အခန်း (၆၅) လွှမ်းမိုးနိုင်သော အထောက်အကူပြု စွမ်းရည်များ
“သတ္တမ ဝိညာဉ်စွမ်းရည်... ရတနာ ခုနစ်ပါး ကိုယ်ပွား”
နင်းဖုန်းကျီသည် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ ၎င်းကို ချက်ချင်း အကောင်အထည်ဖော်လိုက်၏။
သူ၏ သတ္တမ ဝိညာဉ်ကွင်းက တောက်ပလာသည်နှင့်အတူ နင်းဖုန်းကျီသည် သတ္တမ ဝိညာဉ်စွမ်းရည်... ရတနာခုနစ်ပါး ကိုယ်ပွားကို ဖွင့်လိုက်ရာ သူ၏ ခေါင်းပေါ်ရှိ ခုနစ်ဆင့်ရှိသော ဖန်စေတီမှ တောက်ပသော ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
သတ္တမ ဝိညာဉ်စွမ်းရည် ရတနာခုနစ်ပါးကိုယ်ပွား သည် ပထမဝိညာဉ်စွမ်းရည် ခြောက်ခု၏ အကျိုးသက်ရောက်မှုကို ၅၀ ရာခိုင်နှုန်း တိုးစေပြီး ဝိညာဉ်စွမ်းရည်များ အသုံးပြုရာတွင် ကုန်ကျသော ဝိညာဉ်စွမ်းအားကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်လေသည်။
ထိုအခိုက်အတန့်တွင် ဘုံခုနစ်ဆင့် ပြဿာဒ် စေတီမှ အလင်းတန်းသုံးခု ပျံသန်းထွက်လာပြီး ကောင်းကင်ယံရှိ ချန်ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
မူလက ချန်ရှင်းကို ပေးအပ်ထားသော အဓိက မြှင့်တင်မှု သုံးခုစလုံးက ချက်ချင်း ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။
အမြန်နှုန်း မြှင့်တင်မှုကလည်း ၈၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့ဆလသည်။
တိုက်ခိုက်မှု မြှင့်တင်မှုက ၈၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။
ဓားချီ အရည်အသွေး မြှင့်တင်မှုသည် ၈၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၂၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့လေသည်။
ချန်ရှင်း၏ ယခင်ကတည်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ယခုအချိန်တွင် ပို၍ပင် မြင့်တက်လာပြီး မျက်နှာချင်းဆိုင်ရှိ တူကူပိုကို လုံးဝ လွှမ်းမိုးသွားခဲ့သည်။
သူ့အတွင်းရှိ ကြီးမားလှသော စွမ်းအားများ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီးနောက် ချန်ရှင်းသည် နင်းဖုန်းကျီက တူကူပို၏ ပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းနေကြောင်း နားလည်လိုက်၏။ ထို့ကြောင့် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူ၏ တကယ့် စွမ်းရည်များကို ထုတ်လွှတ်လိုက်သည်။
“အဋ္ဌမဝိညာဉ်စွမ်းရည်... တောင်များကို ရွှေ့ပြီး ပင်လယ်များကို ဖြည့်တင်းခြင်း”
သူ၏ အဋ္ဌမဝိညာဉ်ကွင်းက တောက်ပလာခဲ့သည်။
ချန်ရှင်း၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက လေးဆယ်မီတာရှည်သော ဧရာမဓားကြီးထဲသို့ အဆက်မပြတ် ဝင်ရောက်သွားခေသည်။
