အခန်း (၅၀) မြေနဂါး ရွှေဖရဲသီး
ကြွပ်ရွသော အရေခွံနှင့် နူးညံ့သော အသားများပါဝင်ပြီး အလွန်မွှေးကြိုင်လှသည့် ကောင်းမွန်စွာ ကင်ထားသော မြက်ကြက်ကို လုချန်၊ တူကူပိုနှင့် တူကူရန်တို့က အချိန်တိုအတွင်း ပြောင်စင်သွားအောင် စားသောက်လိုက်ကြ၏။
ကံကောင်းထောက်မစွာဖြင့် ဤ မြက်ကြက် ဝိညာဉ်သားရဲမှာ သက်တမ်း ၂၅၀ ရှိပြီး အတော်လေး ကြီးမားနေ၍သာ။ သို့မဟုတ်ပါက လူသုံးယောက်မျှစားရန် လုံလောက်မည် မဟုတ်ပေ။
သူတို့ သုံးယောက် မြက်ကြက်ကို စားသောက်ပြီးနောက် အခြေခံအားဖြင့် ဗိုက်ဝသွားကြကာ ရေခဲမီးလျှံရေပူစမ်းသို့ ပြန်လာခဲ့ကြလေသည်။
ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ခြိမ်းခြောက်မှုကြောင့် သူတို့သည် ယခုအခါ အပြင်သို့ မထွက်နိုင်ကြသဖြင့် လာမည့် အချိန်ကာလ တစ်ခုအထိ ရေခဲမီးလျှံရေပူစမ်းထဲတွင်သာ ပုန်းအောင်းနေရမည် ဖြစ်၏။
ရေခဲမီးလျှံရေပူစမ်း ချိုင့်ဝှမ်းအတွင်း၌ အလွန် ကြမ်းတမ်းသော ရေခဲနှင့် မီးလျှံ စွမ်းအင်များ တည်ရှိနေခဲ့သည်။ လူဖြစ်စေ ဝိညာဉ်သားရဲ ဖြစ်စေ ဤစွမ်းအင်များကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိပါက ပေါက်ကွဲ၍ သေဆုံးသွားမည့် ရလဒ်တစ်ခုသာ ရှိပေမည်။
တူကူပိုသည် သူ၏ နက်ရှိုင်းသော ဝိညာဉ်စွမ်းအားကို အားကိုး၍ ဤကြမ်းတမ်းသော ရေခဲနှင့် မီးလျှံ စွမ်းအင်ကို အတင်းအကျပ် ဖိနှိပ်ထားနိုင်ဆလသည်။
အတိတ်က သူသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော သေစေနိုင်သည့် အဆိပ်များကို ဖိနှိပ်ရန် ဤရေခဲနှင့် မီးလျှံ စွမ်းအင်ကိုပင် အသုံးပြုခဲ့ဖူး၏။
ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်းတို့ကို စားသုံးထားသော လုချန်သည် ယခုအခါ ရေခဲမီးလျှံရေပူစမ်းထဲတွင် မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ရေချိုးနိုင်၊ ရေကူးနိုင်နေပြီ ဖြစ်သည်။
လေဟာနယ်ထဲရှိ ရေခဲနှင့် မီးလျှံ စွမ်းအင်များက သူ့ကို မည်သည့် အန္တရာယ်မျှ ပေးနိုင်မည် မဟုတ်သည်မှာ သဘာဝပင်။
တူကူရန်ကမူ နဂါးမူလ အသီးကို စားသုံးပြီး မြစိမ်းရောင်မြွေမှ မြစိမ်းရောင်နဂါးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ သူမတွင် အစွမ်းထက်သော ခန္ဓာကိုယ်နှင့် အံ့မခန်း အစာခြေစနစ် ရှိနေခဲ့သည်။ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် အဆိပ်များကို သန့်စင်နိုင်ရုံသာမက ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် ရေခဲနှင့် မီးလျှံ စွမ်းအင်များကိုလည်း သန့်စင်ပေးနိုင်လေသည်။
ဤရေခဲမီးလျှံရေပူစမ်းထဲတွင် သူမသည် ထိခိုက်မှုမှ ကင်းလွတ်ရုံသာမက သူမ၏ ကျင့်ကြံခြင်း အရှိန်ကိုပါ ကြီးမားစွာ မြှင့်တင်ပေးနိုင်သဖြင့် ကောင်းမွန်စွာ ရှင်သန်နိုင်ပေသည်။
