အခန်း (၇) ရင်းနှီးနေသော မျက်နှာများ တစ်ခုပြီးတစ်ခု ပေါ်လာခြင်း
ရွာလူကြီးဂျက်ခ်ကို နှုတ်ဆက်ပြီးနောက် လုချန်သည် သူ၏ ခရီးဆောင်အိတ်ကို သယ်ကာ ကျောင်းရေးရာဌာနဆီသို့ ဦးတည်သွားလိုက်သည်။
ထိုအချိန်မှာပင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ ဆံပင်တိုတိုနှင့် မျက်နှာအမူရာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လုချန်ဆီသို့ လျှောက်လာခဲ့၏။
ဤသူမှာ အခြားသူမဟုတ်ဘဲ ယွီရှောင်ကန်းပင်။
သူ့ကို သခင်ကြီးဟု လူသိများပြီး တစ်ချိန်က ဝိညာဉ်သခင်လောက၏ အဓိက ယှဉ်ပြိုင်မှု သီအိုရီဆယ်ခုကို အဆိုပြုခဲ့ဖူးသူဖြစ်သည်။
သူတို့က စစ်မှန်သော သခင်ကြီးများ၏ လောကအကြောင်းကို ဘာမျှမသိကြသော်လည်း ဝါရင့်ကျွမ်းကျင်သူများ စုစည်းထားသော ဂန္ထဝင်စာသားအချို့ကို ဖတ်ရှုပြီးနောက် သူတို့ကိုယ်တိုင်၏ အကြံဉာဏ်များအဖြစ် အခိုင်အမာဆိုကာ စုစည်းအနှစ်ချုပ်ထားခြင်းဖြစ်သည်။
သူသည် နော့တင်းအကယ်ဒမီ အဝင်ဝတွင် ဖြစ်ပွားခဲ့သော ပြဿနာအားလုံးကို အနည်းငယ် လှမ်းသောနေရာမှ မြင်တွေ့ခဲ့ရပြီး အရပ်ရှည်ကာ သန်မာသော လုချန်အပေါ် ပြင်းထန်သည့် စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာကာ သူ့ကို ဆက်လက်လေ့လာချင်နေခဲ့သည်။
လုချန်အနီးသို့ လျှောက်လာပြီးနောက် ယွီရှောင်ကန်းက အတင်းပြုံးပြကာ သူ၏အကြောင်းကို မိတ်ဆက်ရန် ပြင်လိုက်၏။
“ကလေး...”
ထိုလူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိပြီး သူ ဘာပြောချင်သည်ကို သိနေသော လုချန်က ချက်ချင်းပင် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
“တစ်ဆိတ်လောက် ဖယ်ပေးလို့ရမလား ခင်ဗျာ။ ကျွန်တော် ကျောင်းရေးရာဌာနမှာ မှတ်ပုံတင်ဖို့ လိုသေးလို့ပါ”
ဤစကားကို ကြားသောအခါ ယွီရှောင်ကန်း၏ မျက်နှာအမူအရာက အေးခဲသွားရသည်။ သူ မပြောရသေးသော စကားများမှာ လည်ချောင်းထဲတွင် လုံးဝ တစ်ဆို့သွားပြီး သူ၏ တောင့်တင်းနေသော မျက်နှာမှာ ပို၍ပင် မှုန်ကုပ်သွားလေသည်။
ယွီရှောင်ကန်းသည် ဂုဏ်သိက္ခာကို အလွန်အလေးထားသူဖြစ်၏။ သို့မဟုတ်ပါက သူသည် အပြာရောင်လျှပ်စီး ရက်စက်နဂါးဂိုဏ်း၏ ဒုတိယသခင်လေးနေရာကို စွန့်လွှတ်ကာ တိုက်ကြီးတစ်ခွင် လှည့်လည်သွားလာရန် အတင်းအကျပ် လုပ်ဆောင်ခဲ့မည်မဟုတ်ပေ။
သူ၏ ပြင်းထန်သော်လည်း ကျိုးပဲ့လွယ်သော မာနက ငြင်းပယ်ခံရပြီးနောက် ဆက်လက်၍ နှိမ့်ချသောစကားများ ပြောဆိုရန် ခွင့်မပြုခဲ့ပေ။
