အခန်း (၄၃) ဝိညာဉ် အားနည်းချက်များအတွက် ဖြေရှင်းနည်းများ
ရေခဲမီးလျှံ ရေပူစမ်း။
လုချန်သည် အကြောဆန့်ကာ သမ်းဝေလိုက်၏။ အင်မော်တယ် ဆေးမြစ်နှစ်ခု၏ ဆေးအာနိသင်များကို အောင်မြင်စွာ စုပ်ယူပြီးနောက် သူ၏ စိတ်ခံစားချက်မှာ အလွန်ကောင်းမွန်နေပြီး အသံထွက်၍ပင် ရယ်မောချင်စိတ် ပေါက်နေခဲ့ရသည်။
သို့သော် ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ရေများ ဝင်လာသဖြင့် သီးသွားရလေသည်။ သူက နှစ်ကြိမ်ခန့် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ပါးစပ်ကို အလျင်အမြန် ပြန်ပိတ်လိုက်ရသည်။
ယခုတော့ ထိုဆေးမြစ်များက ငြိမ်သက်သွားခဲ့ပြီ။ သူက ခေါင်းကိုမော့ကာ လက်များ၊ ခြေထောက်များကို အသုံးပြု၍ ရေမျက်နှာပြင်ဆီသို့ ကူးခတ်သွားလိုက်သည်။
ပုံမှန်အားဖြင့် မီးတောင်ချော်ရည်ကဲ့သို့ ပူပြင်းသော ယန် ရေပူစမ်းက ယခုအခါ လုချန်အတွက် နွေးထွေးသည်ဟုသာ ခံစားရသည်။ ရေခဲခြင်ဆီကဲ့သို့ အေးစက်သော ယင်ရေအေးစမ်းမှာလည်း လုချန်အတွက် အေးမြသည်ဟုသာ ခံစားရလေသည်။
အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှု နှစ်မျိုးစလုံး ပါဝင်သော စမ်းရေသည် လုချန်၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင်တော့ချေ။
သို့သော် သူ၏ အင်္ကျီနှင့် ဘောင်းဘီများမှာ ယန် ရေပူစမ်းနှင့် ယင်ရေအေးစမ်းတို့ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
လက်ရှိတွင် လုချန်သည် စမ်းရေထဲ၌ ကိုယ်လုံးတီးဖြင့် စိမ်နေခဲ့ရသည်။ ယခုအခါ သူသည် အဝတ်အစားသစ်တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်နိုင်ရန် ကမ်းစပ်သို့သာ အမြန်ဆုံး ပြန်တက်ချင်နေတော့သည်။
တစ်ချိန်တည်းမှာပင် ရေခဲမီးလျှံ ရေပူစမ်း၏ အပြင်ဘက်၌...
လုချန်၏ သတိပေးချက်အရ ကောင်းကင်အင်ပါယာ အကယ်ဒမီသို့ သွားခဲ့သော တူကူပိုသည်လည်း တူကူရန်ကို ခေါ်ဆောင်ကာ ချိုင့်ဝှမ်းဆီသို့ ပြန်ရောက်လာခဲ့လေသည်။
တူကူပိုက တူကူရန်ကို ခေါ်လာခဲ့သော်လည်း နေရာတစ်ခုလုံး အလွတ်ဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။
သူက မျက်လုံးပြူးကာ အံ့အားသင့်စွာ စိုက်ကြည့်နေမိပြီး လုချန် ရှိနိုင်မည့်နေရာများကို စတင် ရှာဖွေလေတော့သည်။
‘ဘယ်ရောက်သွားတာလဲ’
