အခန်း (၇၆) မြစိမ်းရောင် နဂါးချပ်ဝတ် ဒိုင်းလွှား
လုချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တူကူပို မျက်မှောင်ကြုတ်သွားခဲ့ရသည်။ တူကူရန်အတွက် စိုးရိမ်သောကြောင့် တူကူရန်ကို နှစ်သောင်းသက်တမ်းရှိ မြေနဂါး ချပ်ဝတ်သားရဲ၏ ဝိညာဉ်ကွင်းအား စုပ်ယူစေလိုခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန် အန္တရာယ်များလွန်းသောကြောင့်ပင်။
သာမန် ဝိညာဉ်သခင်တစ်ယောက်၏ ပဉ္စမ ဝိညာဉ်ကွင်းအတွက် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည် အကန့်အသတ်မှာ အလွန်ဆုံး နှစ်တစ်သောင်းနှစ်ထောင်သာ ဖြစ်သည်။
ဤသက်တမ်း အကန့်အသတ်ကို ကျော်လွန်ပြီး ဝိညာဉ်ကွင်းများကို စုပ်ယူခြင်းက အလွန် အန္တရာယ်များလှသည်။
ထို့ကြောင့် ပဉ္စမ ဝိညာဉ်ကွင်းအဆင့်တွင် ရှိနေသော ဝိညာဉ်သခင်များစွာသည် သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသော နှစ်တစ်သောင်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို မရှာတွေ့နိုင်ကြပေ။ သူတို့သည် သက်တမ်း ရှစ်ထောင် သို့မဟုတ် ကိုးထောင်ရှိသော ဝိညာဉ်ကွင်းများကို စုပ်ယူရန် ကြိုးစားကြလျှင်တောင် သက်တမ်း တစ်သောင်းနှစ်ထောင်ထက် ပိုများသော ဝိညာဉ်ကွင်းများကို စုပ်ယူရန် အကန့်အသတ်ကို ဘယ်တော့မှ ကျော်လွန်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏ အသက်နှင့် လောင်းကစား လုပ်နေရတာကြောင့်ပင်။
ရည်မှန်းချက်ကြီးမားသော ဝိညာဉ်ဘုရင်များအတွက် အသက်ရှင်နေမှသာ အနာဂတ်အကြောင်း ပြောနိုင်ပေမည်။
တူကူပိုက အသံနှိမ့်ကာ မပြောဘဲ မနေနိုင်တော့ချေ။
"ဒါက အရမ်း အန္တရာယ်မများလွန်းဘူးလား။ နှစ်နှစ်သောင်းသက်တမ်း ဝိညာဉ်ကွင်းဆိုတာ ဆဋ္ဌမ ဝိညာဉ်ကွင်းဆဖြစ်ဖို့တောင် လုံလောက်တာထက် ပိုနေပြီ"
"ယန်ယန်... ငါတို့ ထပ်ရှာကြည့်ရအောင်လေ။ နဂါး မျိုးဆက်သွေးပါတဲ့ တခြား ဝိညာဉ်သားရဲတွေကို သေချာပေါက် ရှာတွေ့နိုင်မှာပါ"
တူကူရန်သည် တစ်ခဏမျှသာ တုံ့ဆိုင်းသွားပြီးနောက် လုံးဝ ဆုံးဖြတ်ချက်ချလိုက်၏။ သူမက ခိုင်မာစွာ ပြောလိုက်သည်။
"အဘိုး... သမီးက နှစ်နှစ်သောင်း သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်မယ်လို့ ထင်တယ်။ သမီးရဲ့ စတုတ္ထ ဝိညာဉ်ကွင်းဆိုရင်လည်း အကန့်အသတ်ကို ကျော်လွန်ပြီး စုပ်ယူထားတဲ့ နှစ်ရှစ်ထောင် သက်တမ်းရှိ ဝိညာဉ်ကွင်းလေ။ သမီးရဲ့ ပဉ္စမ ဝိညာဉ်ကွင်းလည်း အကန့်အသတ်ကို ကျော်လွန်ပြီး နှစ်နှစ်သောင်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို သေချာပေါက် စုပ်ယူနိုင်မှာပါ"
တူကူရန်၏ ခိုင်မာသော စကားများကို ကြားသောအခါ လုချန်သည်လည်း သဘောတူသော အမူအရာကို ပြသလိုက်သည်။ သူက အနည်းငယ် ပြုံးကာ ပြောလိုက်၏။