အကြောင်းအမျိုးမျိုးကြောင့် ယခုအခါ တူကူပို၊ လုချန်နှင့် တူကူရန်တို့ အားလုံးသည် ရေခဲမီးလျှံရေပူစမ်းထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်စွမ်း ရှိသွားကြပြီဖြစ်သည်။
နောက်ထပ် သီတင်းနှစ်ပတ်အတွင်း။
လုချန်သည် သုံးရက်လျှင် တစ်ကြိမ် သူ၏ စတုတ္ထ ဝိညာဉ်စွမ်းရည်ကို ထုတ်လွှတ်လေ့ရှိသည်။ ငွေပြာ သန့်စင်ခြင်းက တူကူပို၏ ခန္ဓာကိုယ်ထဲမှ သေစေနိုင်သော အဆိပ်များကို သန့်စင်ပေးရန် ကူညီပေးသည်။
တူကူပို၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များက နှစ်ပေါင်းများစွာ စုပုံလာခဲ့ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေကာ သူ၏ အတွင်းကလီစာများနှင့် အရိုးခြင်ဆီများအထိ ထိုးဖောက်ဝင်ရောက်နေခဲ့သည်။
လုချန်ပင်လျှင် တူကူပို၏ ခန္ဓာကိုယ်ထဲမှ သေစေနိုင်သော အဆိပ်များကို နောက်ဆုံးတွင် လုံးဝ ဖယ်ရှားပစ်ရန် ကုသမှု ငါးကြိမ်ဖြင့် လဝက်ကြာ အချိန်ယူခဲ့ရသည်။
ထိုနေ့တွင်။
တူကူပို၏ ခန္ဓာကိုယ်ထဲရှိ သေစေနိုင်သော အဆိပ်များကို လုံးဝ ဖယ်ရှားပစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော အတားအဆီးမှာလည်း မျက်တောင်တစ်ခတ်အတွင်း အတင်းအကျပ် ချိုးဖျက်ခံလိုက်ရ၏။
၎င်းက သူ့ကို အဆင့် ၉၁ ဝိညာဉ်စွမ်းအားမှ အဆင့် ၉၂ ဝိညာဉ်စွမ်းအားသို့ ကျော်ဖြတ်သွားစေခဲ့လေသည်။
တကယ်တော့ သနားစရာ ကောင်းလှသည်။ တူကူပိုသည် နဝမမြောက် ဝိညာဉ်ကွင်းကို စုပ်ယူပြီး ဘွဲ့ခံတိုလော တစ်ဦး ဖြစ်လာကတည်းက သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၉၁ တွင် ရပ်တန့်နေခဲ့ရသည်။ သူ မည်မျှပင် ကြိုးစား ကျင့်ကြံစေကာမူ သူ၏ ဝိညာဉ်စွမ်းအားမှာ အနည်းငယ်မျှပင် တိုးမလာခဲ့ချေ။
ဤအတွက် အကြောင်းပြချက်များစွာ ရှိသော်လည်း အရေးအကြီးဆုံးမှာ တူကူပိုသည် နေ့စဉ် သူ အပင်ပန်းခံ ကျင့်ကြံထားသော ဝိညာဉ်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်တွင်းရှိ သေစေနိုင်သော အဆိပ်များကို ဖိနှိပ်ရန် အသုံးပြုခဲ့ရခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအားသည် နှစ်ပေါင်းများစွာတိုင်အောင် ရပ်တန့်နေခဲ့ရခြင်းပင်။
ယခု အဆိပ်များ ပျောက်ကွယ်သွားပြီဖြစ်ရာ ၎င်းတို့ကို ဖိနှိပ်ရန် အသုံးပြုခဲ့သော ဝိညာဉ်စွမ်းအားများ လုံးဝ လွတ်မြောက်လာပြီး ဝိညာဉ်စွမ်းအား အဆင့်တက်သွားစေရန် ခွင့်ပြုပေးလိုက်သည်။
တူကူပိုသည် အဆိပ်များမှ လုံးဝ လွတ်မြောက်သွားသဖြင့် အလွန် ဝမ်းသာနေခဲ့၏။ သူသည် အသက်ဆယ်နှစ်ခန့် ပိုငယ်သွားသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး အတွင်းမှအပြင်သို့ သက်တောင့်သက်သာ ရှိနေခဲ့သည်။ အေးစက်ပြီး စူးရှသော နာကျင်မှု ခံစားချက်က နောက်ထပ် ပြန်မလာတော့ပေ။
တစ်ချိန်တည်းမှာပင် သူ၏ အသွင်အပြင်ကလည်း ပြောင်းလဲသွားခဲ့သည်။ သူ၏ ရှည်လျားသော အစိမ်းရင့်ရောင် ဆံပင်များက လုံးဝ ဖြူဖွေးသွားခဲ့လေသည်။
