အခန်း (၆၁) - ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ လူသုံးယောက်
သူတော်စင်ဝိညာဉ်ကျေးရွာသို့ မပြန်ရဲသဖြင့် အဝေးမှနေ၍ မိဘများနှင့် ရွာသူကြီးတို့ အဆင်ပြေကြောင်း အတည်ပြုရန်အတွက်သာ တစ်ချက်လှမ်းကြည့်ဝံ့၏။ ယခု ဂျက်အဘိုးအိုမှာ အဆင်ပြေနေပြီဖြစ်ရာ လုချန်၊ တူကူပိုနှင့် တူကူရန်တို့သည် ထပ်မံ ထွက်ခွာလာခဲ့ကြသည်။
တကယ်တော့ တူကူပိုနှင့် တူကူရန်တို့သည် လုချန် အထူးတလည် သွားကြည့်ခဲ့သော ထိုနေရာမှာ မည်သည့်နေရာဖြစ်ကြောင်းကို အလွန် သိချင်နေခဲ့ကြသည်။
သို့သော် လုချန် ကိုယ်တိုင်က မပြောပြလိုသဖြင့် တူကူပိုနှင့် တူကူရန်တို့ကလည်း ထပ်မမေးတော့ပေ။
ထို့နောက် သူတို့ သုံးယောက်သည် မြောက်ဘက်သို့ ဦးတည်ကာ လာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လာခဲ့ကြသည်။
သူတို့ လာစဉ်က သူတို့၏ သတင်းများ ပေါက်ကြားပြီး ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ လိုက်လံ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် အလွန် သတိထားခဲ့ကြလေသည်။
ယခု အပြန်ခရီးတွင်မူ လမ်းတစ်လျှောက် အလွန်အကျွံ ထင်ပေါ်အောင် မလုပ်ခဲ့သော်လည်း အရင်ကလောက်တော့ သတိမထားကြတော့။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူတို့သည် အခြေအနေကို ပိုမို နားလည်ထားပြီး ဖြစ်သောကြောင့်ပင်။
ခရီးသွားသောအခါ တူကူပိုက လုချန်နှင့် တူကူရန်တို့ကို ခေါ်ဆောင်ကာ ကောင်းကင်ယံမှ ပျံသန်းသွားလေ့ရှိသော်လည်း စားချိန်၊ အိပ်ချိန် ရောက်သောအခါ အနီးအနားတွင် မြို့တစ်မြို့ ရှိနေသရွေ့ တောရိုင်းထဲတွင် ရပ်နားလေ့ မရှိကြပေ။
နှစ်ရက်ကြာပြီးနောက် သူတို့သည် နေဝင်ချိန် တောအုပ် နှင့် မဝေးလှသော ကျားလင်ဂိတ်၏ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိလာကြ၏။
သို့သော် ထိုအချိန်မှာပင် မမျှော်လင့်ထားဘဲ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့လေသည်။
တိမ်ကင်းစင်နေသော ကောင်းကင်ယံအထက်တွင် အာကာသ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာပြီး ထိုအက်ကွဲကြောင်းမှာ ပိုပိုကြီးလာကာ ဟင်းလင်းပြင်တံခါးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပွင့်လာခဲ့သည်။
နောက်တစ်ခဏတွင် လူသုံးယောက်၏ ပုံရိပ်များက ဟင်းလင်းပြင်တံခါးထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြသည်။
သူတို့ထဲမှ နှစ်ယောက်မှာ လုချန် အရင်က တွေ့ဖူးသော နင်းဖုန်းကျီ နှင့် ကုရုံတို့ ဖြစ်ကြသည်။
ကျန်ရှိနေသော တစ်ယောက်မှာ အေးစက်သော အမူအရာနှင့် စူးရှသော မျက်လုံးများ ရှိသည်။ သူ၏ ဆံပင်ဖြူများက ကျောပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။ သူ၏ မျက်နှာမှာ အတော်လေး အိုမင်းနေသော်လည်း သူ ငယ်ရွယ်စဉ်က ချောမောခဲ့သည့် အသွင်အပြင်ကို မှုန်ဝါးဝါး မြင်တွေ့နိုင်သေးပေသည်။
