အခန်း (၆၇) နင်းဖုန်းကျီ ပြိုလဲခြင်း
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း။
တူကူပို၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ချန်ရှင်းသည် အရိုးတိုလော ဖွင့်ပေးခဲ့သော ဟင်းလင်းပြင်တံခါးမှတစ်ဆင့် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည်။
“အဟွတ်... အဟွတ် အဟွတ်...”
ချန်ရှင်း၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူရော်နေပြီး သူ၏ အသက်ရှူသံမှာ တိုးလျနေကာ သွေးများကို အဆက်မပြတ် အန်ထုတ်နေခဲ့ရသည်။ သူ့ကို ခုတင်ပေါ်တွင် ပက်လက်ချထားလိုက်ရာ သူ၏ ရင်အုပ်ရိုးများမှာ လုံးဝ ချိုင့်ဝင်နေခဲ့ခေသည်။
ချန်ရှင်းသည် တူကူပို၏ အမြီးရိုက်ချက်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် အဆင့် ၉၆ ဝိညာဉ်စွမ်းအား ရှိသော ဘွဲ့ခံတိုလောတစ်ဦး ဖြစ်နေခဲ့သည်။
သူ၏ လက်ရှိ ပျက်စီးနေသော ခန္ဓာကိုယ်ကို သူ၏ ဝိညာဉ်စွမ်းအားများဖြင့်သာ ထိန်းထားနိုင်ခြင်း ဖြစ်ပြီး မဟုတ်ပါက သေချာပေါက် သေဆုံးနေေ၆ပြီ။
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသို့ ပြန်ရောက်လာခြင်းက အစသာ ရှိသေးသည်။ အကယ်၍ ချန်ရှင်းသာ သင့်လျော်သော ကုသမှုကို မခံယူရပါက အသက်ရှင်ခဲ့လျှင်တောင် သူ၏ ခွန်အားများ ကြီးမားစွာ လျော့ကျသွားမည်ဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရပေမည်။
တိုက်ကြီးပေါ်တွင် နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင် ဖြစ်သော နင်းဖုန်းကျီတွင် ကုသရေး စွမ်းရည်များ မရှိသော်လည်း ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းတွင် ကုသရေး စွမ်းရည်များ ပိုင်ဆိုင်သော ဝိညာဉ်သခင် များစွာ ရှိလေသည်။
နင်းဖုန်းကျီသည် ယခင်ကကဲ့သို့ ယဉ်ကျေးသိမ်မွေ့ပြီး အေးအေးဆေးဆေး နေတတ်သူ မဟုတ်တော့ပေ။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် ဒေါသထွက်လွယ်လာပြီး ကုသရေး စွမ်းရည်များ ပိုင်ဆိုင်သော အထောက်အကူပြု ဝိညာဉ်သခင်များကို လာရောက်၍ ချန်ရှင်းအား ကုသပေးရန် အော်ဟစ် ခေါ်ယူလေတော့သည်။
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသည် တကယ်ကို နက်ရှိုင်းသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားပေသည်။ ကုသရေး စွမ်းရည်များ ပိုင်ဆိုင်သော အထောက်အကူပြု ဝိညာဉ်သခင်များစွာ၏ အကူအညီဖြင့် ချန်ရှင်းသည် တစ်နေကုန်နီးပါး ကုသမှု ခံယူပြီးနောက် နောက်ဆုံးတွင် အသက်ဘေးမှ လွတ်မြောက်သွား၏။
သူ၏ ကျိုးနေသော အရိုးများ အားလုံးကို ပြန်ဆက်ပေးခဲ့ပြီး ပျက်စီးလုနီးပါး ဖြစ်နေသော အတွင်းကလီစာများကိုလည်း ပြုပြင်ကာ အနိုင်နိုင် ပြန်လည် ကောင်းမွန်အောင် လုပ်ပေးနိုင်ခဲ့ကြသည်။
