အခန်း (၆၀) အဝေးမှ လှမ်းမြင်ရသော သူတော်စင်ဝိညာဉ်ကျေးရွာ
ဝိညာဉ်အရိုးကို စုပ်ယူပြီးနောက် လုချန်က မြေပြင်မှ ခုန်ထလိုက်ပြီး သူ့ကိုယ်သူ ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။ သေသပ်စွာ ဝတ်ဆင်ထားခဲ့သော သူ၏ အဝတ်အစားများမှာ ယခုအခါ ဖရိုဖရဲ ဖြစ်နေခဲ့လေပြီ။
လုချန်က ခေါင်းခါကာ အကူအညီမဲ့စွာ ပြုံးလိုက်၏။
“အရင်က ဝိညာဉ်ကွင်းကို စုပ်ယူတုန်းက ကြီးမားတဲ့ စွမ်းအင်တွေကြောင့် ငါ့ခန္ဓာကိုယ်က ဘောလုံးကြီး တစ်လုံးလို ဖောင်းကားသွားပြီး အဝတ်အစားတွေ စုတ်ပြဲသွားတာပဲ ဖြစ်ရမယ်”
စကားပြောပြီးသည်နှင့် လုချန်သည် သူ၏ အဝတ်အစားများကို ပေါ့ပေါ့ပါးပါး ဆွဲဖြဲလိုက်ပြီး သိုလှောင်ဝိညာဉ်ကိရိယာထဲမှ အဝတ်အစားသစ် တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်၏။
အဝတ်အစား လဲပြီးနောက် သူ၏ အသွင်ဖျောက်ထားမှုကို ပြန်လည် လုပ်ဆောင်ရန် အချိန်ကျလာပြီဖြစ်သည်။
“အရင် မျက်နှာဟောင်းကတော့ သေချာပေါက် သုံးလို့မရတော့ဘူး။ ဒီတစ်ခါ မျက်နှာသစ်တစ်ခု ပြောင်းဖို့ လိုတယ်။ ဆံပင်ကတော့ အရင်က အနက်ကနေ အပြာကို ပြောင်းသွားတယ်ဆိုတော့ အခု အပြာကနေ အနက်ကို ပြန်ပြောင်းလိုက်မယ်”
လုချန်က ချက်ချင်းပင် ငွေပြာနယ်ပယ်ကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ အသွင်ဖျောက်နိုင်စွမ်းကို အသုံးပြု၍ သူ၏ အသွင်အပြင်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်လေသည်။
သူ၏ ရှည်လျားသော အပြာရောင်ဆံပင်များက အလင်းတန်းတစ်ခုနှင့်အတူ အနက်ရောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ ငယ်ရွယ်ပြီး ချောမောသော မျက်နှာမှာလည်း အလင်းတန်းတစ်ခုနှင့်အတူ ယခင်က မည်သူမျှ မမြင်ဖူးသော သာမန် လူလတ်ပိုင်း မျက်နှာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုချန်သည် ၎င်းကို အလွန် ကျေနပ်သွားခဲ့သည်။
“အသက် ဆယ်နှစ်အရွယ် ဝိညာဉ်ကွင်း ခုနစ်ခုပါတဲ့ ဝိညာဉ်သူတော်စင်တစ်ယောက်ဆိုရင် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်တယ်... အသက် သုံးဆယ်အရွယ် ဝိညာဉ်ကွင်း ခုနစ်ခုပါတဲ့ ဝိညာဉ်သူတော်စင်ဆိုရင်တော့ သိပ်ပြီး ထူးခြားနေမှာ မဟုတ်ဘူး”
ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။
“အရင် တိုက်ပွဲတွေတုန်းက ဒီ ငွေပြာမြက်ပင်တွေက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်။ အခု ငါ့ရဲ့ ငွေပြာဘုရင် ဝိညာဉ်က ငွေပြာအင်ပါယာဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီ ဆိုတော့ သူတို့ကို တစ်ခုခု ပြန်လုပ်ပေးရမယ်”
