အခန်း (၆၃) ဓား တိုလော နှင့် အဆိပ် တိုလောတို့၏ တိုက်ပွဲ
တောအုပ်ထဲတွင်။
သောင်းနှင့်ချီသော သတ်ဖြတ်ခြင်း ခုနစ်ပါး ဓား များသည် သဲကြီးမဲကြီး ရွာချလာသော မိုးရေများကဲ့သို့ ကောင်းကင်မှ ကျဆင်းလာပြီး သူတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေတွက်နိုင်သော သတ်ဖြတ်ခြင်းခုနစ်ပါးဓားများသည် လုချန်၊ တူကူပိုနှင့် တူကူရန်တို့ ပုန်းအောင်းနေသည့် နေရာဆီသို့ ထိုးစိုက်လာသည်။
ကံကောင်းထောက်မစွာဖြင့် လုချန်သည် ကြိုတင် ပြင်ဆင်ထားပြီး ငွေပြာကာကွယ်ခြင်းကို အသုံးပြုကာ သူတို့ရှေ့တွင် အထူ ပေဝက်ခန့်ရှိသော အပြာရောင် အတားအဆီး တစ်ခုကို ဖန်တီးထားခဲ့လေသည်။
သတ်ဖြတ်ခြင်း ခုနစ်ပါးဓားများသည် တကယ်ကို အစွမ်းထက်လှ၏။ ဖောက်ခနဲ အသံနှင့်အတူ ပထမဆုံး သတ်ဖြတ်ခြင်းခုနစ်ပါးဓားက အပြာရောင် အတားအဆီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ထို့နောက် ဒုတိယ၊ တတိယ... အသက်ရှူချိန် သုံးကြိမ်အတွင်းမှာပင် အနည်းဆုံး သတ်ဖြတ်ခြင်း ခုနစ်ပါး ဓား အလက် တစ်ရာခန့်က အပြာရောင် အတားအဆီး ကို ရှုထောင့်အမျိုးမျိုးမှ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ဂျွတ်... ဂျွတ်..
အပြာရောင် အတားအဆီးမှာ ထိုဖိအားများကို မခံနိုင်တော့ဘဲ ကွဲအက်သွားရာ ပင့်ကူအိမ်ကဲ့သို့ သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာပြီး ပြိုကျတော့မည့် လက္ခဏာများ ပြသနေခဲ့သည်။
ယင်းကို မြင်သောအခါ လုချန်၊ တူကူပိုနှင့် တူကူရန်တို့သည် ထိုနေရာမှ အလျင်အမြန် ရှောင်တိမ်းလိုက်ကြသည်။
နောက်တစ်ခဏတွင် အပြာရောင်အတားအဆီးမှာ လုံးဝ ကွဲအက်သွားပြီး လုချန်၊ တူကူပိုနှင့် တူကူရန်တို့ ရပ်နေခဲ့သော နေရာများတွင် သတ်ဖြတ်ခြင်း ခုနစ်ပါး ဓား များဖြင့် ပြည့်နှက်သွားခဲ့လေသည်။
အကယ်၍ သူတို့သာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါက သတ်ဖြတ်ခြင်းခုနစ်ပါးဓားကြောင့် အသားစင်းကော အဖြစ် ပြောင်းလဲသွားမည်မှာ သေချာပေသည်။
ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါ လုချန်က အံ့သြတကြီးဖြင့် အော်ပြောလိုက်၏။
“ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုပါလား။ ဒီ သတ်ဖြတ်ခြင်းခုနစ်ပါးဓား ဝိညာဉ်က တိုက်ကြီးပေါ်မှာ အစွမ်းအထက်ဆုံး တိုက်ခိုက်သူဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ”
တူကူပို၏ ကြွက်သားများ တင်းမာနေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်သည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေခဲ့သည်။