‘ဒီလောက် လူတစ်ယောက်လုံးက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ’
တူကူပိုသည် ချိုင့်ဝှမ်း၏ အနီးအဝေး အနှံ့အပြား ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရေခဲမီးလျှံ ရေပူစမ်း ရှိရာသို့ ရောက်လာခဲ့သည်။ သူက ကမ်းစပ်ရှိ ငွေရောင်လက်ကောက် သိုလှောင် ဝိညာဉ်ကိရိယာနှင့် လုချန် ချွတ်ထားခဲ့သော အဝတ်အစားများကို ကြည့်လိုက်သည်။
ထို့နောက် ရေပူစမ်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ရာ သူ၏ စိတ်များ ပြိုလဲလုမတတ် ဖြစ်သွားရ၏။
“ညီအစ်ကို လန်ချန်... ငါ့စကားကို ဘာလို့ နားမထောင်ရတာလဲ။ ဒီအနီနဲ့ အဖြူ စမ်းရေက ယန်စမ်းမှာ အရမ်းပူပြီး ယင်စမ်းမှာ အရမ်းအေးတာ။ ငါတောင်မှ အလွယ်တကူ မဆင်းရဲဘူးကွ”
“မင်းအတွက်နဲ့ ငါက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကို ရန်သူလုပ်ခဲ့ပြီးပြီ... နင်းဖုန်းကျီ နဲ့ အရိုးတိုလောတို့ကိုတောင် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးပြီ။ အခုတော့ ငါ့မြေးမလေးနဲ့အတူ ဒီ နေဝင်ချိန် တောအုပ် ရဲ့ အနက်ရှိုင်းဆုံး နေရာမှာပဲ ပုန်းအောင်းနေရတော့မှာပေါ့”
“မင်း ဝိညာဉ်ကွင်း ခုနစ်ခုပါတဲ့ ဝိညာဉ်သူတော်စင် ဖြစ်လာပြီး အရိုးတိုလောကို တိုက်ခိုက်မယ့်နေရာမှာ ငါ့ကို ကူညီပေးနိုင်မယ့် အချိန်ကို ငါ စောင့်နေခဲ့တာ.... ဒါမှ သူ ငါ့ကို ဘယ်တော့မှ ထပ်ပြီး အထင်မသေးရဲတော့မှာ”
“အခု မင်းက ထွက်သွားပြီဆိုတော့ မင်းအတွက်က အရာအားလုံး အဆုံးသတ်သွားပြီပေါ့။ ဒါပေမဲ့ ငါနဲ့ ငါ့မြေးမလေးကျတော့ ဘာဆက်လုပ်ရတော့မှာလဲ”
တူကူပိုမှာ ရင်ဘတ်ကိုထု ခြေစောင့်ကာ ကြီးစွာသော နောင်တများဖြင့် မျှော်လင့်ချက် ကင်းမဲ့စွာ ငိုကြွေးနေခဲ့သည်။ လုချန်ကို ချိုင့်ဝှမ်းထဲတွင် သူ တစ်ယောက်တည်း မထားခဲ့သင့်ပေ။
အခုကြည့်စမ်း ဘာဖြစ်သွားလဲဆိုတာကို။ လုချန်က ဘာကိုမှ မသိနားမလည်ဘဲ အကြောက်အလန့်ကင်းကင်းနှင့် ဤအနီနှင့် အဖြူ ရေပူစမ်းထဲသို့ ခုန်ဆင်းသွားခဲ့လေသည်။ အခုဆိုလျှင် သေချာပေါက် အရိပ်အယောင်တောင် ကျန်တော့မည် မဟုတ်ချေ။
တူကူပို၏ အတွင်းစိတ်များ ကြေမွသွားခဲ့ပြီဖြစ်၏။
သူ့ကိုယ်တွင်းရှိ မြစိမ်းရောင် မြွေအဆိပ်မှာ လုံးဝ မပြေပျောက်သေးဆချ။ သူ၏ မြေးမလေး ကိုယ်ပေါ်ရှိ မြစိမ်းရောင် မြွေအဆိပ်ကို ဖြေဖျောက်နိုင်ခဲ့သော်လည်း သူမ၏ ကျင့်ကြံခြင်း အဆင့် မြင့်တက်လာသည်နှင့်အမျှ အဆိပ်က အနှေးနှင့်အမြန် ပြန်လည်ရောက်ရှိလာမည်မှာ သေချာပြီး လုချန်က အကြိမ်ကြိမ် အဆိပ်ဖြေပေးရန် လိုအပ်နေသေး၏။
