အခန်း (၇၁) ဒီကိစ္စက မပြီးသေးဘူး
ဤစကားကို ကြားသောအခါ တူကူပို၊ လုချန်၊ တူကူရန်နှင့် ရွှယ်ချင်းဟယ်တို့ အပါအဝင် ခန်းမထဲရှိ လူတိုင်း၏ အာရုံသည် နင်းဖုန်းကျီ ၏ လက်ထဲရှိ ဖွင့်ထားသော ပိုးသားသေတ္တာဆီသို့ ရောက်သွားခဲ့ကြသည်။
ပိုးသားသေတ္တာ အတွင်းတွင် အပြစ်အနာအဆာကင်းပြီး အရည်အသွေး အလွန်မြင့်မားကာ အံ့သြဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည့် အနက်ရောင် ညာဘက်ခြေထောက်အရိုး တစ်ခု ရှိနေခဲ့လေသည်။
သေချာသည်မှာ ၎င်းက ဝိညာဉ်အရိုးတစ်ခုပင်။
နင်းဖုန်းကျီ၏ မိတ်ဆက်မှုအရ ၎င်းမှာ နှစ်ငါးသောင်း သက်တမ်းရှိ လူမျက်နှာ ပင့်ကူဘုရင်၏ ညာဘက်ခြေထောက်အရိုး ဖြစ်သည်။
လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ချက်ချင်းပင် စိတ်ဝင်စားစရာ ဖြစ်သွားခဲ့ရသည်။
မည်သည့် ဝိညာဉ်အရိုးကိုမဆို အဖိုးမဖြတ်နိုင်ဟု သတ်မှတ်နိုင်သည်။
ထို့အပြင် ဤ ဝိညာဉ်အရိုးက သာမန် ဝိညာဉ်အရိုး မဟုတ်ပေ။ ၎င်းမှာ နှစ်ငါးသောင်း သက်တမ်းရှိ လူမျက်နှာ ပင့်ကူဘုရင်ထံမှ ရရှိထားခြင်းပင်။
ထို့ကြောင့် ဝိညာဉ်အရိုး၏ တန်ဖိုးမှာ ဖြတ်တောက်၍ မရနိုင်ချေ။
ဘွဲ့ခံတိုလောများပင်လျှင် ၎င်းကို စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။
နင်းဖုန်းကျီသည် တကယ်ကို ရက်ရောလှ၏။ တူကူပို ပင်လျှင် ဤ ကြီးမားသော လက်ဆောင်၏ တန်ဖိုးကို မတွန်းလှန်နိုင်ခဲ့ပေ။
သူ ထုတ်ပြလိုက်သော ဝိညာဉ်အရိုးက လူတိုင်းကို အံ့သြမှင်သက်သွားစေကြောင်း မြင်သောအခါ နင်းဖုန်းကျီက အသံနှိမ့်ကာ မိတ်ဆက်ပေးလိုက်သည်။
"ကျွန်တော် မူလက သတ္တမ ဝိညာဉ်ကွင်းအတွက် လိုအပ်တဲ့ ဝိညာဉ်သားရဲကို အမဲလိုက်ဖို့ စဉ်းစားခဲ့ပေမဲ့ ဒီ လူမျက်နှာ ပင့်ကူဘုရင်က သူ့ရဲ့ ကြောက်မက်ဖွယ် ကိုယ်ပျောက် စွမ်းရည်နဲ့ မှောင်ရိပ်ထဲကနေ ချုံခိုတိုက်ခိုက်ခဲ့လို့ ဝိညာဉ်အမဲလိုက်အဖွဲ့ကို အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်"
"ဒါက ကျွန်တော့်ကို အရမ်း ဒေါသထွက်စေခဲ့တယ်။ ကျွန်တော်က လူမျက်နှာ ပင့်ကူဘုရင်ရဲ့ ဝိညာဉ်ကွင်းကို မလိုအပ်ပေမဲ့ ကျွန်တော်တို့ကို ချုံခိုတိုက်ခိုက်ခဲ့တာကို လက်စားချေတဲ့အနေနဲ့ သူ့ကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်"
"လူမျက်နှာ ပင့်ကူဘုရင် သေဆုံးသွားပြီးတဲ့နောက် ဒီ ညာဘက်ခြေထောက်အရိုးက ကျကျန်ခဲ့တယ်။ ဒီ ဝိညာဉ်အရိုးက အရမ်း အဖိုးတန်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဆိပ်သင့်နေတယ်"
