အခန်း (၅) နေရာအတွက် ကောက်ပဲသီးနှံ
ကျေးလက်လမ်းလေးပေါ်တွင်။
လုချန်သည် ဘယ်ဘက်လက်ဖြင့် လုအန်းကိုတွဲကာ ညာဘက်လက်ဖြင့် ရိုစ့်ကိုတွဲလျက် မိသားစု သုံးယောက် ယိုင်နဲ့နဲ့ဖြင့် အိမ်သို့ ပြန်လာကြသည်။
လုအန်း၏ မျက်နှာမှာ နီရဲနေပြီး သူ၏မျက်လုံးများတွင် နာကြည်းမှုနှင့် ဒေါသများ ပြည့်နှက်နေလေသည်။ သူက ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာမှသာ စကားတစ်ခွန်း ထွက်လာခဲ့သည်။
“ရှောင်ချန်... အဖေက သိပ်အသုံးမကျတာပဲ”
ရိုစ့်၏ အဝတ်အစားများမှာ မျက်ရည်များဖြင့် စိုရွှဲနေခဲ့သည်။ ထိုမိစ္ဆာကဲ့သို့သော ထန်ဟောက်ထံမှ ထွက်လာပြီးနောက် သူမ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ထိုအချိန်တွင် သူမက မျက်လုံးများ နီရဲလျက် ပြောလိုက်၏။
“ရှောင်ချန်ရဲ့ အလုပ်သင်ကျောင်းသားနေရာကို အဲ့ဒီလူယုတ်မာ ထန်ဟောက်က လုယူသွားပြီ။ ရှောင်ချန် အခု ဘာဆက်လုပ်မလဲ”
အန္တရာယ်ရှိသော နေရာမှ ထွက်လာပြီးနောက် လုချန်၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုဖြင့် အစားထိုးဝင်ရောက်လာလေသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် တည်ငြိမ်မှုများ ပေါ်လွင်နေပြီး မိဘများကို စိတ်အေးစေရန် ပြောလိုက်၏။
“အဖေ၊ အမေ၊ စိတ်မပူပါနဲ့။ ရွာလူကြီးအဘိုးက သားကို သေချာပေါက် ကူညီပေးမှာပါ။ ဒီနေ့တော့ ပြန်ကြတာပေါ့”
“မနက်ဖြန်ကျရင် ရွာလူကြီးအဘိုးဆီ သွားပြီး တခြားရွာတစ်ခုခုနဲ့ အလုပ်သင်ကျောင်းသားနေရာ လဲလှယ်လို့ရမယ့် နည်းလမ်းတစ်ခုခုကို စဉ်းစားကြည့်ကြတာပေါ့”
ထိုစဉ် ရွာလူကြီးဂျက်ခ်က အမောတကောဖြင့် အမီလိုက်လာခဲ့သည်။ လုချန်တို့ မိသားစု သုံးယောက်က အသံကြားသဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။
ရွာလူကြီး ဂျက်ခ်က လုချန်တို့ မိသားစု သုံးယောက်ကို အမီလိုက်လာပြီးနောက် အသက်ရှူဝအောင် ရပ်လိုက်ကာ သူ၏ ခါးကိုပွတ်ရင်း အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်သည်။
“လုအန်း၊ ရိုစ့်၊ ရှောင်ချန်... ဒီကိစ္စအတွက် ငါ တကယ်ပဲ တောင်းပန်ပါတယ်။ ရှောင်ချန်ကို အဲ့ဒီနေရာပေးမယ်လို့ ငါ ကတိပေးခဲ့ပေမယ့် ထန်ဟောက်က လုယူသွားခဲ့ပြီ”
“စိတ်မပူကြပါနဲ့။ ရှောင်ချန်အတွက် ငါ သေချာပေါက် ရပ်တည်ပေးပြီး အလုပ်သင်ကျောင်းသားနေရာတစ်ခု ရလာအောင် နည်းလမ်းရှာပေးပါ့မယ်”
“ငါ့ရဲ့ ဂုဏ်သိက္ခာကို အောက်ချပြီး အနီးနားက ရွာလူကြီးတွေဆီသွားကာ လစ်လပ်နေတဲ့ အလုပ်သင်ကျောင်းသားနေရာလေးများ ရှိမလားလို့ သွားမေးကြည့်ပေးပါ့မယ်”
