အခန်း (၄၉) မြစိမ်းရောင်နဂါး၏ အဆိပ်မြှားမိုး
မျက်တောင်တစ်ခတ်အတွင်း တူကူပိုသည် အဆိပ်မြှားဖား၏ ပေါင်ကို ကိုင်ကာ အဆိပ်ရွှံ့ညွန်၏ ကမ်းစပ်သို့ ဆွဲခေါ်လာခဲ့သည်။
ဘန်းခနဲ အသံနှင့်အတူ တူကူပိုက အဆိပ်မြှား ဖားကို ပစ်ချလိုက်ရာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ကျသွားလေသည်။
ထို့နောက် တူကူပိုက မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တူကူရန်ကို လေးနက်စွာ ကြည့်ကာ ပြောလိုက်၏။
“ယန်ယန်... ဒါက သက်တမ်း ရှစ်ထောင်ရှိတဲ့ ဝိညာဉ်သားရဲ တစ်ကောင်ပဲ။ ယေဘုယျအားဖြင့် ဝိညာဉ်သခင်တစ်ယောက်ရဲ့ စတုတ္ထ ဝိညာဉ်ကွင်းက သက်တမ်း ငါးထောင်အောက် ဝိညာဉ်ကွင်းဆက် ကိုပဲ စုပ်ယူကြတာ”
“ကန့်သတ်ချက်ထက် ကျော်လွန်ပြီး သက်တမ်း ရှစ်ထောင် ဝိညာဉ်ကွင်းကို စုပ်ယူတာက မင်းကို ကြီးမားတဲ့ ခွန်အားတွေ ပေးစွမ်းနိုင်ပေမဲ့ အန္တရာယ်တချို့တော့ ရှိတယ်။ သေချာ စဉ်းစားပါ။ အကယ်လို့ မင်း မလိုချင်ရင် အဘိုးက မင်းကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး”
တူကူပို၏ စကားထဲမှ စိုးရိမ်ပူပန်မှုများကို တူကူရန် ခံစားသိရှိလိုက်ရ၏။ သူမက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်လေသည်။
“အဘိုး... သမီး ဒီ ဝိညာဉ်ကွင်းကို စုပ်ယူချင်ပါတယ်။ အဲဒီလောက် အန္တရာယ် ရှိမယ်လို့လည်း မထင်ပါဘူး”
“အခု သမီးရဲ့ ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်နေပြီလဲဆိုတာကို သမီး အသိဆုံးပါ။ သက်တမ်း ရှစ်ထောင်ရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူဖို့က လုံးဝ ပြဿနာ မရှိပါဘူး”
စကားပြောပြီးသည်နှင့် တူကူရန်က အဆိပ်မြှားဖားရှိရာသို့ ပြေးသွားပြီး ကြီးမားသော ဝိညာဉ်သားရဲကို ကြည့်လိုက်လေသည်။
သာမန် ဓားတိုများနှင့် ဓားရှည်များ၇ ဤသက်တမ်း ရှစ်ထောင်ရှိသော ဝိညာဉ်သားရဲကို သတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တူကူရန်သည် ဝိညာဉ်ပူးကပ်ခြင်းကို လုပ်ဆောင်လိုက်သည်။ သူမ၏ အသားအရေအောက်မှ မြစိမ်းရောင် နဂါးအကြေးခွံများ ထွက်ပေါ်လာပြီး အချင်းချင်း ချိတ်ဆက်ကာ နဂါးအကြေးခွံ သံချပ်ကာ အဖြစ် ဖြစ်ပေါ်လာခဲ့သည်။ သူမ၏ နဖူးပေါ်တွင် သလင်းကျောက် တစ်လုံးလည်း ပေါ်လာပြီး ဘေးတစ်ဖက်စီတွင် ထက်မြက်သော အစွန်းတစ်ခုစီ ပါရှိကာ နဂါးဂျိုနှင့် တူနေခဲ့သည်။
အဝါ၊ အဝါ၊ ခရမ်းရောင် ဝိညာဉ်ကွင်းများက သူမ၏ ခြေဖဝါးအောက်မှ တဖြည်းဖြည်း တက်လာပြီး တတိယမြောက် ခရမ်းရောင် ဝိညာဉ်ကွင်းက ရုတ်တရက် တောက်ပလာ၏။
“တတိယ ဝိညာဉ်စွမ်းရည်... မြစိမ်းရောင် ခရမ်းအဆိပ်”
တူကူရန်က လေကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူမ၏ မြစိမ်းရောင် မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်းလေး တစ်ခု တောက်ပလာသည်။ ထို့နောက် သူမက ပါးစပ်ကိုဖွင့်ကာ ခရမ်းရောင် အဆိပ်ငွေ့တိမ်တိုက် တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ခရမ်းရောင် အဆိပ်ငွေ့တိမ်တိုက်က ရှေ့သို့ ပျံ့နှံ့သွားပြီး အဆိပ်မြှားဖားကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
ရွှီး...ရွှီး..