"အဲဒါက ကျွန်တော်တို့နဲ့ သိပ်မကိုက်ညီလို့ သိမ်းထားခဲ့တာပါ။ ဒီနေ့ ကျွန်တော် ဒီ ဝိညာဉ်အရိုးကို အဆိပ်ပြင်း မြစိမ်းရောင် သခင်ကြီးဆီ လက်ဆောင်အဖြစ် ပေးအပ်ပါတယ်။ ပထမအချက်က ငြိမ်းချမ်းရေး ရဖို့ဖြစ်ပြီး ဒုတိယအချက်က အဆိပ်ပြင်း မြစိမ်းရောင်သခင်ကြီးကို အဆိပ်ဖြေဆေးပေးဖို့ တောင်းဆိုချင်လို့ပါ"
နင်းဖုန်းကျီ၏ စကားများကို ကြားသောအခါ တူကူပိုသည် ချက်ချင်းပင် တုံ့ဆိုင်းနေသည့် အမူအရာကို ပြသလိုက်၏။
သူသည် ထို ညာဘက်ခြေထောက်အရိုးကို အလွန် လိုချင်သော်လည်း ဝိညာဉ်အရိုးကို လက်ခံလိုက်သည်နှင့် သူသည် နင်းဖုန်းကျီကို ငြင်းဆို၍ မရတော့ပေ။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဝိညာဉ်သခင် များကို အဆိပ်ဖြေပေးရန် သူ ကူညီရပေလိမ့်မည်။
သူက ဆုံးဖြတ်ချက်ချရန် ခက်ခဲစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့သည်။
အသေအချာ စဉ်းစားပြီးနောက် တူကူပိုသည် သူ၏ အာရုံကို လုချန်ဆီသို့သာ လှည့်လိုက်နိုင်တော့သည်။ သူသည် လုချန် ပြဿနာများမှ လွတ်မြောက်စေရန် ကူညီသည့်အနေဖြင့် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဝိညာဉ်သခင်များကို အဆိပ်ခတ်ခဲ့ခြင်းပင်။
ထို့ကြောင့် သူတို့ကို အဆိပ်ဖြေဆေး ပေးသင့်၊ မပေးသင့် ဆိုသည်ကို လုချန်၏ ထင်မြင်ချက်ကို မေးမြန်းသင့်လေသည်။
နင်းဖုန်းကျီက တူကူပို၏ လှုပ်ရှားမှုလေးများကို သတိပြုမိသွားပြီး တူကူပိုထံမှ အဆိပ်ဖြေဆေး ရရန် လုချန်၏ သဘောတူညီချက် လိုအပ်ကြောင်း နားလည်လိုက်ခေသည်။
နင်းဖုန်းကျီက ခေါင်းကို နောက်တစ်ကြိမ် လှည့်ကာ လုချန်ကို ရိုးသားသော အမူအရာဖြင့် ကြည့်ပြီး လေးနက်စွာ ပြောလိုက်၏။
"သခင်လေး လန်ချန်... အရင်က ကျွန်တော် မှားခဲ့ပါတယ်။ ဒါပေမဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ဝိညာဉ်သခင်တွေ အားလုံးက အပြစ်ကင်းကြပါတယ်။ ကျွန်တော့်ရဲ့ အမှားတွေအတွက် သူတို့က ပေးဆပ်စရာ မလိုပါဘူး"
"အကယ်လို့ သခင်လေး လန်ချန်ကသာ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် လျော်ကြေးအဖြစ် ရွှေဒင်္ဂါး ၁၀ သန်း ပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ သခင်လေး လန်ချန်ကို နောက်ထပ် ဘယ်တော့မှ ဒုက္ခမပေးတော့ဘူးလို့လည်း အာမခံပါတယ်"
"သခင်လေး လန်ချန်အနေနဲ့ အဆိပ်ပြင်း မြစိမ်းရောင် သခင်ကြီးကို အဆိပ်ဖြေဆေးပေးဖို့ ဖျောင်းဖျပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အကယ်လို့ သခင်လေး လန်ချန်က ဒါကို မလုံလောက်ဘူးလို့ ထင်ရင် ကျွန်တော်တို့ ထပ်ဆွေးနွေးလို့ ရပါသေးတယ်။ ဘာပဲ လိုအပ်လိုအပ် ကျွန်တော်တို့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှာ အကုန်ရှိပြီး သခင်လေးကို ပေးနိုင်ပါတယ်"