ချန်ရှင်း၏ အသက်ရှူသံမှာ တည်ငြိမ်သွားပြီဖြစ်ရာ သူသည် အန္တရာယ်အများဆုံးအချိန်ကို ကျော်ဖြတ်သွားပြီဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။ သို့သော် ပြန်လည် နာလန်ထူပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိရန် အချိန်အကြာကြီး ယူရဦးမည်ဖြစ်သည်။
ချန်ရှင်းသည် ကာလတိုအတွင်း တိုက်ပွဲဝင်နိုင်မည် မဟုတ်တောပပေ။ အကယ်၍ သူ တိုက်ပွဲဝင်ရလျှင်တောင် သူ၏ တိုက်ခိုက်ရေး စွမ်းအား ၅၀ ရာခိုင်နှုန်းကိုသာ အများဆုံး ထုတ်သုံးနိုင်ပေမည်။
ကုသမှု ပြီးဆုံးပြီးနောက် ကုသရေး စွမ်းရည်များ ပိုင်ဆိုင်သော အထောက်အကူပြု ဝိညာဉ်သခင်များ အားလုံး အခန်းထဲမှ လိမ္မာပါးနပ်စွာ ထွက်သွားကြလေသည်။
မကြာမီ အခန်းထဲတွင် နင်းဖုန်းကျီ၊ ကုရုံ နှင့် ခုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ရှင်းတို့သာ ကျန်ရစ်ခဲ့ကြသည်။
ချန်ရှင်း၏ အမူအရာမှာ ရှုံးနိမ့်နေပုံရပြီး တစ်ချိန်က စူးရှခဲ့သော သူ၏ မျက်လုံးများမှာ ယခုအခါ ဖော်ပြ၍မရသော ညှိုးနွမ်းမှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
နှလုံးသား ကျိုးပဲ့သွားခြင်းထက် ပိုမို ကြီးမားသော ဝမ်းနည်းမှု မရှိပေ။
ယင်းမှာ ချန်ရှင်း ယခုအချိန်တွင် ခံစားနေရသော အရာပင်။
တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး ဘွဲ့ခံတိုလော ဟု လူသိများသော သူ၊ ကြီးမြတ်လှသော ဓားတိုလောသည် အားအနည်းဆုံး ဘွဲ့ခံတိုလောဖြစ်သော တူကူပိုကို ရှုံးနိမ့်သွားခဲ့ရသည်။
ချန်ရှင်းကဲ့သို့ မာနကြီးသူတစ်ယောက်သည် သူ ကျရှုံးသောအခါ ရှုံးနိမ့်မှုကို မငြင်းပယ်ချေ။ သူသည် မိမိကိုယ်ကို မည်သည့် ဆင်ခြေမျှ ပေးမည်မဟုတ်ဘဲ တူကူပိုကဲ့သို့ လူမျိုးကို ဘာကြောင့် ရှုံးနိမ့်ခဲ့ရသနည်းဟုသာ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် တွေးနေမိခဲ့သည်။
အလွန်အမင်း တောင့်တင်းလွန်းပါက ကျိုးပဲ့လွယ်ပေသည်။
ဤသည်မှာ နိယာမပင်။ လူတစ်ယောက်သည် ပို၍ ခေါင်းမာလေ အတွင်းစိတ် ပဋိပက္ခများ ပိုမို ဖြစ်ပေါ်လွယ်လေဖြစ်ပြီး အခက်အခဲများနှင့် ကြုံတွေ့ရပြီးနောက် ပြန်လည် နာလန်ထူရန် ပိုမို ခက်ခဲလေဖြစ်သည်။
အကယ်၍ ချန်ရှင်းသာ သူ၏ လက်ရှိ စိတ်အခြေအနေမှ ရုန်းမထွက်နိုင်ပါက သူသည် အဆင့် ၉၆ ဝိညာဉ်စွမ်းအားတွင်သာ ရပ်တန့်နေမည်ဖြစ်ပြီး အနည်းငယ်မျှပင် တိုးတက်နိုင်တော့မည် မဟုတ်ပေ။
ရုတ်တရက် ချန်ရှင်း က ခေါင်းလှည့်လာပြီး သူ၏ ညှိုးနွမ်းနေသော မျက်လုံးများက နင်းဖုန်းကျီ နှင့် ကုရုံ တို့ကို ကြည့်လိုက်၏။ သူက အတင်းအကျပ် ပြုံးကာ ခက်ခဲစွာဖြင့် ပြောလိုက်သည်။
“ဖုန်းကျီ... တောင်းပန်ပါတယ်။ ဒီတစ်ခါတော့ ငါ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါ တူကူပိုကိုတောင် မနိုင်တော့ဘူး...”
