အခန်း (၅၁) ဆောင်းဦးနှင်းရည်
တူကူပိုသည် အစွမ်းထက်သော ဘွဲ့ခံတိုလော တစ်ဦးဖြစ်ပြီး ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ပိုင်ဆိုင်ထား၏။
မြေနဂါး ရွှေဖရဲသီးသည် ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ခုအနေဖြင့် ထိပ်တန်းအဆင့် အင်မော်တယ် ဆေးမြစ်တစ်ခုအဖြစ် သတ်မှတ်ခံရသော်လည်း သက်တမ်း သောင်းနှင့်ချီရှိသော ဝိညာဉ်သားရဲ တစ်ကောင်နှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။
ထို့ကြောင့် ကြီးမားလှသော မြေဒြပ်စင် စွမ်းအင်များကို တူကူပိုက အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။
ထို့နောက် တူကူပိုသည် ဤ မြေဒြပ်စင် စွမ်းအင်များကို စနစ်တကျ စတင် သန့်စင်လေတော့သည်။
သန့်စင်ပြီးသော စွမ်းအင်များက သူ၏ အတွင်းကလီစာများနှင့် ခြေလက်များဆီသို့ စီးဆင်းသွားပြီး တူကူပို၏ အိုမင်းနေသော ခန္ဓာကိုယ်ကို ဒုတိယမြောက် နွေဦးရာသီ တစ်ခု ပေးစွမ်းလိုက်လေသည်။
သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ယခုအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး မြေနဂါး ရွှေဖရဲသီး၏ စွမ်းအင်များကို လောဘတကြီး စုပ်ယူကာ သက်စောင့်အသက်သွေး စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။
တူကူပိုလည်း ဝမ်းသာအံ့သြ ဖြစ်နေခဲ့ရသည်။ သူ၏ အသက်အရွယ်အရ သူ၏ အလားအလာများက ကျဆင်းနေလေပြီ။
သို့သော် အင်မော်တယ် ဆေးမြစ်၏ စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် နုပျိုလာခဲ့ပြီး ၎င်းက သူ့ကို ငယ်ရွယ်နုပျိုအောင် ပြန်လည် လုပ်ဆောင်ပေးလိုက်သည်နှင့် အတူတူပင်ဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ခန္ဓာကိုယ်သာမက ဝိညာဉ်စွမ်းအားကပါ ဤစွမ်းအင်များကို စုပ်ယူပြီးနောက် နှေးကွေးသော်လည်း တည်ငြိမ်သော နှုန်းဖြင့် စတင် တိုးတက်လာခဲ့၏။
ဒီအရာအတွက် တူကူပို ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်ပါမည်နည်း။
ဒီအချိန်အထိတော့ အရာအားလုံး အဆင်ပြေနေခဲ့သည်။
သို့သော် တူကူပို၏ မြစိမ်းရောင် မြွေကြီးဝိညာဉ်က ရုတ်တရက် မငြိမ်မသက် ဖြစ်လာပြီး မြေနဂါး ရွှေဖရဲသီး၏ ဆေးအာနိသင်များကို လောဘတကြီး လိုချင်တပ်မက်မှု ပြသလာခဲ့ဆလသည်။
တူကူပို၏ အမိန့်မပါဘဲ မြစိမ်းရောင်မြွေကြီးက ၎င်း၏ သွေးရောင်ပါးစပ်ကြီးကို ဖွင့်ကာ မြေနဂါး ရွှေဖရဲသီး၏ ဆေးအာနိသင်များကို မျိုချပစ်လိုက်သည်။