လုချန်က ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်၏ အရှိန်အဝါမျိုး လုံးဝ မပြသဘဲ နှိမ့်ချနေပုံရသော နင်းဖုန်းကျီကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။ နင်းဖုန်းကျီသည် အလွန် ပျော့ပျောင်းပြီး အခြေအနေနှင့် လိုက်လျောညီထွေ နေတတ်ပေသည်။
ဒီလူက တကယ်ကို ရက်စက်ပြီး ရည်မှန်းချက်ကြီးတဲ့ သူပဲ။
ခြိမ်းခြောက်ခံရသည်ဟု ခံစားရသည်နှင့် သူသည် ဓားတိုလော နှင့် အရိုးတိုလောတို့ကို ခေါ်ဆောင်ကာ သူ့ကို ချက်ချင်း ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ယခု ကြားဖြတ် တိုက်ခိုက်မှု ကျရှုံးသွားသောအခါ ခေါင်းငုံ့ပြီး ရှုံးနိမ့်မှုကို ဝန်ခံရမည့် အချိန်ရောက်လာတော့ သူဟာ ချက်ချင်းပင် ဖုန်မှုန့်ကဲ့သို့ နှိမ့်ချသွားကြသည်။
ဒီလို လူမျိုးက တစ်ယောက်ယောက်ကို ပစ်မှတ်ထားပြီဆိုရင် တကယ်ကို ကျောချမ်းစရာကောင်းတဲ့ အတွေ့အကြုံပဲ။
လုချန်သည် နင်းဖုန်းကျီ၊ ချန်ရှင်း နှင့် ကုရုံတို့ သူ့ကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည်ကို တွေးမိတိုင်း အလွန် ဒေါသထွက်နေပြီး စားမဝင် အိပ်မပျော် ဖြစ်နေခဲ့ရသည်။
ဒီကိစ္စ မပြီးသေးဘူး။
လုချန်က ညင်သာစွာ ပြောလိုက်၏။
"ညီအစ်ကို တူကူ... ဒီ ဝိညာဉ်အရိုးက အရမ်း ကောင်းပါတယ်။ ကျေးဇူးပြုပြီး လက်ခံလိုက်ပါ။ သူတို့ လိုချင်တဲ့ အဆိပ်ဖြေဆေးကို ပေးလိုက်လို့ ရပါတယ်"
"လျော်ကြေး ရွှေဒင်္ဂါး ၁၀ သန်းကိုတော့ ကျွန်တော် မလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့် အသက်ကို ရွှေဒင်္ဂါး ၁၀ သန်း နဲ့ လျော်ကြေးပေးလို့ မရလို့ပါ"
ယင်းကို ကြားသောအခါ တူကူပို၊ နင်းဖုန်းကျီ နှင့် ရွှယ်ချင်းဟယ်တို့ အားလုံးက လုချန်ကို အံ့သြစွာ ကြည့်လိုက်ကြ၏။
ဤနေရာရှိ လူတိုင်းမှာ ပါးနပ်သူများ ဖြစ်ကြရာ လုချန်၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘာဝကျကျပင် သိကြလေသည်။
လျော်ကြေးကို လက်မခံခြင်းဆိုသည်မှာ နင်းဖုန်းကျီ ကို ခွင့်လွှတ်ရန် ငြင်းဆိုခြင်းပင်။
သူသည် အနာဂတ်တွင် နင်းဖုန်းကျီကို တာဝန်ယူခိုင်းရန် အခွင့်အရေးကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့သာ လျော်ကြေးကို လက်ခံလိုက်ပါက နောက်ပိုင်းတွင် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို လက်စားချေရန် ကြိုးစားခြင်းက ကိုယ်ကျင့်တရားအရ သင့်လျော်မည် မဟုတ်ပေ။
