အခန်း (၆၆) တိုက်ပွဲအပြီး
အရိုးတိုလော၏ လှုပ်ရှားမှုကို ကာကွယ်ရန် တကယ်ကို ခက်ခဲလှသည်။
အဋ္ဌမ ဝိညာဉ်စွမ်းရည် ဟင်းလင်းပြင်တံခါးကို တိုက်ရိုက် ဖွင့်လိုက်ခြင်းဖြင့် သူက လိုသလို လာနိုင်၊ သွားနိုင်လေသည်။
အထူးနည်းလမ်း တစ်ခုခု မရှိပါက အရိုးတိုလော လိုသလို ဝင်ထွက်သွားလာနေသည်ကို ကြည့်နေရုံသာ တတ်နိုင်ပေသည်။
တူကူပို၏ အဋ္ဌမ ဝိညာဉ်စွမ်းရည် အချိန်ရပ်တန့်ခြင်း ကို မမျှော်လင့်ဘဲ အသုံးပြုလိုက်ပါက အရိုးတိုလော ကို ဖမ်းဆီးနိုင်ကောင်း ဖမ်းဆီးနိုင်ပေမည်။
သို့သော် တူကူပိုသည် အဋ္ဌမဝိညာဉ်စွမ်းရည် အချိန် ရပ်တန့်ခြင်းကို ယခုလေးတင် အသုံးပြုထားခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအား များမှာ ယခုအခါ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူသည် အရိုးတိုလောက နင်းဖုန်းကျီ နှင့် ချန်ရှင်းတို့ကို ခေါ်ဆောင်ကာ ထွက်ပြေးသွားသည်ကိုသာ ကြည့်နေနိုင်တော့၏။
ကောင်းကင်ယံတွင် တူကူပိုသည် လူသားပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ၏ မျက်နှာမှာ ဖြူရော်နေသော်လည်း သူ၏ အမူအရာတွင်မူ ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေခဲ့သည်။
သူ... တူကူပို။
တစ်ယောက်ချင်း တိုက်ပွဲတွင် ဓားတိုလောကို အနိုင်ယူနိုင်ခဲ့သည်။ ချန်ရှင်းကိုလေ။
လုချန်၏ အစွမ်းကုန် မြှင့်တင်ပေးမှုကြောင့် သူ အနိုင်ရခဲ့ခြင်း ဖြစ်သော်လည်းပေါ့။
သို့သော် ချန်ရှင်း၏ အနောက်တွင်လည်း သူ၏ စွမ်းအားကို မြှင့်တင်ပေးသူ တစ်ယောက် ရှိနေပြီး ထိုသူမှာ နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင် ဟု ကြွေးကြော်ထားသော နင်းဖုန်းကျီပင်။
ထိုသို့ တွက်ကြည့်လျှင် တူကူပိုသည် ချန်ရှင်းထက် မနိမ့်ကျပေ။
၎င်းကို တွေးမိသောအခါ တူကူပိုသည် မပြုံးဘဲ မနေနိုင်တော့ချေ။
ဘွဲ့ခံတိုလောများထဲတွင် အားအနည်းဆုံး ဖြစ်သော သူသည် ယနေ့တွင် နောက်ဆုံးတော့ ထွန်းတောက်ခွင့် ရခဲ့ပြီဖြစ်သည်။
တူကူပိုသည် ချက်ချင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ယခုအခါ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး ဝိညာဉ်စွမ်းအား များ လုံးဝ ကုန်ခမ်းနေခဲ့ပြီဖြစ်သည်။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူက ခြေဖဝါးများကို မြေကြီးပေါ်တွင် ချကာ မြေကြီးထဲမှ စွမ်းအင်များကို စတင် ဆွဲယူလိုက်ပြီး သူ၏ ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအားများကို အလျင်အမြန် ပြန်လည် ဖြည့်တင်းလိုက်သည်။
ကမ္ဘာမြေ၏ စွမ်းအင်များမှာ ကျယ်ပြောပြီး အဆုံးအစမရှိလှရာ တူကူပိုသည် အလျင်အမြန် ပြန်လည် ကောင်းမွန်လာခဲ့လေသည်။ သူ၏ မျက်နှာသွေးရောင်မှာ မျက်စိရှေ့တွင်ပင် ပန်းရောင်သန်းကာ ပြန်လည် ကောင်းမွန်လာခဲ့၏။