သူ၏ ကိုယ်ဟန်အနေအထားမှာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ မတ်မတ်မတ်မတ် ရှိနေခဲ့သည်။
မိတ်ဆက်ပေးစရာပင် မလိုပေ။ ထိုသူမှာ မည်သူဖြစ်ကြောင်းကို လုချန် ခန့်မှန်းနိုင်နေပြီ ဖြစ်၏။
ဓားတိုလော ချန်ရှင်း။
နင်းဖုန်းကျီ၊ ကုရုံ နှင့် ချန်ရှင်း၊ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှ သုံးယောက်အဖွဲ့သည် မမျှော်လင့်ဘဲ အတူတကွ ရောက်ရှိလာပြီး သူတို့၏ လမ်းကို ပိတ်ဆို့ထားခဲ့ကြသည်။
သူတို့က မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းပင်။
တူကူပိုသည် သူတို့ သုံးယောက်ကို မြင်သောအခါ အစပိုင်းတွင် စိုးရိမ်သွားခဲ့ရသည်။ မည်သည့် ဖိအားမျှ မခံစားရဘူးဟုပြောလျှင် ၎င်းမှာ လိမ်ညာရာ ကျပေလိမ့်မည်။
သို့သော် လုချန်၏ ကြောက်မက်ဖွယ်ကောင်းသော အထောက်အကူပြု စွမ်းရည်များကို သတိရလိုက်သောအခါ တူကူပိုသည် တဖြည်းဖြည်း စိတ်အေးသွားခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်သည့် အရိပ်အယောင်တစ်ခုပင် ပေါ်လာခဲ့သည်။
တစ်ချိန်က အဆင့် ၉၁ ဝိညာဉ်စွမ်းအားသာ ရှိခဲ့သော တူကူပိုသည် ဘွဲ့ခံတိုလော အသိုင်းအဝိုင်းတွင် အားအနည်းဆုံး ဘွဲ့ခံတိုလော အဖြစ် သတ်မှတ်ခံခဲ့ရ၏။
သူ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုမှာ အဆင့်နိမ့် ဝိညာဉ်သခင်များကြားတွင်သာ အဓိကအားဖြင့် ပျံ့နှံ့နေခြင်း ဖြစ်လေသည်။
သို့ပေမဲ့ ထိုအဆင့်မြင့် ဝိညာဉ်သခင်များသည် တူကူပိုကို ကျယ်လောင်စွာ စကားပြောရဲကြပြီး ၎င်းမှာ သူ့အပေါ် ဗြောင်ကျကျ မလေးစားမှု ပြသခြင်းပင်။
သို့သော် သူဟာ ၎င်းကို မချေပနိုင်ခဲ့ပေ။
ဝိညာဉ်နန်းတော်မှ ဂန္ဓမာတိုလော ယွဲ့ကွမ်းက တူကူပိုကို အသည်းအသန် ဆုတ်ခွာသွားရသည်အထိ ဖိအားပေးနိုင်ခဲ့သည်။ မင်းသား ရွှယ်ရှင်းသာ တပ်မတော်ကြီးကို ဦးဆောင်ပြီး လာရောက် မကူညီခဲ့ပါက တူကူပိုသည် သေချာပေါက် အလွန် အန္တရာယ်ကြီးသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပေမည်။
ဤသည်မှာ ဖြစ်ပျက်ခဲ့ပြီးသော အရာများပင်။ မဖြစ်သေးသော အရာများအကြောင်း ဆက်ပြောကြပါစို့။
မူလ ဇာတ်လမ်းတွင် မင်းသား ရွှယ်ရှင်းက တူကူပိုကို ဖိတ်ခေါ်ပြီး ကောင်းကင်အင်ပါယာ အကယ်ဒမီမှ ရှရက် အကယ်ဒမီ လူများကို မောင်းထုတ်စေခဲ့သည်။
ကောင်းကင်အင်ပါယာ အကယ်ဒမီ၏ ကော်မတီဝင် သုံးဦးဖြစ်သော မုန့်ရှန်ကျီ၊ ပိုင်ပေါက်ရှန် နှင့် ကျစ်လင်းတို့သည် ဝိညာဉ်တိုလောသုံးဦးသာ ဖြစ်သော်လည်း သူတို့က တူကူပိုကို စိန်ခေါ်ရဲကြသည်။
ဝိညာဉ်တိုလော သုံးဦးကပင် သူ့ကို ဖိနှိပ်နိုင်ခဲ့သဖြင့် တူကူပို၏ အစစ်အမှန် ခွန်အားမှာ ဘွဲ့ခံတိုလော များထဲတွင် အနိမ့်ဆုံး အဆင့်၌ ရှိနေသည်မှာ သေချာပေသည်။