အခုတော့ အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။
တူကူပိုမှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့ရသည်။ လုချန်ကို ဤမျှ အန္တရာယ်များသော နေရာသို့ သူ မခေါ်လာခဲ့သင့်ပေ။
တူကူပို တစ်ယောက် နာကျင်စွာ အော်ဟစ် ငိုကြွေးနေစဉ် သူ၏ ရှေ့ရှိ အနီနှင့် အဖြူ စမ်းရေထဲတွင် ပူဖောင်းများ ရုတ်တရက် ပေါ်လာခဲ့သည်။
တူကူပိုလည်း လန့်သွားပြီး အောက်သို့ ချက်ချင်း ငုံ့ကြည့်လိုက်၏။
ထို့နောက် ရေထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ရာ ထိုသူကား အသွင်ပြောင်းထားသော လုချန်ပင်။
တူကူပို၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး လုချန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ညီအစ်ကို လန်ချန်.. မင်း အသက်ရှင်နေသေးတာလား။ ဒါ မဖြစ်နိုင်ဘူး။ ဒီအနီနဲ့ အဖြူ စမ်းရေရဲ့ အလွန်အမင်း ပူပြင်းမှုနဲ့ အေးစက်မှုဒဏ်ကို ငါတောင် မခံနိုင်တာ... မင်းက ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေတာလဲ”
စမ်းရေအောက်တွင် ရှိနေသော လုချန်က တူကူပို ပြောသမျှကို အားလုံး ကြားခဲ့ရပြီးဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် လုချန် အလွန် စိတ်ထိခိုက်သွားခဲ့ရသည်။ အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ ၎င်းမှာ သူ့အပေါ်ထားရှိသော တူကူပို၏ စစ်မှန်သော စိုးရိမ်ပူပန်မှုပင်။
လုချန်က ကမ်းပေါ်သို့ တက်ရန် အလျင်မလိုသေးပေ။ ရေပူစမ်းထဲတွင် စိမ်နေရင်း ကမ်းစပ်ရှိ တူကူပိုကို ကြည့်ကာ ရှင်းပြလိုက်၏။
“ညီအစ်ကို တူကူ... ကျွန်တော် ပြောခဲ့တာကို မေ့သွားပြီလား။ ကျွန်တော်က ဝိညာဉ်ကတစ်ဆင့် အပင်တွေနဲ့ ဆက်သွယ်လို့ ရတယ်လေ။ အဲ့ဒီဆက်သွယ်မှုကတစ်ဆင့် ဒီ အင်မော်တယ် ဆေးမြစ်တွေအကြောင်း ကျွန်တော် သိခဲ့ရတယ်”
“နောက်ဆုံးမှာတော့ ကျွန်တော် အင်မော်တယ် ဆေးမြစ်နှစ်ခုကို စားခဲ့တယ်။ တစ်ခုက ရှစ်ထောင့် ရေခဲနက်မြက်ပင်ဖြစ်ပြီး နောက်တစ်ခုက ရဲရဲတောက် မီးလျှံပန်း ပဲ။ အဲ့ဒီ အင်မော်တယ် ဆေးမြစ်နှစ်ခုလုံးက ဒီစမ်းရေရဲ့ အာဟာရကို ရရှိထားကြတာလေ။ ဒီစမ်းရေထဲမှာ စိမ်ထားမှ အင်မော်တယ် ဆေးမြစ်တွေရဲ့ ဆေးဖက်ဝင် အာနိသင်တွေကို ပိုကောင်းကောင်း စုပ်ယူနိုင်မှာပါ”