ထို့နောက် မှုန်ကုပ်နေသော မျက်နှာနှင့် ယွီရှောင်ကန်းက လုချန်ကို ဖြတ်သွားရန် လမ်းဖယ်ပေးလိုက်၏။
ယွီရှောင်ကန်း လမ်းဖယ်ပေးပြီးနောက် လုချန်သည် ဘာမျှမဖြစ်ခဲ့သည့်အလား ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ခြေလှမ်း ဒါဇင်အနည်းငယ်ခန့် လျှောက်ပြီးနောက် သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ ယွီရှောင်ကန်းနှင့် ထန်စန်းတို့ အချင်းချင်း တီးတိုးစကားပြောနေကြသည်ကို တွေ့လိုက်ရခေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မူလဇာတ်လမ်းထဲမှ ဆရာနှင့် တပည့်တို့သည် နောက်တစ်ကြိမ် ထပ်မံ၍ ရောယှက်သွားကြပြန်ပြီဖြစ်သည်။
လုချန်က အကြည့်ကို အမြန်လွှဲလိုက်ပြီး လောကကြီးကို ဂရုမစိုက်သည့်အလား ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့သည်။
၎င်းက ထန်စန်းကို လက်စားချေမည့်အချိန်တွင် ယွီရှောင်ကန်းကိုပါ တစ်ပါတည်း သတ်ဖြတ်ရုံမျှသာ ဖြစ်သည်။
ယွီရှောင်ကန်း၏ မှားယွင်းသော အယူအဆများနှင့် အယူမှားမှုများက ထန်စန်းကို လုံးဝ လမ်းမှားသို့ ရောက်သွားစေနိုင်သည်။
အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် အပင်ဝိညာဉ်က တိရစ္ဆာန်ဝိညာဉ်ကွင်းများကို စုပ်ယူမည်ဆိုသည့် အချက်ကပင် လုံလောက်အောင် အဓိပ္ပာယ်မဲ့နေပြီဖြစ်သည်။
၎င်းက စုပ်ယူနိုင်ခြင်း ရှိ၊ မရှိ ပြဿနာမဟုတ်ပေ။
ဒါပေမယ့် ဒီအရာအားလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ။
အပင်ဝိညာဉ်များက အပင်ဝိညာဉ်ကွင်းများကို စုပ်ယူခြင်းဖြင့် ဝိညာဉ်သားရဲစွမ်းရည်ကို ရရှိနိုင်ပြီး ၎င်းတို့ကိုယ်ပိုင် ဝိညာဉ်ဇာစ်မြစ်ကိုပင် မြှင့်တင်နိုင်သည်။
အကယ်၍ ထန်စန်း၏ ငွေပြာမြက်ဝိညာဉ်က အပင်ဝိညာဉ်ကွင်းဆက်ကိုသာ စုပ်ယူခဲ့ပါက ၎င်းသည် ဒုတိယအကြိမ် နိုးထမှုဖြစ်စဉ်ကို ဖြတ်သန်းပြီး ငွေပြာဧကရာဇ်ဝိညာဉ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားလောက်ပြီဖြစ်သည်။
ကူးပြောင်းလာသူတစ်ဦးဖြစ်သော လုချန်အတွက် ဤသည်မှာ ရင်းနှီးနေသော မျက်နှာများ ဆက်တိုက် ပေါ်လာခြင်းဖြစ်သော်လည်း သူသည် ထန်စန်း၊ ယွီရှောင်ကန်းတို့နှင့် အဆက်အသွယ် အများကြီးမလုပ်ချင်ပေ။ ယဉ်ကျေးမှုနှင့် ဝိညာဉ်သားရဲတို့၏ ဗဟုသုတများကို ကြွယ်ဝစွာ ရရှိပြီးသည်နှင့် သူ အမြန်ဆုံး ထွက်ခွာသွားမည်ဖြစ်သည်။
ထိုအချိန်က ကောင်းကင်သည် ငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်လောက်အောင် မြင့်မားခဲ့ပြီး သမုဒ္ဒရာသည်လည်း ငါးများ လွတ်လပ်စွာ ခုန်ပေါက်နိုင်လောက်အောင် ကျယ်ပြောခဲ့သည်။
