အခန်း (၄၂) ရေနှင့် မီးဖြင့် ရွှေကိုယ်ထည်ကို သန့်စင်ခြင်း
ခဏတာ စဉ်းစားပြီးနောက် လုချန် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ အမူအရာက ခက်ထန်သွားခဲ့သည်။
ယခုအချိန်တွင် သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်နှင့် ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲရန်မှာ အရေးအကြီးဆုံး အရာများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ထိုသက်တမ်း ၈၅,၀၀၀ ရှိသော ငွေပြာဘုရင် ဝိညာဉ်ကွင်းကို စုပ်ယူရန်ပင်။
ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ရန် ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်း တို့ကို စုပ်ယူပြီး စိတ်ဝိညာဉ်ကို မြှင့်တင်ရန် ဆောင်းဦးနှင်းရည်ကို စုပ်ယူခြင်းက အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာခဲ့၏။
ဆုံးဖြတ်ချက်ချပြီးနောက် လုချန်က ဆက်လက် တွန့်ဆုတ်မနေတော့ချေ။ သူက လက်မှ ငွေရောင်လက်ကောက် သိုလှောင်ဝိညာဉ်ကိရိယာကို ချွတ်ကာ ဘေးဘက် မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် သူ၏ အပေါ်ဝတ်ရုံကိုပါ ချွတ်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်းတို့ကို စုပ်ယူရန်အတွက် ရေခဲမီးလျှံ ရေပူစမ်းထဲသို့ ခုန်ဆင်းရန် လိုအပ်ပေသည်။ သိုလှောင် ဝိညာဉ်ကိရိယာ ဖြစ်စေ၊ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော အဝတ်အစားများဖြစ်စေ ရေခဲမီးလျှံ ရေပူစမ်း၏ အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ ပစ္စည်းများ ပျက်စီးမှုကို ရှောင်ရှားရန် လုချန်က သိုလှောင်ဝိညာဉ်ကိရိယာ နှင့် အပေါ်ဝတ်ရုံကို ကြိုတင် ချွတ်ထားလိုက်ခြင်းပင်။
ထို့နောက် လုချန်က ရှစ်ထောင့် ရေခဲနက် မြက်ပင်ဆီသို့ သွားကာ ၎င်းက သူ့ကို သင်ပေးထားသော နည်းလမ်းအတိုင်း အမြစ်များကို မထိခိုက်စေဘဲ ခူးယူလိုက်၏။ ထို့နောက် လုချန်က ရဲရဲတောက် မီးလျှံပန်း ဆီသို့ သွားကာ ယခင်အတိုင်း ၎င်းက ပြသထားသော နည်းလမ်းအတိုင်း အမြစ်များနှင့် ပင်စည်များကို မထိခိုက်စေဘဲ ခူးယူလိုက်သည်။
အင်မော်တယ် ဆေးမြစ်များကို ခူးယူပြီးနောက် လုချန်က နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။
ရှစ်ထောင့် ရေခဲနက်မြက်ပင်၊ ရဲရဲတောက် မီးလျှံပန်း။
၎င်းတို့နှစ်ခုစလုံးက နတ်ဆေးမြစ်များ ဖြစ်သလို သေစေနိုင်သော အဆိပ်များလည်း ဖြစ်ကြသည်။ ၎င်းတို့၏ မွေးရာပါ အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှု စွမ်းအားများက ရေခဲမီးလျှံ ရေပူစမ်း နှင့် ကိုက်ညီနေခဲ့သည်။
အနည်းငယ်မျှ အမှားအယွင်းရှိပါက အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှုက ခန္ဓာကိုယ်ကို ဝင်ရောက် ဖျက်ဆီးသွားပေမည်။ လုချန်တွင် ပြန်လည် ကုစားနိုင်သော ဝိညာဉ်စွမ်းရည် ရှိသည့်တိုင်အောင် အသက်အန္တရာယ် မရှိသော်လည်း ကြီးမားစွာ နာကျင်ခံစားရမည်ဖြစ်၏။ လုချန်က လုံးဝ အကောင်းပကတိ ရှိနေပြီး ထိုကဲ့သို့ မခံစားလိုပေ။
ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်းဟူသော အင်မော်တယ် ဆေးမြစ်နှစ်မျိုးကို ၎င်းတို့၏ အမြစ်များ မထိခိုက်စေဘဲ ခူးယူပြီးဖြစ်သည်။ ဤအဖိုးတန် ရေခဲမီးလျှံ ရေပူစမ်းနယ်မြေတွင် ၎င်းတို့က နှစ်တစ်ရာခန့်အတွင်း ပြန်လည် ပေါက်ရောက်လာနိုင်မည်ဖြစ်သည်။
‘အခုက အင်မော်တယ် ဆေးမြစ် းနှစ်မျိုးကို စုပ်ယူရမယ့် အချိန်ပဲ။ ရေနဲ့ မီးက ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးလိမ့်မယ်... ငါ့ကို စိတ်ပျက်မစေဘဲ သက်တမ်း ၈၅,၀၀၀ ဝိညာဉ်ကွင်းကို ခံနိုင်ရည်ရှိတဲ့ အစွမ်းထက် ရုပ်ပိုင်းဆိုင်ရာကို တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်’
ထိုသို့တွေးရင်း လုချန်သည် ငွေပြာဘုရင်ကို ဆင့်ခေါ်လိုက်၏။ ဝိညာဉ်က ငွေပြာနွယ်ပင်နှစ်ခုကို အသက်သွင်းလိုက်ရာ ၎င်းတို့က ဘယ်နှင့်ညာသို့ အသီးသီး ရှည်ထွက်သွားပြီး ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်း တို့ကို ရစ်ပတ်ထားလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ရှစ်ထောင့် ရေခဲနက် မြက်ပင် ကို ရစ်ပတ်ထားသော ငွေပြာနွယ်ပင်များပေါ်တွင် နှင်းခဲလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရဲရဲတောက် မီးလျှံပန်း ကို ရစ်ပတ်ထားသော ငွေပြာနွယ်ပင်မှာ မီးကျွမ်းသွားလေသည်။
ယင်းကိုမြင်သောအခါ လုချန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ထိုဆေးမြစ်များထံမှ ထွက်ပေါ်လာသော အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှု စွမ်းအားများကို အံ့သြချီးမွမ်းလိုက်မိသည်။
ချက်ချင်းပင် လုချန်က စိတ်ထဲမှ တွေးလိုက်ရာ ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်း တို့မှာ ငွေပြာနွယ်ပင်နှစ်ခုဖြင့် သူ၏ ရှေ့သို့ ဆွဲယူခြင်း ခံလိုက်ရသည်။
ထို အင်မော်တယ် ဆေးမြစ်နှစ်ခု ထိတွေ့သွားသည့် အခိုက်အတန့်တွင် အလွန်အမင်း ပူပြင်းမှုနှင့် အလွန်အမင်း အေးစက်မှုတို့ ပေါက်ကွဲထွက်လာပြီး အချင်းချင်း စတင် ဖျက်ဆီးကြလေတော့သည်။
ထူးဆန်းသည်မှာ ထိုအင်အားနှစ်ခုက ပွတ်တိုက်ခြင်း မရှိဘဲ အချင်းချင်း ရောနှောသွားကာ ညီမျှသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခြင်းပင်။
ယခုအချိန်ပင်။ ရှစ်ထောင့် ရေခဲနက် မြက်ပင် ၏ အလွန်အမင်း အေးစက်မှုက ရဲရဲတောက် မီးလျှံပန်း ၏ အလွန်အမင်း ပူပြင်းမှုကို ပျက်ပြယ်သွားစေခဲ့သည်။
လုချန်က အလျင်အမြန် လှုပ်ရှားလိုက်ကာ ရှစ်ထောင့် ရေခဲနက် မြက်ပင်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ရဲရဲတောက် မီးလျှံပန်းကို အခြားလက်တစ်ဖက်ဖြင့် ကိုင်ကာ ပါးစပ်ထဲသို့ ထည့်၍ အားပါးတရ ဝါးစားလိုက်သည်။ သူက အင်မော်တယ် ဆေးမြစ် အပင်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း မျိုချလိုက်ခြင်းပင်။
သုံးကြိမ်မျှ အသက်ရှူချိန်ပင် မပြည့်မီ ထို အင်မော်တယ် ဆေးမြစ်နှစ်ခု၏ အာနိသင်များက စတင် အသက်ဝင်လာခဲ့ကြသည်။ လုချန်၏ မျက်နှာမှာ အနီရောင်နှင့် အဖြူရောင် တစ်လှည့်စီ ပြောင်းလဲနေပြီး သူ၏ ခန္ဓာကိုယ် အတွင်းတွင်မူ တစ်ခါတစ်ရံ မီးတောင်ချော်ရည်ထဲ ရောက်နေသကဲ့သို့ ပူပြင်းနေကာ တစ်ခါတစ်ရံ ရေခဲမြစ်ထဲ ရောက်နေသကဲ့သို့ အေးစက်နေလေသည်။