မူလက သူ့ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ သေစေနိုင်သော အဆိပ်များကြောင့် တိုက်စားခံရသဖြင့် သူ၏ အမူအရာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီး သူ၏ အပြုံးက ညဘက် ငိုနေသော ကလေးတစ်ယောက်ကိုပင် အငိုတိတ်သွားစေနိုင်သည်။
အခုတော့ သူက အများကြီး ပိုပြီး တည်ငြိမ်နေပြီဖြစ်သည်။ သူ၏ ရှည်လျားသော ဆံပင်ဖြူများနှင့်ဆိုလျှင် သူသည် ကြောက်မက်ဖွယ် အဆိပ်တိုလော ထက် သာမန် အဘိုးအိုတစ်ဦးနှင့် ပိုတူနေခဲ့သည်။
၎င်းသာမက ဝိညာဉ်စွမ်းအား တစ်ဆင့်ပါ တက်သွားသဖြင့် တူကူပိုကို ပါးစပ်နားရွက်တိတ် ပြုံးပျော်သွားစေခဲ့၏။
တူကူပို ဘွဲ့ခံတိုလော ဖြစ်လာကတည်းက သူ၏ ခွန်အားမှာ အနည်းငယ်မျှပင် တိုးတက်မလာခဲ့ပေ။
တူကူပိုက နှုတ်မှ ထုတ်မပြောခဲ့သော်လည်း သူ၏ အတွင်းစိတ်ထဲတွင်မူ အလွန် နှမြောတသ ဖြစ်နေခဲ့ရသည်။
သူသည် အဆင့် ၉၁ ဝိညာဉ်စွမ်းအားဖြင့်သာ ဆက်နေသွားပြီး အခြားသူများ၏ အမြင်တွင် အားအနည်းဆုံး ဘွဲ့ခံတိုလော တစ်ဦး ဖြစ်မနေချင်ပေ။
သူသည် လက်ရှိတွင် အဆင့် ၉၂ ဝိညာဉ်စွမ်းအား ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သေစေနိုင်သော အဆိပ်များကို လုံးဝ ဖယ်ရှားပစ်လိုက်ပြီဖြစ်ရာ သူ ဆက်လက် ကျင့်ကြံနေသရွေ့ သူ၏ ဝိညာဉ်စွမ်းအားက ဆက်လက် တိုးတက်နေမည်ဖြစ်သည်။
အဆင့် ၉၃၊ ၉၄၊ သို့မဟုတ် အဆင့် ၉၅ ဝိညာဉ်စွမ်းအားအထိ ကျော်ဖြတ်ရန်မှာ အားလုံး ဖြစ်နိုင်ခြေ ရှိပေသည်။
၎င်းကို တွေးကြည့်လိုက်ရုံဖြင့်ပင် တူကူပိုကို ခံစားချက် ကောင်းသွားစေခဲ့သည်။
ဤအချိန်တွင် လုချန်က တူကူပိုကို ကြည့်ကာ ပြောလိုက်၏။
“ညီအစ်ကို တူကူ... တကယ်တော့ လဝက်လောက်ကတည်းက ကျွန်တော် ရှစ်ထောင့် ရေခဲနက် မြက်ပင် နဲ့ ရဲရဲတောက် မီးလျှံပန်းဆိုတဲ့ အင်မော်တယ် ဆေးမြစ် နှစ်ခုကို စားသုံးခဲ့တုန်းက ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားက အရှိန်အဟုန်ပြင်းပြင်းနဲ့ လည်ပတ်နေပြီး အဆင့် ၆၉ ကနေ အဆင့် ၇၀ ကို ကျော်ဖြတ်သွားခဲ့တယ်”
“အခု ညီအစ်ကို တူကူရဲ့ ခန္ဓာကိုယ်ထဲက သေစေနိုင်တဲ့ အဆိပ်တွေ လုံးဝ ကင်းစင်သွားပြီဆိုတော့ ညီအစ်ကို တူကူကို ကျွန်တော့်ရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းအတွက် သင့်တော်မယ့် အပင်အမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်ကို သွားအမဲလိုက်ဖို့ အဖော်ခေါ်ချင်လို့ပါ”
ယင်းကို ကြားသောအခါ တူကူပိုသည်လည်း လုချန်အတွက် ဝမ်းသာသွားခဲ့ရသည်။ ယခုအခါ သူသည် လုချန်ကို ညီအစ်ကိုအရင်း တစ်ယောက်လို တကယ် သဘောထားနေပြီဖြစ်ရာ ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်လေသည်။