အချိန်အနည်းငယ် လျှောက်ပြီးနောက် လုချန်သည် ကျောင်းရေးရာဌာနသို့ ရောက်ရှိလာခဲ့သည်။
သူက ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို ထုတ်ယူကာ ကျောင်းသားလက်ခံရေး တာဝန်ခံဖြစ်သော ကျောင်းရေးရာဌာနမှူးထံ ကမ်းပေးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
“မင်္ဂလာပါ ဆရာ... ကျွန်တော်က ဒီနှစ်မှာ စာရင်းသွင်းထားတဲ့ ကျောင်းသားပါ။ ကျွန်တော့်နာမည် လုချန်လို့ ခေါ်ပါတယ်”
ကျောင်းရေးရာဌာနမှူးနှင့် အခြားဆရာများက အသက်ခြောက်နှစ်အရွယ်နှင့် ကြီးမားသော ခန္ဓာကိုယ်အရွယ်အစားရှိသည့် လုချန်ကို အတော်လေး အံ့အားသင့်သွားကြရသည်။
သူ၏ ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို သေချာစွာ စစ်ဆေးပြီးနောက် မည်သည့်ပြဿနာမျှ မတွေ့ရပေ။
သူ့အတွက် အံ့သြမိသော်လည်း တာဝန်ခံက မှန်ကန်စွာပင် မှတ်ပုံတင်ပေးလိုက်သည်။
ကျောင်းရေးရာဌာနမှူးက ပြောလိုက်၏။
“လုချန်... မင်းကို ငါ မှတ်ပုံတင်ပေးလိုက်ပြီ။ မင်းရဲ့ အိပ်ဆောင်က အခန်း ၇ ပဲ။ အခု အဲ့ဒီကိုသွားပြီး နေရာချလို့ရပြီ။ မနက်ဖြန်မနက်က ဖွင့်ပွဲအခမ်းအနားနဲ့ ပထမဆုံး အတန်းရှိတယ်။ နောက်မကျစေနဲ့နော်”
လုချန်က ပြုံးကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် လုချန်က လှည့်ထွက်သွားလိုက်သည်။ တံခါးဝသို့ ရောက်သောအခါ ကျောင်းရေးရာဌာနမှူးနှင့် အခြားဆရာများ စကားပြောနေသည်ကို ကြားလိုက်ရ၏။
“ဘယ်လောက်တောင် သန်မာတဲ့ ကလေးလဲ။ သူက သားရဲဝိညာဉ် မဟုတ်ဘဲနဲ့ ဘာလို့ အသုံးမကျတဲ့ ဝိညာဉ် ဖြစ်နေရတာလဲ။ ငွေပြာမြက်တဲ့လေ”
“နှမြောစရာပဲ... တကယ်ကို နှမြောစရာပဲ”
ဤစကားများကို ကြားသောအခါ လုချန်က ပြုံးရုံသာ ပြုံးလိုက်ပြီး လွှတ်ထားလိုက်သည်။ သူ၏ ဝိညာဉ်နှစ်ခုမှာ အမှန်တကယ်ပင် အသာမန်ဆုံး ဝိညာဉ်များ ဖြစ်သော်လည်း တစ်နေ့တွင် ၎င်းတို့သည် နတ်ဘုရားအဆင့် ဝိညာဉ်များအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားမည်ဟု သူ ယုံကြည်ထားခဲ့သည်။
ထို့နောက် လုချန်သည် သူ၏ အိပ်ဆောင်ဖြစ်သော အခန်း ၇ ကို ရှာဖွေရန် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
နော့တင်း အကယ်ဒမီသည် အလွန်ကြီးမားသော ဧရိယာကို ယူထားပြီး နော့တင်း အကယ်ဒမီ၏ ထောင့်တစ်နေရာရှိ ရိုးရှင်းစွာ ပြင်ဆင်ထားသော အခန်း ၇ ကို ရှာတွေ့ရန် လုချန်မှာ အချိန်အတော်ကြာ ယူလိုက်ရသည်။