တူကူပိုသည် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ မြေနဂါး ရွှေဖရဲသီးကို စုပ်ယူပြီးနောက် သူ ရရှိခဲ့သော စွမ်းရည်မှာ ငြင်းပယ်၍မရအောင်ပင် အလွန် အသုံးဝင်လှသည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ငွေပြာကိုယ်ပွား အခြေအနေမှ ထွက်လာသော လုချန်သည် တူကူရန်၏ ခါးကို ဖက်ကာ တောအုပ်ထဲတွင် အကြိမ်အနည်းငယ် ခုန်ပျံကျော်လွှားပြီး တူကူပို၏ အနားသို့ ရောက်ရှိလာခဲ့သည်။
လုချန်က တူကူရန်ကို အောက်ချပေးလိုက်ပြီး ပြုံးကာ တူကူပိုကို ဂုဏ်ပြုစကား ဆိုလိုက်၏။
“ဂုဏ်ယူပါတယ် ညီအစ်ကို တူကူ... မျက်နှာချင်းဆိုင် တိုက်ပွဲမှာ ဓားတိုလောကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့တဲ့အတွက်။ ဒီနေ့ တိုက်ပွဲမှာသာ ပွဲကြည့်ပရိသတ်တွေ မရှိခဲ့လို့ပေါ့။ မဟုတ်ရင် ဒီတိုက်ပွဲရဲ့ ရလဒ်က ဝိညာဉ်သခင်လောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ညီအစ်ကို တူကူရဲ့ နာမည်က သေချာပေါက် ပိုပြီး ဟိန်းထွက်သွားမှာ”
ယင်းကို ကြားသောအခါ တူကူပိုက အားရပါးရ မရယ်ဘဲ မနေနိုင်တော့ပေ။ ဝမ်းသာနေသော်လည်း သူက အမှန်အတိုင်း ပြောလိုက်၏။
“လန်ချန်... ဒီနေ့ ငါ မင်းကို အများကြီး အကြွေးတင်သွားပြီ။ ငါ့အခြေအနေကို ငါ အသိဆုံးပါ။ ငါ့ရဲ့ တကယ့် ခွန်အားက တကယ်တော့ ချန်ရှင်းထက် နိမ့်ကျတယ်”
“ငါ ချန်ရှင်းကို မျက်နှာချင်းဆိုင် အနိုင်ယူနိုင်ခဲ့တာ မင်းပေးတဲ့ မြှင့်တင်မှုတွေကြောင့်ချည်းပဲ”
တူကူပို ခေတ္တ ရပ်တန့်သွားပြီးနောက် လုချန်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။
“လန်ချန်... ဒီနေ့ နင်းဖုန်းကျီ၊ ကုရုံ နဲ့ ချန်ရှင်းတို့က မင်းကို ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ဖိတ်ခေါ်တယ် ဆိုပြီး စကားလှလှလေးတွေ ပြောနေပေမဲ့ သူတို့က မင်းအတွက် တမင် လာခဲ့ကြတာ ရှင်းနေတာပဲ”
“မင်းသာ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းထဲ ရောက်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ လုံးဝ အခွင့်အရေး မရှိတော့ဘူး”
“သူတို့က မင်းကို ချက်ချင်း မသတ်ရင်တောင် မင်းရဲ့ လျှို့ဝှက်ချက်တွေကို သိဖို့နဲ့ မင်းရဲ့ ဝိညာဉ် နဲ့ ဝိညာဉ်စွမ်းရည်တွေအကြောင်း သတင်းအချက်အလက်တွေ ရဖို့ မင်းကို သေချာပေါက် စစ်ဆေးမေးမြန်းကြလိမ့်မယ်”
“ဒီနေ့ သူတို့ ဆုတ်ခွာသွားပေမဲ့ မင်းအတွက် ဒီအငြိုးကို ငါ မှတ်ထားပါ့မယ်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ ငါ့မှာ ယုံကြည်မှု မရှိပေမဲ့ ငါ့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းလည်း သေချာပေါက် အသာစီး ရမှာ မဟုတ်ဘူး”