တူကူပို ၎င်းကို သတိထားမိသွားပြီးနောက် မတားဆီးခဲ့ပေ။ ယင်းအစား သူက မျှော်လင့်ချက် တစ်ခုဖြင့် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။
‘ငါ့ရဲ့ မြစိမ်းရောင်မြွေကြီးက မြစိမ်းရောင်နဂါးအင်ပါယာအဖြစ် ဆင့်ကဲပြောင်းလဲဖို့ အခွင့်အရေးများ ရှိနေသေးမလား မသိဘူး’
အချိန်အနည်းငယ် အကြာတွင် တူကူပိုက သူ၏ မြစိမ်းရောင် မြွေကြီးဝိညာဉ်သည် မြေနဂါး ရွှေဖရဲသီး၏ စွမ်းအင်များကို စုပ်ယူပြီးနောက် ဆင့်ကဲပြောင်းလဲမည့် လက္ခဏာများ ပြသလာကြောင်း စူးရှစွာ သတိထားမိလိုက်သည်။
တူကူပို ချက်ချင်းပင် တက်ကြွသွားပြီး သူ၏ ဝိညာဉ်ကို စောင့်ကြည့်ရန် ပို၍ပင် အာရုံစိုက်လိုက်ဆလသည်။
သို့သော် ခဏအကြာတွင် တူကူပို မျက်မှောင်ကြုတ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မြစိမ်းရောင် မြွေကြီးဝိညာဉ်မှာ နဂါးအဖြစ်သို့ ပြောင်းလဲမည့် လက္ခဏာ လုံးဝ မပြသသောကြောင့်ပင်။
၎င်းက ဆင့်ကဲပြောင်းလဲနေသော်လည်း မြွေ လမ်းကြောင်းဘက်သို့သာ ဆက်လက် ဆင့်ကဲပြောင်းလဲနေခြင်း ဖြစ်သည်။
များစွာ စဉ်းစားပြီးနောက် တူကူပိုက ကောက်ချက်တစ်ခုကို အလျင်အမြန် ချလိုက်၏။
‘ငါ့ရဲ့ မြစိမ်းရောင် မြွေဝိညာဉ်က ငါ ဘွဲ့ခံတိုလော အဖြစ် ကျော်ဖြတ်တဲ့နေ့မှာပဲ သူ့ရဲ့ မူလ အရင်းအမြစ်နဲ့ ကြီးထွားမှု လမ်းကြောင်းက လုံးဝ ပုံသေ ဖြစ်သွားခဲ့ပြီ’
‘ဒီ မြေနဂါး ရွှေဖရဲသီးက အံ့မခန်း ဆေးဖက်ဝင် အာနိသင်တွေ ရှိတာ မှန်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပုံသေ ဖြစ်သွားပြီဖြစ်တဲ့ ငါ့ဝိညာဉ်ရဲ့ မူလ အရင်းအမြစ်နဲ့ ကြီးထွားမှု လမ်းကြောင်းကို လုံးဝ ကွဲပြားတဲ့ လမ်းကြောင်းတစ်ခုဆီ အတင်းအကျပ် ကွေ့ဝိုက်သွားစေဖို့ မလုံလောက်ဘူး’
‘ငါ့ရဲ့ မြစိမ်းရောင်မြွေကြီးဝိညာဉ်က မြေနဂါး ရွှေဖရဲသီးရဲ့ ဆေးအာနိသင်တွေကို စုပ်ယူပြီးနောက် ဆင့်ကဲပြောင်းလဲမယ့် လက္ခဏာတွေ ပြသလာပေမဲ့ အဲဒါက မြစိမ်းရောင်မြွေ ဘိုးဘေးကြီးလမ်းကြောင်းဘက်ကို ဆင့်ကဲပြောင်းလဲနေတာပဲ’
‘ဒါကပဲ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပုံရတယ်။ ငါ့ရဲ့ ဘဝက လုံးဝသတ်မှတ်ချက်ထဲ ရောက်သွားပြီ... ငါက မြစိမ်းရောင် မြွေ၊ မြစိမ်းရောင် မြွေကြီး၊ မြစိမ်းရောင်မြွေဘိုးဘေးကြီးဆိုတဲ့ ဒီလမ်းကြောင်းကိုပဲ ဆက်သွားလို့ ရတော့မယ်’
‘နဂါးအဖြစ် အသွင်မပြောင်းနိုင်ဘူးဆိုပေမဲ့ ငါ့ရဲ့ ဝိညာဉ်က ဆက်ပြီး ဆင့်ကဲပြောင်းလဲနေမယ်ဆိုရင် ဘွဲ့ခံတိုလောတွေထဲမှာ အကောင်းဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာဖို့ လုံလောက်ပါတယ်’