အခန်း ၇ သို့ ဝင်လိုက်သည်နှင့် လုချန်သည် အိပ်ဆောင်၏ အခြေအနေမှာ သူ စိတ်ကူးထားသည်ထက်ပင် ပို၍ ဆိုးရွားနေကြောင်း တွေ့လိုက်ရ၏။ အိပ်ဆောင်တစ်ခုလုံးတွင် သီးခြားအခန်းငယ်များ မရှိဘဲ ရိုးရှင်းသော သစ်သားကုတင်များကို ဖြစ်သလို ချထားခဲ့သည်။
လုချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အလုပ်သင်ကျောင်းသားများ၏ ခက်ခဲကြမ်းတမ်းသော နေထိုင်မှုအခြေအနေကို နက်ရှိုင်းစွာ နားလည်သွားခဲ့သည်။ သူက ‘သည်းခံလိုက်ပါ၊ ပြီးသွားမှာပါ’ ဟု သူ့ကိုယ်သူ ပြောလိုက်ရသည်။
ထိုအချိန်တွင် အိပ်ဆောင်ထဲ၌ ရန်ဖြစ်နေကြသော ကောင်လေးများက လူသစ်ကို မြင်သည်နှင့် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။
သူတို့အားလုံးက တန်းစီရပ်လိုက်ကြပြီး ဝဝကစ်ကစ် ကောင်လေးတစ်ယောက်က ဦးဆောင်ကာ သူ့ကို ဝိုင်းထားလိုက်ကြသည်။
ဝဝကစ်ကစ် ကောင်လေးက အရပ်ရှည်ပြီး သန်မာသော လုချန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူ၏ တစ်ဖက်တစ်ချက်ရှိ နောက်လိုက်အုပ်စုကို တစ်ချက်ကြည့်ပြီးနောက် အံကြိတ်ကာ ရှေ့သို့ တိုးလာခဲ့သည်။
“မင်းကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီနှစ်မှ အသစ်ရောက်လာတာလား”
လုချန်က ဤအနာဂတ် အခန်းဖော်များနှင့် တွေ့ဆုံသောအခါ အခြေအနေ၏ အသေးစိတ်ကို သိထားသော်လည်း မသိဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်နာမည် လုချန်လို့ ခေါ်ပါတယ်... အသစ်ရောက်လာတာပါ။ ကျွန်တော့်ဆီက တစ်ခုခု လိုချင်လို့လား”
ဤစကားကို ကြားသောအခါ ဝဝကစ်ကစ် ကောင်လေးက သတ္တိမွေးကာ ပြောလိုက်၏။
“ငါ့နာမည်က ဝမ်ရှန်း... ဝိညာဉ်က ကျား... ငါက အခန်း ၇ ရဲ့ ခေါင်းဆောင်ပဲ”
“ငါတို့ အခန်း ၇ မှာ စည်းမျဉ်းတစ်ခုရှိတယ်။ လူသစ်တွေက ခေါင်းဆောင်ကို တိုက်ခိုက်ရမယ်... နိုင်တဲ့သူက ခေါင်းဆောင်အသစ် ဖြစ်လာမယ်”
“အထင်မလွဲနဲ့နော်... ဒါက လူတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ငါတို့ကို ကာကွယ်ပေးနိုင်လောက်အောင် သန်မာတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့ပဲ”
“ငါတို့ အလုပ်သင်ကျောင်းသားတွေက အဆင့်အတန်း အရမ်းနိမ့်ကျပြီး အကယ်ဒမီမှာ မကြာခဏ အနိုင်ကျင့်ခံရလေ့ရှိတယ်။ တကယ်လို့ ငါတို့တွေ အနိုင်ကျင့်မခံချင်ဘူးဆိုရင် အတူတကွ ပေါင်းစည်းနေမှရမယ်။ ခေါင်းဆောင်ဆိုတာ လူတိုင်းရဲ့ လေးစားမှုကို ခံရပေမယ့် လူတိုင်းအတွက် ရှေ့တန်းကနေ ရပ်တည်ပေးရမယ့်သူလည်း ဖြစ်တယ်”