“ဆယ်ရက်ကနေ လဝက်အတွင်း ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ခေါင်းငုံ့သွားအောင် လုပ်ပြီး နင်းဖုန်းကျီ ကိုယ်တိုင် မင်းကို နောက်ထပ် ဒုက္ခမပေးတော့ဘူးလို့ ကတိပေးလာအောင် ငါ လုပ်ပြမယ်”
အတိတ်ကဆိုလျှင် အားအနည်းဆုံး ဘွဲ့ခံတိုလော ဖြစ်သော တူကူပိုသည် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ဘယ်တော့မှ ရန်စရဲမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဓားတိုလော ချန်ရှင်း၊ အရိုးတိုလော ကုရုံတို့နှင့်အတူ တိုက်ကြီးပေါ်တွင် နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင်ဖြစ်သော နင်းဖုန်းကျီတို့ ပူးပေါင်းထားသည့် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသုံးယောက်အဖွဲ့ကို တိုလောတိုက်ကြီးတစ်ခုလုံးတွင် ရန်စရဲသူ အလွန် နည်းပါးလှ၏။
သို့သော် အဲဒါတွေ အားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပေပြီ။
ယနေ့တွင် တူကူပိုသည် ချန်ရှင်းကို မျက်နှာချင်းဆိုင် အနိုင်ယူနိုင်ခဲ့သဖြင့် သူ၏ ယုံကြည်မှုကို ကြီးမားစွာ တိုးတက်စေခဲ့သည်။ လုချန်၏ အကူအညီဖြင့် တူကူပိုသည် မည်သည့် ပြိုင်ဘက်ကိုမျှ မကြောက်ရွံ့တော့ပေ။
လုချန်နှင့် ပတ်သက်၍မူ တူကူပို၏ စကားများကို ကြားသောအခါ သူ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ရသည်။ တူကူပိုက သူ့အတွက် တကယ် စိတ်ရင်းဖြင့် တွေးပေးနေခြင်းပင်။
သို့သော် နင်းဖုန်းကျီ၊ ချန်ရှင်း နှင့် ကုရုံတို့က ယနေ့ သူ့ကို သေစေချင်ခဲ့ကြရာ ဤကိစ္စကို အလွယ်တကူ ကျော်သွားခွင့်ပေးရန် သူ့ထံ၌ ရည်ရွယ်ချက် မရှိပေ။
လူကြီးလူကောင်း တစ်ယောက်သည် လက်စားချေရန် ဆယ်နှစ်ကြာလျှင်ပင် နောက်မကျပေ။
သူ ဤအငြိုးကို မှတ်ထားလိုက်၏။
သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်သည် အစမှ အဆုံးတိုင်အောင် အထောက်အကူပြု လမ်းကြောင်းကို လိုက်နေခြင်း ဖြစ်သည်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို လက်စားချေရန် ရည်ရွယ်ထားသော်လည်း ငွေပြာအင်ပါယာဝိညာဉ်အနေဖြင့် နဝမ ဝိညာဉ်ကွင်း ဘွဲ့ခံတိုလောအထိ ကျင့်ကြံနိုင်လျှင်ပင် နင်းဖုန်းကျီ၊ ချန်ရှင်း နှင့် ကုရုံတို့ကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် သူ့တွင် ဒုတိယ ဝိညာဉ်လည်း ရှိသေးလေသည်။
သူ၏ ဒုတိယဝိညာဉ်ကို ဘွဲ့ခံတိုလောအထိ ကျင့်ကြံပြီးချိန်ကျမှ သူ၏ အငြိုးကို အသေအချာ ရှင်းလင်းရန် စတင်မည်ဖြစ်သည်။
လောလောဆယ်တွင်စိတ်ရှည်သည်းခံရန် လိုအပ်ပေသည်။
လုချန်က အနည်းငယ် ပြုံးကာ ပြောလိုက်၏။
“ဒါဆိုရင်တော့ ညီအစ်ကို တူကူကို ဒုက္ခပေးရတော့မယ်။ အခုလောလောဆယ်တော့ ကျွန်တော် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ဘွဲ့ခံတိုလောအဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားချင်တယ်”