နောက်တစ်ခဏတွင် သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ အဆက်မပြတ် ထည့်သွင်းပေးမှုနှင့်အတူ သူ၏ ငွေပြာနယ်ပယ်က အရပ်မျက်နှာ အားလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ၎င်းက ငွေပြာတောအုပ်တစ်ခုလုံးရှိ ငွေပြာမြက်ပင်များ အားလုံးကို လွှမ်းခြုံသွားခဲ့သည်။
“အားလုံးကို လွှမ်းခြုံနိုင်တဲ့ တောအုပ်”
လုချန်က စကားတစ်ခွန်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငွေပြာတောအုပ်တစ်ခုလုံးရှိ ငွေပြာမြက်ပင်များ အားလုံးက သူ၏ ငွေပြာနယ်ပယ် ကြောင့် ငွေပြာအင်ပါယာများအဖြစ် အတင်းအကျပ် ပြောင်းလဲခြင်း ခံလိုက်ရလေသည်။
ဆယ်နှစ်သက်တမ်း ငွေပြာမြက်ပင်၊ နှစ်တစ်ရာသက်တမ်း ငွေပြာမြက်ပင် သို့မဟုတ် နှစ်တစ်ထောင်သက်တမ်း ငွေပြာမြက်ပင်... ၎င်းတို့ အားလုံးသည် ယခုအချိန်တွင် ငွေပြာအင်ပါယ များအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့ အားလုံးသည် အားဆေးတစ်မျိုးမျိုး သောက်ထားသည့်အလား အရိုင်းအစိုင်းများကဲ့သို့ ကြီးထွားလာကြပြီး ပိုမို မြင့်မားကာ တောင့်တင်းလာကြလေသည်။
ဤပြောင်းလဲမှုမှာ အချိန်ကာလ တစ်ခုအတွက်သာ ဖြစ်၏။
လုချန်က သူ၏ ငွေပြာနယ်ပယ်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဤပြောင်းလဲသွားသော ငွေပြာအင်ပါယာများသည် ၎င်းတို့၏ မူလ ပုံစံများသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားပြီး သာမန် ငွေပြာမြက်ပင် များ ဖြစ်သွားကြမည်ဖြစ်သည်။
သို့သော် ဤတိုက်ကြီးပေါ်တွင် ရေတွက်၍မရသော ငွေပြာမြက်ပင်များစွာ ရှိပြီး ငွေပြာအင်ပါယာဖြစ်လာမည့် ခံစားချက်ကို ကြိုတင် ခံစားကြည့်ခွင့် ရခြင်းက သူတို့၏ အနာဂတ် ကြီးထွားမှုနှင့် ဆင့်ကဲပြောင်းလဲမှုအတွက် လုံးဝ အကျိုးရှိပေမည်။
ငွေပြာတောအုပ် တစ်ခုလုံးရှိ ငွေပြာအင်ပါယာများ အားလုံးသည် ယခုအချိန်တွင် ဝမ်းသာအားရ အော်ဟစ် ခုန်ပေါက်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အင်ပါယာက သူတို့ကို ဆင့်ကဲပြောင်းလဲမည့် လမ်းကြောင်းကို ပြသပေးခဲ့သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ငွေပြာတောအုပ်၏ အပြင်ဘက်တွင်။
တူကူပိုနှင့် တူကူရန်တို့သည် ငွေပြာတောအုပ် တစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်ကို ရုတ်တရက် သတိထားမိလိုက်ကြသည်။ တရှဲရှဲ အသံများနှင့်အတူ ကြီးထွားလာသော ငွေပြာနွယ်ပင် များသည် တောအုပ်အပြင်ဘက်သို့ပင် ရောက်ရှိလာကြလေသည်။
ယင်းကို မြင်သောအခါ တူကူရန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“အဘိုး... ဒါ ဘာတွေလဲ”
တူကူပိုကမူ အလွန် တည်ငြိမ်နေခဲ့သည်။
“မလန့်နဲ့... လန်ချန် လုပ်တာ ဖြစ်နိုင်တယ်။ သူ အသစ်ရလာတဲ့ စွမ်းရည်တွေကို စမ်းသပ်နေတာ နေမှာပါ”
တူကူပိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူက တူကူရန်ကို ခေါ်ဆောင်ကာ ကြီးထွားလာသော ငွေပြာနွယ်ပင်များက လူတွေကို ရုတ်တရက် တိုက်ခိုက် အန္တရာယ်ပေးလာမည်ကို ရှောင်ရှားရန် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားခဲ့သည်။
နာရီဝက်ခန့် အကြာတွင် ကြီးထွားလာသော ငွေပြာနွယ်ပင်များက တောအုပ်ထဲသို့ တစ်ခုပြီးတစ်ခု ပြန်လည် ဆုတ်ခွာသွားကြလေသည်။
ထို့နောက် သူစိမ်းတစ်ယောက်၏ ပုံရိပ်က ငွေပြာတောအုပ်ထဲမှ ထွက်ပေါ်လာပြီး တူကူပိုနှင့် တူကူရန်တို့ ရှိရာဆီသို့ တည့်တည့် လျှောက်လာကာ လက်ဝှေ့ယမ်းပြလိုက်၏။
“ညီအစ်ကို တူကူ၊ ယန်ယန်... မလန့်ပါနဲ့... ကျွန်တော်ပါ”
အသွင်ပြောင်းထားသော လုချန်ကို ကြည့်ကာ တူကူပိုက အံ့သြတကြီးဖြင့် စုပ်သပ်လိုက်ပြီး ပြောလိုက်သည်။
“လန်ချန်... မင်းရဲ့ အသွင်ဖျောက်နိုင်စွမ်းက ပိုပိုပြီး ကောင်းလာတာပဲ။ အခု ငါတောင် မင်းရဲ့ မျက်နှာပေါ်မှာ ဘာအမှားအယွင်းမှ မမြင်နိုင်တော့ဘူး”
“ဒီ ငွေပြာတောအုပ်ထဲမှာ မင်း တစ်ယောက်တည်းသာ မရှိဘူးဆိုရင် မင်းက လန်ချန်ဆိုတာကို ငါ ယုံမှာ မဟုတ်ဘူး”
တူကူရန်က လုချန်ကို အထက်အောက် တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်လိုက်လေသည်။ သာမန် လူလတ်ပိုင်း မျက်နှာနှင့် လုချန်က သူမ၏ ရင်ထဲတွင် မည်သည့် ခံစားချက်ကိုမျှ မဖြစ်ပေါ်စေပေ။
သူမက ခါးထောက်ကာ အနည်းငယ် နှမြောတသသော လေသံဖြင့် ပြောလိုက်၏။
“လန်ချန်... ရှင့်ရဲ့ မျက်နှာစစ်စစ်ကို ကျွန်မတို့ မြင်ပြီးပြီပဲ။ ဘာလို့ ကျွန်မတို့ရှေ့မှာ ဟန်ဆောင်နေဦးမှာလဲ”
ယခုအခါ တူကူရန်က သူ့ကို အဘိုးလန်ချန်ဟု မခေါ်တော့ဘဲ လန်ချန်ဟုသာ ခေါ်တော့သည်။
လုချန်က ပြုံးကာ ပြောလိုက်၏။
“သာမန်လူ တစ်ယောက်က အပြစ်ကင်းစင်ပေမဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာက ပြစ်မှုတစ်ခုပဲ။ ကျွန်တော့်ရဲ့ ပါရမီက မူလ အပြစ်တစ်ခုပါပဲ။ ညီအစ်ကို တူကူ နဲ့ ယန်ယန်တို့ပဲ ကျွန်တော့်ရဲ့ မျက်နှာစစ်စစ်ကို သိထားဖို့ပဲ လိုတယ်။ အနာဂတ်မှာ တိုက်ကြီး တစ်ခွင်သွားလာတဲ့အခါ မျက်နှာ ပြောင်းထားဖို့က မရှိမဖြစ် လိုအပ်တယ်”
တူကူပိုက လက်နောက်ပစ်ကာ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ မျက်လုံးများက စူးရှသော အလင်းတန်းများဖြင့် တောက်ပနေပြီး ပြောလိုက်၏။
“သတိထားတာ မှန်ပေမဲ့ အလွန်အမင်း သတိထားနေစရာတော့ မလိုပါဘူး။ အခု မင်းက အထောက်အကူပြု ဝိညာဉ်သူတော်စင်တစ်ယောက် ဖြစ်နေပြီဆိုတော့ မင်းရဲ့ အကူအညီနဲ့ တိုက်ကြီးပေါ်က ဘွဲ့ခံတိုလော အများစုကို ငါ ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်တယ်”