“အခု အင်မော်တယ် ဆေးမြစ်ရဲ့ အာဟာရကြောင့် ကျွန်တော့် ခန္ဓာကိုယ်က ပိုမို ကြံ့ခိုင်လာပြီး ရေနဲ့ မီးဒဏ်ကို ခံနိုင်ရည်ရှိသွားပြီ... ဒါကြောင့်မလို့ ဒီစမ်းရေထဲမှာ ကျွန်တော် စိမ်နေနိုင်တာပါ”
စကားအဆုံးတွင် လုချန်က ခေတ္တရပ်သွားပြီးနောက် အနည်းငယ် ရှက်ရွံ့စွာဖြင့် ထပ်ပြောလိုက်သည်။
“ညီအစ်ကို တူကူ... ယန်ယန်ကို ခေါ်ပြီး ခဏလောက် ဘေးဖယ်ပေးပါလား။ ကျွန်တော့် ခန္ဓာကိုယ်က စမ်းရေကြောင့် မထိခိုက်ပေမဲ့ ကျွန်တော့် အဝတ်အစားတွေကတော့ ပျက်စီးသွားပြီ”
“အခု ယန်ယန်က ဒီမှာ ကြည့်နေတော့ ကမ်းပေါ်တက်ရမှာ ကျွန်တော် အရမ်း ရှက်နေလို့ပါ”
၎င်းကို ကြားသောအခါမှ တူကူပိုလည်း ရုတ်တရက် သဘောပေါက်သွားရသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ စမ်းရေထဲတွင် ကိုယ်လုံးတီးဖြင့် စိမ်နေသော လုချန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည့် တူကူရန်ကို မြင်လိုက်ရ၏။
တူကူပို၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူက အလျင်အမြန် သွားကာ တူကူရန်ကို အပြင်ဘက်သို့ ဆွဲခေါ်သွားလိုက်၏။
“ယန်ယန်... စိတ်မပူနဲ့... ငါတို့ အချိန်အခါ မဟုတ် ပြန်ရောက်လာတာ။ မင်းရဲ့ အဘိုးလန်ချန် အနီနဲ့ အဖြူ ရေပူစမ်းထဲက ထွက်လာပြီး အဝတ်အစား ဝတ်ပြီးသွားတဲ့အချိန် ခဏနေမှ ငါတို့ ပြန်လာကြမယ်”
တူကူပို၏ ဆွဲခေါ်ခြင်းကို ခံနေရသော တူကူရန်မှာ နောက်သို့ တမေ့တမော လှည့်ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
လုချန်တွင် ကျယ်ပြန့်သော ပခုံးများ၊ သေးသွယ်သော ခါးနှင့် ပေါက်ကွဲထွက်မည့် စွမ်းအားများ ထုတ်လွှတ်နေသည့် ထင်ရှားသော ကြွက်သားများနှင့်အတူ အလွန်ကောင်းမွန်သော ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ ရှိပြီး ခေါင်းမှ ခြေဖျားအထိ ယောက်ျားပီသသော ဆွဲဆောင်မှုများ ဖြာထွက်နေသည်ကို တူကူရန် တွေ့ရှိသွားခဲ့ရသည်။
ရေနှင့် မီး ကိုယ်ခန္ဓာသန့်စင်ခြင်းပါ ပေါင်းထည့်လိုက်သောအခါ သူ၏ အသားအရည်မှာ ကျောက်စိမ်းကဲ့သို့ မှေးမှိန်သော အလင်းရောင်များ ဖြာထွက်နေကာ အလွန်ချောမွေ့နေသဖြင့် တူကူရန်ကို ရင်ခုန် စိတ်လှုပ်ရှားလာစေခဲ့သည်။