"ယန်ယန်... မင်းမှာ ရည်မှန်းချက် ရှိတယ်။ မင်း သေချာပေါက် အောင်မြင်စွာ စုပ်ယူနိုင်မယ်လို့ ငါ ယုံကြည်တယ်"
"အကယ်လို့ မင်း စုပ်ယူဖို့ ကျရှုံးသွားခဲ့ရင်တောင် ဘာအန္တရာယ်မှ မရှိစေရဘူးလို့ ငါ အာမခံနိုင်တယ်။ ငါ့ရဲ့ ဆဋ္ဌမ ဝိညာဉ်စွမ်းရည်ဖြစ်တဲ့ ငွေပြာဆန္ဒက အရေးကြီးတဲ့ အချိန်မှာ မင်းရဲ့ အသက်ကို ကယ်တင်ပေးနိုင်တယ်"
"လုပ်ငန်းစဉ်က အနည်းငယ် ခက်ခဲနိုင်ပေမဲ့ မင်းက နှစ်နှစ်သောင်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်သရွေ့ မင်းရဲ့ အနာဂတ်အတွက် အရမ်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာမှာပါ"
လုချန်၏ ချီးကျူးစကားများကြောင့် တူကူရန် ပို၍ပင် ယုံကြည်မှု ရှိလာပြီး ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်မည်ဟု သေချာနေသည့်ပုံ ပေါ်နေသည်။
တူကူပို တစ်ယောက်တည်းသာ စိုးရိမ်နေဆဲ ဖြစ်သည်။ သူက တူကူရန်ကို တားဆီးချင်သော်လည်း တူကူရန်က သူ၏ စကားကို လုံးဝ နားမထောင်တော့ပေ။
ယခုအခါ တူကူရန်သည် ထို အပြာရောင်ဆံပင်လေး လုချန်၏ စကားကိုသာ နားထောင်နေခဲ့လေသည်။
ယင်းက တူကူပိုကို လုချန်အပေါ် ပို၍ပို၍ ဒေါသထွက်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် လုချန်က သူ၏ လှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်သည်။
"အလုံးစုံ လွှမ်းခြုံ တောအုပ်.." (အားလုံးကို လွှမ်းခြုံနိုင်တဲ့ တောအုပ်ကို နာမည်ပြောင်းထားပါတယ် )
လုချန်သည် အလုံးစုံလွှမ်းခြုံတောအုပ်၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် အပြာရောင် အလင်းတန်း တစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ငွေပြာမြက်ပင်များ အားလုံးကို ငွေပြာအင်ပါယာအဖြစ်သို့ ပေါင်းစည်း ပြောင်းလဲသွားစေခဲ့သည်။
ငွေပြာအင်ပါယာအပင်များသည် အရိုင်းအစိုင်းများကဲ့သို့ ကြီးထွားလာပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် တောအုပ်ကို ငွေပြာတောအုပ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
အေးအေးဆေးဆေး နေပူစာလှုံနေသော မြေနဂါး ချပ်ဝတ်သားရဲသည်လည်း ဤဆူညံသံကြောင့် လန့်နိုးသွားခဲ့ရသည်။ ၎င်းက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး တိုက်ခိုက်မည့် အနေအထားကို ယူလိုက်လေသည်။
"ဝုန်း.."
မြေနဂါး ချပ်ဝတ်သားရဲက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ရက်စက်သော သားရဲမျက်လုံးများက ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ အနီးအနားတွင် ပုန်းအောင်းနေသော ရန်သူများကို ခြိမ်းခြောက်ရန် ၎င်း၏ ကျောပေါ်ရှိ ဓားဆူးများ တစ်တန်းကြီး ထောငမလာခဲ့သည်။
လုချန်သည် အနည်းငယ်မျှပင် မထိတ်လန့်ဘဲ ရှေ့သို့ လက်ဝှေ့ယမ်းလိုက်၏။
"သွားစမ်း.."
ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာ အားလုံးရှိ ငွေပြာ တောအုပ်ထဲမှ မရေတွက်နိုင်သော ငွေပြာနွယ်ပင် များ ပေါက်ကွဲထွက်လာခဲ့ကြသည်။
လူကြီးတစ်ယောက်၏ လက်မောင်းလောက် တုတ်သော ငွေပြာနွယ်ပင်များသည် မြွေများနှင့် စပါးအုံးမြွေများကဲ့သို့ မြေနဂါး ချပ်ဝတ်သားရဲဆီသို့ တိုးဝင်သွားကြပြီး ရစ်ပတ် ချုပ်နှောင်လိုက်သည်။
သေချာသည်မှာ မြေနဂါး ချပ်ဝတ်သားရဲသည် အလွယ်တကူ အရှုံးပေးမည် မဟုတ်ပေ။ ၎င်းက ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လက်သည်းများ၊ သွားများနှင့် ကျောပေါ်ရှိ ဓားဆူးများကို အသုံးပြု၍ ရစ်ပတ်နေသော ငွေပြာနွယ်ပင်များကို ဆုတ်ဖြဲပစ်လိုက်လေသည်။
ဂျွတ်...ဂျွတ်...
သက်တမ်း နှစ်သောင်းရှိသော မြေနဂါး ချပ်ဝတ်သားရဲသည် တကယ်ကို အံ့မခန်း အစွမ်းထက်လှပြီး ၎င်းက ငွေပြာနွယ်ပင်တစ်အုပ်ကို လျင်မြန်စွာ ဆုတ်ဖြဲပစ်လိုက်သည်။
သို့သော် ၎င်းက ငွေပြာနွယ်ပင်တစ်ခုကို ဆုတ်ဖြဲလိုက်တိုင်း လုချန်က နောက်ထပ် ငွေပြာနွယ်ပင်ဆယ်ခုကို ထပ်မံ ဖန်တီးလိုက်ရာ မရေတွက်နိုင်သော ငွေပြာနွယ်ပင်များက ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို နစ်မြုပ်သွားလုနီးပါး ဖြစ်စေခဲ့သည်။
သုံးမိနစ်ခန့် အကြာတွင် မြေနဂါး ချပ်ဝတ်သားရဲ သည် ထူထပ်သော ငွေပြာနွယ်ပင်များ၏ ရစ်ပတ်မှုကြောင့် ဖက်ထုပ်တစ်ခုကဲ့သို့ ချည်နှောင်ခံလိုက်ရလေသည်။
မြေနဂါး ချပ်ဝတ်သားရဲ သည် မည်မျှပင် ဟိန်းဟောက်ပြီး ရုန်းကန်နေပါစေ အားလုံးက အချည်းနှီးသာ။
ယင်းကို မြင်သောအခါ လုချန်က ရှေ့သို့ လက်ဝှေ့ယမ်းလိုက်၏။
"သိမ်း..."