သူက ဝိညာဉ်ပူးကပ်ခြင်းကို ဆင့်ခေါ်လိုက်ရာ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်၊ အနက်ရောင် ဝိညာဉ်ကွင်းကိုးခုက သူ၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာခဲ့သည်။
သူက အလွန် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။
“လန်ချန်... ငါ့ကို မြှင့်တင်ပေးစမ်း။ ယန်ယန်ကိုလည်း သေချာ ဂရုစိုက်ပေး။ ငါ ဒီချန်ရှင်း နဲ့ သွားရင်ဆိုင်လိုက်ဦးမယ်”
“အရင်တုန်းက ငါ အဆင့် ၉၁ ဝိညာဉ်စွမ်းအား ရှိတဲ့ အချိန်တုန်းက ချန်ရှင်းကို အမြဲတမ်း ရှောင်ဖယ်ခဲ့ရတယ်။ အခုက ငါနဲ့ ချန်ရှင်း ရဲ့ ကွာခြားချက်ကို မြင်တွေ့ဖို့ အခွင့်ကောင်းပဲ”
လုချန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။ ပုန်းအောင်းနေခြင်းက ဖြေရှင်းနည်း မဟုတ်ပေ၊ သူတို့ ပြန်လည် တိုက်ခိုက်ရပေမည်။
မဟုတ်ပါက လူများက သူတို့ကို အလွယ်တကူ အနိုင်ကျင့်နိုင်သည်ဟု အမြဲတမ်း ထင်နေကြလိမ့်မည်။
“အုပ်စုလိုက် ငွေပြာကောင်းချီးပေးခြင်း”
လုချန်သည် အုပ်စုလိုက် ငွေပြာကောင်းချီးပေးခြင်း ကို ထုတ်လွှတ်လိုက်ရာ တောအုပ်ထဲရှိ ငွေပြာအင်ပါယာများ အားလုံးထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြီးမားလှသော သက်စောင့်အသက်သွေး စွမ်းအင်များကို စုစည်းကာ တူကူပို၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ကြသည်။
ဘန်း..
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက တူကူပို၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ထိတွေ့ခံစားနိုင်သော ကြောက်မက်ဖွယ် ဖိအားများက စွမ်းအင်လှိုင်းများအဖြစ် ဖန်တီးကာ တူကူပိုကို ဗဟိုပြု၍ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားသည်။
ကံမကောင်းစွာဖြင့် ဤတောအုပ်ထဲရှိ ငွေပြာမြက်ပင် များ၏ အရေအတွက်နှင့် အရည်အသွေးမှာ ငွေပြာတောအုပ်နှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် အုပ်စုလိုက် ငွေပြာ ကောင်းချီးပေးခြင်းက အရည်အသွေးများ အားလုံးတွင် ၂၀၀ ရာခိုင်နှုန်း တိုးတက်မှုကိုသာ ပေးစွမ်းနိုင်ခဲ့လေသည်။
သို့သော် ၎င်းက လုံလောက်ပေသည်။
တူကူပိုတွင် အဆင့် ၉၃ ဝိညာဉ်စွမ်းအားသာ ရှိသော်လည်း အရည်အသွေးများ အားလုံးတွင် ၂၀၀ ရာခိုင်နှုန်း တိုးတက်မှုဖြင့် သူသည် အရှိန်အဝါ အရ ချန်ရှင်းထက် မနိမ့်ကျတော့ချေ။
တူကူပိုသည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး မြေပြင်မှ မီတာငါးဆယ်ခန့် အမြင့်သို့ ရောက်ရှိသွားသည်။ ၎င်းမှာ ငွေပြာနယ်ပယ် ၏ အကန့်အသတ်ဖြစ်ပြီး ထိုထက် ပိုမြင့်သွားပါက နယ်ပယ်၏ အပြင်ဘက်သို့ ရောက်ရှိသွားပေမည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။
