အခန်း (၆၄) ကုရုံ၏ လှုပ်ရှားမှု
ကောင်းကင်ယံတွင် ဓား တိုလော နှင့် အဆိပ် တိုလော တို့၏ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခဲ့သည်။
သို့သော် မြေပြင်တွင်မူ။
ဓားတိုလော ထွက်ခွာသွားမှုနှင့်အတူ သတ်ဖြတ်ခြင်း ခုနစ်ပါးနယ်ပယ်လည်း ပျောက်ကွယ်သွားရာ ငွေပြာနယ်ပယ်၏ ၄၀ ရာခိုင်နှုန်း ဖိနှိပ်မှု အာနိသင်က နင်းဖုန်းကျီ နှင့် ကုရုံတို့အပေါ် နောက်တစ်ကြိမ် ကျရောက်လာခဲ့၏။
ထို့အပြင် လုချန်၏ ထိန်းချုပ်မှုအောက်တွင် အရပ်မျက်နှာ အားလုံးမှ မရေတွက်နိုင်သော ငွေပြာနွယ်ပင် များ ထွက်ပေါ်လာပြီး နင်းဖုန်းကျီ နှင့် ကုရုံတို့ဆီသို့ မြွေများကဲ့သို့ ရစ်ပတ် တိုက်ခိုက်လာကြသည်။
အထောက်အကူပြု ဝိညာဉ်သခင်တစ်ဦးအနေဖြင့် နင်းဖုန်းကျီတွင် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည် နှစ်ခုစလုံး မရှိသဖြင့် ယခုအချိန်တွင် မျက်မှောင်ကြုတ်ကာ ကုရုံ၏ အနောက်တွင် ပုန်းအောင်းနေရုံသာ တတ်နိုင်တော့လေသည်။
“ဦးလေးအရိုး... ဒီနေရာမှာတော့ ဦးလေးကိုပဲ အားကိုးရတော့မယ်”
ယင်းကို ကြားသောအခါ ကုရုံက ခေါင်းညိတ်လိုက်သည်။ ၄၀ ရာခိုင်နှုန်း ဖိနှိပ်မှု အာနိသင်အောက်တွင် သူက ဝိညာဉ်ပူးကပ်ခြင်းကို အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရှည်ထွက်လာပြီး သူ၏ အရိုးစုက ပိုမို ကျယ်ပြန့်လာသော်လည်း သူ၏ အရေပြားနှင့် ကြွက်သားများကမူ ကြီးမားလာခြင်း မရှိပေ။ သူသည် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရိုးစုကြီးတစ်ခုသာ ဖြစ်နေခဲ့သည်။
အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်၊ အနက်ရောင် ဝိညာဉ်ကွင်းကိုးခုက သူ၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာခဲ့ပြီး အေးစက်မှောင်မိုက်သော အရှိန်အဝါတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ်လာသော ငွေပြာနွယ်ပင်များကို ရင်ဆိုင်ရချိန်တွင် ကုရုံက အထင်သေးစွာ ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“အသုံးမကျတဲ့ အပင်တွေ.. မင်းတို့ကို ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”
“တတိယ ဝိညာဉ်စွမ်းရည်... အရိုးနဂါးခြိမ်းခြောက်မှု”
သူ၏ တတိယ ဝိညာဉ်ကွင်းက တောက်ပလာသည်နှင့်အတူ ကုရုံက ပါးစပ်ကို ဖွင့်ကာ ဟိန်းဟောက်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အသံလှိုင်းတစ်ခုက သူ၏ လည်ချောင်းမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားရာ များပြားလှသည့် ငွေပြာနွယ်ပင်များ အားလုံးမှာ ကြီးမားလှသော ဖိအားကြောင့် ပေါက်ကွဲထွက်သွားကြရသည်။
ဘွဲ့ခံတိုလောက တကယ်ကို ကြောက်စရာကောင်းလှသည်။