ဧရာမ ဓားကြီးက ကောင်းကင်နှင့် မြေကြီးအကြား အနည်းငယ် တုန်ခါနေပြီး အေးစက်သော အလင်းရောင်များ ဖြာထွက်နေကာ အရွယ်အစားတူညီသော ဧရာမ ဓားအရိပ် ဆယ့်နှစ်ခု အဖြစ်သို့ လျင်မြန်စွာ ကွဲထွက်သွား၏။
ဓားအရိပ် တစ်ခုစီတိုင်းက ဧရာမ ဓားကြီးကိုယ်တိုင်၏ တိုက်ခိုက်ရေး စွမ်းအား ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည်။
ဤ ဝိညာဉ်စွမ်းရည်၏ အမည်ဖြစ်သော အဋ္ဌမ ဝိညာဉ်စွမ်းရည် တောင်များကို ရွှေ့ပြီး ပင်လယ်များကို ဖြည့်တင်းခြင်းဟူသည့်အတိုင်း ဤဧရာမ ဓားအရိပ် ဆယ့်နှစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။
တစ်ချိန်တည်းမှာပင် တူကူပိုသည်လည်း လုချန်ထံမှ နောက်ထပ် မြှင့်တင်မှု တစ်ခုကို ရရှိလိုက်သည်။
နင်းဖုန်းကျီက သတ္တမ ဝိညာဉ်စွမ်းရည်... ရတနာ ခုနစ်ပါး ကိုယ်ပွားကို ဖွင့်လိုက်သကဲ့သို့ လုချန်ကလည်း ငွေပြာကိုယ်ပွား ကို ဖွင့်လိုက်သည်။
“သတ္တမ ဝိညာဉ်စွမ်းရည်... ငွေပြာကိုယ်ပွား”
လုချန်၏ သတ္တမမြောက် ဝိညာဉ်ကွင်းမှာ သက်တမ်း ၈၅,၀၀၀ ရှိသော ငွေပြာဘုရင် ထံမှ ရရှိထားခြင်း ဖြစ်၏။ ဤနက်မှောင်သော ဝိညာဉ်ကွင်းက အရာအားလုံးကို ဝါးမျိုသွားမည့် ညအမှောင်ကဲ့သို့ အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အလင်းဖောက်ထွင်းမြင်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားပြီး မျက်နှာပြင်က ကြည်လင်ကာ နက်ရှိုင်းသော အပြာရောင်ရှိပြီး ရွှေရောင်ပုံစံများဖြင့် ဖုံးလွှမ်းနေသဖြင့် သူ့ကို လူသားပုံစံ ငွေပြာအင်ပါယာတစ်ပါးကဲ့သို့ ဖြစ်နေစေခဲ့သည်။
ဤသည်မှာ လုချန်ကို ငွေပြာအင်ပါယာအဖြစ် ဖန်တီးပေးပြီး ပထမ ဝိညာဉ်စွမ်းရည်ခြောက်ခုကို ၁၀၀ ရာခိုင်နှုန်း မြှင့်တင်ပေးသည့် ငွေပြာကိုယ်ပွား၏ အကျိုးသက်ရောက်မှုပင်။
လုချန်သည် ကြီးမားလှသော သက်စောင့်အသက်သွေး စွမ်းအင်များကို နောက်တစ်ကြိမ် စုစည်းလိုက်ပြီး ကောင်းကင်ယံရှိ တူကူပို၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
အုပ်စုလိုက် ငွေပြာကောင်းချီးပေးခြင်းသည် တူကူပိုကို အရည်အသွေးများ အားလုံးတွင် ၂၀၀ ရာခိုင်နှုန်း တိုးတက်မှု ပေးစွမ်းထားပြီးလေပြီ။
ယခုအခါ မြှင့်တင်မှု အာနိသင်မှာ ၁၀၀ ရာခိုင်နှုန်း တိုးလာခဲ့သဖြင့် စုစုပေါင်း မြှင့်တင်မှု အာနိသင်မှာ ၄၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ၄၀၀ ရာခိုင်နှုန်း တိုးတက်မှုဖြင့် ဧရာမ မြစိမ်းရောင်စပါးအုံးမြွေကြီး အဖြစ် အသွင်ပြောင်းထားသော တူကူပိုသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်နေခဲ့သည်။