“အခုကစပြီး ငါ မလိုလားပေမဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ကာကွယ်ဖို့ တာဝန်ကို အဘိုးကြီးဆီကိုပဲ လွှဲပြောင်းပေးရတော့မယ်”
ယင်းကို ကြားသောအခါ နင်းဖုန်းကျီ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ချန်ရှင်းသည် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ကာကွယ်ရန် တာဝန်ကို အမြဲတမ်း ယူထားခဲ့သော်လည်း ယခု သူသည် ဤတာဝန်ကို ကုရုံထံသို့ သူ၏ မိဘမဲ့ကလေးကို ပြုစုစောင့်ရှောက်သူထံ အပ်နှံသည့်အလား လွှဲပြောင်းပေးနေခဲ့သည်။
ချန်ရှင်း၏ နှလုံးသား ကျိုးပဲ့သွားပြီဖြစ်သည်။
နှလုံးသားမရှိသော ချန်ရှင်း၊ သတ်ဖြတ်ခြင်း ခုနစ်ပါး ဓားကို ပိုင်ဆိုင်ထားပြီး အဆင့် ၉၆ ဝိညာဉ်စွမ်းအား ရှိလျှင်ပင် သူ၏ ဝိညာဉ်သည် တစ်ချိန်ကကဲ့သို့ ထက်မြက်ပြီး ရဲရင့်သော ဓားတိုလော ဖြစ်လာတော့မည် မဟုတ်ပေ။
နင်းဖုန်းကျီက အလျင်အမြန် ရှေ့သို့ တိုးလာပြီး ချန်ရှင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေးနက်စွာ နှစ်သိမ့်လိုက်လေသည်။
“ဦးလေးဓား... အဲဒီလို မပြောပါနဲ့။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ဦးလေး မပါဘဲ မဖြစ်ဘူး”
“ဒီနေ့ ကျရှုံးမှုက ကျွန်တော့် တာဝန် အားလုံးပါပဲ။ အခြားသူတွေကို အထောက်အကူ ပေးနိုင်တဲ့ ကျွန်တော့်ရဲ့ စွမ်းရည်က လန်ချန်လောက် မကောင်းလို့ပါ”
“ဦးလေးက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ ကျောထောက်နောက်ခံ တိုင်လုံးကြီး၊ ပင်လယ်ကို ထိန်းထားတဲ့ တံတားကြီးပဲလေ.. ဒါကြောင့် စောစောက ပြောခဲ့သလို စိတ်ပျက်စရာ စကားမျိုး မပြောပါနဲ့”
“စဉ်းစားကြည့်.... ကျွန်တော် ရာထူးကနေ ဆင်းသွားရင် ရုံရုံက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာမှာလေ... အဲဒီအခါ ဦးလေးရဲ့ အကာအကွယ်ကို လိုအပ်နေတုန်းပဲ။ ကျွန်တော့်ကို မထောက်ထားရင်တောင် ရုံရုံရဲ့ အကျိုးကိုတော့ ထောက်ထားသင့်တယ်”
“အခု ဦးလေး အနားယူပြီး ပြန်ကောင်းအောင် လုပ်သင့်တယ်။ ကျွန်တော် ရုံရုံကို လွှတ်ပြီး ဦးလေး ဓား ကို အဖော်လာလုပ်ခိုင်းလိုက်မယ်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း နဲ့ ကျွန်တော်ရော... ရုံရုံရော ဦးလေးကို လိုအပ်နေတုန်းပဲ”
နင်းဖုန်းကျီက စကားတွေ အများကြီး ပြောခဲ့သော်လည်း နင်းရုံရုံကို ဖော်ပြလိုက်သောအခါမှသာ ချန်ရှင်း၏ မှိုင်းရီနေသော မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားခဲ့သည်။
နင်းရုံရုံကို ချန်ရှင်း နှင့် ကုရုံတို့ နှစ်ဦးစလုံးက ပြုစုပျိုးထောင်ခဲ့ကြပြီး သူမကို သူတို့၏ ကိုယ်ပိုင် မြေးမလေးကဲ့သို့ သဘောထားကြလေသည်။
ချန်ရှင်းသည် ဘဝ၏ အဓိပ္ပာယ်ကို ပြန်လည် ရှာတွေ့သွားခဲ့သည်။ သူက ခေါင်းညိတ်လိုက်ပြီး သူ၏ အသံမှာ တိုးလျနေသည်။
“ငါ နားလည်ပြီ။ ငါ လုပ်စရာ အရေးကြီးတဲ့ အလုပ်တွေ ရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