ပြင်းထန်သော တိုက်စားမှု အာနိသင်ကြောင့် အဆိပ်မြှားဖား၏ မျက်နှာပြင်ပေါ်မှ ဖြူဖွေးသော အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။
အဆိပ်မြှားဖားသည် အဆိပ် အမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် အဆိပ်ကို ခုခံနိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ရှိသော်လည်း ယခုအချိန်တွင် သတိလစ်နေသဖြင့် ခုခံရန်အတွက် အတွင်းပိုင်း ဝိညာဉ်စွမ်းအားများကို မထုတ်ယူနိုင်ပေ။
ပြင်းထန်သော နာကျင်မှုကြောင့် အဆိပ်မြှားဖား၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ခါလာလေသည်။
ရုတ်တရက် အဆိပ်မြှားဖားက အသံတစ်ချက် ပြုလိုက်ပြီး မျက်လုံးဖွင့်လာခဲ့သည်။ မျက်လုံးများထဲတွင် နာကျင်မှုနှင့် ရိုင်းစိုင်းမှုများ ပြည့်နှက်နေလေသည်။ တကယ်တော့ ၎င်းက နာကျင်မှုကြောင့် နိုးလာခဲ့ခြင်းပင်။
အဆိပ်မြှားဖား နိုးလာပြီးနောက် အပြင်းအထန် ရုန်းကန် လှုပ်ရှားလာပြီး တူကူရန်ကို တိုက်ခိုက်ရန် အလိုအလျောက် ကြိုးစားလေတော့သည်။
သို့သော် တူကူပိုက ဘေးတွင် ရပ်နေသေးသည် မဟုတ်လော။
အဆိပ်မြှားဖားက ရုန်းကန်နေဆဲ ဖြစ်သည်ကို မြင်သောအခါ တူကူပိုက နှာမှုတ်လိုက်ပြီး ဘွဲ့ခံတိုလော ၏ ဝိညာဉ်စွမ်းအားဖိအားများကို တစ်ဖန် ထုတ်လွှတ်လိုက်ရာ အဆိပ်မြှား ဖားအပေါ်သို့ ဒီရေလုံးကြီးကဲ့သို့ ကျဆင်းသွားလေသည်။
အဆိပ်မြှားဖားသည် ထပ်မံ မခံနိုင်တော့ဘဲ မျက်လုံးများ လန်သွားကာ လျင်မြန်စွာ သတိလစ်သွားခဲ့ပြန်သည်။
သို့သော် ပြင်းထန်သော နာကျင်မှုကြောင့် ၎င်း၏ ခန္ဓာကိုယ်က ရံဖန်ရံခါ တုန်ရီနေဆဲပင်။
တစ်မိနစ်ပင် မပြည့်မီတွင် အဆိပ်မြှားဖား၏ အသက်မှာ အဆုံးသတ်သွားခဲ့ရသည်။ ခရမ်းရောင် အဆိပ်ငွေ့ကြောင့် တိုက်စားခံရပြီးနောက် အဆိပ်မြှားဖားမှာ ပုပ်ဟောင်နေသော အသားတုံးကြီး တစ်ခုနီးပါး ဖြစ်သွားကာ နှာခေါင်းရှုံ့ချင်စရာကောင်းသော ညှီစော်များ ထွက်ပေါ်နေခဲ့သည်။
နောက်တစ်ခဏတွင် ၎င်း၏ ခန္ဓာကိုယ်မှ တောက်ပသော ခရမ်းရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အံ့မခန်း စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ နောက်ဆုံးတွင် ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ခုအဖြစ် ပေါင်းစည်းသွားလေသည်။
ဝိညာဉ်ကွင်းပေါ်လာသည်ကို မြင်သောအခါ တူကူရန်သည် ချက်ချင်း မစုပ်ယူသေးဘဲ တူကူပိုနှင့် လုချန်တို့ကို ကြည့်ကာ ပြောလိုက်၏။