တူကူရန်ကို တူကူပို ဆွဲခေါ်သွားပြီးနောက် လုချန်သည် နောက်ဆုံးတွင် သက်သောင့်သက်သာ ဖြစ်သွားကာ ကမ်းပေါ်သို့ အလျင်အမြန် ပြန်တက်လာခဲ့ခေသည်။
သူက ငွေရောင်လက်ကောက် သိုလှောင်ဝိညာဉ်ကိရိယာကို ကောက်ယူလိုက်ပြီး အင်္ကျီ၊ ဘောင်းဘီနှင့် ဖိနပ် အသစ်တစ်စုံကို ထုတ်ယူကာ အလျင်အမြန် ဝတ်ဆင်လိုက်၏။ ထို့နောက် သိုလှောင် ဝိညာဉ်ကိရိယာကို လက်ကောက်ဝတ်တွင် ပြန်လည် ဝတ်ဆင်လိုက်လေသည်။
ထို့နောက် ကြိုးတစ်ချောင်းကို ထုတ်ယူကာ သူ၏ ဆံပင်ရှည်များကို စည်းနှောင်လိုက်၏။ ခေါင်းမှ ခြေဖျားအထိ သေသပ်စွာ ပြင်ဆင်ပြီးနောက် လုချန်သည် တူကူပိုနှင့် တူကူရန်တို့ ရှိရာဆီသို့ လျှောက်သွားလိုက်သည်။
ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အရာများအပြီး အထူးသဖြင့် တူကူပိုက လုချန်ကို ရေခဲမီးလျှံ ရေပူစမ်းသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် လုချန်သည် တူကူပိုကို ပို၍ပင် အသိအမှတ်ပြု လက်ခံလာခဲ့သည်။
ထို့ကြောင့် လုချန်သည် ဤ အင်မော်တယ် ဆေးမြစ် အားလုံးကို သူ့အတွက်သာ ထားရှိရန် မရည်ရွယ်ပေ။ သူက တူကူပိုနှင့် တူကူရန်တို့ကိုလည်း အင်မော်တယ် ဆေးမြစ် အနည်းငယ် သုံးစေပြီး သူတို့ ပိုမို ရှေ့ဆက်နိုင်ရန် ကူညီပေးရန် စီစဉ်ထားခဲ့သည်။
သူနှင့် တူကူပိုသည် ယခုအခါ လုံးဝ ပူးပေါင်းမိသွားကြပြီဖြစ်သည်။ တူကူပို ပိုမို အစွမ်းထက်လာလေလေ သူက ပိုမို ဘေးကင်းလေလေပင်။
မကြာမီ လုချန်သည် တူကူပိုနှင့် တူကူရန်တို့ကို တွေ့ရှိသွားပြီး ပြုံးကာ စကားစလိုက်၏။
“ညီအစ်ကို တူကူကို စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ညီအစ်ကိုရဲ့ ဆေးဥယျာဉ်က တကယ်ကို သဘာဝတရားက ကောင်းချီးပေးထားတဲ့ ရတနာသိုက်ကြီးပါပဲ။ ဒီများပြားလှတဲ့ နတ်ဆေးမြစ်တွေထဲက တစ်ခုတည်းကတင် ဝိညာဉ်သခင်တစ်ယောက်ကို လုံးဝ ပြောင်းလဲသွားစေနိုင်တယ်”
“ကျွန်တော် အင်မော်တယ် ဆေးမြစ်နှစ်ခုကို စားလိုက်ရုံနဲ့ အများကြီး အကျိုးရှိသွားတယ်လို့ ခံစားရတယ်။ ညီအစ်ကို တူကူဆီမှာ ဒီလို ရတနာသိုက် မြေနေရာကြီး ရှိနေမှတော့ မြစိမ်းရောင် မြွေအဆိပ်ရဲ့ တန်ပြန်သက်ရောက်မှု ပြဿနာကို လုံးဝ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကျွန်တော် စဉ်းစားလို့ရသွားပြီ”