ကုရုံသည် အဆင့် ၉၅ ဝိညာဉ်စွမ်းအားရှိသော စူပါ တိုလောတစ်ဦး ဖြစ်နေဆဲ ပင်။ သူသည် နှစ်တစ်ထောင် သက်တမ်းရှိ တတိယ ဝိညာဉ်စွမ်းရည်ကိုသာ အသုံးပြုခဲ့သော်လည်း ကြီးမားလှသော စွမ်းအားကို ပြသနိုင်ခဲ့သည်။
လုချန် ဖန်တီးထားသော ငွေပြာနွယ်ပင်များမှာ စက္ကူများကဲ့သို့ ဖြစ်သွားခဲ့ရသည်။
သို့သော် လုချန်အနေဖြင့် ငွေပြာနွယ်ပင်အချို့ကို ဖန်တီးရန်မှာ ဝိညာဉ်စွမ်းအား လုံးဝနီးပါး မလိုအပ်ပေ။
သူက ကုရုံ နှင့်အတူ စောင့်ဆိုင်းကာ မည်သူက အချိန်အကြာဆုံး ခံနိုင်ရည်ရှိမည်ကို ကြည့်ရှုနိုင်ပေသည်။
စိတ်ထဲမှ တွေးလိုက်သည်နှင့် လုချန်သည် ငွေပြာနယ်ပယ်ကို အသုံးပြု၍ ငွေပြာနွယ်ပင်များစွာကို ထပ်မံ ဖန်တီးလိုက်ရာ နင်းဖုန်းကျီ နှင့် ကုရုံတို့ကို အရပ်မျက်နှာ အားလုံးမှ ထပ်မံ ဝန်းရံသွားခဲ့ကြသည်။
ထို့ကြောင့် နင်းဖုန်းကျီ နှင့် ကုရုံတို့သည် ငွေပြာနွယ်ပင်များစွာကို ဖျက်ဆီးပစ်ပြီးသည်နှင့် နောက်ထပ် ငွေပြာနွယ်ပင်များစွာ ရုတ်တရက် ထပ်မံ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ယင်းကို မြင်သောအခါ ကုရုံလည်း အထင်သေးသည့် အမူအရာ ပျောက်ကွယ်သွားခဲ့ရသည်။ တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိနေပြီ ဖြစ်၏။
ထို့နောက် သူက အရိုးနဂါးခြိမ်းခြောက်မှုကို နောက်ထပ် နှစ်ကြိမ် အသုံးပြုလိုက်ရာ နွယ်ပင်များစွာကို ဖျက်ဆီးပြီးနောက်မှာပင် နောက်ထပ် နွယ်ပင်များ ထပ်မံ ပေါက်ရောက်လာသည်ကို မြင်တွေ့လိုက်ရပြနမသည်။
ဤနွယ်ပင်များမှာ အဆုံးမရှိပေ။ တစ်အုပ်ကို ဖျက်ဆီးပစ်လိုက်လျှင် နောက်တစ်အုပ် ထပ်မံ ပေါက်ရောက်လာပြန်၏။
ဝိညာဉ်စွမ်းရည်ကို အသုံးပြု၍ ဤအဆုံးမရှိသော နွယ်ပင်များကို ရင်ဆိုင်ခြင်းက အရင်းအမြစ်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
သို့သော် ဤအတိုင်း ဆက်သွားနေမည်ဆိုပါက သူသည် ဘွဲ့ခံတိုလောတစ်ဦး ဖြစ်သော်လည်း နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပေလိမ့်မည်။
ကုရုံက ရုတ်တရက် အသံနှိမ့်ကာ ပြောလိုက်၏။
“ဖုန်းကျီ... ငါ့ကျောပေါ် တက်။ တောအုပ်ထဲ ဝင်ပြီး လန်ချန်ကို သွားဖမ်းကြမယ်။ သူခိုးကို ဖမ်းဖို့ဆိုရင် ခေါင်းဆောင်ကို အရင် ဖမ်းရမယ်။ အဲဒီကောင်ကို မဖမ်းမိသရွေ့ ဒီနွယ်ပင်တွေက ရပ်တန့်သွားမှာ မဟုတ်ဘူး”
နင်းဖုန်းကျီလည်း အခြေအနေ၏ လေးနက်မှုကို နားလည်သဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ ကုရုံ၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။
“ဦးလေးအရိုး... လန်ချန်က အထောက်အကူပြု ဝိညာဉ်သခင် တစ်ယောက်ပဲ။ ဒီနွယ်ပင်တွေက အတော်လေး အနှောင့်အယှက် ဖြစ်စေတာကလွဲရင် သူ့မှာ တခြား လှည့်ကွက်တွေ ဘာမှ မရှိဘူး”