“အဘိုး... အဘိုးလန်ချန်... သမီးကို စောင့်ရှောက်ပေးဖို့ ဒုက္ခပေးရတော့မယ်”
စကားပြောပြီးနောက် တူကူရန်က တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လက်ကို မြှောက်လိုက်ရာ ခရမ်းရောင် ဝိညာဉ်ကွင်းက သူမဆီသို့ လွင့်မျောလာပြီး သူမ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း လွှမ်းခြုံသွားကာ အလျင်အမြန် သေးငယ်သွားပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားသည်။
ဘန်း...
အေးစက်ပြီး လွှမ်းမိုးနိုင်သော စွမ်းအင်တစ်ခုက တူကူရန်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး ခြေလက်များ၊ အရိုးများနှင့် အတွင်းကလီစာများကို သက်ရောက်မှု ရှိစေသဖြင့် သူမ၏ လှပသော မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားစေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒါက သက်တမ်း ရှစ်ထောင်ရှိတဲ့ ဝိညာဉ်ကွင်းပဲလေ။ ၎င်းတွင် ပါဝင်သော စွမ်းအင်များက အလွန် ကြီးမားပြီး ကြမ်းတမ်းလှသည်။
သို့သော် တူကူရန်သည် ဖိအားများအောက်တွင် သိသာထင်ရှားသော တည်ငြိမ်မှုကို ပြသခဲ့ပြီး မြစိမ်းရောင် နဂါးဝိညာဉ်၏ ခွန်အားကို အားကိုးကာ ပထမဆုံး စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့သည်။
ဝိညာဉ်ကွင်း၏ စွမ်းအင်တွင်လည်း အစပိုင်း၌ ပြင်းထန်ပြီး နောက်ပိုင်းတွင် အားနည်းသွားကာ နောက်ဆုံးတွင် ကုန်ဆုံးသွားတတ်သည့် သဘာဝရှိလေသည်။ ပထမဆုံး စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုက အပြင်းထန်ဆုံးနှင့် အတားအဆီး မရှိဆုံး ဖြစ်သည်။
ပထမဆုံး စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိသရွေ့ နောက်ဆက်တွဲ စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုများက တဖြည်းဖြည်း အားနည်းလာမည်ဖြစ်ပြီး ခံနိုင်ရည်ရှိရန် ပိုမို လွယ်ကူလာပေမည်။
အချိန်တိုအတွင်းမှာပင် တူကူရန်သည် အဆိပ်မြှား ဖား၏ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်ခဲ့ပြီး အန္တရာယ်အများဆုံး အချိန်ကို ကျော်လွန်သွားကာ အခြေအနေများ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာခဲ့၏။
အနီးနားတွင် စောင့်ကြပ်ပေးနေသော တူကူပိုသည် ယင်းကို မြင်သောအခါ သက်ပြင်းချလိုက်မိလေသည်။ စောစောက သူ၏ ရင်ခုန်သံများက လည်ချောင်းထဲ ရောက်မတတ်ပင်။