ချက်ချင်းပင် ဖက်ထုပ်တစ်ခုကဲ့သို့ ချည်နှောင်ခံထားရသော မြေနဂါး ချပ်ဝတ်သားရဲသည် လုချန်နှင့် သူ့အဖွဲ့၏ ရှေ့သို့ ဆွဲခေါ်ခံလိုက်ရသည်။
လုချန်က တူကူရန်ကို လှည့်ကြည့်လိုက်၏။
"ယန်ယန်... သွားပြီး ဒီ ဝိညာဉ်သားရဲကို သတ်လိုက်တော့"
တူကူရန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
မကြာမီ တူကူရန်က ဝိညာဉ်ပူးကပ်ခြင်းကို အသုံးပြုလိုက်ရာ သူမ၏ ခေါင်းမှ ခြေဖျားအထိ မြစိမ်းရောင် နဂါးအကြေးခွံချပ်ဝတ်များဖြင့် ဖုံးလွှမ်းသွားပြီး သူမ၏ ခြေဖဝါးအောက်မှ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်းရောင် ဝိညာဉ်ကွင်းလေးခု ထွက်ပေါ်လာခဲ့သည်။
"စတုတ္ထ ဝိညာဉ်စွမ်းရည်... မြစိမ်းရောင် အဆိပ် မြားမိုး"
တူကူရန်၏ စတုတ္ထ ဝိညာဉ်ကွင်းတောက်ပလာသည်နှင့်အမျှ သူမ၏ ဝိညာဉ်စွမ်းအားများက ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လာပြီး အဆိပ်မြား ဒါဇင်ပေါင်းများစွာ အဖြစ်သို့ လျင်မြန်စွာ စုစည်းသွားခဲ့သည်။
နောက်တစ်ခဏတွင် အဆိပ်မြားများ ပစ်ထွက်သွားပြီး တူကူရန်၏ ချိန်ရွယ်မှုအောက်တွင် ၎င်းတို့ အားလုံးသည် မြေနဂါး ချပ်ဝတ်သားရဲ၏ မျက်လုံးများနှင့် ပါးစပ်များကို အတိအကျ ထိမှန်သွားကြလေသည်။
ကြောက်မက်ဖွယ်ကောင်းသော အာရုံကြောအဆိပ်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး မြေနဂါး ချပ်ဝတ်သားရဲကို ၎င်း၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးသွားစေခဲ့သည်။
၎င်းမှာ အသိစိတ် ရှိနေသေးသော်လည်း ၎င်း၏ ခန္ဓာကိုယ်နှင့် ခြေလက်များကို မခံစားရတော့ပေ။ ၎င်း လုပ်နိုင်သမျှမှာ ပါးစပ်ကို ကျယ်ကျယ်ဟကာ အနံ့ဆိုးထွက်နေသော တံတွေးများ ကျဆင်းနေပြီး တူကူရန်ကို အကြောက်တရားနှင့် အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးရဲစွာ ကြည့်နေရန်သာ ဖြစ်သည်။
တူကူရန်လည်း ဆက်ပြီး အချိန်မဆွဲတော့ဘဲ မြစိမ်းရောင် အဆိပ်ဖြင့် နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်စားနိုင်သည့် အဆိပ်များက မြေနဂါး ချပ်ဝတ်သားရဲ၏ ပါးစပ်မှတစ်ဆင့် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အတွင်းကလီစာများကို ရူးသွပ်စွာ စတင် ဖျက်ဆီးလေတော့သည်။
တစ်မိနစ်ပင် မကြာလိုက်ဘဲ မြေနဂါး ချပ်ဝတ်သားရဲ ၏ ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် မျက်လုံးများ လန်သွားကာ အသက်ရှူရပ်သွားခဲ့သည်။
မြေနဂါး ချပ်ဝတ်သားရဲ သေဆုံးသွားပြီးနောက် လုချန်က ငွေပြာနွယ်ပင်များကို ပြန်သိမ်းလိုက်ရာ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဘန်း...
မြေနဂါး ချပ်ဝတ်သားရဲ၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထူထပ်သော စွမ်းအင်လှိုင်းများက လေထုကို တဖြည်းဖြည်း စေးကပ်လာစေခဲ့သည်။
ထို့နောက် အနက်ရောင် အလင်းတန်းက လျင်မြန်စွာ စုစည်းသွားပြီး နောက်ဆုံးတွင် အနက်ရောင် ဝိညာဉ်ကွင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