သူ့အတွင်း၌ အရိုင်းအစိုင်းများကဲ့သို့ မြင့်တက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက တစ်ချိန်ချိန်တွင် တူကူပို၏ ဆန္ဒကိုပင် လွှမ်းမိုးသွားပြီး သူ့ကို ဖျက်ဆီးရန်နှင့် ခွဲခြားမှု မရှိဘဲ သတ်ဖြတ်ရန်သာ လိုလားသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားစေလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဤရင်သပ်ရှုမောဖွယ် မြင်ကွင်းကြောင့် ချန်ရှင်း၏ နှလုံးသားမှာ တင်းကျပ်သွားခဲ့ခေသည်။ သူက ဓားလက်ညှိုးကို မြှောက်ကာ ရှေ့သို့ ညွှန်ပြပြီး ပြောလိုက်၏။
“သွားစမ်း”
ချက်ချင်းဆိုသလိုပင် လေးဆယ်မီတာရှည်သော ဧရာမဓားကြီးနှင့် ဧရာမ ဓားအရိပ်ဆယ့်နှစ်ခုက ကောင်းကင်ယံကို ဆုတ်ဖြဲကာ ဧရာမမြစိမ်းရောင် စပါးအုံးမြွေကြီးဆီသို့ အရှိန်ပြင်းပြင်း ထိုးစိုက်လာကြသည်။
ဧရာမ မြစိမ်းရောင်စပါးအုံးမြွေကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော သက်ပြင်းတစ်ချက် ချလိုက်၏။
“အဋ္ဌမ ဝိညာဉ်စွမ်းရည်... အချိန် ရပ်တန့်ခြင်း”
ချက်ချင်းဆိုသလိုပင် မီးခိုးရောင် အလင်းတန်းတစ်ခုက ဧရာမ မြစိမ်းရောင်စပါးအုံးမြွေကြီး ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုမီးခိုးရောင် အလင်းတန်းမှာ ပုံသဏ္ဌာန် ကင်းမဲ့နေခဲ့သည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ နေရာလွတ်များမှာ ချက်ချင်း ရပ်တန့်သွားကြလေသည်။ လေးဆယ်မီတာရှည်သော ဧရာမဓားကြီးနှင့် ဧရာမ ဓားအရိပ် ဆယ့်နှစ်ခုတို့မှာလည်း နေရာလွတ်ထဲတွင် ရပ်တန့်သွားခဲ့ကြသည်။
၎င်းတို့ထဲတွင် ချန်ရှင်းလည်း ပါဝင်လေသည်။
သူတို့ အားလုံး နေရာလွတ်ထဲတွင် ရပ်တန့်သွားခဲ့ကြသည်။
သူသည် ပယင်းကျောက်ထဲတွင် ပိတ်မိနေသော ပိုးကောင်လေးတစ်ကောင်ကဲ့သို့ သူ၏ အသိစိတ်မှလွဲ၍ ခန္ဓာကိုယ်ကို လုံးဝ လှုပ်ရှား၍ မရတော့ချေ။
ချန်ရှင်း အလန့်တကြား အော်ဟစ်လိုက်ပြီး ဤအတားအဆီးကို ဖောက်ထွက်ရန် သူ၏ သတ်ဖြတ်ခြင်း ခုနစ်ပါးနယ်ပယ်ကို အစွမ်းကုန် ဖွင့်လိုက်သည်။
ကံမကောင်းစွာဖြင့် ငွေပြာနယ်ပယ်က သတ်ဖြတ်ခြင်း ခုနစ်ပါးနယ်ပယ်ကို အခိုင်အမာ ဖိနှိပ်ထားပြီး ၎င်းတို့ နှစ်ခုမှာ အချင်းချင်း ချုပ်ချယ်ထားကြသဖြင့် သတ်ဖြတ်ခြင်း ခုနစ်ပါးနယ်ပယ်မှာ ၎င်း၏ စွမ်းအားကို ထုတ်လွှတ်ရန် အခွင့်အရေး မရခဲ့ပေ။
ဤနေရာမှာ နေရာတိုင်းတွင် ငွေပြာမြက်ပင်များ ရှိနေသော တောအုပ်တစ်ခုပင်။ ငွေပြာနယ်ပယ်က အိမ်ရှင် အားသာချက်ကို ရရှိထားပြီး သတ်ဖြတ်ခြင်း ခုနစ်ပါး နယ်ပယ်၏ အားသာချက်မှာမူ အဆုံးမရှိ လျော့ကျသွားခဲ့သည်။