ယင်းကို တွေးပြီးနောက် တူကူပိုသည် နဂါး အဖြစ် အသွင်ပြောင်းရန် ဆက်လက် မမျှော်လင့်တော့ဘဲ သူ၏ ဝိညာဉ် ဆင့်ကဲပြောင်းလဲမှုနှင့် ဝိညာဉ်စွမ်းအား တိုးတက်မှုကို အရှိန်မြှင့်ရန် မြေနဂါး ရွှေဖရဲသီး၏ စွမ်းအင်များကို စိတ်နှစ်ကာ စတင် စုပ်ယူလေတော့သည်။
တူကူပိုမှာ အတော်လေး သဘောထားကြီးသူ ဖြစ်၏။ သူ၏ ဝိညာဉ်မှာ နဂါးအဖြစ် အသွင်မပြောင်းနိုင်ကြောင်း သိလိုက်ရပြီးနောက် သူသည် အချိန်တိုအတွင်းမှာပင် အမှန်တရားကို လက်ခံလိုက်လေသည်။
သို့သော် အပြင်ဘက်တွင်မူ။
မျက်လုံးမှိတ်ထားသော တူကူပို တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ပြီး တစ်ခါတစ်ရံ မျက်ခုံးများ ပြေလျော့သွားသည်ကို တူကူရန်နှင့် လုချန်တို့က စောင့်ကြည့်နေခဲ့ကြ၏။
တူကူရန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“အဘိုး လန်ချန်... သမီး အဘိုး ဘာဖြစ်လို့လဲ။ မြေနဂါး ရွှေဖရဲသီးကို စုပ်ယူရတာ ခက်နေလို့လား။ ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ”
လုချန်က တူကူပို၏ အရှိန်အဝါကို အာရုံခံကြည့်လိုက်လေသည်။
“ကံကောင်းတာက စိုးရိမ်စရာ မလိုပါဘူး။ ညီအစ်ကို တူကူရဲ့ အရှိန်အဝါတွေက တည်တည်ငြိမ်ငြိမ်နဲ့ မြင့်တက်နေတယ်.. အဲဒါက မြေနဂါး ရွှေဖရဲသီးကို စုပ်ယူနေတာ အရမ်း အဆင်ပြေနေတယ်လို့ ဆိုလိုတာပဲ”
“မျက်မှောင်ကြုတ်နေတာကတော့ မြေနဂါး ရွှေဖရဲသီးကို စုပ်ယူတာက ညီအစ်ကို တူကူရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီလို့ ဖြစ်နိုင်တယ်”
“ဘာပဲဖြစ်ဖြစ် ညီအစ်ကို တူကူက ဘွဲ့ခံတိုလော တစ်ယောက် ဖြစ်နေပြီလေ... မြေနဂါး ရွှေဖရဲသီးက အင်မော်တယ် ဆေးမြစ်ဖြစ်ရင်တောင် မင်း နဂါးမူလ အသီးကို စားပြီးတဲ့နောက်မှာ ဖြစ်သွားသလိုမျိုး ညီအစ်ကို တူကူကို အတွင်းကနေ အပြင်အထိ လုံးဝ အသွင်ပြောင်းသွားစေဖို့ မလုံလောက်ဘူး”
“မင်းက ဝိညာဉ်အကြီးအကဲပဲ ရှိသေးတာ။ နဂါးမူလ အသီးကို စုပ်ယူပြီးတဲ့နောက် မင်းရဲ့ ဝိညာဉ်စွမ်းအား က ဆယ်ဆင့်လောက် တက်သွားနိုင်တယ်။ ညီအစ်ကို တူကူအတွက်ကတော့ မြေနဂါး ရွှေဖရဲသီးကို စုပ်ယူပြီးတဲ့နောက် ဝိညာဉ်စွမ်းအား တစ်ဆင့် တက်သွားနိုင်တယ်... အဲဒါက တကယ်ကို ကွာခြားချက်ပဲ”
တူကူရန်က ရုတ်တရက် သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်၏။
တူကူပို အဆင်ပြေကြောင်း သေချာသွားပြီးနောက် တူကူရန်က လုချန်ဘက်သို့ လှည့်ကာ ကောက်ကျစ်သော အပြုံးလေးဖြင့် ပြောလိုက်သည်။
“အဘိုး လန်ချန်... အဘိုးရဲ့ အခု ရုပ်ရည်က အတုကြီး... ရန်သူတွေ ရန်ကနေ ပုန်းအောင်းဖို့ အသွင်ပြောင်းထားတာလို့ ပြောတာ သမီး ကြားဖူးတယ်”