တူကူပိုက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ခေသည်။
“အရာအားလုံးကို ငါ့ဆီသာ လွှဲထားလိုက်။ ငါ ကာကွယ်ပေးထားသရွေ့ ဘယ်ကောင်မှ မင်းကို အမြတ်ထုတ်ဖို့ ကြိုးစားခွင့် ပေးမှာ မဟုတ်ဘူး”
“ဟားဟား... ဒီနေ့ ငါ ချန်ရှင်းကို အနိုင်ယူလိုက်ပြီ။ ဒါက အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပြီး ကောင်းကောင်း အောင်ပွဲခံဖို့ ထိုက်တန်တယ်။ ကောင်းကင်အင်ပါယာ မြို့တော်ကို ပြန်ကြမယ်... ကောင်းကောင်း စားသောက်ပြီး အရက် နည်းနည်းလောက် သောက်ကြတာပေါ့”
စကားပြောပြီးသည်နှင့် တူကူပိုက လုချန်ကို လက်တစ်ဖက် တူကူရန်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ လေထဲသို့ ပျံတက်သွားပြီး ကောင်းကင်အင်ပါယာ မြို့တော်ဆီသို့ ပျံသန်းသွားလိုက်သည်။
ခရီးသွားနေစဉ် တူကူပိုက ရုတ်တရက် ပြောလိုက်၏။
“ငါ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ရှင်းလင်းပြီးသွားရင် ဘယ်သူမှ ငါ့ကို လာရှုပ်ရဲမှာ မဟုတ်တော့ဘူး... ပြီးတော့ ယန်ယန်ကိုလည်း ဘယ်သူမှ အန္တရာယ် မပေးရဲတော့ဘူး”
“ယန်ယန်... မင်း ကောင်းကင်အင်ပါယာ အကယ်ဒမီ ကို ပြန်ပြီး ဆက်ပညာသင်ချင်သေးလား”
ယင်းကို ကြားသောအခါ တူကူရန်က လုချန်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် ချွဲနွဲ့သော လေသံဖြင့် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ငြင်းဆိုလိုက်လေသည်။
“အဘိုး... သမီး ကျောင်းမပြန်ချင်တော့ဘူး။ အကယ်ဒမီမှာ ပညာသင်ရတာ ဘာများ ကောင်းနေလို့လဲ”
“အရင်တုန်းက အဘိုး သမီးကို အကယ်ဒမီ မှာ အမြဲတမ်း တစ်ယောက်တည်း ထားခဲ့တယ်လေ... အခုတော့ သမီးကို အကယ်ဒမီ မှာ တစ်ယောက်တည်း ထားခဲ့ဖို့ ထပ်မတွေးနဲ့တော့”
“သမီး အဘိုး ဘေးမှာပဲ နေတော့မယ်။ အဘိုးက ဘွဲ့ခံတိုလောပဲ... သမီးကို ကျင့်ကြံဖို့ သင်ပေးတာက ကိတ်မုန့်စားရသလို လွယ်ကူမှာပါ”
တူကူပို၏ လည်ချောင်းတွင် တစ်ဆို့သွားသလို ခံစားလိုက်ရ၏။ အတိတ်က သူသည် သေစေနိုင်သော အဆိပ်များကို ဖိနှိပ်ထားခဲ့ရသဖြင့် စိတ်နာကျင်မှုကို မြိုသိပ်ကာ တူကူရန်ကို ကောင်းကင်အင်ပါယာ အကယ်ဒမီ တွင် ထားခဲ့ရခြင်း ဖြစ်သည်။
တူကူရန် ပြောသကဲ့သို့ပင် ကောင်းကင်အင်ပါယာ အကယ်ဒမီက သင်ပေးနိုင်သည့် အရာများကို ဘွဲ့ခံတိုလောဖြစ်သော တူကူပိုကလည်း သင်ပေးနိုင်ပြီး ပို၍ပင် ကောင်းမွန်အောင် သင်ပေးနိုင်ပေသည်။
တူကူပိုက အသံနှိမ့်ကာ ပြောလိုက်၏။
“ယန်ယန်... အဘိုး မင်းကို ဘယ်တော့မှ တစ်ယောက်တည်း ထပ်မထားခဲ့တော့ပါဘူး။ အခုကစပြီး အဘိုး ကိုယ်တိုင် မင်းကို သင်ပေးမယ်။ ငါ့ရဲ့ အဆိပ်ပညာ အားလုံးကို မင်းကို လက်ဆင့်ကမ်းပေးမယ်”
