အခန်း (၆) နော့တင်း အကယ်ဒမီ
လုချန်သည် လော့ဘိုရွာတွင် အလုပ်သင်ကျောင်းသားနေရာကို ရရှိခဲ့ပြီးနောက် သုံးလအကြာတွင် နော့တင်းမြို့ရှိ နော့တင်း အကယ်ဒမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။
သုံးလတိုင်တိုင် အသက်ရှူကျင့်ကြံပြီးနောက် လုချန်၏ ခွန်အားမှာ ပိုမိုတိုးတက်လာခဲ့၏။ ယခုအခါတွင် သူသည် ကျောပိုးအိတ်ကို လွယ်ကာ လုအန်း၊ ရိုစ့်တို့၏ လိုက်ပို့နှုတ်ဆက်မှုနှင့်အတူ ရွာထိပ်သို့ ရောက်ရှိလာခဲ့သည်။
ရွာလူကြီး ဂျက်ခ်နှင့် ရွာသားတစ်ဦးတို့က နွားလှည်းတစ်စီးဖြင့် ရွာထိပ်တွင် သူတို့ကို စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။
လုချန်တို့ မိသားစု သုံးယောက်ကို မြင်သောအခါ သူတို့က အနီးသို့ လျှောက်လာကြသည်။
ရွာလူကြီး ဂျက်ခ်က လက်ကမ်းပေးကာ လုချန်ကို ဆွဲခေါ်လိုက်ပြီး လုအန်းနှင့် ရိုစ့်တို့ကို လက်ပြရင်း ပြောလိုက်လေသည်။
“လုအန်း၊ ရိုစ့်... မင်းတို့ စိတ်ချလက်ချနဲ့ ပြန်ကြတော့။ ရှောင်ချန်ကို ငါ့ဆီသာ လွှဲထားလိုက်”
“ရှောင်ချန်ကို မြို့ထဲက နော့တင်းအကယ်ဒမီဆီ ဘေးကင်းကင်း ရောက်အောင် ငါ ပို့ပေးပါ့မယ်”
ရွာလူကြီး ဂျက်ခ်၏ စကားကို ကြားသောအခါ လုအန်းနှင့် ရိုစ့်တို့မှာ အလွန်ကျေးဇူးတင်သွားပြီး ကျေးဇူးတင်စကားကို အထပ်ထပ်အခါခါ ပြောဆိုခဲ့ကြလေသည်။ နောက်ဆုံးတွင် သူတို့သည် ရွာထိပ်မှ မခွဲခွာချင်ဘဲ ထွက်ခွာသွားကြပြီး ခြေလှမ်းအနည်းငယ် လှမ်းတိုင်း အနောက်သို့ လှည့်ကြည့်နေခဲ့ကြသည်။
လုအန်းနှင့် ရိုစ့်တို့ကို နှုတ်ဆက်ပြီးနောက် ရွာလူကြီး ဂျက်ခ်က လုချန်ကို နွားလှည်းပေါ်သို့ ကူညီတင်ပေးခဲ့ပြီးနောက် အချိန်အတော်ကြာ ထပ်မံစောင့်ဆိုင်းနေရပြန်သည်။
ထိုအချိန်တွင် ထန်စန်းက အိတ်ငယ်လေးတစ်လုံးကို ကိုင်ဆောင်ကာ နောက်ကျမှ ရောက်လာခဲ့သည်။ သူသည် ဖာထေးထားသော အဝတ်အစားအဟောင်းကို ဝတ်ဆင်ထားပြီး သူ၏ အိတ်ငယ်လေးထဲတွင်လည်း အလားတူ အဝတ်အစားဟောင်း အနည်းငယ်သာ ပါရှိသည်။
စောင်အိအိလေး၊ အဝတ်အစားသစ်များ၊ မျက်နှာသစ်ဇလုံ၊ တဘက်များနှင့် မိဘများပေးလိုက်သော ငွေပြားဒါဇင်ပေါင်းများစွာ ပါဝင်သည့် ကျောပိုးအိတ်ကြီးကို လွယ်ထားသော လုချန်နှင့်မူ တခြားစီပင်။
ဤအရာက ဖခင်တစ်ဦး၏ တာဝန်ဝတ္တရားများတွင် ထန်ဟောက် လုံးဝ ပျက်ကွက်ခဲ့ကြောင်း ပြသနေသော်လည်း ထန်စန်းမှာမူ မျက်ကန်းတစ္ဆေ ရိုသေကိုင်းရှိုင်းနေဆဲဖြစ်ရာ ပဒေသရာဇ်စနစ်၏ ထိုက်တန်သော ဆက်ခံသူတစ်ဦး ဖြစ်ပေသည်။