“အခု ဒီမှာ တခြားလူတွေမှ မရှိတာ... ဘာလို့ ဟန်ဆောင်နေဦးမှာလဲ။ အဲဒါက အရမ်း ပင်ပန်းတယ် မဟုတ်ဘူးလား။ အသွင်ပြောင်းထားတာကို ဖယ်လိုက်ရင် မကောင်းဘူးလား”
ပြီးခဲ့သော အကြိမ်က လုချန် ရေခဲမီးလျှံရေပူစမ်းထဲတွင် ကိုယ်လုံးတီးဖြင့် စိမ်နေစဉ် တူကူရန်က ခေတ္တမျှ လှမ်းကြည့်ခဲ့ဖူးသည်။ သူ၏ ကျယ်ပြန့်သော ပခုံးများ၊ သေးသွယ်သော ခါး၊ အချိုးကျသော ကြွက်သားများနှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေတို့ကြောင့် သူမကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့လေသည်။
နောက်ပိုင်းတွင် တူကူရန်က ခန့်မှန်းချက် အချို့ ပြုလုပ်ခဲ့၏။ လုချန်၏ ခန္ဓာကိုယ်မှာ အသက် သုံးဆယ်အရွယ် အမျိုးသား တစ်ဦး၏ ခန္ဓာကိုယ်နှင့် သေချာပေါက် မတူညီပေ။
တကယ့် လုချန်မှာ ယခု သူ ထင်ရသည်ထက်ပင် ပို၍ ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်ပေသည်။
ဤသည်က တူကူရန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး လုချန်၏ အသွင်ပြောင်းမှု နောက်ကွယ်မှ မျက်နှာအစစ်အမှန်ကို သူမ သိချင်နေခဲ့သည်။
ယခုအချိန်တွင် လုချန်က သူ၏ အသွင်ပြောင်းထားမှုကို ဖယ်ရှားရန် မည်သည့် ဆန္ဒမျှ မပြသပေ။ ထို့ကြောင့် သူက ရယ်မောလိုက်ပြီး စကားလွှဲကာ ပြောလိုက်၏။
“ယန်ယန်... ငါက အိုမင်းပြီး အရုပ်ဆိုးတယ်။ မင်းကို မလန့်စေချင်လို့ ဒီအတိုင်းပဲ ထားတာ ပိုကောင်းပါတယ်”
“ဒီနေရာကို စောင့်ကြည့်ပေးထားနော်။ ညီအစ်ကို တူကူရဲ့ မြေနဂါး ရွှေဖရဲသီးကို စုပ်ယူမှုက အခု လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတော့ ငါတို့ နှစ်ယောက်စလုံး စောင့်ကြည့်နေစရာ မလိုတော့ဘူး”
“ဝိညာဉ်သားရဲကို မရှာခင် ငါ့ရဲ့ အခြေခံကို ခိုင်မာစေဖို့နဲ့ ငါ့ရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းက ပိုမြင့်တဲ့ သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်အောင် ကြိုးစားဖို့အတွက် နောက်ထပ် အင်မော်တယ် ဆေးမြစ်တစ်ခုကို ငါ စုပ်ယူကြည့်ဦးမယ်”
ထိုသို့ပြောပြီးနောက် လုချန်သည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားခဲ့လိုက်သည်။
တူကူရန်က လုချန် ထွက်သွားသည့် ကျောပြင်ကို ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့ရသည်။
လုချန်က ဖုံးကွယ်ရန် ကြိုးစားလေလေ တူကူရန်က ပို၍ သိချင်လေလေပင်။
တူကူရန်က နှုတ်ခမ်းကို ကိုက်ကာ စိတ်ထဲမှ တွေးလိုက်၏။