“ချန်ရှင်း... လူတိုင်းက မင်းကို တိုက်ကြီးပေါ်မှာ နံပါတ်တစ် တိုက်ခိုက်သူ ဘွဲ့ခံတိုလောလို့ ပြောကြတယ်။ ဒီနေ့ မင်းကို ငါ စမ်းသပ်ကြည့်မယ်။ ကောင်းကင်ယံမှာ တိုက်ပွဲဝင်ကြတာပေါ့”
တူကူပို လေထဲသို့ ပျံတက်သွားသည်ကို မြင်သောအခါ ချန်ရှင်းသည် နင်းဖုန်းကျီကို နောက်ပြန်လှည့်ကြည့်လိုက်ရာ နင်းဖုန်းကျီက ခေါင်းညိတ်ပြသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ချန်ရှင်းသည် လေထဲသို့ လျှောက်သွားလိုက်ပြီး တူကူပိုနှင့် တစ်ပြေးညီတည်း ဖြစ်သော အမြင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။ လက်တစ်ဖက်ကို နောက်ပစ်ကာ အခြားလက်တစ်ဖက်က ဓားကို ကိုင်ထားပြီး သူ၏ လင်းယုန်ကဲ့သို့ စူးရှသော မျက်လုံးများက သူ၏ မျက်နှာချင်းဆိုင်ရှိ တူကူပိုကို စူးစိုက်ကြည့်နေခဲ့သည်။
“တူကူပို... အခု မင်း ငါ့ကို တကယ် အံ့သြသွားစေတာပဲ”
“ငါ ရထားတဲ့ အချက်အလက်တွေအရ မင်းရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၉၁ ပဲ ရှိရမှာ။ ဒါပေမဲ့ အခုကြည့်ရတာ မင်းရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၉၁ ထက် အများကြီး ပိုနေသလိုပဲ”
“ပြီးတော့ မင်းရဲ့ အရှိန်အဝါကလည်း အခု ငါနဲ့ တစ်ပြေးညီတည်း ဖြစ်နေတယ်။ မင်းကို ငါနဲ့ အဆင့်တူဖြစ်အောင် အတင်းအကျပ် မြှင့်တင်ပေးနိုင်တဲ့ ဝိညာဉ်စွမ်းရည်ရဲ့ မြှင့်တင်ပေးမှုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို ငါ တကယ် သိချင်နေပြီ”
ဤစကားများက အလွန် နာကျင်စေပေသည်။ ၎င်းက လန်ချန်၏ မြှင့်တင်ပေးမှု မပါပါက တူကူပိုသည် ချန်ရှင်း နှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း မပြည့်မီကြောင်း ရှင်းလင်းစွာ ဆိုလိုနေခြင်းပင်။
ချန်ရှင်းသည် တကယ်ပင် အံ့မခန်း စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့သည်။ အကယ်၍ သူသာ ငွေပြာနယ်ပယ်၏ ဖိနှိပ်မှုကို တန်ပြန်ရန်အတွက် သူ၏ သတ်ဖြတ်ခြင်း ခုနစ်ပါးနယ်ပယ်ကို အသုံးပြုရန် မလိုအပ်ခဲ့ပါက သူသည် ဤကဲ့သို့ အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်ပေ။
သတ်ဖြတ်ခြင်းခုနစ်ပါးနယ်ပယ်တစ်ခုတည်းဖြင့်ပင် ချန်ရှင်းသည် တူကူပိုကို လုံးဝ ဖိနှိပ်ထားနိုင်ပေသည်။
သူတို့ နှစ်ဦးစလုံးမှာ ဘွဲ့ခံတိုလောများ ဖြစ်ကြသော်လည်း နယ်ပယ်စွမ်းရည် ရှိခြင်းနှင့် မရှိခြင်းကြားက ကွာခြားချက်မှာ အလွန် ကြီးမားလှ၏။
တူကူပိုက ချန်ရှင်းကို မကောင်းဆိုးဝါး အကြည့်ဖြင့် စိုက်ကြည့်ကာ အတင်းအကျပ် ပြုံးပြီး ပြောလိုက်၏။