ထန်စန်းကို မြင်လိုက်ရသောအခါ ရွာလူကြီး ဂျက်ခ်၏ သဘောထားမှာ အတော်လေး အေးစက်နေခဲ့သည်။ သူက ထန်စန်းကို ဆွဲတင်ပေးရန် လက်ကမ်းမပေးဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။
“ရှောင်စန်း ရောက်လာပြီပဲ။ လှည်းပေါ်တက်... ငါတို့ မကြာခင် ထွက်တော့မယ်”
အတွေးနက်တတ်သော ထန်စန်းသည် ရွာလူကြီး ဂျက်ခ်၏ ပြောင်းလဲသွားသော သဘောထားကို သတိပြုမိလိုက်၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ ခံစားချက်အားလုံးကို ဖိနှိပ်ထားလိုက်သည်။
သူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး နွားလှည်းပေါ်သို့ တက်ကာ ထောင့်တစ်နေရာတွင် ထိုင်လိုက်သည်။
လုချန်၏ အိတ်ကြီးကို တစ်လှည့် သူ၏ အိတ်ငယ်လေးကို တစ်လှည့် ကြည့်ရင်း ထန်စန်းက ခေါင်းကို ငုံ့ထားကာ အတွေးများထဲ နစ်မြောနေခဲ့လေသည်။
လုချန်နှင့် ထန်စန်းတို့ကို တင်ပြီးနောက် ရွာလူကြီး ဂျက်ခ်က နွားလှည်းမောင်းသော ရွာသားကို နှုတ်ဆက်လိုက်သည်။ ရွာသားက သူ၏ ကြာပွတ်ကို ရမ်းကာ နွားအိုကြီး၏ တင်ပါးကို ဖွဖွလေး ရိုက်လိုက်သည်။ နွားအိုကြီးက အမြီးကို ခါယမ်းကာ နော့တင်းမြို့ဆီသို့ လှည်းကို ဆွဲခေါ်သွားလေသည်။
...
နော့တင်းမြို့သည် မြို့ငယ်လေးတစ်မြို့ ဖြစ်သော်လည်း ထျန်းတိုအင်ပါယာနှင့် ရှင်းလော့အင်ပါယာတို့၏ နယ်စပ်တွင် တည်ရှိသောကြောင့် ၎င်း၏ ပထဝီဝင်တည်နေရာမှာ အတော်လေး အရေးပါပေသည်။
တောင်နှင့်မြောက်သို့ သွားလာနေသော ကုန်သည်ယာဉ်တန်းများက ဤနေရာမှ ဖြတ်သန်းသွားလာကြသဖြင့် မြို့မှာ အတော်လေး စည်ကားလှ၏။
နော့တင်းမြို့ရှိ နော့တင်း အကယ်ဒမီသည် အခြေခံ ဝိညာဉ်သခင် အကယ်ဒမီတစ်ခုအနေဖြင့် ဝိညာဉ်နိုးထပြီးစ ကျောင်းသားသစ်များကို ခေါ်ယူနေခဲ့သည်။ ဝိညာဉ်သခင် ပါရမီပါသော ကလေးများကို ခြောက်နှစ်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
ခြောက်နှစ်အကြာတွင် ဝိညာဉ်စွမ်းအား အဆင့်ဆယ်သို့ ရောက်ရှိပါက မည်သည့် ဝိညာဉ်သားရဲကိုမဆို အမဲလိုက်နိုင်ပြီး ၎င်း၏ ဝိညာဉ်ကွင်းကို စုပ်ယူကာ ဝိညာဉ်ကွင်းတစ်ခု ဝိညာဉ်သခင်အဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ထိုအခါ နော့တင်း အကယ်ဒမီမှ ဘွဲ့ရရှိနိုင်မည်ဖြစ်သည်။
ဘွဲ့ရပြီးနောက် အလယ်အလတ်အဆင့် ဝိညာဉ်သခင် အကယ်ဒမီတွင် ဆက်လက်ပညာသင်ကြားရန် ရွေးချယ်သည်ဖြစ်စေ၊ အလုပ်ထွက်လုပ်သည်ဖြစ်စေ အင်အားစုအသီးသီး၏ အလိုရှိခြင်းကို ခံရမည်ဖြစ်သည်။