လုချန်က လျော်ကြေးကို လက်မခံခြင်းက နင်းဖုန်းကျီ အပေါ် အငြိုးအတေး ထားရှိနေဆဲဖြစ်ပြီး ၎င်းကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ အနာဂတ်တွင် နင်းဖုန်းကျီကို လက်စားချေနိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။
အရိပ်တစ်ခုက နင်းဖုန်းကျီ၏ မျက်လုံးများကို ဖြတ်သန်းသွားခဲ့၏။ လုချန်သည် သူတို့နှင့် ပြန်လည် သင့်မြတ်လိုခြင်း မရှိသကဲ့သို့ သူတို့ကလည်း လုချန်ကို ချောမွေ့စွာ ကြီးထွားလာစေရန် ဆန္ဒမရှိကြပေ။ အနာဂတ်တွင် ပိုမို ပွင့်လင်းပြီး လျှို့ဝှက်သော တိုက်ပွဲများ ရှိလာမည့်ပုံပေါ်သည်။
ရွှယ်ချင်းဟယ်၏ ရင်ထဲတွင်မူ ဝမ်းသာမှု တစ်ချက် ဖြတ်သန်းသွားခဲ့ရသည်။ သူမ အကြောက်ဆုံးအရာမှာ လုချန်သည် အရာအားလုံးကို ဂရုမစိုက်ဘဲ နေမည်ကိုပင်။ လုချန်တွင် တောင်းဆိုမှု အချို့ ရှိနေသရွေ့ သူမသည် သူ့ကို သိမ်းသွင်းရန် တိကျသော နည်းလမ်းဖြင့် ပစ်မှတ်ထားနိုင်လေသည်။
အကယ်၍ လုချန်က နင်းဖုန်းကျီကို လက်စားချေလိုပါက သူမသည် ထိုအချက်မှ စတင်ပြီး လုချန်ကို သူမ၏ဘက်သို့ တဖြည်းဖြည်း သိမ်းသွင်းနိုင်၏။
တူကူပိုမှာမူ အကျပ်ရိုက်သွားခဲ့ရသည်။ လုချန်က လျော်ကြေးကို လက်မခံပါက သူက ဝိညာဉ်အရိုးကို လက်ခံလိုက်လျှင် သူ့အတွက် မတရားသလို ဖြစ်မနေဘူးလား။
နောက်ဆုံးတွင် လုချန်က ထပ်မံ စကားပြောလာခဲ့သည်။
"ညီအစ်ကို တူကူ... ကျွန်တော့်အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒီ ဝိညာဉ်အရိုးကို ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ ဝိညာဉ်သခင်တွေအတွက် အဆိပ်ဖြေဆေး ဖော်စပ်ပေးရတဲ့ အခကြေးငွေ အနေနဲ့ လက်ခံလိုက်ပါ"
လုချန်သည် အမွှာဝိညာဉ်များကို ပိုင်ဆိုင်ထားပြီး သူ၏ ဒုတိယ ဝိညာဉ်ကို ကျင့်ကြံပြီးသည်နှင့် သူသည် သေချာပေါက် လက်စားချေမည် ဖြစ်သည်။
တူကူပိုအနေဖြင့် ဝင်ပါရန် မလိုအပ်သကဲ့သို့ ဝိညာဉ်အရိုးတစ်ခုအတွက် စိတ်ပူနေရန်လည်း မလိုအပ်ပေ။
လုချန်၏ စကားများကို ကြားသောအခါ တူကူပိုသည် သွားကိုကျိတ်ကာ ဝိညာဉ်အရိုးပါရှိသော ပိုးသားသေတ္တာကို သိမ်းလိုက်ပြီး အဆိပ်ဖြေဆေးကို ထုတ်ကာ နင်းဖုန်းကျီ ထံသို့ ပေးလိုက်သည်။ သူက နင်းဖုန်းကျီ ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်ခေသည်။
"ဂိုဏ်းချုပ်နင်း... ဒီနေ့ မင်းပြောခဲ့တာတွေကို မှတ်ထား။ မင်း ငါ့ရဲ့ ညီအစ်ကို လန်ချန်ကို နောက်တစ်ကြိမ် ထပ်ပြီး အန္တရာယ် ပေးရဲတယ်ဆိုရင် မင်းတို့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက အဆိပ်မိပြီး သေရမယ့် ဝိညာဉ်သခင်အရေအတွက်က ဒီတစ်ခါထက် ပိုများဖို့ပဲ ရှိတယ်... နည်းဖို့ မရှိဘူးလို့ ငါ အာမခံတယ်"