“ဒါပေမယ့် မင်းတို့အနေနဲ့လည်း သူတို့အတွက် လျော်ကြေးတစ်ခုခုတော့ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်။ တစ်ခုခုကို အလဲအလှယ်လုပ်ပြီး လက်ခံမယ်ဆိုရင် အရမ်းကြီး ယဉ်ကျေးနေလို့ မရဘူးလေ။ လျော်ကြေးသာပါရင် ဒီကိစ္စက ဖြေရှင်းရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်”
ရွာလူကြီး ဂျက်ခ်၏ စကားကို ကြားသောအခါ လုချန်တို့ မိသားစု သုံးယောက်မှာ အလွန်ဝမ်းသာသွားကြသည်။
လုအန်းနှင့် ရိုစ့်တို့မှာ အလွန်ဝမ်းသာပျော်ရွှင်သွားကြပြီး သူတို့၏သားက ဝိညာဉ်သခင်အကယ်ဒမီတွင် ပညာသင်ကြားခွင့်ရကာ နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်မည့် အခွင့်အရေးရလာမည်ဟု တွေးလိုက်မိကြသည်။
သူတို့၏ ရိုးရှင်းသော အမြင်တွင် ဝိညာဉ်သခင် အကယ်ဒမီသို့ ဝင်ခွင့်ရသရွေ့ ကျောင်းပြီးပါက မွန်မြတ်သော ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
ဝိညာဉ်သခင် ဘွဲ့အမည်နှင့်ဆိုလျှင် ဘဝက လုံးဝ ပြောင်းလဲသွားမည်ဖြစ်ပြီး မည်သည့်နေရာသို့သွားသွား လစာကောင်းသော အလုပ်တစ်ခုကို ရှာဖွေနိုင်မည်ဖြစ်သည်။
မြို့စား၏ သူရဲကောင်းအဖွဲ့သို့ ဝင်ရောက်ခြင်းဖြင့် မွန်မြတ်သော အဆင့်အတန်းတစ်ခုနှင့် မြို့နေထိုင်ခွင့်လက်မှတ်ကိုပင် ရရှိနိုင်လေသည်။
၎င်းမှာ သူတို့ တစ်မိသားစုလုံးအတွက် တစ်သက်မှာ တစ်ခါရနိုင်သော အခွင့်အရေးပင်။
လုအန်းနှင့် ရိုစ့်တို့က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲရှိ ပျော်ရွှင်မှုကို အခြားတစ်ယောက်က မြင်တွေ့လိုက်ကြသည်။ ထို့နောက် လုအန်းက ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။
“ရွာလူကြီး... ဒါဆိုရင် အရာအားလုံးကို ခင်ဗျားဆီပဲ အပ်လိုက်ပါတော့မယ်။ ကျွန်တော်တို့ ပြန်ရောက်ရင် ကောက်ပဲသီးနှံ ဂျင် ၃၀၀ ချိန်တွယ်ပြီး ရှောင်ချန်ကို ခင်ဗျားနဲ့အတူ တခြားရွာတွေကို သယ်သွားခိုင်းလိုက်ပါ့မယ်”
ကောက်ပဲသီးနှံ ဂျင် ၃၀၀ ဆိုသည်မှာ နည်းပါးသော ပမာဏမဟုတ်ပေ။ လုချန်နှင့် သူ၏ မိသားစုက ကောက်ပဲသီးနှံ ဂျင် ၃၀၀ ကို အလွယ်တကူ ထုတ်ပေးနိုင်ခြင်းမှာ လုချန်ကြောင့်ပင်။
အသက်ရှူတိုင်း သန်မာလာသော လုချန်၏ အထူးစွမ်းရည်ကြောင့် သူသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး မွေးရာပါ သဘာဝလွန် ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။