ဆင်းရဲသော မိသားစုများမှ ကလေးများအတွက်မူ ဤသည်မှာ သူတို့၏ ဘဝကို ပြောင်းလဲပေးမည့် ရွှေရောင်အခွင့်အရေးတစ်ရပ်ပင်။
နှစ်နာရီကျော်ကြာ ခရီးနှင်ပြီးနောက် ရွာလူကြီး ဂျက်ခ်နှင့် အဖွဲ့သည် နော့တင်းမြို့ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ရွာလူကြီး ဂျက်ခ်က ရွာသားကို မြို့ပြင်တွင် နွားလှည်းဖြင့် စောင့်နေရန် ပြောခဲ့ပြီး သူက လုချန်၊ ထန်စန်းတို့နှင့်အတူ နော့တင်းမြို့ထဲသို့ ဝင်ရန် တန်းစီခဲ့ကြ၏။ ထို့နောက် လူများကို လိုက်လံမေးမြန်းကာ နော့တင်း အကယ်ဒမီ တည်ရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။
နော့တင်း အကယ်ဒမီ၏ ပင်မတံခါးပေါက် တည်ရှိရာနေရာ။
ရွာလူကြီးဂျက်ခ်က လုချန်နှင့် ထန်စန်းတို့၏ ဝိညာဉ်လက်မှတ်များနှင့် အလုပ်သင်ကျောင်းသား လက်မှတ်များကို ထုတ်ယူလိုက်ပြီး နော့တင်း အကယ်ဒမီအဝင်ဝတွင် စောင့်နေသော တံခါးစောင့်ထံသို့ ပြုံးရွှင်သော မျက်နှာဖြင့် လျှောက်သွားခဲ့သည်။ သူက အလွန် ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။
“လူလေး... ဒါက ဒီကလေးနှစ်ယောက်ရဲ့ ဝိညာဉ်လက်မှတ်တွေနဲ့ အလုပ်သင်ကျောင်းသား လက်မှတ်တွေပါ။ သူတို့နှစ်ယောက်စလုံးက ဒီနှစ် နော့တင်း အကယ်ဒမီမှာ စာရင်းသွင်းထားတဲ့ ကျောင်းသားတွေပါ”
တံခါးစောင့် လူရွယ်က သူ၏ မျက်လုံးများတွင် မောက်မာမှု အရိပ်အယောင်တစ်ခုဖြင့် ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို ကြည့်လိုက်သည်။
သူက ချက်ချင်းပင် လှောင်ပြောင်လိုက်ပြီး ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်ကာ သရော်သည့် လေသံဖြင့် ပြောလိုက်ခေသည်။
“ငွေပြာမြက်ဝိညာဉ်ဟုတ်လား။ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်တဲ့လား။ နှစ်ယောက်တောင် ဟုတ်လား။ ငါ့ကို အရူးများ မှတ်နေသလား”
“မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ဆိုတဲ့ သဘောတရားက ဘာလဲ။ နော့တင်း အကယ်ဒမီ သမိုင်းမှာ ဒီလိုပါရမီရှင်မျိုး ငါတို့ တစ်ခါမှ မတွေ့ဖူးဘူး”
“မင်းတို့တွေက နော့တင်း အကယ်ဒမီထဲ ခိုးဝင်ပြီး အလကား လာစားချင်နေတဲ့ တောင်းစားသူတွေနဲ့ လိမ်လည်သူတွေပဲ ဖြစ်ရမယ်။ အခုချက်ချင်း ထွက်သွားကြစမ်း... မဟုတ်ရင် ငါ ကိုယ်ထိလက်ရောက် လုပ်ရလိမ့်မယ်”