“ကျွန်တော် ဦးလေးကို မြှင့်တင်မှုတွေ မပေးတော့ဘူး။ ချွေတာထားတဲ့ ဝိညာဉ်စွမ်းအားတွေ အားလုံးကို ဦးလေးဓားကို အထောက်အကူ ပေးဖို့ သုံးလိုက်မယ်။ သူက တူကူပိုကို အနိုင်ယူနိုင်သရွေ့ ဒီနေ့အတွက် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး”
ကုရုံက မကန့်ကွက်ပေ။ သူက နင်းဖုန်းကျီကို ကျောပိုးကာ တောအုပ်ထဲသို့ အရှိန်ပြင်းပြင်း ဝင်ရောက်သွားခဲြသည်။ ထို့နောက်ဘသူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို ထုတ်လွှတ်ပြီး လုချန်နှင့် တူကူရန်တို့၏ နေရာများကို အာရုံခံရန် သူ၏ စွမ်းအား အပြည့်အဝကို အသုံးပြုလိုက်၏။
ငွေပြာနယ်ပယ်ထဲရှိ လုချန်၏ တည်ရှိမှုမှာ တောအုပ် တစ်ခုလုံးနှင့် ပေါင်းစပ်သွားသည်မှာ ကြာပြီဖြစ်သည်။
သို့သော် တူကူရန် နှင့် ပတ်သက်သည့် အချက်အလက်များမှာမူ မှေးမှိန်နေသော်လည်း ပေါက်ကြားနေဆဲပင်။
ဤမှေးမှိန်သော အချက်အလက်များကို အသုံးပြု၍ ကုရုံသည် တူကူရန်ကို ရှာတွေ့ရုံသာမက ခြေရာများကို လိုက်ကာ လုချန်ကိုပါ ရှာတွေ့သွားခဲ့သည်။
သူက ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်လေသည်။
“မင်းတို့ကို ရှာတွေ့ပြီ”
ထို့နောက် လူသားပုံစံ ဝိညာဉ်သားရဲတစ်ကောင်နှင့်တူသော ကုရုံသည် တောအုပ်ထဲတွင် သောင်းကျန်းနေပြီး သူ့လမ်းတွင် ပိတ်ဆို့နေသော မည်သည့် အပင်ကိုမဆို သူ၏ ပထမဝိညာဉ်စွမ်းရည်ဖြစ်သော အရိုးနဂါး ၏ ထိုးစိုက်ခြင်းဖြင့် ဖျက်ဆီးပစ်သည် သို့မဟုတ် တတိယ ဝိညာဉ်စွမ်းရည်ဖြစ်သော အရိုးနဂါးခြိမ်းခြောက်မှု စွမ်းအားဖြင့် ဖျက်ဆီးပစ်လေသည်။
ယင်းကို သတိပြုမိပြီးနောက် လုချန်၏ နှုတ်ခမ်းများက လှောင်ပြောင်သည့် အပြုံးတစ်ခု အဖြစ် ကွေးတက်သွားခဲ့သည်။
“ဒါဆိုလည်း လာစမ်းကြည့်ပေါ့။ ဒီတောအုပ်ထဲမှာ မင်း ငါ့ကို ဖမ်းနိုင်မလား ကြည့်ကြတာပေါ့”
“ယန်ယန်... သွားကြမယ်”
စကားပြောပြီးသည်နှင့် လုချန်သည် တူကူရန်၏ ခါးကို ဖက်ကာ တောအုပ်၏ အနက်ပိုင်းဆီသို့ ခုန်ထွက်သွားလိုက်သည်။
ခါးကို အဖက်ခံလိုက်ရသော တူကူရန်မှာ အစပိုင်းတွင် တောင့်တင်းသွားသော်လည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ ထို့နောက် သူမက လုချန်ကို မော့ကြည့်လိုက်ရာ မည်သည့် ရမ္မက်မျှ မရှိသော သူ၏ လူလတ်ပိုင်းမျက်နှာကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းကို မစူဘဲ မနေနိုင်တော့ချေ။
ထို့နောက် တူကူရန်က မျက်လုံးမှိတ်ကာ သူမ၏ စိတ်ကူးယဉ်မှုများကို လွှတ်ထားလိုက်ပြီး လုချန်၏ မျက်နှာစစ်စစ်ဖြင့် သူမကို ဖက်ထားသည်ဟု စိတ်ကူးကြည့်လိုက်၏။
ဤအတွေးက တူကူရန်၏ နှုတ်ခမ်းပေါ်တွင် သတိပြုမိရန် ခက်ခဲသော ချိုမြိန်သည့် အပြုံးလေးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပေသည်။
လူချောလေး တစ်ယောက်ရဲ့ အဖက်ခံရတာနဲ့ ရုပ်ဆိုးဆိုး လူတစ်ယောက်ရဲ့ အဖက်ခံရတာ....