တူကူရန်က တူကူပိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်ကို ကြည့်ကာ စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ရာ သူမ၏ အမူအရာမှာ ပို၍ပို၍ ခိုင်မာလာခဲ့သည်။
သူမက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်နှင့် အနက်ရောင် ဝိညာဉ်ကွင်းက ဆင့်ခေါ်ခံရကာ သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးအုပ်သွားပြီး သူမနှင့် ပေါင်းစပ်သွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် ပွက်ပွက်ဆူလုနီးပါး ပြင်းထန်သော ကြောက်မက်ဖွယ် စွမ်းအင်များက သူမ၏ ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်းသွားခဲ့၏။
အလွန် ပြင်းထန်သော နာကျင်မှုက သူမ၏ ဦးနှောက်ကို ထိုးနှက်လိုက်သဖြင့် သူမ၏ မျက်နှာလေးမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ဆုတ်ဖြဲခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။
"အ့"
တူကူရန်က အသံတိတ် ညည်းတွားလိုက်ပြီး သူမ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးစက်များ စိမ့်ထွက်လာခဲ့သည်။
ယင်းကို မြင်သောအခါ တူကူပို အသည်းကွဲမတတ် ခံစားလိုက်ရသည်။ သူက လုချန်ကို ဒေါသတကြီးဖြင့် မျက်လုံးပြူးကြည့်ကာ ပြောလိုက်၏။
"ကြည့်စမ်း... ယန်ယန် ဘယ်လောက်တောင် ခံစားနေရလဲ ဆိုတာကို ကြည့်စမ်း။ မင်းသာ ငါ့ကို မြှောက်ပေးမနေဘူးဆိုရင် ယန်ယန်ကို ဒီလောက် အန္တရာယ်များတဲ့ ဝိညာဉ်ကွင်းကို ဘယ်တော့မှ စုပ်ယူခိုင်းမှာ မဟုတ်ဘူး"
"ကောင်လေး... ယန်ယန်သာ တစ်ခုခု ဖြစ်သွားရင် ငါ ရက်စက်တယ်လို့ မပြစ်တင်နဲ့။ သူမက ငါ့ရဲ့ တစ်ဦးတည်းသော မြေးမလေးပဲ"
လုချန်သည် တူကူရန်ကို အသေအချာ စိုက်ကြည့်နေပြီး အနည်းငယ်မျှသော ပြောင်းလဲမှုရှိသည်နှင့် ငွေပြာဆန္ဒကို ထုတ်လွှတ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သူက ခေါင်းပင် မမော့ဘဲ တူကူပိုကို ပြောလိုက်၏။
"ငါ ဘာလုပ်နေလဲ ဆိုတာ ငါ သိပါတယ်။ ငါ့အပေါ် ထားတဲ့ ယန်ယန်ရဲ့ ခံစားချက်တွေအရ သူမကို ဘာမှ အဖြစ်ခံမှာ မဟုတ်ပါဘူး"
ယင်းကို ကြားသောအခါ တူကူပိုက ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။ သူက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အာရုံအားလုံးကို တူကူရန်အပေါ်သို့သာ အာရုံစိုက်ထားလိုက်သည်။
ဤအချိန်တွင် တူကူရန်၏ ခန္ဓာကိုယ်မှ နဂါး ဟိန်းသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ သူမ၏ မြစိမ်းရောင် နဂါးဝိညာဉ်က သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော စွမ်းအင်များကို ရူးသွပ်စွာ စတင် ဝါးမျိုနေခြင်းပင်။
မြစိမ်းရောင် နဂါး ဝိညာဉ်သည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ အလျှံပယ် များပြားလှသော စွမ်းအင်များကို အဆက်မပြတ် ဝါးမျိုနေသဖြင့် တူကူရန်၏ ဖိအားကို ရုတ်တရက် လျော့ကျသွားစေသည်။
ဤ နှစ်နှစ်သောင်း သက်တမ်းရှိ ဝိညာဉ်ကွင်းသည် တူကူရန်ကို လွှမ်းမိုးမသွားနိုင်ခဲ့ပေ။ တူကူရန်သည် ကောင်းစွာ လိုက်လျောညီထွေ ဖြစ်သွားပြီး သူမ၏ ဝိညာဉ်ကွင်းစုပ်ယူခြင်းမှာ ယခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်နေလေပြီ။