ချန်ရှင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်ကို မြင်သောအခါ နင်းဖုန်းကျီလည်း သက်ပြင်းတစ်ချက် ချလိုက်၏။ သူက ကုရုံကို မျက်စိမှိတ်ပြလိုက်ပြီးနောက် သူတို့ နှစ်ဦး အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြကာ ချန်ရှင်းကို အခန်းထဲတွင် တစ်ယောက်တည်း အနားယူရန် ထားခဲ့လိုက်ကြသည်။
အခန်းထဲမှ ထွက်လာပြီးနောက် နင်းဖုန်းကျီသည် ခြေလှမ်း ရာပေါင်းများစွာ လျှောက်သွားခဲ့သည်။ လက်စွပ်များအောက်တွင် ဖုံးကွယ်ထားသော သူ၏ လက်များမှာ လက်သီးဆုပ်ထားကြသည်။ သူ ပိုတွေးလေလေ ပို၍ စိတ်ပျက်ပြီး နောင်တရလေလေပင်။ သူ၏ မျက်နှာမှာ ဒယ်အိုးမည်းကဲ့သို့ မည်းမှောင်နေခဲ့သည်။
ရုတ်တရက် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး နင်းဖုန်းကျီ က လေးလံသော သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်၏။
“ဦးလေးအရိုး... ကျွန်တော် နောင်တရတယ်”
“ကောင်းကင်အင်ပါယာ မြို့တော်မှာတုန်းက ဦးလေးကို ကျွန်တော် မတားခဲ့သင့်ဘူး။ အဲဒီတုန်းကသာ လန်ချန်ကို သတ်လိုက်ရင် တူကူပို၊ ချင်းဟယ် နဲ့ ကောင်းကင်အင်ပါယာ တော်ဝင်မိသားစုကို စော်ကားမိသွားရင်တောင် အနည်းဆုံးတော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားနိုင်ခဲ့မှာပဲ”
“အခု အခြေအနေတွေ ဒီလိုဖြစ်လာတော့ လန်ချန်ကို မသတ်နိုင်ခဲ့ရုံသာမက ဦးလေးဓားကို တူကူပိုဆီမှာ ရှုံးနိမ့်သွားစေပြီး လုံးဝ စိတ်ဓာတ်ကျသွားအောင် လုပ်လိုက်သလို ဖြစ်သွားပြီ။ ကျွန်တော်တို့ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရတယ်... တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”
“အဲဒီ လန်ချန်ရဲ့ ဝိညာဉ် အထောက်အကူပြု စွမ်းရည်က ဘုံခုနစ်ဆင့် ပြဿာဒ်စေတီထက် အများကြီး သာလွန်တယ်။ သူ့ကို ဖယ်ရှားဖို့ အခွင့်အရေး မရှိတော့ဘူး။ လန်ချန် အသက်ရှင်နေသရွေ့ ကျွန်တော်တို့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ ဘုံခုနစ်ဆင့် ပြဿာဒ် စေတီက ထာဝရ ဇာတ်ပို့နေရာမှာပဲ နေရတော့မယ်”
နင်းဖုန်းကျီက အားကုန်ထုတ်ကာ ပြောလိုက်စဉ် ရုတ်တရက် သတ္တုအရသာတစ်ခုက သူ၏ လည်ချောင်းထဲသို့ ဆန်တက်လာသော်လည်း သူက သွားကိုကျိတ်ကာ မျိုချလိုက်၏။
လူ့ဘဝတွင် လိုအင်ဆန္ဒများမှာ အဆုံးမရှိပေ။
လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ လူများသည် ဗိုက်ဝရုံ စားနိုင်ရန် နေ့စဉ် မိုးလင်းမှ မိုးချုပ်အထိ ကြိုးစားရုန်းကန်ကြရသည်။
အလယ်အလတ်တန်းစား လူများက စားဝတ်နေရေး ပြည့်စုံသွားသည်နှင့် သူတို့၏ အဆင့်အတန်းကို တိုးတက်ချင်လာကြခေသည်။
ရာထူးကြီးသူများကလည်း အဆင့်အတန်း ရရှိသွားသည်နှင့် မျိုးစုံသော လိုအင်ဆန္ဒများ ရှိလာကြသည်။
အဆုံးမရှိသော ဓနဥစ္စာ၊ လေးစားခံရသော ဂုဏ်သတင်း၊ သာလွန်သော အခွင့်အရေးများနှင့် ထာဝရ တည်တံ့မည့် အမွေအနှစ်များကို လိုချင်ကြပေသည်။
နင်းဖုန်းကျီသည် နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင်ဖြစ်ပြီး ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း သည်လည်း နံပါတ်တစ် အထောက်အကူပြု ဂိုဏ်း ဖြစ်ခေသည်။