“ချန်ရှင်း... မင်း အရမ်း မောက်မာလွန်းတယ်။ မင်း ငါ့ကို ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ဘူးပဲ”
“ဒီနေ့တော့ ငါက အရင်က လူ မဟုတ်တော့ဘူး ဆိုတာကို မင်းကို သက်သေပြရမယ်”
“ပထမ ဝိညာဉ်စွမ်းရည်... မြစိမ်းရောင် အဆိပ်မီးလျှံ”
နှစ်တစ်သောင်းကျော် သက်တမ်းရှိသော ဝိညာဉ်စွမ်းရည်ကို အသက်သေဆုံးသည်အထိ တိုက်ခိုက်မည့် အသေအကြေ တိုက်ပွဲများတွင်သာ အသုံးပြုလေ့ရှိသည်။ ဘွဲ့ခံတိုလောများပင်လျှင် အသေအကြေ တိုက်ခိုက်မည့် လှုပ်ရှားမှုကို ချက်ချင်း အသုံးပြုမည် မဟုတ်ပေ။
ထို့ကြောင့် ဘွဲ့ခံတိုလောများကြား တိုက်ပွဲများတွင် ရန်သူ၏ အားနည်းချက်များကို ရှာဖွေရန်အတွက် ဦးစွာ နှစ်တစ်ရာ ဝိညာဉ်စွမ်းရည် နှင့် နှစ်တစ်ထောင် ဝိညာဉ်စွမ်းရည်များကို အသုံးပြု၍ စမ်းသပ်လေ့ရှိကြသည်။
တူကူပိုက လက်ကို ဝှေ့ယမ်းလိုက်ရာ မြစိမ်းရောင် မီးလျှံ ဆယ်နှင့်ချီ၍ ထွက်ပေါ်လာပြီး ၎င်းတို့၏ အစိမ်းရောင်မှာ တစ္ဆေမီးများကဲ့သို့ ဖြစ်နေခဲ့သည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် ဤမြစိမ်းရောင် မီးလျှံ ဆယ်နှင့်ချီ၍ ချန်ရှင်းဆီသို့ အရှိန်ပြင်းပြင်း ထိုးဆင်းလာကြလေသည်။
ယင်းကို မြင်သောအခါ ချန်ရှင်းသည် ရှောင်တိမ်းခြင်းမပြုဘဲ ဘယ်လက်ကို မြှောက်ကာ ဓားလက်ညှိုး ပုံစံ ဖန်တီးပြီး သူ၏ သတ်ဖြတ်ခြင်း ခုနစ်ပါးဓားဆီသို့ ညွှန်ပြလိုက်၏။
“ဒုတိယ ဝိညာဉ်စွမ်းရည်... ဝိညာဉ်ဓား ကာကွယ်ခြင်း”
ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခြင်းခုနစ်ပါးဓားမှ ကြီးမားသော ဓားချီများ ထွက်ပေါ်လာပြီး ချန်ရှင်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားကာ စက်လုံးပုံစံ အကာအကွယ် ဒိုင်းလွှားတစ်ခု ဖန်တီးလိုက်သည်။
အရှိန်ပြင်းပြင်း ထိုးဆင်းလာသော မြစိမ်းရောင် မီးလျှံများအားလုံးမှာ ထိုစက်လုံးပုံစံဒိုင်းလွှား၏ ပိတ်ဆို့မှုကို ခံလိုက်ရသည်။ သာမန် နှစ်တစ်ရာ ဝိညာဉ်စွမ်းရည်က ချန်ရှင်းကို အနည်းငယ်မျှပင် မထိခိုက်နိုင်ပေ။
နောက်တစ်ခဏတွင် ချန်ရှင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ ပုံရိပ်မှာ အလျင်အမြန် လှုပ်ရှားသွားခဲ့သည်။ သူသည် နင်းဖုန်းကျီ ပေးထားသော ၈၀ ရာခိုင်နှုန်း အမြန်နှုန်း မြှင့်တင်မှုကို ရရှိထားသဖြင့် သူ၏ လှုပ်ရှားမှု အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်နေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တူကူပို၏ ရှေ့သို့ ရောက်ရှိသွားခဲ့လေသည်။
“ပထမ ဝိညာဉ်စွမ်းရည်... ဓားရှည် ဓားအိမ်ထဲမှ ထွက်ခြင်း”