“မူလကတော့ အဲဒီ နည်းလမ်းတွေကို မင်းကို မသင်ပေးချင်ခဲ့ဘူး။ အဲဒါတွေက အဆိပ်ပြင်းပြီး သူတစ်ပါးကိုရော အသုံးပြုသူကိုပါ ထိခိုက်စေတယ်။ ငါကိုယ်တိုင်လည်း လူရော သရဲပါ မကွဲပြားတော့တဲ့ အခြေအနေအထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာပဲ”
“အခုတော့ ကောင်းသွားပြီ။ ငါတို့ အဘိုးနဲ့မြေး အဆိပ်ဒဏ်ကို ခံစားဖို့ မလိုတော့ဘူးဆိုတော့ မင်းကို နည်းလမ်းတချို့ ယုံကြည်မှုရှိရှိ သင်ပေးလို့ ရသွားပြီ”
ယင်းကို ကြားသောအခါ တူကူရန်၏ မျက်လုံးများ တောက်ပသွားရသည်။ တူကူပို၏ မြေးမလေး အနေဖြင့် သူမအတွက် အကောင်းဆုံး ဆရာမှာ သေချာပေါက် တူကူပိုပင်။ တူကူရန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“သမီး သေချာပေါက် ကြိုးစားပြီး သင်ယူပါ့မယ်”
သူ၏ နည်းလမ်းများအတွက် အနည်းဆုံးတော့ ဆက်ခံမည့်သူ ရှိလာပြီး သူနှင့်အတူ ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့် တူကူပို အလွန် ကျေနပ်သွားခဲ့ရသည်။
အလွန် ဝမ်းသာသွားသော တူကူပိုသည် သူ၏ အရှိန်ကို တင်လိုက်ပြီး ကောင်းကင်အင်ပါယာ မြို့တော် ဆီသို့ ဦးတည်သွားလိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်က အရပ်မျက်နှာ တစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။ ငွေပြာနယ်ပယ်၏ အကူအညီဖြင့် မှောင်ရိပ်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေသော ဘွဲ့ခံတိုလောနှစ်ဦး ရှိနေကြောင်း သူ အာရုံခံမိလိုက်သည်။
သို့သော် တစ်ဖက်လူများက မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ ရှိပုံမပေါ်သဖြင့် သူ ပြဿနာ မရှာတော့ဘဲ ဘာမှ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။
လုချန်က စိတ်ထဲမှ တွေးလိုက်၏။
‘ဘယ်သူ ဖြစ်နိုင်မလဲ။ ဘွဲ့ခံတိုလောနှစ်ယောက်ကို စေလွှတ်နိုင်ပြီး ငါနဲ့ တူကူပိုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့ သူဆိုလို့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း နဲ့ ကောင်းကင်အင်ပါယာရဲ့ အိမ်ရှေ့မင်းသားပဲ ရှိတယ်’
‘ရွှယ်ချင်းဟယ် ဒါမှမဟုတ် ချန်းရန်ရွှယ်ပေါ့။ အဲဒီ ဘွဲ့ခံတိုလော နှစ်ယောက်က မြွေလှံတိုလော နဲ့ ဆူးငါး တိုလောတို့ ဖြစ်လောက်တယ်’
‘ကျစ်... ဒါက တကယ်ကို ဘယ်တော့မှ မငြိမ်သက်ဘူးပဲ။ ဝိညာဉ်ကုန်းမြေတိုက်ကြီးက အဲဒီလောက် ကြီးမားတဲ့ နေရာကြီး မဟုတ်ဘဲ အင်အားစု မျိုးစုံက ရောနှောနေတော့ တစ်ခါတလေ သူတို့ကို ရှောင်လွှဲလို့တောင် မရဘူး’
တစ်ချိန်တည်းမှာပင် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော ဘွဲ့ခံတိုလော နှစ်ဦးသည်လည်း အဖြစ်အပျက် တစ်ခုလုံးကို မြင်တွေ့ပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြပြီး သူတို့၏ သခင်လေး ထံသို့ ပြန်လည် သတင်းပို့ရန် ပြင်ဆင်လိုက်ကြသည်။
အခန်း ၆၆ပြီး