ဤအင်အားနှစ်ခု ရောယှက်လာသည်နှင့်အမျှ လုချန်မှာ အလွန်အမင်း နေရခက်လာခဲ့သည်။ သူက ခြေထောက်များကို ရုတ်တရက် အားပြုကာ လေထဲသို့ ခုန်တက်လိုက်ပြီး ရေခဲမီးလျှံ ရေပူစမ်းဆီသို့ ခုန်ချလိုက်လေသည်။
ဗွမ်းခနဲ အသံနှင့်အတူ သူက ရေခဲမီးလျှံ ရေပူစမ်းထဲသို့ ခေါင်းစိုက်ကာ ကျသွားခဲ့သည်။
လုချန်သည် ရေခဲမီးလျှံ ရေပူစမ်းထဲသို့ ခုန်ဆင်းသွားရာ မီးတောင်ချော်ရည်ကဲ့သို့ ပူပြင်းလှသော ယန် ရေပူစမ်းနှင့် ရေခဲခြင်ဆီကဲ့သို့ အေးစက်လှသော ဟန် ရေအေးစမ်းတို့က သူ့ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အင်အားနှစ်ခုက လုချန်ကို ဖိအားပေးလာရာ ရေခဲနှင့် မီးလျှံ ကြားတွင် ညပ်နေရသည့် ခံစားချက်အစစ်အမှန်ကို ရရှိစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် အင်မော်တယ် ဆေးမြစ်၏ အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှု စွမ်းအားနှစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း၌ သောင်းကျန်းနေခဲ့သည်။
သူ၏ အတွင်းပိုင်း အသားများ၊ အရိုးများ၊ ကလီစာများနှင့် လမ်းကြောင်းများကို အချိန်မီ ကာကွယ်ပေးနိုင်မှသာ ရေခဲမီးလျှံ ရေပူစမ်း၏ ယန်စမ်းနှင့် ဟန်စမ်းတို့ကြောင့် မီးလောင်ခံရခြင်း သို့မဟုတ် အအေးဒဏ်ကြောင့် အသားသေသွားခြင်းတို့မှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယန်စမ်းနှင့် ယင်စမ်းတို့မှ ပြင်ပဖိအားအောက်တွင် လုချန်၏ ကလီစာများက အင်မော်တယ် ဆေးမြစ်နှစ်ခု၏ ဆေးအာနိသင်များကို အလျင်အမြန် စတင် စုပ်ယူလေတော့သည်။
မူရင်း ဇာတ်လမ်းတွင် ထန်ဆန်းက ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်း ဟူသော အင်မော်တယ် ဆေးမြစ်နှစ်ခုကို စုပ်ယူခဲ့စဉ်က သူသည် ဝိညာဉ်အကြီးအကဲ တစ်ဦးသာ ဖြစ်နေသေး၏။
သူသည် အင်မော်တယ် ဆေးမြစ်နှစ်မျိုးကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သော်လည်း စုပ်ယူသည့် လုပ်ငန်းစဉ်အတွင်း အင်မော်တယထ ဆေးမြစ်နှစ်ခု၏ အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှုက သူ့ကို သေမလောက်ဖြစ်အောင် နှိပ်စက်ခဲ့ခေသည်။
လုချန်က လက်ရှိအချိန်တွင် ထန်ဆန်းထက် များစွာ ပိုမို အစွမ်းထက်နေခဲ့သည်။ ဝိညာဉ်ကွင်း ခြောက်ခုပါသော ဝိညာဉ်ဧကရာဇ်တစ်ဦးအနေဖြင့် သူ၏ ကန့်သတ်ချက်ထက် ကျော်လွန်သော ဝိညာဉ်ကွင်းများကို အကြိမ်ကြိမ် စုပ်ယူခဲ့ခြင်းက သူ၏ ရုပ်ပိုင်းဆိုင်ရာကို များစွာ တိုးတက်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆင့် ၆၉ သို့ ရောက်ရှိနေသော သူ၏ ဝိညာဉ်စွမ်းအားက အင်မော်တယ် ဆေးမြစ်နှစ်မျိုး၏ ဆေးအာနိသင်များကို ပိုမို လွယ်ကူစွာ စုပ်ယူနိုင်စေသည်။
ရှစ်ထောင့် ရေခဲနက် မြက်ပင်၏ အလွန်အမင်း အေးစက်မှုနှင့် ရဲရဲတောက် မီးလျှံပန်း ၏ အလွန်အမင်း ပူပြင်းမှုတို့က လုချန်၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေလေသည်။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အင်အားနှစ်ခုက လုချန်၏ ခြေလက်များနှင့် အရိုးများကို တစ်လှည့်စီ ဖြတ်သန်း တိုက်ခတ်နေခဲ့ကြသည်။