ဧရာမ မြစိမ်းရောင် စပါးအုံးမြွေကြီးမှာ အပြင်းအထန် အသက်ရှူနေရပြီး ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများမှာ ရေကာတာ ပွင့်သွားသော ရေလွှမ်းမိုးမှုကြီး တစ်ခုကဲ့သို့ ဖြစ်နေခဲ့ရသည်။
အဋ္ဌမ ဝိညာဉ်စွမ်းရည် အချိန် ရပ်တန့်ခြင်းက စွမ်းအင်များကို အလွန်အကျွံ သုံးစွဲရပြီး အထူးသဖြင့် အဋ္ဌမ ဝိညာဉ်စွမ်းရည်ကို အသုံးပြုနေသော ချန်ရှင်း ကဲ့သို့ ပစ်မှတ်များကို အကျဉ်းချရန် အသုံးပြုသည့်အခါ ပို၍ပင် သုံးစွဲရလေသည်။
လုချန်၏ ၄၀၀ ရာခိုင်နှုန်း မြှင့်တင်မှုကြောင့်သာ တူကူပိုသည် ဤကဲ့သို့ စိတ်ကူးမယဉ်နိုင်သော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဧရာမ မြစိမ်းရောင်စပါးအုံးမြွေကြီးက ပစ်ထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ရှင်း၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ဧရာမ မြစိမ်းရောင် စပါးအုံးမြွေကြီးက ၎င်း၏ ဧရာမ မြွေအမြီးကြီးကို လွှဲလိုက်ရာ လေထုကို ဆုတ်ဖြဲသွားပြီး အသံလှိုင်း ပေါက်ကွဲသံများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာခဲ့သည်။ တောင်များကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားဖြင့် ရပ်တန့်နေသော ချန်ရှင်း ကို ရိုက်ချလိုက်လေသည်။
ဂျွတ်.. ဂျွတ်...
အက်ကွဲသံများ တစ်သီတစ်တန်းကြီးနှင့်အတူ ချန်ရှင်း၏ အရိုးများ အလယ်မှ ကျိုးသွားပြီး သူ၏ အတွင်းကလီစာများမှာ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခဲ့သည်။
သူ၏ မျက်လုံးများ ပြူးထွက်လာပြီး အတွင်းကလီစာ အစအနများ ရောနှောနေသော သွေးများကို အန်ထုတ်လိုက်လေသည်။
ချန်ရှင်းသည် ဆုတ်ဖြဲခံရသည့်အလား နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ အခြေခံအားဖြင့် အပိုင်းပိုင်း ပြတ်ထွက်သွားလုနီးပါး ဖြစ်နေပြီး သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါ မှာ ချက်ချင်းပင် အောက်ခြေအထိ ကျဆင်းသွားခဲ့ရသည်။
သူကိုယ်တိုင်တောင် ၎င်းကို မယုံနိုင်အောင် ဖြစ်နေခဲ့လေသည်။
တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး စွမ်းအားရှိသည်ဟု ဂုဏ်ယူဝင့်ကြွားနေသော သူ၊ ကြီးမြတ်လှသော ဓားတိုလောသည် တူကူပိုကို တကယ်ပဲ ရှုံးနိမ့်သွားခဲ့သည်လော။
တူကူပိုသည် ဘွဲ့ခံတိုလောအသိုင်းအဝိုင်းတွင် အားအနည်းဆုံး ဘွဲ့ခံတိုလောအဖြစ် လူသိများပေသည်။
သူ၏ သေစေနိုင်သောအဆိပ်မှာ အဆင့်နိမ့် ဝိညာဉ်သခင်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သော်လည်း အဆင့်မြင့် ဝိညာဉ်သခင်များအပေါ်တွင်မူ အာနိသင် မရှိပေ။