“အပြန်ခရီးမှာ ငါတို့ လုံးဝ ပွင့်ပွင့်လင်းလင်း သွားလို့ရတယ်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ဓားတိုလော နဲ့ အရိုးတိုလောတို့ကို မျှားခေါ်မိရင်တောင် အဆိုးဆုံး အခြေအနေမှာ သူတို့ကို တိုက်ခိုက်ပြီး သင်ခန်းစာ ပေးလိုက်ရုံပေါ့။ တူကူပိုက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ သူ မဟုတ်ဘူး”
သူတို့ သုံးယောက် စကားပြောနေစဉ် တူကူပိုသည် လုချန်ကို လက်တစ်ဖက်၊ တူကူရန်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လေထဲသို့ ရုတ်တရက် ခုန်တက်လိုက်ပြီး အဝေးသို့ အလျင်အမြန် ပျံသန်းသွားလေသည်။
ငွေပြာတောအုပ်သည် နယ်စပ် တောင်တန်းများတွင် တည်ရှိပြီး နော့တင်းမြို့ နှင့် မဝေးလှပေ။
လုချန်၏ လမ်းပြမှုဖြင့် တူကူပိုသည် နော့တင်းမြို့ အနီးသို့ ပျံသန်းသွားပြီး သူတော်စင်ဝိညာဉ်ကျေးရွာ နှင့် မဝေးသော တောင်ပေါ်တွင် ဆင်းသက်လိုက်၏။
တူကူပိုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“လန်ချန်... ဒီတစ်ဝိုက်မှာ ထူးခြားတာ တစ်ခုခု ရှိလို့လား။ မင်း ဒီမှာ တမင် လာရပ်ခိုင်းတာ ဘာအကြောင်း ရှိလို့လဲ”
လုချန်က ပြန်မဖြေပေ။ သူက မျက်လုံးမှိတ်ကာ ငွေပြာနယ်ပယ်ကို ထုတ်လွှတ်လိုက်ရာ သူတော်စငဝိညာဉ် ကျေးရွာဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ငွေပြာနယ်ပယ်ထဲရှိ ငွေပြာမြက်ပင်များ အားလုံးက သူ၏ မျက်လုံးများနှင့် နားများ ဖြစ်လာခဲ့ကြသည်။
ထို ငွေပြာမြက်ပင်များ၏ အမြင်မှတစ်ဆင့် လုချန်သည် သူ၏ မိဘများနှင့် သူတော်စင်ဝိညာဉ်ကျေးရွာ၏ ရွာသူကြီး ဂျက် အဘိုးအိုကို မြင်တွေ့လိုက်ရ၏။
သူ၏ မိဘများနှင့် ဂျက် အဘိုးအိုတို့ အားလုံး အဆင်ပြေနေသည်ကို မြင်တွေ့လိုက်ရသည်။
လုချန် စိတ်သက်သာရာ ရသွားလေသည်။
တကယ်တော့ လုချန်သည် အိမ်ပြန်၍ အလည်အပတ် သွားချင်ခဲ့သော်လည်း ယခုအချိန်တွင် ပြန်သွားခြင်းက သူ၏ သေဆုံးမှု ဖြစ်နိုင်ကြောင်း အသိတရားက သတိပေးနေခဲ့သည်။
လက်ရှိတွင် သူ့ထံ၌ ထန်ဟောက်ကို တိုက်ရိုက် ရင်ဆိုင်ရန် ခွန်အား မရှိသေးသော်လည်း သူ၏ ငွေပြာမြက်ပင် ဝိညာဉ်က ငွေပြာအင်ပါယာ ဝိညာဉ် အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထန်ဟောက်သာ ထိုအကြောင်းကို သိရှိသွားပါက သူ့ကို နှုတ်ပိတ်ရန် လာရောက် သတ်ဖြတ်မည်မှာ သေချာပေသည်။
တူကူပိုက သူ့ကို သေချာပေါက် ကာကွယ်ပေးမည် ဖြစ်သော်လည်း တူကူပိုက ထန်ဟောက်ကို ရင်ဆိုင်နိုင်မည်၊ မရင်ဆိုင်နိုင်မည်ဆိုတာကတော့ အတည်ပြုလို့ မရသေးပေ။
ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် ထန်ဟူသော မျိုးရိုးအမည်ရှိသူများကို သာမန် စံနှုန်းများဖြင့် သတ်မှတ်၍ မရပေ။