သူ၏ မြေးမလေးက သက်တမ်း ရှစ်ထောင် ဝိညာဉ်ကွင်းကို မခံနိုင်ဘဲ သွေးကြောလမ်းကြောင်းများနှင့် ဒန်ထျန်း ပျက်စီးသွားကာ အခြေခံများ ပျက်စီးသွားမည်ကို သူ စိုးရိမ်ခဲ့သည်။
တူကူပို၏ စိုးရိမ်နေမှုနှင့် ယှဉ်လိုက်လျှင် လုချန်က အများကြီး ပိုမို တည်ငြိမ်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူက တူကူရန်အတွက် ရွေးချယ်ပေးခဲ့သော အင်မော်တယ် ဆေးမြစ်မှာ ရေခဲနဂါးဘုရင်နှင့် မီးလျှံနဂါးဘုရင်တို့ထံမှ နဂါးကြီး၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို အမွေဆက်ခံရရှိထားသော နဂါးမူလ အသီးပင်။
နဂါးမူလအသီးကို စုပ်ယူထားသော တူကူရန်က သက်တမ်း ရှစ်ထောင်ရှိ ဝိညာဉ်ကွင်းကို မစုပ်ယူနိုင်ပါက တကယ်ကို ထူးဆန်းနေပေလိမ့်မည်။
ထို့ကြောင့် အစကတည်းက လုချန်မှာ စိုးရိမ်စရာ ဘာမှ မရှိခဲ့ပေ။
သူသည် တူကူပိုကို နှုတ်ဆက်ပြီး တောအုပ်ထဲသို့ အမဲလိုက်ထွက်ရန်ပင် အစီအစဉ် ရှိနေသေး၏။
တောအုပ်ကို လွှမ်းခြုံထားသော ထူထပ်သည့် ငွေပြာမြက်ပင်များမှတစ်ဆင့် ဆယ်မိနစ်ပင် မကြာမီမှာပင် သက်တမ်း ၂၅၀ ခန့်ရှိသော မြက်ကြက် ဝိညာဉ်သားရဲ တစ်ကောင်ကို ရှာတွေ့ခဲ့သည်။
လုချန်က ငွေပြာနယ်ပယ်ကို အသုံးပြု၍ ငွေပြာမြက်ပင်များကို ထိန်းချုပ်ကာ အလွန်အမင်း ကြီးထွားလာစေပြီး ကြီးမားသော ငွေပြာမြက်ပင် ပိုက်ကွန်တစ်ခုကို ယက်လုပ်ကာ မြက်ကြက် ဝိညာဉ်သားရဲကို အလွယ်တကူ ဖမ်းဆီးလိုက်လေသည်။
ဖမ်းဆီးပြီးနောက် လုချန်က ချက်ချင်းပင် သတ်ဖြတ်ကာ အမွေးနုတ်၊ အတွင်းကလီစာများ ဖယ်ရှားပြီး သေချာစွာ ဆေးကြောလိုက်သည်။ ထို့နောက် ထင်းခုတ်ကာ မီးဖိုပြီး အသားကင်ရန် ပြင်ဆင်လေတော့သည်။
လုချန် ဤမျှ သက်သောင့်သက်သာ ဖြစ်နေသည်ကို မြင်သောအခါ တူကူပိုက စူးစိုက်ကြည့်လိုက်သော်လည်း အသားကင်၏ မွှေးကြိုင်သော အနံ့ကို ရလိုက်သည်နှင့် တူကူပိုက အလျင်အမြန် လှမ်းပြောလိုက်၏။
“ညီအစ်ကို လန်ချန်... ကိုယ့်အတွက်ချည်းပဲ မစဉ်းစားနဲ့နော်... ငါနဲ့ ယန်ယန် အတွက်လည်း တစ်ဝက် ချန်ထားပေးဦး”
လုချန်က ပြုံးကာ သဘောတူလိုက်သည်။
“ပြဿနာ မရှိပါဘူး”
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေသည်။
ခြောက်နာရီခန့် စုပ်ယူပြီးနောက် တူကူရန်သည် နောက်ဆုံးတွင် သက်တမ်း ရှစ်ထောင်ရှိ အဆိပ်မြှားဖား၏ ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့လေသည်။
သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး သလိပ်တစ်ပွက်ကို ထွေးထုတ်ကာ မြေပြင်မှ ခုန်ထလိုက်ရာ သူမ၏ မျက်နှာမှာ တောက်ပနေခဲ့သည်။