စကားပြောနေရင်း တံခါးစောင့်က စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်၏။
ရွာလူကြီး ဂျက်ခ်မှာ စိတ်ဆင်းရဲသွားပုံရပြီး မြေပြင်ပေါ်သို့ လွှင့်ပစ်ခံလိုက်ရသော ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်များကို ကုန်းကောက်လိုက်သည်။
သူက ဖုန်များကို သေချာစွာ ခါထုတ်လိုက်ပြီးနောက် တံခါးစောင့်နှင့် အငြင်းပွားရန် အသင့်အနေအထားဖြင့် မော့ကြည့်လိုက်လေသည်။
သို့သော်လည်း ဤအရာကို မျှော်လင့်ထားပြီးဖြစ်သော လုချန်က စကားတစ်ခွန်းမျှ မဆိုဘဲ ရှေ့သို့တိုးလာကာ သံမဏိကဲ့သို့ မာကျောသော သူ၏လက်ဖြင့် တံခါးစောင့်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး အပြင်ဘက်သို့ အတင်းအကျပ် ဆွဲခေါ်သွားလိုက်သည်။
လုချန်က လမ်းလျှောက်နေရင်း ဆက်တိုက် ပြောလိုက်လေသည်။
“အဲ့ဒီ ဝိညာဉ်လက်မှတ်က ဝိညာဉ်ခန်းမဆောင်က စုယွင်ထောင် သခင်ကြီး ကိုယ်တိုင် ထုတ်ပေးထားတာ။ မင်း မယုံဘူးဆိုရင် အခုချက်ချင်း သူ့ဆီသွားပြီး မျက်နှာချင်းဆိုင် ရှင်းခိုင်းမယ်”
တံခါးစောင့်မှာ လုံးဝ မှင်သက်သွားရသည်။ လုချန်က မယုံနိုင်လောက်အောင် ခွန်အားကြီးမားလှသည်။ သူက တံခါးစောင့်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဟန်ချက်ပျက်သွားအောင် ဆွဲခေါ်သွားသဖြင့် ခုခံရန် အခွင့်အရေးပင် မရလိုက်ပေ။
လုချန်၏ တောက်ပသော မျက်လုံးများ၊ လေးနက်မှုနှင့် စိတ်ပိုင်းဖြတ်ထားမှုများ ပြည့်နှက်နေသော ငယ်ရွယ်သည့် မျက်နှာ၊ တောင့်တင်းပြီး မတ်မတ်ရပ်နေသော ကိုယ်ဟန်နှင့် ကျယ်လောင်သော အသံတို့ကို ကြည့်ရင်း တံခါးစောင့်မှာ ကြောက်လန့်လွန်း၍ မျက်နှာ ဖြူရော်သွားခေသည်။
‘ဒီကောင်လေးက ခြောက်နှစ်အရွယ် ဟုတ်လို့လား’
တံခါးစောင့်၏ စိတ်ထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူသည် လုချန်၏ ဆွဲခေါ်ခြင်းကို ခုခံနိုင်စွမ်းမရှိဘဲ ပါသွားလေသည်။
လုချန်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းမထွက်နိုင်ကြောင်း သိလိုက်ရသောအခါ တံခါးစောင့်မှာ ပြာယာခတ်သွားရသည်။ သူသာ ဝိညာဉ်ခန်းမဆောင်မှ ဝန်ထမ်းများနှင့် ထိပ်တိုက်တွေ့ဆုံရပြီး သူတို့က မျက်မှောင်ကြုတ်လိုက်ရုံမျှဖြင့် သူ တံခါးစောင့်အလုပ် ပြုတ်သွားပေလိမ့်မည်။
ထို့နောက် သူက အော်ဟစ်လိုက်၏။
“ကောင်းပြီ... ကောင်းပြီ... အခု ငါ မင်းကို ယုံပါပြီ။ ငါ့ကို လွှတ်ပေးပါတော့။ နော့တင်းအကယ်ဒမီထဲ ဝင်သွားပြီး စာသင်ဆောင်ထဲက ကျောင်းရေးရာဌာနဆီ တိုက်ရိုက်သွားပြီး မှတ်ပုံတင်လိုက်ပါ”
