံကိုပဲ အားကိုးရတော့မယ် ထင်တယ်။ ဘယ် ဝိညာဉ်သားရဲကိုပဲ တွေ့တွေ့ အဲဒီရဲ့ ဝိညာဉ်ကွင်းကိုပဲ စုပ်ယူလိုက်တော့မယ်”
“ငါ့ရဲ့ လက်ရှိ စိတ်ပိုင်းဆိုင်ရာ စွမ်းအား နဲ့ ခန္ဓာကိုယ် အခြေအနေအရ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူဖို့က ဘာပြဿနာမှ မရှိလောက်ဘူး”
“သက်တမ်း တစ်သိန်းရှိတဲ့ အပင်ဝိညာဉ်သားရဲကို ရှာတွေ့နိုင်မယ့် ကံ ရှိမလား ဆိုတာ ကြည့်ကြတာပေါ့”
“အကယ်လို့ တကယ် ရှာတွေ့ရင် ညီအစ်ကို တူကူကို အကူအညီ တောင်းရတော့မယ်”
တူကူပိုက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
“အဲဒီအတွက် စိတ်မပူပါနဲ့။ တိုက်ခိုက်တာကို ငါ့ဆီ လွှဲထားလိုက်။ ငါ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲနဲ့ တစ်ခါမှ မတိုက်ဖူးဘူး”
“အခွင့်အရေးရရင် ငါနဲ့ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲ ဘယ်သူက ပိုသန်မာလဲ ဆိုတာ တကယ် စမ်းကြည့်ချင်တယ်...”
တောင်အောက်သို့ ဆင်းလာပြီးနောက် တူကူပို၊ လုချန်နှင့် တူကူရန်တို့သည် နေဝင်ချိန် တောအုပ်တွင် အချိန်ကြာမြင့်စွာ မနေခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် လုချန် ရှာဖွေနေသော သက်တမ်း တစ်သိန်းရှိ အပင် ဝိညာဉ်သားရဲသည် နေဝင်ချိန် တောအုပ်တွင် မရှိသောကြောင့်ပင်။
သူတို့သည် နေဝင်ချိန် တောအုပ်မှ ထွက်ခွာလာပြီး တောင်ဘက်သို့ ငါးရက်ကြာ ခရီးသွားခဲ့ပြီးနောက် ကြယ်တာရာ တောအုပ်ကြီးသို့ ရောက်ရှိလာခဲ့ကြသည်။
ကုန်းတွင်းပိုင်းရှိ အကြီးဆုံး ဝိညာဉ်သားရဲတောအုပ်ဖြစ်သော ကြယ်တာရာတောအုပ်ကြီးတွင်သာ လုချန် လိုအပ်သော သက်တမ်း တစ်သိန်းရှိ ဝိညာဉ်သားရဲ ရှိနိုင်ပေလိမ့်မည်။
ကြယ်တာရာ တောအုပ်ကြီးသို့ ဝင်ရောက်ပြီးနောက် လုချန်သည် ငွေပြာနယ်ပယ်ကို ဖွင့်ကာ ၎င်းကို အသုံးပြု၍ တောအုပ်ထဲရှိ များပြားလှသော ငွေပြာမြက်ပင်များနှင့် ဆက်သွယ်ပြီး အဆင့်မြင့် အပင် ဝိညာဉ်သားရဲ၏ သတင်းအချက်အလက်များကို စတင် စုဆောင်းလိုက်၏။
မရေတွက်နိုင်သော ငွေပြာမြက်ပင်များကို သူ၏ မျက်စိနှင့် နားများအဖြစ် အသုံးပြုထားသဖြင့် သက်တမ်း တစ်သိန်းရှိ ဝိညာဉ်သားရဲ တကယ် ရှိနေပါက လုချန် သေချာပေါက် ရှာတွေ့နိုင်ပေမည်။
အခန်း ၇၇ပြီး