ချန်ရှင်းက သူ၏ ဓားကို လွှဲကာ ခုတ်ပိုင်းလိုက်၏။ ၃၀ ရာခိုင်နှုန်း တိုက်ခိုက်မှု မြှင့်တင်မှုဖြင့် သူ၏ သတ်ဖြတ်ခြင်း ခုနစ်ပါးဓားမှာ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး တူကူပိုကိုပင် ကျောရိုးတစ်လျှောက် စိမ့်သွားအောင် လုပ်နိုင်ခဲ့သည်။
တူကူပိုက အလျင်အမြန် ဆုတ်ခွာကာ ဝင်လာသော ဓားသွားကို ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“ဒုတိယ ဝိညာဉ်စွမ်းရည်... အနီရောင်သံစပါးအုံးမြွေရဲ့ လည်ပင်းညှစ်ခြင်း”
သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ သူ၏ လက်များမှာ လျင်မြန်စွာ အသွင်ပြောင်းသွားပြီး သွေးရောင် ပါးစပ်ကြီးများ ပါရှိသည့် နီရဲသော သံစပါးအုံးမြွေ နှစ်ကောင် ထွက်ပေါ်လာခဲ့သည်။
နီရဲသော သံစပါးအုံးမြွေ၏ ခန္ဓာကိုယ်မှာ သံမဏိထက် မာကျောပြီး ၎င်း၏ အဆိပ်က လူတစ်ယောက်၏ အသက်ကို အသက်ရှူချိန် အနည်းငယ်အတွင်း နှုတ်ယူသွားနိုင်ပေသည်။
တူကူပိုက မကောင်းဆိုးဝါး အပြုံးတစ်ခု ပြုံးလိုက်၏။ သူ၏ လက်များဖြင့် ဖန်တီးထားသော နီရဲသော သံစပါးအုံးမြွေနှစ်ကောင်က သတ်ဖြတ်ခြင်း ခုနစ်ပါးဓား၏ ဓားသွားကို ကွေ့ပတ်သွားပြီး တစ်ကောင်က ချန်ရှင်း၏ လက်ကောက်ဝတ်ကို ကိုက်ရန် ရွယ်ကာ အခြားတစ်ကောင်က ချန်ရှင်း ၏ လည်ပင်းကို ကိုက်ရန် ရွယ်လိုက်လေသည်။
ယခုအခါ သူ၏ လက်ကောက်ဝတ်ကို ကယ်တင်မည်လား သို့မဟုတ် သူ၏ လည်ပင်းကို ကယ်တင်မည်လား ဆိုသည်ကို ဆုံးဖြတ်ရန်မှာ ချန်ရှင်း အပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။
ချန်ရှင်း၏ မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပသွားပြီး ဤရွေးချယ်စရာနှစ်ခုကို ရင်ဆိုင်ရချိန်တွင် သူက တကယ်တော့ တတိယမြောက် ရွေးချယ်မှု တစ်ခုကို ပြုလုပ်လိုက်၏။
ဓားကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
ချန်ရှင်းက သတ်ဖြတ်ခြင်းခုနစ်ပါးဓား၏ ဓားရိုးကို လွှတ်လိုက်ပြီး ဘယ်ညာမှ ကိုက်ရန် ရွယ်နေသော နီရဲသော သံစပါးအုံးမြွေ နှစ်ကောင်ကို ရင်ဆိုင်ရန် အလျင်အမြန် ဆုတ်ခွာသွားလိုက်သည်။
“တတိယ ဝိညာဉ်စွမ်းရည်... ဓားပျံသန်းခြင်း”
ချက်ချင်းဆိုသလိုပင် ဓားရိုး လွတ်သွားသော သတ်ဖြတ်ခြင်းခုနစ်ပါးဓားက တုန်ခါသွားပြီးနောက် အံ့သြစရာကောင်းစွာဖြင့် ဓားကို မည်သူမျှ မကိုင်ထားဘဲ ဘယ်ဘက်ရှိ နီရဲသော သံစပါးအုံးမြွေ ကို အရင် ခုတ်ပိုင်းလိုက်ပြီး ထို့နောက် ညာဘက်ရှိ နီရဲသော သံစပါးအုံးမြွေ ကို ခုတ်ပိုင်းလိုက်သည်။
သတ်ဖြတ်ခြင်း ခုနစ်ပါးဓားသည် တကယ်ကို အစွမ်းထက်လှ၏။ အနီရောင်သံစပါးအုံးမြွေ နှစ်ကောင်စလုံး၏ ခေါင်းများကို သတ်ဖြတ်ခြင်း ခုနစ်ပါးဓားက ဖြတ်တောက်လိုက်ရာ အခိုးအငွေ့ တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