အင်း... အဲဒီ ခံစားချက်က လုံးဝကို ကွဲပြားခြားနားတယ်...
လုချန်ဘက်သို့ ပြန်ကြည့်ရလျှင် သူသည် တူကူရန်၏ ခါးကို ဖက်ကာ တောအုပ်၏ အနက်ပိုင်းဆီသို့ ခုန်ထွက်သွားပြီး လမ်းတစ်လျှောက်တွင် ငွေပြာနွယ်ပင် များစွာကို ဆက်လက် ဖန်တီးနေခဲ့သည်။
ဤ ငွေပြာနွယ်ပင်များကို ထိန်းချုပ်ခြင်းဖြင့် ကုရုံ၏ တိုးတက်လာသော အမြန်နှုန်းကို အဆက်မပြတ် နှေးကွေးသွားစေသည်။ ကုရုံသည် ၎င်းတို့ကို လျင်မြန်စွာ ဖျက်ဆီးနိုင်လျှင်တောင် အချိန်အနည်းငယ် ယူရဦးပေမည်။
ကုရုံ၏ ရှေ့သို့ တိုးလာသော အမြန်နှုန်းမှာ ကြီးမားစွာ နှေးကွေးသွားခဲ့ရသည်။
လုချန်နှင့် တူကူရန်တို့ကို သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသော်လည်း ထူထပ်သော ငွေပြာနွယ်ပင် များ၏ ပိတ်ဆို့မှုကို ခံရကာ လုချန်နှင့် တူကူရန်တို့မှာ သူ၏ မြင်ကွင်းမှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်သည်။
တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်နေသော ကုရုံ၏ စိတ်ဆန္ဒမှာ သူ၏ လမ်းကို ပိတ်ဆို့နေသော ငွေပြာနွယ်ပင်များအပေါ်တွင်သာ ဒေါသဖြေရုံသာ ရှိတော့သည်။
ငွေပြာနယ်ပယ်၏ ၄၀ ရာခိုင်နှုန်း ဖိနှိပ်မှု အာနိသင် ထပ်ပေါင်းလိုက်သဖြင့် ကုရုံမှာ ယခုအခါ ရွှံ့နွံထဲတွင် နစ်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ၏ စွမ်းအား အပြည့်အဝ ရှိနေသော်လည်း ထုတ်လွှတ်နိုင်ခြင်း မရှိပေ။
ကုရုံ၏ ကျောပေါ်တွင် လိုက်ပါလာသော နင်းဖုန်းကျီ ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု တောက်ပနေပြီး အခြေအနေကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေခဲ့သည်။
သူ၏ အမြင်တွင် အရိုးတိုလောသည် လန်ချန်ကို ရင်ဆိုင်ရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် လန်ချန်မှာ ပြောင်ချောချောဖြစ်နေပြီး အရိုးတိုလော မှာ ခွန်အားနှင့် ကာကွယ်ရေးတွင် အားကောင်းသဖြင့် ပြောင်ချောချော ဖြစ်နေသော လန်ချန်ကို လုံးဝ ဖမ်း၍မရသောကြောင့်ပင်။
လန်ချန်ကို ရင်ဆိုင်ရန်အတွက် ချန်ရှင်းကသာ ဝင်ရောက် စွက်ဖက်ရန် လိုအပ်ဦးမည် ဖြစ်သည်။
သို့သော် ချန်ရှင်းက တူကူပို၏ တားဆီးမှုကို ခံနေရသည်။
ဤအခြေအနေကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ချန်ရှင်းကို တူကူပိုအား အမြန်ဆုံး အနိုင်ယူနိုင်ရန် ကူညီပေးခြင်းပင်။