ဝိညာဉ်ကွင်းကို စုပ်ယူခြင်းက သူမကို ကြီးမားသော အကျိုးကျေးဇူးများ ယူဆောင်လာပေးခဲ့သည်။
တူကူပိုက အလျင်အမြန် မေးလိုက်၏။
“ယန်ယန်... ဘယ်လိုနေလဲ။ ဝိညာဉ်စွမ်းအားက ဘယ်အဆင့် ရောက်သွားပြီလဲ။ ဘယ်လို ဝိညာဉ်စွမ်းရည် မျိုး ရလာတာလဲ”
တူကူရန်က ခေါင်းမော့ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“သမီး အရမ်း နေလို့ကောင်းတယ်။ ခွန်အားတွေ အပြည့်ပဲ”
“သမီးရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၄၆ ကို ရောက်သွားပြီ။ နဂါးမူလအသီးရဲ့ ဆေးအာနိသင်တွေကို စုပ်ယူလိုက်တာက သမီးရဲ့ ဝိညာဉ်စွမ်းအားကို ၁၀ ဆင့်ကျော်လောက် တိုးသွားစေတာ တကယ်ကို မယုံနိုင်စရာပဲ”
“ပြီးတော့ သမီးရဲ့ စတုတ္ထ ဝိညာဉ်စွမ်းရည်က မြစိမ်းရောင် အဆိပ်မြှားမိုးလို့ ခေါ်တယ်။ အဆိပ်မြှား တွေ အများကြီးကို စုစည်းပြီး တိုက်ခိုက်နိုင်တယ်။ အဆိပ်မြှားတွေမှာ ပြင်းထန်တဲ့ အာရုံကြော အဆိပ်တွေ ပါဝင်ပြီး အရေပြားနဲ့ ထိတွေ့တာနဲ့ တစ်ပြိုင်နက် ရန်သူရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း တိုက်စားသွားပြီး သူတို့ သတိရနေတုန်းမှာပဲ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားစေတယ်”
“ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ဝိညာဉ်ကွင်းကို စုပ်ယူနိုင်ခဲ့တဲ့ အထူးအကျိုးသက်ရောက်မှု အနေနဲ့ သမီးရဲ့ စတုတ္ထ ဝိညာဉ်စွမ်းရည်က စုစည်းနိုင်တဲ့ အဆိပ်မြှား အရေအတွက် ကန့်သတ်ချက် မရှိဘူး။ သမီးရဲ့ ဝိညာဉ်စွမ်းအား လုံလောက်နေသရွေ့ အဆိပ်မြှား ဆယ်နဲ့ချီ၊ ရာနဲ့ချီ စုစည်းဖို့က လုံးဝ ပြဿနာ မရှိဘူး။ ဒီလို ဧရိယာကျယ်ကျယ် တိုက်ခိုက်မှုမျိုးက လူတွေကို ရှောင်တိမ်းလို့မရအောင် လုပ်ဖို့ လုံလောက်ပါတယ်”
တူကူရန် ပြောသည်ကို ကြားပြီးနောက် တူကူပို၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်သွားရသည်။ တစ်ချိန်တည်းမှာပင် တူကူရန်၏ ကြီးမားသော တိုးတက်မှုအတွက် တူကူပိုလည်း ဝမ်းသာနေခဲ့လေသည်။
ထိုစဉ် လုချန်က ကင်ထားသော မြက်ကြက်ကို ကိုင်ကာ တူကူပိုနှင့် တူကူရန်တို့ ဘေးသို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်၏။
“ယန်ယန်လည်း ဝိညာဉ်ကွင်း စုပ်ယူလို့ ပြီးပြီ... ဒီ မြက်ကြက်လည်း ကျက်နေပြီ။ အတူတူ စားကြရအောင်။ ကျွန်တော်တို့ မနေ့ညကတည်းက ဘာမှ မစားရသေးဘူးလေ”
အခန်း ၄၉ပြီး