အနီရောင်သံစပါးအုံးမြွေများ တစ်ကောင်ပြီးတစ်ကောင် ခုတ်ပိုင်းခံလိုက်ရသဖြင့် တူကူပိုက နာကျင်စွာ ညည်းတွားလိုက်ပြီး သူ၏ လက်များမှာ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့ရသည်။
သူ့ဆီသို့ နောက်တစ်ကြိမ် ဦးတည်လာသော သတ်ဖြတ်ခြင်းခုနစ်ပါးဓား၏ ဓားသွားကို ရင်ဆိုင်ရချိန်တွင် တူကူပိုသည် ၎င်း၏ တိုက်ခိုက်မှုကို ယာယီ ရှောင်တိမ်းရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ。
“စတုတ္ထ ဝိညာဉ်စွမ်းရည်... မြစိမ်းရောင် မျက်လှည့်စနစ်”
“တတိယ ဝိညာဉ်စွမ်းရည်... တိုက်စားစေသော ပုတ်သင်မည်း”
ချက်ချင်းဆိုသလိုပင် တူကူပို၏ ဝတ်ရုံအောက်မှ မြစိမ်းရောင် အဆိပ်ငွေ့ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ အဆိပ်ငွေ့များက အလျင်အမြန် ပျံ့နှံ့သွားပြီး လူတို့၏ အမြင်အာရုံကို ဖုံးကွယ်သွားစေရုံသာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့်ပင် ထိုးဖောက်၍ မရနိုင်ပေ။
ချန်ရှင်းက သတ်ဖြတ်ခြင်းခုနစ်ပါးဓားကို အဝေးမှ ထိန်းချုပ်ကာ အပြင်းအထန် ခုတ်ပိုင်းနေသော်လည်း ကံမကောင်းစွာဖြင့် တူကူပိုကို လုံးဝ မထိနိုင်ခဲ့ပေ။
ထိုစဉ်မှာပင် အရှည် ရှစ်မီတာကျော်ရှိသော ဧရာမ စပါးအုံးမြွေမည်းကြီးတစ်ကောင်က ပါးစပ်ကို ဖွင့်ကာ ညှီစော်များ ထုတ်လွှတ်ပြီး ချန်ရှင်း ရှိရာဆီသို့ အရှိန်ပြင်းပြင်း ထိုးဆင်းလာခဲ့သည်။
ယင်းကို မြင်သောအခါ ချန်ရှင်းက လက်ချောင်းဖြင့် ခေါ်လိုက်ရာ သတ်ဖြတ်ခြင်းခုနစ်ပါးဓားက အဆိပ်ငွေ့များထဲမှ ချက်ချင်း ပျံထွက်လာပြီး ရှစ်မီတာရှည်သော စပါးအုံးမြွေမည်းကြီးကို အလျင်အမြန် မီသွားခဲ့သည်။
“စတုတ္ထ ဝိညာဉ်စွမ်းရည်... ဓားအရိပ်များ ပြည့်နှက်ခြင်း”
ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်သော ဓားချီများက သတ်ဖြတ်ခြင်း ခုနစ်ပါးဓားမှ ပေါက်ကွဲထွက်လာပြီး ဓားချီ လေဝဲကြီးတစ်ခု ဖန်တီးကာ ဧရာမ စပါးအုံးမြွေမည်းကြီးကို လွှမ်းခြုံပြီး မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
စောစောက တိုက်ပွဲတစ်ခုလုံးတွင် အချိန်အကြာကြီး မကြာခဲ့သော်လည်း နှစ်ဖက်စလုံးက ဝိညာဉ်စွမ်းရည် အမျိုးမျိုးကို အသုံးပြုခဲ့ကြ၏။
သူတို့ နှစ်ယောက်၏ တိုက်ပွဲမှာ အပြန်အလှန် ဖြစ်နေပြီး အင်အား မျှတနေခဲ့လေသည်။
သူတို့၏ ဝှက်ဖဲစွမ်းရည်ကို အသုံးမပြုဘဲ ဘွဲ့ခံတိုလောများဖြစ်ကြသော ချန်ရှင်း နှင့် တူကူပိုတို့သည် တကယ်ပင် အင်အား မျှတနေခဲ့သည်။
အခန်း ၆၃ပြီး