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း ၏ တိုလော နှစ်ဦးမှာ ဓား တိုလော အဆင့် ၉၆ ဝိညာဉ်စွမ်းအား နှင့် အရိုးတိုလော အဆင့် ၉၅တို့ ဖြစ်ကြသည်။
သူတို့၏ အကြီးမားဆုံး အောင်မြင်မှုမှာ မကြာမီ ရောက်ရှိလာမည့် ဝိညာဉ်အမဲလိုက်ခြင်း စစ်ဆင်ရေး တွင်ဖြစ်ပြီး ထိုအချိန်၌ သူတို့သည် ဝိညာဉ်နန်းတော်မှ ဘွဲ့ခံတိုလော လေးဦးကို တွန်းလှန်နိုင်ခဲ့ရုံသာမက သုံးဦးကိုပါ ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
ဤခွန်အားအဆင့်ဖြင့် သူတို့သည် တိုလော တိုက်ကြီး တစ်ခုလုံးတွင် အကောင်းဆုံးများထဲ၌ ပါဝင်ခဲ့လေသည်။
သူတို့ နှစ်ဦး ပူးပေါင်းပြီး နင်းဖုန်းကျီ၏ အကူအညီပါ ပါဝင်မည်ဆိုပါက မူလက တူကူပိုဆိုလျှင် ထွက်ပြေးရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ဒါက အရင်တုန်းကလေ။
အခုက အခုပဲ....
တူကူပိုသည် ယခင်ကနှင့် မတူတော့ချေ။ သူသည် နင်းဖုန်းကျီ၊ ချန်ရှင်း နှင့် ကုရုံ တိုကို အထင်သေးစွာဖြင့် လှမ်းကြည့်လိုက်ပြီး သူ အဖြေသိပြီးသား မေးခွန်းများကို မေးလိုက်၏။
“ဂိုဏ်းချုပ် နင်း၊ ဓားတိုလော၊ အရိုးတိုလော... မင်းတို့ သုံးယောက်က ငါတို့ လမ်းကို ပိတ်ပြီး ဘာလုပ်ချင်နေတာလဲ”
တူကူပို၏ မောက်မာသော အမူအရာကို မြင်သောအခါ ကုရုံက ရွဲ့စောင်းစောင်း စကားတစ်ခွန်း ပြောရန် အလိုအလျောက် ပြင်လိုက်လေသည်။
သို့သော် နင်းဖုန်းကျီက လက်ကို ဝှေ့ယမ်းပြလိုက်သဖြင့် ကုရုံမှာ ထွက်လာတော့မည့် ရွဲ့စောင်းစောင်း စကားကို ပြန်မျိုချလိုက်ရ၏။
နင်းဖုန်းကျီသည် ယဉ်ကျေးသိမ်မွေ့ပုံပေါ်ပြီး သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေဆဲပင်။
“အဆိပ်ပြင်း မြစိမ်းရောင်သခင်ကြီး... ကျွန်တော်တို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ခင်ဗျား ဒါမှမဟုတ် ခင်ဗျားရဲ့ မြေးမလေးနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့က သခင်လေး လန်ချန်ကို ကျွန်တော်တို့ရဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ဖိတ်ခေါ်ပြီး အထောက်အကူပြု ဝိညာဉ်သခင်တွေ အနေနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ကောင်းကောင်း ဖလှယ်ချင်လို့ပါ”
“အကယ်လို့ စကားပြောဆိုမှုတွေ အဆင်ပြေခဲ့ရင် သခင်လေး လန်ချန်ကို ကျွန်တော်တို့ရဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းမှာ အမြဲတမ်း နေထိုင်သူ အဖြစ် ဖိတ်ခေါ်ချင်ပါသေးတယ်”
ဤနေရာတွင် နင်းဖုန်းကျီ၏ အကြည့်က သူ၏ အသွင်အပြင်ကို နောက်တစ်ကြိမ် ပြောင်းလဲထားသော လုချန်ဆီသို့ ရောက်သွားခဲ့၏။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကုရုံဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ဦးလေးအရိုး... ဒီလူရဲ့ မျက်နှာက စိမ်းနေတယ်။ သူက တကယ်ပဲ လန်ချန်လား”