“မြစိမ်းရောင်မြွေအဆိပ်ရဲ့ တန်ပြန်သက်ရောက်မှုဆိုတာ ဝိညာဉ်ရဲ့ အားနည်းချက် တစ်ခုပဲ။ ညီအစ်ကိုတို့ မြစိမ်းရောင်မြွေ သွေးဆက်ဝိညာဉ်သခင်တွေက မြစိမ်းရောင်မြွေကို အဆိပ်ပြင်းတဲ့ ဝိညာဉ်ကွင်း ပေါင်းထည့်ပြီးနောက်မှာ တိုက်ခိုက်ရေး စွမ်းရည်တွေကို ထုတ်ဖော်ဖို့အတွက် ဝိညာဉ်ပူးကပ်ခြင်း လုပ်ဖို့ လိုအပ်တယ်”
“ဝိညာဉ်ပူးကပ်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ပေါင်းစပ်သွားပြီး ဝိညာဉ်ရဲ့ အဆိပ်တွေကို ခန္ဓာကိုယ်ထဲ ဝင်ရောက်ခွင့် ပြုလိုက်တာပဲ ဖြစ်ရမယ်”
“ဒီပြဿနာကို ဖြေရှင်းဖို့ လောလောဆယ် ကျွန်တော့်မှာ ဖြေရှင်းနည်း နှစ်ခုရှိတယ်။ ပထမနည်းလမ်းက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ သေစေနိုင်တဲ့ အဆိပ်တွေကို ဝိညာဉ်အရိုးထဲကို အတင်းအကျပ် ပို့ဆောင်ဖို့ ဝိညာဉ်အရိုးကို အသုံးပြုတာပဲ။ သေစေနိုင်တဲ့ အဆိပ်တွေကို ဝိညာဉ်အရိုးထဲမှာ သိုလှောင်ထားခြင်းအားဖြင့် ခြေလက်တွေ၊ အရိုးတွေနဲ့ အတွင်းကလီစာတွေကို ဝင်ရောက် ဖျက်ဆီးတာကို တားဆီးနိုင်တယ်”
“ဒါပေမဲ့ ဒီနည်းလမ်းက အားနည်းချက် အချို့လည်း ရှိတယ်။ အကယ်လို့ ညီအစ်ကိုရဲ့ ခွန်အား တိုးလာရင် အဆိပ်ပမာဏလည်း တိုးလာလိမ့်မယ်။ ဝိညာဉ်အရိုး တစ်ခုတည်းက အဆိပ်ကို ထိန်းချုပ်ထားဖို့ မလုံလောက်တော့ဘဲ အနာဂတ်မှာ ပိုများတဲ့ ဝိညာဉ်အရိုးတွေကို စုဆောင်းဖို့ လိုအပ်လိမ့်မယ်”
“ဒုတိယနည်းလမ်းကတော့ ဝိညာဉ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို အားပေးတာပဲ။ အကယ်လို့ မြစိမ်းရောင်မြွေ ဝိညာဉ်က အဲ့ဒီ သေစေနိုင်တဲ့ အဆိပ်တွေကို သူ့ဘာသာသူ ဖိနှိပ်ထားနိုင်ပြီး လူကို ပူးကပ်တဲ့အခါမှာ ခန္ဓာကိုယ်ထဲ ဝင်ရောက်တာကို တားဆီးနိုင်မယ်ဆိုရင် ညီအစ်ကို့ရဲ့ ဘေးကင်းမှုကို သေချာစေလိမ့်မယ်”
“ဝိညာဉ် ဆင့်ကဲပြောင်းလဲမှုဆိုတာ များသောအားဖြင့် အရမ်း ခက်ခဲတဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ ချိုင့်ဝှမ်းတစ်လျှောက် ပြန့်ကျဲနေတဲ့ ဒီ အင်မော်တယ် ဆေးမြစ် တွေထဲက တစ်ခု နှစ်ခုလောက်ကိုသာ ညီအစ်ကို စုပ်ယူလိုက်မယ်ဆိုရင် ညီအစ်ကိုရဲ့ ဝိညာဉ်တွေကို ဆင့်ကဲပြောင်းလဲသွားစေနိုင်ပြီး မြစိမ်းရောင်မြွေအဆိပ်ရဲ့ တန်ပြန်သက်ရောက်မှု ပြဿနာကို အပြီးတိုင် ဖယ်ရှားပစ်နိုင်လိမ့်မယ်”
အခန်း ၄၃ပြီး