မြေနဂါး ချပ်ဝတ်သားရဲ၏ ကြွင်းကျန်နေသော အမုန်းတရားများနှင့် ပတ်သက်၍မူ နဂါးမူလ သစ်သီးကို စားသုံးထားသော တူကူရန်၏ရှေ့တွင် များများစားစား နှောင့်ယှက်နိုင်ခြင်း မရှိခဲ့ပေ။ နဂါး၏ လွှမ်းမိုးနိုင်သော စွမ်းအားအောက်တွင် ကျန်ရစ်နေသော ဝိညာဉ်မှာ တိုက်ရိုက် ပြန့်ကျဲသွားခဲ့ရသည်။
အရာအားလုံးသည် အကောင်းဘက်သို့ ဦးတည်နေခဲ့သည်။
ခုနစ်နာရီခန့် စုပ်ယူပြီးနောက် တူကူရန် နောက်ဆုံးတွင် ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။ သူမက သူမ၏ လှပသော မြစိမ်းရောင် မျက်လုံးများကို ဖွင့်လိုက်ရာ အံ့သြမှုများနှင့်အတူ ကြောက်ရွံ့မှု အကြွင်းအကျန်များ တောက်ပနေခဲ့သည်။
ဝိညာဉ်ကွင်းကို အကန့်အသတ်ထက် ကျော်လွန်၍ စုပ်ယူခြင်းက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေသော်လည်း အတော်လေး ကြီးမားသော အန္တရာယ်များကိုလည်း သယ်ဆောင်လာခဲ့၏။ ယခုတစ်ကြိမ် ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်ခြင်းမှာ ကံတရားကြောင့်လည်း အနည်းငယ် ပါဝင်ပေသည်။
တူကူရန်က ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီး နိုးထလာသည်ကို မြင်သောအခါ တူကူပိုနှင့် လုချန်တို့ နှစ်ဦးစလုံး စိတ်အေးသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
တူကူရန်လည်း မြေပြင်မှ ထလာပြီး တူကူပိုနှင့် လုချန်တို့ကို ပြုံးကာ သူမ၏ တွေ့ရှိချက်များကို မျှဝေလိုက်၏။
"ဒီတစ်ခါ ဝိညာဉ်ကွင်းကို စုပ်ယူရတာ တကယ်ကို အန္တရာယ်များပေမဲ့ နောက်ဆုံးတော့ သမီး အောင်မြင်သွားပါပြီ... ပြီးတော့ သမီးရဲ့ ဝိညာဉ်စွမ်းအားကလည်း အဆင့် ၅၂ကို တက်သွားပြီ"
"ပြီးတော့ သမီးရဲ့ ဝိညာဉ်ကလည်း ဒီတစ်ကြိမ်မှာ အများကြီး အကျိုးကျေးဇူး ရလိုက်တယ်။ သမီးရဲ့ ခွန်အား၊ အမြန်နှုန်း၊ ကာကွယ်ရေး နဲ့ တခြား အခြေခံ အရည်အသွေးအားလုံး ကြီးမားစွာ တိုးတက်လာတယ်လို့ ခံစားရတယ်"
"အရေးအကြီးဆုံး တစ်ခုကတော့ ဝိညာဉ်စွမ်းရည်ပဲ... သမီးရဲ့ ပဉ္စမ ဝိညာဉ်စွမ်းရည်က မြစိမ်းရောင် နဂါးချပ်ဝတ် ဒိုင်းလွှားလို့ နာမည်ရပြီး စိမ်းပြာရောင် စွမ်းအင် ဒိုင်းလွှားတစ်ခုကို စုစည်းနိုင်တယ်"
"သူ့ရဲ့ ကာကွယ်ရေး စွမ်းရည်တွေက အရမ်း အစွမ်းထက်တယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် တိုက်ခိုက်မှုရဲ့ စွမ်းအားက အညီအမျှ ခွဲဝေသွားမှာ။ ဝိညာဉ်ဘုရင်တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကတောင် သမီးရဲ့ စွမ်းအင် ဒိုင်းလွှားကို မဖောက်ထွင်းနိုင်ဘူး။ သမီးရဲ့ စွမ်းအင် ဒိုင်းလွှားကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ဖို့ဆိုရင် ဝိညာဉ်ဧကရာဇ် တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်ဖို့ လိုအပ်တယ်"
အကန့်အသတ်ထက် ကျော်လွန်ပြီး ဝိညာဉ်ကွင်းကို စုပ်ယူခဲ့သူ တစ်ယောက်ပီပီ ရရှိလာသော ဝိညာဉ်ကွင်းစွမ်းရည်မှာ အံ့မခန်း အစွမ်းထက်လှပေသည်။
အခန်း ၇၆ပြီး