“ဒါ သတင်းကောင်းပဲ။ ငါ့အတွက် ဘာပြဿနာမှ မရှိဘူး။ ယန်ယန်ကိုပါ လိုက်ခဲ့ဖို့ ခေါ်လိုက်မယ်။ မင်းရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းအတွက် သင့်တော်မယ့် အပင်ဝိညာဉ်သားရဲကို ရှာဖို့ အခုပဲ ထွက်ကြတာပေါ့”
“သတ္တမမြောက် ဝိညာဉ်ကွင်းက ဝိညာဉ်ကိုယ်ပွား နဲ့ သက်ဆိုင်တယ်။ ဝိညာဉ်သခင်တစ်ယောက်အတွက် အရေးအကြီးဆုံး ဝိညာဉ်ကွင်းဖြစ်လို့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ ငါတို့ အဲဒါကို သေချာ ရွေးချယ်ရမယ်”
တူကူပိုက သဘောတူလိုက်သောအခါ လုချန်က စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်၏။
“လောစရာ မလိုပါဘူး။ ညီအစ်ကို တူကူလည်း အဆိပ်ကြောင့် ဒုက္ခရောက်စရာ မလိုတော့ဘူး။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး မြေနဂါး ရွှေဖရဲသီးကို စားလိုက်ရင် မကောင်းဘူးလား”
“ဒါက ညီအစ်ကို့ရဲ့ ခွန်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ပြီး ဝိညာဉ်စွမ်းအားကို တိုးစေရုံသာမက ညီအစ်ကို့ရဲ့ ဝိညာဉ်ကိုပါ ဆင့်ကဲပြောင်းလဲစေနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါကို နောက်ကျမှ လုပ်တာထက် စောစောလုပ်တာ ပိုကောင်းပါတယ်”
“အပြင်ဘက်မှာ အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့ရရင် ညီအစ်ကို ပိုပြီး အစွမ်းထက်လေလေ ကျွန်တော်တို့ ပိုပြီး ဘေးကင်းလေလေပဲလေ”
တူကူပို၏ ရင်ခုန်သံ တစ်ချက် ရပ်တန့်သွားရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သေစေနိုင်သော အဆိပ်များကို ဖယ်ရှားနိုင်ခဲ့၍ အလွန် ဝမ်းသာလွန်းသဖြင့် ထိုအရာကို သူ လုံးဝ မေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ၏ မြေးမလေး တူကူရန်သည် နဂါးမူလအသီးကို စားသုံးပြီးနောက် သူမ၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်တို့ အားလုံး လုံးဝ အသွင်ပြောင်းလဲသွားခဲ့လေသည်။
ဤ မြေနဂါး ရွှေဖရဲသီးသည် နဂါးမူလအသီး လောက် မကောင်းလျှင်တောင်မှ သေချာပေါက် သိပ်ကွာမည် မဟုတ်ပေ။
‘ငါသာ ဒါကို စားလိုက်ရင် ကြီးမားတဲ့ တိုးတက်မှု တစ်ခုကို သေချာပေါက် ခံစားရမှာပဲ’
တူကူပိုက လုချန်ကို ချက်ချင်း လှမ်းကြည့်လိုက်၏။
“ညီအစ်ကို လန်ချန်... ဒါဆိုရင် အဲဒီ မြေနဂါး ရွှေဖရဲသီးကို ရှာပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်”
လုချန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကိစ္စသေးသေးလေးပါ”
စကားပြောပြီးသည်နှင့် လုချန်သည် ငွေပြာနယ်ပယ် ကို ထုတ်လွှတ်လိုက်ပြီး ထိုမှတစ်ဆင့် မြေနဂါး ရွှေဖရဲသီး နှင့် ဆက်သွယ်လိုက်သည်။ အချိန်တိုလေးအတွင်းမှာပင် သူသည် မြေနဂါး ရွှေဖရဲသီး ရှိသော နေရာကို အတိအကျ သိရှိသွားခဲ့ပြီ ဖြစ်၏။