ယခုမူ အားအနည်းဆုံး ဘွဲ့ခံတိုလောဖြစ်သော တူကူပိုသည် အံ့သြစရာကောင်းစွာဖြင့် ချန်ရှင်း ကို အနိုင်ယူသွားခဲ့သည်။
တူကူပိုက ချန်ရှင်းထက် ပိုအစွမ်းထက်နေခြင်း မဟုတ်ပေ။
ယင်းအစား လုချန်က နင်းဖုန်းကျီထက် ပိုအစွမ်းထက်နေခြင်း ဖြစ်၏။
ဤသည်မှာ အထောက်အကူပြု စွမ်းရည်များတွင် လွှမ်းမိုးထားနိုင်ခြင်းပင်။
ယခုတစ်ကြိမ်တွင် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ သုံးယောက်အဖွဲ့က အရင် စတင် ချုံခိုတိုက်ခိုက်ခဲ့သော်လည်း တောရိုင်းထဲရှိ တောအုပ်ထဲတွင် ၎င်းမှာ လုချန်၏ အိမ်ကွင်း ဖြစ်နေခဲ့သည်။
အပေါ်ယံကြည့်လျှင် လုချန်က တူကူပိုကို အထောက်အကူ ပေးနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ လုချန်သည် တောအုပ် တစ်ခုလုံး၏ စွမ်းအားကို အသုံးပြု၍ တူကူပိုကို အထောက်အကူ ပေးနေခြင်း ဖြစ်လေသည်။
အကယ်၍ နေရာသာ ကွဲပြားသွားပါက- ဥပမာ မြို့ထဲတွင်၊ သဲကန္တာရထဲတွင် သို့မဟုတ် သမုဒ္ဒရာထဲတွင် ဆိုပါက လုချန်၏ အထောက်အကူပြု စွမ်းရည်များမှာ အလွန်အမင်း လျော့ကျသွားပေမည်။
ကံမကောင်းစွာဖြင့် ယခု သူတို့သည် တောအုပ်ထဲတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။
ချန်ရှင်း၏ ရှုံးနိမ့်မှုမှာ မတရားခြင်း မဟုတ်ပေ...
နောက်တစ်ခဏတွင် မီးခိုးရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အဋ္ဌမ ဝိညာဉ်စွမ်းရည် အချိန် ရပ်တန့်ခြင်းမှာ အလိုအလျောက် ပြိုကွဲသွားခဲ့လေသည်။
ချန်ရှင်း၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှာ စုတ်ပြဲနေသော ဆာလာအိတ်တစ်အိတ်ကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
သူသည် ယခုအခါ လှုပ်ရှား၍ပင် မရတော့ပေ။ အကယ်၍ သူသာ ဤအတိုင်း မြေပြင်ပေါ်သို့ ကျဆင်းသွားပါက ချန်ရှင်းသည် သေချာပေါက် အသားစင်းကောအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်းဖုန်းကျီ နှင့် ကုရုံတို့ နှစ်ဦးစလုံး ဖြူရော်သွားကြရသည်။ သူတို့ ဤသို့ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
တူကူပိုက ချန်ရှင်းကို တကယ်ပဲ အနိုင်ယူနိုင်ခဲ့သည်လော။
နင်းဖုန်းကျီက အလျင်အမြန် ပြောလိုက်၏။
“ဦးလေးအရိုး... လန်ချန်ကို ထားခဲ့လိုက်တော့... ဦးလေးဓားကို မြန်မြန် သွားကယ်”
“ဒီနေ့တော့ ငါတို့ တကယ်ကို မှားသွားပြီ။ ဦးလေး ဓားကို ကုသဖို့အတွက် ဂိုဏ်းကို အမြန်ဆုံး ပြန်ခေါ်သွားရမယ်”
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းအတွက် ဓားတိုလော ချန်ရှင်း နှင့် အရိုးတိုလော ကုရုံတို့သည် ကောင်းကင်သို့ ထိုးတက်နေသော ကျောက်စိမ်းဖြူတိုင်ကြီးများနှင့် ပင်လယ်ကို ဖြတ်သန်းထားသော ခရမ်းရွှေရောင် တံတားကြီးများပင်။