သူသည် အသက် နှစ်အနည်းငယ်အရွယ်တွင်ပင် လယ်ထဲ၌ အလုပ်လုပ်နိုင်ခဲ့သည်။ တောင့်တင်းသော ခန္ဓာကိုယ်နှင့်ဆိုလျှင် သူသည် အိမ်ရှိ နွားအိုကြီးထက်ပင် ပိုမို အလုပ်တွင်ကျယ်ဆလသည်။
ထို့ကြောင့် လတ်တလောနှစ်များအတွင်း သူ၏ မိသားစုသည် နှစ်စဉ်နှစ်တိုင်း သီးနှံများ အထွက်တိုးခဲ့သည်။ မြို့စားထံ အခွန်ပေးဆောင်ပြီးနောက်ပင် ကျန်ရှိသော ကောက်ပဲသီးနှံများမှာ ဂိုဒေါင်ထဲတွင် ပြည့်လုနီးပါး ရှိနေခဲ့သည်။
ကောက်ပဲသီးနှံ ဂျင် ၃၀၀ ပေးရခြင်းက သူတို့ မိသားစုအတွက် လုံးဝ ပြဿနာမဟုတ်ပေ။
ထိုအခါ ရွာလူကြီးဂျက်ခ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကောက်ပဲသီးနှံ ဂျင် ၃၀၀ နှင့်ဆိုလျှင် အခြားရွာလူကြီးများနှင့် စကားပြောရသည့်အခါ သူ ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။
ရွာလူကြီးဂျက်ခ်က လက်ယမ်းလိုက်ပြီး အနည်းငယ် ဒေါသထွက်နေဆဲဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... မင်းတို့တွေ အခု အိမ်ပြန်ကြတော့။ ဒီနေ့ အဲ့ဒီလူယုတ်မာ ထန်ဟောက်ကြောင့် မင်းတို့ တော်တော်လေး လန့်သွားကြပြီ။ အဲ့ဒီ ကျေးဇူးကန်းတဲ့ နှစ်ယောက်ကို ရွာမှာ ပေးနေခဲ့မိတာ အဲ့ဒီတုန်းက ငါ တကယ် မျက်ကန်းဖြစ်ခဲ့လို့ပဲ”
“ဟွန့်”
ခုနလေးတင် ဖြစ်ပျက်ခဲ့သည်များကို တွေးမိပြီး ရွာလူကြီးဂျက်ခ်၏ မျက်နှာမှာ ဒေါသများ ပြည့်နှက်နေဆဲဖြစ်ကာ ဆက်တိုက် ကျိန်ဆဲနေလေသည်။
ရွာလူကြီးဂျက်ခ်က ထန်ဟောက်အကြောင်း ပြောသည်ကို ကြားသောအခါ လုအန်းနှင့် ရိုစ့်တို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြသည်။
ထန်ဟောက်၏ စူးရဲသော အကြည့်က လုအန်းနှင့် ရိုစ့်တို့ကို သေလုမတတ် ကြောက်လန့်သွားစေခဲ့သည်။ ရိုးသားပြီး ဥပဒေကို လိုက်နာကြသော သူတို့ကဲ့သို့ သာမန်လူများအနေဖြင့် ထန်ဟောက်ကဲ့သို့သော မိစ္ဆာတစ်ကောင်၏ အငွေ့အသက်ကို လုံးဝ ခံနိုင်ရည်မရှိပေ။
လုအန်းက ခေါင်းငုံ့ထားလိုက်သည်။ ယခုလေးတင် ကြုံတွေ့ခဲ့ရသော အရှက်ရဖွယ် အခြေအနေကို တွေးမိပြီး တိုးညင်းသော လေသံဖြင့် စကားအနည်းငယ်သာ ရေရွတ်နိုင်ခဲ့သည်။
“ဟုတ်ကဲ့ပါ ရွာလူကြီး.. ကျွန်တော်တို့ ပြန်တော့မယ်”
သူတို့ ထွက်ခွာရန် လှည့်လိုက်စဉ် လုချန်က ရွာလူကြီး ဂျက်ခ်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“သွားပါဦးမယ် ရွာလူကြီးအဘိုး။ မနက်ဖြန်မနက် အစောကြီး အဘိုးဆီ လာခဲ့ပါ့မယ်”