ဤမျှနှင့် နင်းဖုန်းကျီ ကျေနပ်နေပြီလား။
မကျေနပ်သေးချေ။
နင်းဖုန်းကျီသည် ကောင်းကင်အင်ပါယာ တော်ဝင်မိသားစုနှင့် အဆင်ပြေအောင် နေပြီး ကောင်းကင်အင်ပါယာ၏ အိမ်ရှေ့မင်းသား ရွှယ်ချင်းဟယ်၏ ဆရာ ဖြစ်လာခဲ့သည်။ ဤအရာများ အားလုံးမှာ ပိုမို မြင့်မားသော နေရာသို့ တက်လှမ်းနိုင်ရန်အတွက်ပင်။
မိမိကိုယ်ကို ကောင်းကင်အင်ပါယာ၏ နိုင်ငံတော် ဆရာကြီး ဖြစ်လာစေပြီး မိမိဂိုဏ်းကို ကောင်းကင်အင်ပါယာ ၏ နိုင်ငံတော် ဘာသာတရားအဖြစ် ဖန်တီးလိုခဲ့သည်။
ဤသည်က နင်းဖုန်းကျီ၏ လိုအင်ဆန္ဒများ မည်မျှအထိ ကြီးမားကြောင်း ပြသနေလေသည်။
နင်းဖုန်းကျီသည် ဘုံခုနစ်ဆင့် ပြဿာဒ် စေတီကို တရုတ်ပြည်မကြီးတွင် နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်အဖြစ်၊ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို တရုတ်ပြည်မကြီးတွင် နံပါတ်တစ် အထောက်အကူပြုဂိုဏ်းအဖြစ် ဖန်တီးရန် မရေတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့သည်။
ယခုအခါ သူသည် လန်ချန် ထင်ပေါ်ကျော်ကြားလာသည်ကိုသာ ကြည့်နေရမည်ဖြစ်ရာ ၎င်းမှာ သူ့အတွက် သေရသည်ထက်ပင် ပိုမို နာကျင်စေလေသည်။
နင်းဖုန်းကျီ ပြောသည်ကို ကြားပြီးနောက် ကုရုံ၏ မျက်လုံးများထဲတွင် မကောင်းသော ရည်ရွယ်ချက်များ ပြည့်နှက်သွားပြီး သူ၏ လည်ပင်းကို ဖြတ်ဟန်ပြုကာ ပြောလိုက်၏။
“ဖုန်းကျီ... နောက်တစ်ကြိမ် လှုပ်ရှားကြည့်ရအောင်... ချုံခိုတိုက်ခိုက်တာပဲဖြစ်ဖြစ်၊ လုပ်ကြံတာပဲဖြစ်ဖြစ် ဒီ လန်ချန်ဆိုတဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားပစ်ရမယ်”
ယင်းကို ကြားသောအခါ နင်းဖုန်းကျီက ခါးသက်သက် အပြုံးဖြင့် ခေါင်းခါလိုက်၏။
“အခု ကျွန်တော်တို့မှာ အခွင့်အရေး မရှိတော့ဘူး။ ဦးလေးဓားက ပြင်းထန်စွာ ဒဏ်ရာရနေတယ်။ ကျွန်တော်တို့ နှစ်ယောက်တည်းဆိုရင် တူကူပိုရဲ့ အကာအကွယ်အောက်ကနေ လန်ချန်ကို သတ်ဖို့ အခွင့်အရေး ရှာဖို့ မဖြစ်နိုင်ဘူး”
“ဒါ့အပြင် တူကူပိုက ဒီကိစ္စကို အလွယ်တကူ ကျော်သွားခွင့်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော် ခံစားရတယ်။ အဆိပ်တွေနဲ့ ပြည့်နေတဲ့ အဲဒီ အဆိပ်အိုကြီးက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှာ သောင်းကျန်းလာရင် သူ့ကို တားနိုင်မှာ ဦးလေးအရိုး တစ်ယောက်ပဲ ရှိတယ်”
“ဦးလေးအရိုး... လျှို့ဝှက် ဂိုဏ်းသားတွေကို လောလောဆယ် အပြင်မထွက်ဖို့ အမိန့်ပေးလိုက်မယ်။ ပြီးတော့ ဂိုဏ်းရဲ့ ကာကွယ်ရေးတွေကို သတိထားပေးပါ.. အခုကစပြီး သတိထားမှုကို မြှင့်တင်ပြီး တူကူပိုကို အခြေအနေကို အမြတ်ထုတ်ဖို့ အခွင့်အရေး လုံးဝ မပေးပါနဲ့”
ဤသို့ပြောပြီးနောက် နင်းဖုန်းကျီသည် လုံးဝ စိတ်ပျက်နေပုံဖြင့် ရှေ့သို့ ဆက်လက် လျှောက်သွားလေသည်။
ယခုအခါ လန်ချန်အပေါ် သူ၏ အလေးထားမှုမှာ လုံးဝ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီဖြစ်သော်လည်း ကံမကောင်းစွာဖြင့် လန်ချန်၏ ထင်ပေါ်ကျော်ကြားလာမှုကို တားဆီးရန် အခွင့်အရေး မရှိတော့ပေ။
အခန်း ၆၇ပြီး