ဤစကားကို ကြားသောအခါ လုချန်က သူ့ကို ရုတ်တရက် လွှတ်ပေးလိုက်ရာ တံခါးစောင့်မှာ အငိုက်မိသွားပြီး မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားရသည်။
လုချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး အနောက်သို့ လှည့်ကာ ရွာလူကြီးဂျက်ခ်၏ လက်ထဲမှ ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို ယူလိုက်ရင်း ပြုံးကာ နှုတ်ဆက်လိုက်၏။
“သွားပါဦးမယ် ရွာလူကြီးအဘိုး... အဘိုး ကျွန်တော့်ကို လိုက်ပို့စရာ မလိုတော့ပါဘူး။ ကျွန်တော် နော့တင်းအကယ်ဒမီကို သွားပြီး မှတ်ပုံတင်လိုက်ပါ့မယ်”
ရွာလူကြီးဂျက်ခ်က တံခါးစောင့် လူရွယ်ကို ဝင့်ကြွားသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လုချန်၏ စကားကို ကြားသောအခါ ကြင်နာစွာ မှာကြားလိုက်သည်။
“ရှောင်ချန်... နော့တင်းအကယ်ဒမီကို ရောက်ရင် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး စာကြိုးစားရမယ်။ မင်း ကျောင်းပြီးရင် မွန်မြတ်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမှာပဲ။ အဘိုး မင်းအတွက် ဂုဏ်ယူနေမှာပါ”
တစ်ချိန်တည်းမှာပင် ရွာလူကြီးဂျက်ခ်နှင့် လုချန်တို့၏ နွေးထွေးသော နှုတ်ဆက်မှုကို ကြည့်နေသော ထန်စန်း၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းများ ဖုံးလွှမ်းသွားပြီး ခံစားချက်များ လှိုင်းထကာ မသက်မသာ ဖြစ်သွားရလေသည်။
ထို့နောက် ထန်စန်းက အနီးသို့ ချဉ်းကပ်လာပြီး တိုးညင်းသော လေသံဖြင့် ပြောလိုက်၏။
“ရွာလူကြီးအဘိုး... ကျွန်တော်လည်း စာရင်းသွင်းထားပါတယ်”
ထန်စန်း စကားပြောသည်ကို ကြားမှသာ ရွာလူကြီး ဂျက်ခ်သည် ထန်စန်းကို သတိထားမိသွားပုံရပြီး ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို လှမ်းပေးကာ ပေါ့ပေါ့ဆဆပင် ပြောလိုက်လေသည်။
“ရှောင်စန်း... မင်းဘာသာ သွားပြီး မှတ်ပုံတင်လိုက်တော့”
ထန်စန်းကို လွှတ်လိုက်ပြီးနောက် ရွာလူကြီးဂျက်ခ်သည် လုချန်ကို နောက်ဆုံးအနေဖြင့် အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် အပြည့်အဝ ကျေနပ်စွာဖြင့် လှည့်ထွက်သွားလေသည်။
ထန်စန်းက သူ၏ ဝိညာဉ်လက်မှတ်နှင့် အလုပ်သင်ကျောင်းသား လက်မှတ်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ထိုနေရာ၌ ရပ်ကျန်ခဲ့သည်။
အခန်း ၆ပြီး