လုချန်သည် လှည့်ကာ အလျင်အမြန် လျှောက်သွားလိုက်သည်။ ခြေလှမ်း ဆယ်လှမ်းခန့် လျှောက်ပြီးနောက် နေရာတစ်ခုတွင် ရပ်လိုက်ပြီး သူ၏ သိုလှောင် ဝိညာဉ်ကိရိယာထဲမှ ဂေါ်ပြားတစ်လက်ကို ထုတ်ယူကာ မြေကြီးကို စတင် တူးလေတော့သည်။
တစ်ချိန်တည်းမှာပင် တူကူပိုနှင့် တူကူရန် အဘိုးနှင့်မြေး နှစ်ယောက်စလုံးသည်လည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ ရောက်လာခဲ့ကြသည်။
တူကူပိုနှင့် တူကူရန်တို့၏ စောင့်ကြည့်နေမှုအောက်တွင် လုချန်သည် ရွှေရောင် ကန်စွန်းဥတစ်လုံးကို လျင်မြန်စွာ တူးဖော်နိုင်ခဲ့သည်။
ထိုကန်စွန်းဥမှာ လက်သီးဆုပ် နှစ်ဆုပ်စာခန့် အရွယ်အစား ရှိသည်။ မြေကြီးထဲမှ တူးဖော်ထားခြင်း ဖြစ်သော်လည်း မြေကြီးနံ့ လုံးဝ မရှိပေ။ ယင်းအစား သင်းပျံ့သော ရနံ့လေး တစ်ခု ရှိနေခဲ့သည်။
လုချန်သည် မြေနဂါး ရွှေဖရဲသီးကို ကောက်ယူကာ တူကူပိုထံသို့ ကမ်းပေးလိုက်၏။
“ညီအစ်ကို တူကူ... ဒါက မြေနဂါး ရွှေဖရဲသီးပဲ။ အဲဒါက စားသုံးသူတွေရဲ့ မြေဒြပ်စင် ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး မြွေအမျိုးအစား ဝိညာဉ်တွေနဲ့ နဂါးအနွယ်ဝင် အမျိုးအစားဝိညာဉ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို အားပေးနိုင်တယ်”
“အခု ပြဿနာတစ်ခုတည်းက ညီအစ်ကို့ရဲ့ ဝိညာဉ် ပဲ။ မြစိမ်းရောင်မြွေကနေ အရမ်း အဆင့်မြင့်တဲ့ မြစိမ်းရောင်မြွေကြီးဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲပြီးသား ဖြစ်နေတယ်”
“မြေနဂါး ရွှေဖရဲသီးတစ်ခုတည်းက ညီအစ်ကို့ရဲ့ မြစိမ်းရောင်မြွေကြီးမှာ အခြေခံကျတဲ့ ဆင့်ကဲပြောင်းလဲမှု တစ်ခုခု ဖြစ်လာစေဖို့ မလုံလောက်နိုင်ဘူး”
“ဒါပေမဲ့ အဲဒါက ညီအစ်ကို့ရဲ့ ခွန်အားကိုတော့ သေချာပေါက် တိုးတက်စေပါလိမ့်မယ်။ စားတဲ့အခါ အထူးသတ်မှတ်ချက် ဘာမှ မရှိဘူး... ဒီအတိုင်း တိုက်ရိုက် စားလိုက်လို့ ရပါတယ်”
တူကူပိုက လက်လှမ်းကာ မြေနဂါး ရွှေဖရဲသီး ကို ယူလိုက်လေသည်။
“ဒါဆိုရင် ငါ အားမနာတော့ဘူးနော်”
တူကူပိုသည် မြေနဂါး ရွှေဖရဲသီးပေါ်ရှိ ရွှံ့များကို ဂရုမစိုက်ပေ။ သူ၏ ဝတ်ရုံပေါ်တွင် ပေါ့ပေါ့ပါးပါး ပွတ်သုတ်လိုက်ပြီးနောက် ၎င်းကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်၍ စားလေတော့သည်။
အချိန်တိုလေးအတွင်းမှာပင် တူကူပိုသည် မြေနဂါး ရွှေဖရဲသီးတစ်လုံးလုံးကို အကုန်အစင် စားသောက်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော မြေဒြပ်စင် စွမ်းအင်တစ်ခုက တူကူပို၏ ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွားခဲ့လေသည်။
တူကူပိုလည်း တက်ကြွသွားပြီး ထိုနေရာတွင်ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ မြေနဂါး ရွှေဖရဲသီး၏ ဆေးအာနိသင်ကို စတင် သန့်စင်ရန် သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်လိုက်လေတော့သည်။
အခန်း ၅၀ပြီး