ပထမဆုံး ထန်စန်း အကြောင်း ပြောရလျှင် သူက နောက်ပိုင်းတွင် ပင်လယ်နတ်ဘုရား နှင့် အဇူရာနတ်ဘုရားဟူသော နတ်ဘုရားနှစ်ပါးကို ထိန်းချုပ်ကာ နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားဘုရင် ဖြစ်လာခဲ့သည်။ သူက ဝိညာဉ်ကုန်းမြေတိုက်ကြီးကို သူ၏ ကိုယ်ပိုင် ခြံဝင်းတစ်ခုအဖြစ်ပင် ဖန်တီးခဲ့သည်။
ထို့နောက် ထန်စန်း၏ ဖခင် ထန်ဟောက် ရှိသေးသည်။ သူသည် အသက် လေးဆယ့်လေးနှစ် အရွယ်တွင် ဘွဲ့ခံတိုလောတစ်ဦး ဖြစ်လာခဲ့ပြီး ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် အသက်အငယ်ဆုံး ဘွဲ့ခံတိုလော အဖြစ် ချီးကျူးခံခဲ့ရ၏။
ထန်ဟောက်၏ ဘဝဇာတ်ကြောင်းမှာ ထူးဆန်းသည်ဟု ဆိုရမည်။ သူသည် သတ်ဖြတ်ခြင်း မြို့တော်၊ ပင်လယ်နတ်ဘုရားကျွန်းကို စွန့်စားသွားလာခဲ့ပြီး ပန်းပဲသမားများ အဖွဲ့အစည်းတွင် နတ်ဘုရား ပန်းပဲဆရာဟူသော ဂုဏ်ပုဒ်ကိုပင် ရရှိခဲ့သည်။ ထို့အပြင် သူသည် ထန်ရှောင် နှင့် အားရင်တို့နှင့်အတူ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလည်း ရှိခဲ့လေသည်။
သူသည် အလွန် တာဝန်မဲ့သူ တစ်ဦးဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအရှိန်မှာ တိုက်ကြီးတစ်ခုလုံးကို ကျော်လွန်နေဆဲ ဖြစ်သည်။ သူသည် ထန်စန်း မတိုင်မီ ဝိညာဉ်တိုက်ကြီး၏ ကံကြမ္မာ၏ သားတော် တစ်ဦးနှင့် တူသည်ဟုဆိုလျှင် လွန်မည်မဟုတ်ပေ။
ထို့ကြောင့် လုချန်သည် ထန်ဟောက်ကို အလွန် မုန်းတီးသော်လည်း သူ့ကို အထင်မသေးရဲပေ။
သူသည် ထန်ဟောက်ကို သတ်ဖြတ်ပြီး ကမ္ဘာပေါ်တွင် ရက်စက်ကြမ်းကြုတ်ဆုံး ညှဉ်းပန်းနှိပ်စက်မှုကို ခံစားစေချင်ခဲ့သော်လည်း အရာအားလုံးက သူ့ထံ၌ လုံလောက်သော ခွန်အား ရှိလာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။
ထို့အပြင် ထန်စန်း နှင့် ထန်ဟောက်တို့ မတိုင်မီ ဝိညာဉ်တိုက်ကြီးတွင် ထန်ချန်လည်း ရှိသေးပြီး သူကလည်း အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးပင်။
ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် အကန့်အသတ် တိုလော သုံးပါး ရှိသည်။ ကောင်းကင်တမန်တိုလော ချန်တောက်လျို၊ ပင်လယ်နတ်ဘုရား တိုလော ယဇ်ပုရောဟိတ်ချုပ် ပါးဆိုင်ရှီး နှင့် ကောင်းကင်တိုလော ထန်ချန်တို့ ဖြစ်ကြသည်။
ချန်တောက်လျို နှင့် ယဇ်ပုရောဟိတ်ချုပ် ပါးဆိုင်ရှီး တို့ နှစ်ဦးစလုံးမှာ နတ်ဘုရားများ၏ အစေခံများ ဖြစ်ကြပြီး နတ်ဘုရားများ၏ အကျိုးကျေးဇူးများကို ရရှိခဲ့သောကြောင့် အကန့်အသတ် တိုလော အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထန်ချန်မှာ ကောင်းကင်တူကို အသုံးပြု၍ အကန့်အသတ်တိုလော အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် လုချန်သည် လက်စားချေလိုပါက ရေရှည်အတွက် စီစဉ်ရမည်ဖြစ်သည်။