၎င်းကို တွေးပြီးနောက် နင်းဖုန်းကျီသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
ကောင်းကင်ယံတွင် ချန်ရှင်း နှင့် တူကူပိုတို့၏ တိုက်ပွဲမှာ စမ်းသပ်မှုတစ်ခု မဟုတ်တော့ပေ။ သူတို့ နှစ်ဦးစလုံးက သူတို့၏ တကယ့် စွမ်းရည်များကို ထုတ်လွှတ်နေခဲ့ကြသည်။
သူတို့ နှစ်ဦးစလုံးက ဝိညာဉ်ကိုယ်ပွားများကို ဖွင့်ထားကြရာ တိုက်ပွဲမှာ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
ချန်ရှင်းသည် ၄၀ မီတာရှည်သော ဧရာမဓားကြီးကို ကိုင်ဆောင်ကာ ကောင်းကင်ယံရှိ ၅၀ မီတာရှည်သော ဧရာမ မြစိမ်းရောင် စပါးအုံးမြွေကြီးကို အဆက်မပြတ် ခုတ်ပိုင်းနေလေသည်။
ဧရာမ မြစိမ်းရောင် စပါးအုံးမြွေကြီးမှာလည်း အလွန် တောင့်တင်းပြီး ခိုင်ခံ့သည်။ ဧရာမ ဓားကြီး၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကို ခံရသော်လည်း မှေးမှိန်သော အမှတ်အသားများသာ ရှိနေပြီး မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ချေ။
ဤအတွက် အကြောင်းပြချက်များစွာ ရှိသည်။
ပထမဆုံးအနေဖြင့် တူကူပို၏ မြစိမ်းရောင် မြွေ ဝိညာဉ်က မြေနဂါးရွှေဖရဲသီးကို စားသုံးပြီးနောက် ဝိညာဉ်မှာ မြစိမ်းရောင်မြွေ ဘိုးဘေးကြီးဝိညာဉ် အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
၎င်းသည် ကမ္ဘာမြေဟူသော ဒုတိယ အရည်အသွေးကိုလည်း ရရှိခဲ့ရာ ၎င်း၏ ကာကွယ်ရေး စွမ်းရည်များကို ကြီးမားစွာ တိုးတက်စေခဲ့လေသည်။
ဒုတိယအနေဖြင့် လုချန်၏ အုပ်စုလိုက် ငွေပြာ ကောင်းချီးပေးခြင်းက တူကူပိုကို အရည်အသွေးများ အားလုံးတွင် ၂၀၀ ရာခိုင်နှုန်း တိုးတက်မှုကို ပေးစွမ်းထားပြီး ကာကွယ်ရေးတွင် ၂၀၀ ရာခိုင်နှုန်း တိုးတက်မှု ပါဝင်လေသည်။
ဧရာမ မြစိမ်းရောင် စပါးအုံးမြွေကြီးပုံစံဖြင့် တူကူပို၏ ကာကွယ်ရေးစွမ်းရည်များမှာ ထိပ်တန်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် ချန်ရှင်း အနေဖြင့် သူ၏ ကာကွယ်မှုများကို ဖောက်ထွင်းရန် မလွယ်ကူပေ။
နင်းဖုန်းကျီ စိတ်ထဲမှ တွေးလိုက်၏။
‘ဒီအခြေအနေကို ပြောင်းလဲဖို့ တစ်ခုတည်းသော နည်းလမ်းက သတ္တမ ဝိညာဉ်စွမ်းရည်... ရတနာ ခုနစ်ပါး ကိုယ်ပွားကို သုံးပြီး မြှင့်တင်မှု အာနိသင်ကို ၅၀ ရာခိုင်နှုန်း တိုးစေပြီး ဝိညာဉ်စွမ်းအား သုံးစွဲမှုကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးဖို့ပဲ။ ဒါမှသာ ဦးလေးဓားက တူကူပိုကို မြန်မြန် အနိုင်ယူနိုင်မှာ’
အခန်း ၆၄ပြီး