ကုရုံ၏ နက်ရှိုင်းသော မျက်လုံးများက လုချန်၏ လုံးဝ အသစ်ဖြစ်နေသော အသွင်အပြင်ပေါ်တွင် စိုက်ကြည့်နေခဲ့သည်။ သေချာစွာ စစ်ဆေးပြီးနောက် သူက နောက်ဆုံးတွင် ခေါင်းညိတ်ကာ လုံးဝ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်၏။
“ဟုတ်တယ်... သူပဲ။ သူ့ရဲ့ အသွင်အပြင်က ကွဲပြားနေပေမဲ့ သူ့ရဲ့ အရှိန်အဝါကတော့ အရင်အတိုင်း နီးပါးပါပဲ”
နင်းဖုန်းကျီလည်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး ကုရုံကို ကိုယ်တိုင် ဦးဆောင်လာခဲ့သည်။ အကယ်၍ ချန်ရှင်းသာ တစ်ယောက်ယောက်ကို ချုံခိုတိုက်ခိုက်ရန် ထွက်လာပြီး လူမှားဖမ်းမိသွားပါက သူသည် ရယ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
နင်းဖုန်းကျီက တူကူပိုကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူ၏ လေသံမှာ အလွန် ယဉ်ကျေးနေဆဲ ဖြစ်သော်လည်း ငြင်းပယ်၍မရသော အခွင့်အာဏာ တစ်ခု ပါဝင်နေခဲ့သည်။
“အဆိပ်ပြင်း မြစိမ်းရောင်သခင်ကြီးကို ကျွန်တော်တို့ကို မျက်နှာသာ ပေးဖို့ တောင်းဆိုချင်ပါတယ်။ အနာဂတ်မှာ ခင်ဗျားပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ မြေးမလေးပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို လိုအပ်လာရင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”
သူတို့သည် ဆက်ဆံရေးကို လုံးဝ မဖြတ်တောက်သေးသော်လည်း လုချန်အပေါ် နင်းဖုန်းကျီ၏ မကောင်းသော ရည်ရွယ်ချက်များမှာ အတော်လေး သိသာထင်ရှားနေပြီ ဖြစ်သည်။
တူကူပိုက နင်းဖုန်းကျီ၏ အဆိုပြုချက်ကို မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ပြတ်သားစွာ ငြင်းပယ်လိုက်လေသည်။
“နင်းဖုန်းကျီ... ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ ငါရော၊ ညီအစ်ကို လန်ချန်ရော ခင်ဗျားတို့နဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို လုံးဝ လိုက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အခု ပြန်သွားရင် ဒီနေ့ ခင်ဗျားတို့ကို မတွေ့ခဲ့ဖူးသလိုပဲ ဟန်ဆောင်နေလိုက်မယ်”
“အကယ်လို့ ခင်ဗျားတို့က ခေါင်းမာမာနဲ့ ညီအစ်ကို လန်ချန်ကို အန္တရာယ်ပြုဖို့ ဆက်ပြီး တောင်းဆိုနေမယ်ဆိုရင်တော့ ငါ့ကို အရင် ကျော်ဖြတ်သွားရလိမ့်မယ်”
“မကြာသေးခင်က ငါ့ရဲ့ စွမ်းရည်တွေ တော်တော်လေး တိုးတက်လာခဲ့တယ်... ဒါကြောင့် ခင်ဗျားတို့ရဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက အရိုးတိုလော နဲ့ ဓား တိုလောကို လေ့ကျင့်ဖို့ ငါ အသုံးပြုလိုက်မယ်”