အဆိပ်ဖြေဆေးရပြီးနောက် နင်းဖုန်းကျီသည် သိသိသာသာ စိတ်သက်သာရာ ရသွားပြီး ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ ဂိုဏ်းသား ရာပေါင်းများစွာကို ကယ်တင်ရန် သဘောတူလိုက်သည်။ ၎င်းမှာ နောက်ဆုံးတွင် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။
သူက ပြုံးရွှင်စွာ ပြောလိုက်၏။
"သေချာတာပေါ့... အဆိပ်ပြင်း မြစိမ်းရောင် သခင်ကြီး... စိတ်ချပါ။ ဒီလိုကိစ္စမျိုး နောက်တစ်ခါ လုံးဝ မဖြစ်စေရပါဘူး"
ဒါက သူတို့ ပြောတဲ့ စကားတွေပင်။
သို့သော် နင်းဖုန်းကျီက ထိုသို့ မတွေးခဲ့ပေ။ လုချန်အပေါ် သူ၏ မကောင်းသော ရည်ရွယ်ချက်များမှာ ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်း မရှိဘဲ ပို၍ပင် နက်ရှိုင်းစွာ ဖုံးကွယ်ထားလိုက်ခြင်းသာ ဖြစ်သည်။
ဤကိစ္စကို ယာယီ ရပ်နားလိုက်ပြီး နင်းဖုန်းကျီသည် ချန်ရှင်း နှင့်အတူ တူကူစံအိမ် မှ အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။
သူတို့သည် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ အဆိပ်သင့်နေသော ဂိုဏ်းသားများကို ကယ်တင်ရန် အဆိပ်ဖြေဆေးကို ပြန်ယူသွားရန် လိုအပ်သေးခေသည်။
ရွှယ်ချင်းဟယ်မှာမူ ချက်ချင်း ထွက်မသွားခဲ့ပေ။ သူမက လုချန်ကို အလွန် အပြစ်ရှိသလို ကြည့်ကာ ပြောလိုက်၏။
"သခင်လေး လန်ချန်... ဒီကိစ္စမှာ သခင်လေး မတရား ခံခဲ့ရပါတယ်။ တပည့် တစ်ယောက်အနေနဲ့ ကျွန်တော့် ဆရာ အကြောင်း မကောင်း မပြောနိုင်ပေမဲ့ ဒီကိစ္စမှာတော့ ကျွန်တော့် ဆရာ မှားခဲ့တာ အမှန်ပါပဲ... ပြီးတော့ အရမ်း ဆိုးရွားတဲ့ အမှားမျိုးပါ"
"ဆရာ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျွန်တော့် ဆရာ ကိုယ်စား သခင်လေးကို ရိုးသားစွာ တောင်းပန်ပါတယ်။ အခု ကျွန်တော် ပြောသမျှ စကားတွေက သခင်လေး ယုံကြည်ဖို့ မထိုက်တန်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
"ဒါပေမဲ့ စိတ်ချပါ... ကျွန်တော်က တရားမျှတမှုဘက်က အမြဲတမ်း ရပ်တည်သွားမှာပါ။ အနာဂတ်မှာလည်း ကျွန်တော့်ရဲ့ ရိုးသားမှုကို သခင်လေးကို ပြသသွားပါ့မယ်"
စကားပြောပြီးနောက် ရွှယ်ချင်းဟယ် သည် တူကူပိုကို ဦးညွှတ်ကာ တူကူရန်ကို နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ရွှယ်ချင်းဟယ်သည် အလွန် ယဉ်ကျေးပျူငှာပြီး လူများကို အလွန် သက်တောင့်သက်သာ ဖြစ်စေလေသည်။
အခန်း ၇၁ပြီး