နားလည်မှုရှိပြီး ယဉ်ကျေးသော လုချန်ကို မြင်သောအခါ ရွာလူကြီး ဂျက်ခ်၏ စိတ်အခြေအနေမှာ အများကြီး ပိုကောင်းသွားပြီး ပြုံးရွှင်စွာ လက်ပြရင်း ပြောလိုက်၏။
“အေးအေး... သွားကြတော့”
“ရှောင်ချန်... မင်းက ကျန်းမာရေးကောင်းတဲ့အတွက် မိဘတွေကို ပိုပြီး ကူညီပေးလိုက်ပါဦး”
နှုတ်ဆက်ပြီးနောက် လုချန်က သူ၏ မိဘများကို အိမ်ရှိရာသို့ လျှောက်သွားရန် ကူညီပေးလိုက်သည်။
လမ်းတစ်လျှောက်တွင် လုချန်၏ စိတ်အခြေအနေမှာ အတော်လေး တိုးတက်လာပြီး သူ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်လေးတစ်ခု လက်ခနဲ ဖြစ်သွားရသည်။
သူ၏ အထူးစွမ်းရည်မှာ အလွန် အစွမ်းထက်သောကြောင့် လုချန်၏ အနာဂတ်က မျှော်လင့်ချက်ရှိနေခဲ့သည်။ သူသည် ထိပ်တန်း တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာနိုင်စွမ်း ရာခိုင်နှုန်းပြည့် ရှိနေခေသည်။
နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ခြေပင် ရှိနေသည်။
ယခုအချိန်တွင်မူ လုချန်သည် စာတစ်လုံးမျှ မဖတ်တတ်သလို ဝိညာဉ်သားရဲများ၏ မျိုးစိတ်နှင့် သက်တမ်းကိုလည်း မခွဲခြားတတ်သော စာမတတ်သည့် တောသားလေးတစ်ယောက်ဖြစ်ရာ သူတို့ကို ရမ်းသမ်းပြီး အမဲလိုက်ရန် မဝံ့ရဲပေ။
မှားယွင်းသော ဝိညာဉ်ကွင်းကို စုပ်ယူမိပါက လုချန်၏ အလားအလာကို သေချာပေါက် ကြီးမားစွာ လျော့ကျသွားစေမည်ဖြစ်သည်။
သူ၏ ပါရမီက ဝိညာဉ်အပေါ်တွင် မတည်မှီပေ။ သူ၏ ဝိညာဉ်က အမှန်တကယ်ပင် သာမန်ဆုံး ဝိညာဉ်တစ်ခုမျှသာ ဖြစ်သည်။
ထို့ကြောင့် အနာဂတ်တွင် လုချန် စုပ်ယူမည့် ဝိညာဉ်ကွင်းတိုင်းကို သေချာစွာ ရွေးချယ်ရမည်ဖြစ်သည်။
သူ၏ ဝိညာဉ်များ မှန်ကန်စွာ ဆင့်ကဲပြောင်းလဲနိုင်စေရန် သေချာစေရမည်။
အနိမ့်အဆင့် ဝိညာဉ်မှ အလယ်အလတ်အဆင့် ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း။
အလယ်အလတ်အဆင့် ဝိညာဉ်မှ အဆင့်မြင့် ဝိညာဉ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲခြင်း။
အဆင့်မြင့်ဝိညာဉ်မှ စူပါဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း။
စူပါဝိညာဉ်မှ အသွင်ပြောင်းဝိညာဉ်အဖြစ်သို့။
သူ စုပ်ယူလိုက်သော ဝိညာဉ်သားရဲ၏ ဝိညာဉ်ကွင်းတိုင်းက ဝိညာဉ်စွမ်းရည်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသရွေ့ သူ မျှော်မှန်းထားသမျှ အရာအားလုံးက လက်တွေ့ဖြစ်လာမည်ဖြစ်သည်။
‘အဲ့ဒီအချိန်ကျရင် နောက်ဆုံးတော့ ငါ လက်စားချေနိုင်ပြီ’
လုချန်က သူ့စိတ်ထဲတွင် ခက်ထန်စွာ တွေးလိုက်၏။
...