ယင်းကို ကြားသောအခါ နင်းဖုန်းကျီ၏ မျက်လုံးများ ချက်ချင်း မည်းမှောင်သွားပြီး တူကူပို၏ အရှက်ကင်းမဲ့မှုအတွက် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
ထို့နောက် သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့သွားပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါ တကယ်ကို နှမြောစရာကောင်းတာပဲ။ သခင်လေး လန်ချန်ကို ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို လာလည်ဖို့ အတင်းအကျပ် တောင်းဆိုရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ထင်ပါရဲ့”
“ဦးလေးဓား... ဒီလိုကိစ္စမျိုးတွေကို ဦးလေး ဘယ်တုန်းကမှ မကြိုက်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် အဆိပ်ပြင်း မြစိမ်းရောင်သခင်ကြီးကို အလုပ်ရှုပ်နေအောင် လုပ်ဖို့က ဦးလေး တာဝန်ပဲ။ သခင်လေး လန်ချန်ကိုတော့ ဦးလေးအရိုးက ဂိုဏ်းကို ပြန်ခေါ်သွားလိမ့်မယ်”
ချန်ရှင်းက ခေါင်းညိတ်လိုက်၏။ ဂိုဏ်းအတွင်းရှိ ကိစ္စအချို့ကို သူ သိထားသော်လည်း ဂိုဏ်းအတွက် အကျိုးရှိနေသရွေ့ သူ ကိုယ်တိုင် လုပ်မည်မဟုတ်သော်လည်း တားဆီးမည်လည်း မဟုတ်ပေ။
ယခုတစ်ကြိမ် နင်းဖုန်းကျီက သူ့ကို ကုရုံ နှင့်အတူ ခေါ်လာသောအခါ သူ အနည်းငယ် ခုခံလိုစိတ် ရှိခဲ့သော်လည်း ပြတ်သားစွာ မငြင်းပယ်ခဲ့ပေ။
တူကူပိုကို တားဆီးထားရန် ကိစ္စမှာမူ သူ၏အဖို့ ကိတ်မုန့်စားရသလို အလွန် လွယ်ကူသော ကိစ္စပင်။
ကုရုံက မကောင်းဆိုးဝါး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းတွင် ညစ်ပတ်သော အလုပ်များကို အမြဲတမ်း သူကသာ လုပ်လေ့ရှိပေသည်။
သူသတ်ခဲ့သော ပါရမီရှင် ဝိညာဉ်သခင်များမှာ တစ်ရာ မရှိလျှင်တောင် အနည်းဆုံး ရှစ်ဆယ်တော့ ရှိပေလိမ့်မည်။ သူတို့၏ အမြင်တွင် ယခုတစ်ကြိမ် လန်ချန်မှာ လုံးဝ ပြီးဆုံးသွားပြီဖြစ်သည်။
ပြဿနာတစ်ခုတည်းက လန်ချန်ကို ဖမ်းစဉ် တူကူပိုနှင့် တူကူရန်တို့ကိုပါ ဖုံးကွယ်ထားသော အန္တရာယ်များ မကျန်ရစ်စေရန် တစ်ခါတည်း ရှင်းပစ်သင့်၊ မသင့် ဆိုသည်သာ။
ရန်လိုနေသော ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း သုံးယောက်အဖွဲ့ကို ရင်ဆိုင်ရချိန်တွင် လုချန်က သူတို့ကို နောက်မှ လက်စားချေရန် ရည်ရွယ်ချက်ဖြင့် စိတ်ထဲမှ မှတ်သားထားလိုက်၏။
သို့သော် ယခုအချိန်တွင်မူ သူက အလွန် တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ညီအစ်ကို တူကူ... တောအုပ်ထဲမှာ ဆင်းကြရအောင်။ အဲဒါက ငါတို့အတွက် အကောင်းဆုံး စစ်မြေပြင်ပဲ”
တူကူပိုကလည်း လုချန်ပြောသည့်အတိုင်း တောအုပ်ထဲသို့ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းသုံးယောက်အဖွဲ့သည်လည်း သူတို့၏ အနောက်မှ အနီးကပ် လိုက်ပါလာပြီး တောအုပ်ဆီသို့ အတူတကွ ပျံသန်းသွားလာခဲ့ကြသည်။
အခန်း ၆၁ပြီး