အထူးသဖြင့် အဆင့် ၉၆ ဝိညာဉ်စွမ်းအား နှင့် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး လက်နက်ဖြစ်သော သတ်ဖြတ်ခြင်းခုနစ်ပါးဓားဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ချန်ရှင်းသည် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး အစောင့်အရှောက် ဖြစ်လေသည်။
နင်းဖုန်းကျီ ကိုယ်တိုင် သေသွားနိုင်သော်လည်း ချန်ရှင်း လုံးဝ သေသွား၍ မရပေ။
ကုရုံ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ သူနှင့် ချန်ရှင်းတို့သည် မကြာခဏ ငြင်းခုံလေ့ရှိကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်ဆဲ ဖြစ်သည်။
သူသည် ချန်ရှင်း သေဆုံးသွားသည်ကို လုံးဝ မမြင်တွေ့လိုချေ။
ကုရုံက ချက်ချင်း ပြောလိုက်သည်။
“နားလည်ပါပြီ”
“သတ္တမ ဝိညာဉ်စွမ်းရည်... အရိုးနဂါး၏ ကိုယ်ပွား၊ အဋ္ဌမ ဝိညာဉ်စွမ်းရည်... ဟင်းလင်းပြင်တံခါး”
စကားပြောပြီးသည်နှင့် ကုရုံ၏ သတ္တမမြောက် ဝိညာဉ်ကွင်း နှင့် အဋ္ဌမ ဝိညာဉ်ကွင်းတို့သည် တစ်ခုပြီးတစ်ခု တောက်ပလာခဲ့ကြသည်။
အမှောင် စွမ်းအင်လှိုင်းတစ်ခုက ကုရုံ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏ ကိုယ်ခန္ဓာကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ကုရုံသည် ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်သော မီတာငါးဆယ်နီးပါး ရှည်လျားသည့် ဧရာမ နဂါးအရိုးစုကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ အနောက်တိုင်း နဂါး၏ အရိုးစု ဖြစ်ပြီး အတောင်ပံများ ပါရှိသော ဧရာမ ဖွတ်ကြီး တစ်ကောင်နှင့် တူကာ ၎င်း၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများထဲတွင် အဖြူရောင် မီးတောက် နှစ်ခု တောက်လောင်နေခဲ့သည်။
အရိုးနဂါးက ဧရာမ မြစိမ်းရောင်စပါးအုံးမြွေကြီးကို ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ၎င်းကို ခြိမ်းခြောက်နေပုံရပြီးနောက် ချက်ချင်းပင် ချန်ရှင်း ကို မြေပြင်ပေါ် ကျဆင်းပြီး အသားစင်းကော အဖြစ် ပြောင်းလဲမသွားစေရန် လှမ်းဖမ်းလိုက်လေသည်။
ထို့နောက် သူသည် တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် ရည်ရွယ်ချက် မရှိတော့ဘဲ ကောင်းကင်ယံတွင် လိုဏ်ခေါင်း တစ်ခုကို ဆွဲဖြဲလိုက်သည်။ အရိုးနဂါး သည် နင်းဖုန်းကျီကို ကျောပေါ်တင်ကာ ချန်ရှင်းကို လက်ထဲတွင် ကိုင်ဆောင်လျက် အဋ္ဌမ ဝိညာဉ်စွမ်းရည် ဟင်းလင်းပြင်တံခါးထဲသို့ နောက်ပြန်လှည့်မကြည့်ဘဲ အရှိန်ပြင်းပြင်း ဝင်ရောက်သွားလေတော့သည်။
အခန်း ၆၅ပြီး