လုချန်က ပြုံးလိုက်၏။ အလွန်ပျော်ရွှင်သော အပြုံးတစ်ခုပင်။
၎င်းက ထန်စန်းကို ရင်ဆိုင်ရန် ပြီးပြည့်စုံပြီး တရားဝင်သော ဆင်ခြေတစ်ခုဖြစ်ရာ သူ လက်လွတ်ခံ၍ မဖြစ်ပေ။
ထို့ကြောင့် လုချန်က သဘောတူလိုက်လေသည်။
“ကျွန်တော် နားလည်ပါပြီ။ လာပြီး တိုက်ခိုက်လှည့်ပါ။ ခင်ဗျားကို ကျွန်တော် သက်ညှာပေးပါ့မယ်”
ဝမ်ရှန်းက သူ့ကိုယ်သူ ကြည့်လိုက်ပြီး လုချန်ကို ပြန်ကြည့်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ် အရွယ်အစား ကြီးမားသော ကွာဟချက်က သူ့ကို အနိုင်ရရန် ယုံကြည်မှု လုံးဝကင်းမဲ့သွားစေခဲ့သည်။
လုချန်က သက်ညှာပေးမည်ဟု ကြားသောအခါ ဝမ်ရှန်းမှာ ပို၍ပင် စိတ်လျော့သွားခဲ့ရသည်။
သူက သတ္တိရှိစေရန် အော်ဟစ်လိုက်ပြီးနောက် လက်သီးကိုဆုပ်ကာ လုချန်ဆီသို့ ပြေးဝင်လိုက်လေသည်။
လုချန်သည် မယုံနိုင်လောက်အောင် ခွန်အားကြီးမားသူဖြစ်သည်။ သူက ဝမ်ရှန်း၏ တိုက်ခိုက်မှုကို ရယ်မောကာ ကြည့်နေပြီး သူ၏ သံညှပ်ကဲ့သို့သော လက်များက အလျင်အမြန် ဆန့်ထွက်သွားခဲ့သည်။
သူက ဝမ်ရှန်း၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အခြားလက်တစ်ဖက်ဖြင့် အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည်။
အားအနည်းငယ် စိုက်ထုတ်ရုံဖြင့် လုချန်က ဝမ်ရှန်းကို လေထဲသို့ မြှောက်တင်လိုက်ပြီး ခင်မင်ရင်းနှီးသော ရာထူးတိုးခြင်း အစီအစဉ်ကို လုပ်ဆောင်ပေးလိုက်သည်။
ခြေနှစ်ဖက် မြေပြင်မှ လွတ်သွားသည်နှင့် ဝမ်ရှန်းမှာ ချက်ချင်း ပြာယာခတ်သွားပြီး အော်ဟစ်လိုက်ရသည်။
“ငါ အရှုံးပေးပါတယ်။ အခုကစပြီး မင်းက ခေါင်းဆောင်အသစ်ပဲ”
ဝမ်ရှန်း အရှုံးပေးသည်ကို ကြားသောအခါ လုချန်က သူ့ကို ညင်သာစွာ ပြန်ချပေးလိုက်သည်။
ခြေထောက်နှစ်ဖက် မြေပြင်နှင့် ပြန်ထိသွားသောအခါ ဝမ်ရှန်းမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားပြီး ဖားယားသော မျက်နှာဖြင့် လုချန်အနီးသို့ ချဉ်းကပ်လာခဲ့သည်။
“ခေါင်းဆောင် လုချန်.. မင်းမှာ မယုံနိုင်လောက်အောင် ခွန်အားတွေ ရှိတာပဲ။ မင်းမှာ အစွမ်းထက်တဲ့ သားရဲဝိညာဉ် ရှိရမယ်”
လုချန်က ပြုံးပြီး ပြောလိုက်သည်။
“မရှိပါဘူး.. ငါက ငွေပြာမြက်ဝိညာဉ်ပါ။ မွေးရာပါ သဘာဝလွန် ခွန်အား ပါလာလို့သာ ခွန်အားကြီးနေတာပါ”
အသစ်ရလိုက်သော နောက်လိုက်များနှင့် စကားပြောနေစဉ် လုချန်သည် သူ၏ ခရီးဆောင်အိတ်ကို ကုတင်ပေါ်သို့ တင်လိုက်ပြီး ထန်စန်းကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလိုက်လေသည်။
အခန်း ၇ပြီး