‘ပိုပြီး မကြည့်ခိုင်းလေ... ပိုပြီး ကြည့်ချင်လေပဲ။ လန်ချန်က သူ အိုမင်းပြီး အရုပ်ဆိုးတယ်လို့ ပြောပေမဲ့ ငါ မယုံဘူး။ တစ်နေ့ကျရင် အဲဒီမျက်နှာဖုံး အောက်က မင်းရဲ့ မျက်နှာစစ်စစ်ကို ငါ ကြည့်ရမယ်’
အခြားတစ်ဖက်တွင် လုချန်သည် သူ၏ ပစ်မှတ်ကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ တောက်ပနေသော နှင်းပေါက်လေး အချို့ တွဲလောင်းကျနေသည့် သေးငယ်ပြီး မြစိမ်းရောင်ရှိသော မြက်ပင်လေး တစ်ပင် ဖြစ်သည်။
ဆောင်းဦးနှင်းရည်။
ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပေးနိုင်သော အင်မော်တယ် ဆေးမြစ်ပင်။
လုချန်သည် ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်း ဟူသော အင်မော်တယ် ဆေးမြစ်နှစ်ခုကို စားသုံးထားသည်မှာ လဝက်ခန့် ရှိပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အတော်လေး အသားကျနေပြီ ဖြစ်သည်။
မကြာမီ လုချန်၏ သတ္တမမြောက် ဝိညာဉ်ကွင်းအဖြစ် ငွေပြာဘုရင်ကို အမဲလိုက်ရန် သွားကြတော့မည် ဖြစ်သည်။
ယခုအခါ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဤဆောင်းဦးနှင်းရည်ကို စားရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။
လုချန်သည် ဆောင်းဦးနှင်းရည်ကို ကျွမ်းကျင်စွာ ခူးယူလိုက်ပြီး ခေါင်းပေါ်သို့ မြှောက်ကာ ပါးစပ်နားသို့ ယူလာခဲ့သည်။
သူက မြက်ပင်ကို အနည်းငယ် စောင်းလိုက်ရာ ၎င်းပေါ်ရှိ နှင်းပေါက် အနည်းငယ်က သူ၏ ပါးစပ်ထဲသို့ ကျဆင်းသွားလေသည်။
ထိုနှင်းပေါက်လေးများ မရှိတော့သည်နှင့် လုချန်၏ လက်ထဲရှိ မြက်ပင်လေးမှာ အလျင်အမြန် ညှိုးနွမ်းသွားပြီး သက်စောင့်အသက်သွေး စွမ်းအင် အားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
ဆောင်းဦးနှင်းရည်၏ အနှစ်သာရမှာ ထိုနှင်းပေါက်လေး အနည်းငယ်ပေါ်တွင်သာ တည်ရှိခြင်း ဖြစ်ပေသည်။
လုချန်၏ လည်စေ့က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ နှင်းပေါက်လေး အနည်းငယ်ကို မျိုချပြီးနောက် သူ ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ထိုနှင်းပေါက်များ၏ စွမ်းအင်များကို စတင် သန့်စင်လေတော့သည်။
ချက်ချင်းဆိုသလိုပင် လန်းဆန်းပြီး ခွန်အားဖြစ်စေသော အသက်ရှူသံတစ်ခုက သူ၏ ဝမ်းဗိုက်မှ ဦးနှောက်ဆီသို့ တက်လာခဲ့သည်။
ယင်းက လုချန်ကို လန်းဆန်းတက်ကြွသွားစေပြီး သူ၏ စိတ်ထဲတွင် အေးမြလန်းဆန်းသော ခံစားချက်ကို ရရှိကာ သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ အလျင်အမြန် စတင် တိုးတက်လာလေတော့သည်။