အိမ်ပြန်ရောက်ပြီးနောက် လုချန်တို့ မိသားစု သုံးယောက်သည် ကောက်ပဲသီးနှံများ သိုလှောင်ထားသော ဂိုဒေါင်သို့ ချက်ချင်းသွားကာ ကောက်ပဲသီးနှံ ဂျင် ၃၀၀ (ကီလိုဂရမ် ၁၅၀) ကို ချိန်တွယ်လိုက်ကြသည်။
သူတို့အချင်းချင်း တိုင်ပင်ပြီးနောက် ရွာလူကြီး ဂျက်ခ်အတွက် ကျေးဇူးဆပ်လက်ဆောင်အဖြစ် နောက်ထပ် ကောက်ပဲသီးနှံ ဂျင် ၁၀၀ ကိုပါ ထပ်မံချိန်တွယ်လိုက်ကြ၏။
ရွာလူကြီးဂျက်ခ်သည် လုချန်၏နေရာကို ရရှိစေရန် အစွမ်းကုန် ကြိုးစားပေးခဲ့သောကြောင့် သူတို့အနေဖြင့် တုံ့ပြန်မှုတစ်ခုခု မလုပ်ဘဲ မနေနိုင်ခဲ့ပေ။
နောက်တစ်နေ့တွင်။
နွားတစ်ကောင်ကိုပင် ဆွဲနိုင်လောက်အောင် ခွန်အားကြီးမားသော လုချန်သည် ကောက်ပဲသီးနှံ ဂျင် ၄၀၀ (ကီလိုဂရမ် ၂၀၀) ကို အလွယ်တကူ ထမ်းကာ နံနက်စောစောတွင် ရွာလူကြီး ဂျက်ခ်၏ အိမ်သို့ ထွက်လာခဲ့သည်။
ရွာလူကြီး ဂျက်ခ်ကို မြင်သည်နှင့် လုချန်က သူ၏ ကျေးဇူးတင်စကားကို ပြောကြားခဲ့ပြီး ပိုနေသော ကောက်ပဲသီးနှံ ဂျင် ၁၀၀ ကို ရွာလူကြီး ဂျက်ခ်၏ အိမ်ထဲသို့ သယ်သွားပေးခဲ့သည်။
ရွာလူကြီးဂျက်ခ်က မလိုပါဘူးဟု ပြောခဲ့သော်လည်း သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုပို၍ ကျယ်ပြန့်လာခဲ့သည်။
လုချန်၏ ကြင်နာတတ်သော မျက်လုံးများကို ကြည့်ရင်း သူက စိတ်လှုပ်ရှားမှု တစ်သုတ်ကို ခံစားလိုက်ရပြီး ‘ဒါကမှ ကလေးကောင်းဆိုတာ’ ဟု သူ့စိတ်ထဲတွင် တွေးလိုက်မိ၏။
ကောက်ပဲသီးနှံ ဂျင် ၁၀၀ ကို လက်ခံပြီးနောက် ရွာလူကြီးဂျက်ခ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သူတော်စင်ဝိညာဉ်ရွာမှ ထွက်ခွာခဲ့ပြီး လုချန်ကိုပါ အလုပ်များစွာဖြင့် ခေါ်ဆောင်သွားခဲ့သည်။
သူတို့သည် သူတော်စင်ဝိညာဉ်ရွာ ပတ်ဝန်းကျင်ရှိ ရွာများအားလုံးကို သွားရောက်ခဲ့ကြပြီး ရွာလူကြီး ဂျက်ခ်က စုံစမ်းမေးမြန်းပြီးနောက် လော့ဘိုရွာတွင်သာ အလုပ်သင်ကျောင်းသားနေရာ တစ်နေရာ ပိုနေသေးကြောင်း သိလိုက်ရသည်။
လုချန်က ကောက်ပဲသီးနှံ ဂျင် ၃၀၀ ကို ပေးအပ်ပြီးနောက် လော့ဘိုရွာ၏ ရွာလူကြီးက သူတို့ရွာ၏ အလုပ်သင်ကျောင်းသားနေရာကို လုချန်ထံသို့ တရားဝင် လွှဲပြောင်းပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။
လုချန်သည် နောက်ဆုံးတွင် ဝိညာဉ်သခင် အကယ်ဒမီသို့ သွားရောက်ရန် လက်မှတ်ကို ရရှိသွားခဲ့လေပြီ။
အခန်း ၅ပြီး