ဤသည်မှာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်သော်လည်း စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။ လုချန်၏ ခန္ဓာကိုယ်သည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အစွန်းရောက် အင်အားနှစ်ခု၏ တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း အမာရွတ်များနှင့် ဒဏ်ရာများ ရရှိလာပြီး မီးလောင်ခံရခြင်းနှင့် အအေးဒဏ်ကြောင့် အသားသေခြင်းတို့ကို ဆက်တိုက် ခံစားနေရသည်။
သို့သော် သူသည် အင်မော်တယ် ဆေးမြစ်၏ စွမ်းအားများကို စုပ်ယူလိုက်သည်နှင့်အမျှ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှာ အလျင်အမြန် ပြန်လည် ကောင်းမွန်လာပြီး သန့်စင်မှုမှတစ်ဆင့် ပိုမို၍ပင် အစွမ်းထက်လာခဲ့၏။
ပြန်လည် ပြုပြင်ရေး လုပ်ငန်းစဉ်အတွင်း ရှစ်ထောင့် ရေခဲနက် မြက်ပင်၏ အလွန်အမင်း အေးစက်သော စွမ်းအားနှင့် ရဲရဲတောက် မီးလျှံပန်း၏ အလွန်အမင်း ပူပြင်းသော စွမ်းအားတို့ကလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ရောနှော ဝင်ရောက်သွားခဲ့လေသည်။ သူ၏ အသားနှင့် သွေးများ၊ အရိုးများနှင့် ကြွက်သားများ၊ အတွင်းကလီစာများ၊ လမ်းကြောင်းများ...
အတွင်းပိုင်းကို ကြည့်လိုက်ရုံဖြင့် လုချန်သည် အလွန်အမင်း ပူပြင်းမှုနှင့် အလွန်အမင်း အေးစက်မှု နှစ်မျိုးစလုံးကို စုပ်ယူထားသော သူ၏ ခန္ဓာကိုယ် ကလီစာများမှ မှေးမှိန်သော ရွှေရောင် အလင်းတန်းလေးများ တောက်ပနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ရေနှင့် မီးက ရွှေကိုယ်ထည်ကို သန့်စင်ပေးနေခြင်းပင်။ လုချန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ အလျင်အမြန် အစွမ်းထက်လာနေကြောင်းကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ခဲ့သည်။
ဤလုပ်ငန်းစဉ်မှာ နာကျင်ရသော်လည်း အစွမ်းထက်လာခြင်းက အလွန် တန်ဖိုးရှိလှ၏။ ယေဘုယျအားဖြင့် လုချန်သည် နာကျင်မှုနှင့် ပျော်ရွှင်မှု နှစ်မျိုးစလုံးကို ခံစားနေရလေသည်။
ဤလုပ်ငန်းစဉ်အတွင်း လုချန်၏ ဝိညာဉ်စွမ်းအားများမှာ အလွန်တက်ကြွနေပြီး သောင်းကျန်းနေသော မြစ်တစ်စင်းကဲ့သို့ သူ၏ အထဲတွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေကာ အလွန်အမင်း ပူပြင်းမှုနှင့် အလွန်အမင်း အေးစက်မှု အစွန်းရောက် စွမ်းအားများကို ပိုမို မြန်ဆန်စွာ စုပ်ယူနိုင်စေခဲ့သည်။
ဖောက်...
ပိတ်ဆို့နေမှု တစ်ခုခုကို ထိုးဖောက်သွားသကဲ့သို့ လုချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အဆင့် ၆၉ မှ အဆင့် ၇၀ အတားအဆီးဆီသို့ သဘာဝကျကျပင် ခုန်တက်သွားခဲ့သည်။ ဤသည်မှာ အလွန် ဝမ်းသာစရာကောင်းသော အံ့သြမှုတစ်ခုပင်။
ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်းကို စုပ်ယူခြင်းက ဝိညာဉ်စွမ်းအားကို တိုးပွားစေမည် မဟုတ်ပေ။ သို့သော် အင်မော်တယ် ဆေးမြစ် ကို စုပ်ယူနေစဉ်အတွင်း လုချန်၏ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသော ဝိညာဉ်စွမ်းအားက သူ၏ ဝိညာဉ်စွမ်းအားကို အဆင့်တစ်ဆင့် အောင်မြင်စွာ မြှင့်တင်နိုင်ရန် မမျှော်လင့်ဘဲ ခွင့်ပြုပေးခဲ့၏။
လုချန်သည် ဝိညာဉ်စွမ်းအား အဆင့် ၇၀ သို့ ကျော်ဖြတ်ပြီးနောက် သတ္တမမြောက် ဝိညာဉ်ကွင်းကို စုပ်ယူကာ ဝိညာဉ်သူတော်စင် တစ်ဦး ဖြစ်လာနိုင်ပြီဖြစ်သည်။ ထို့အပြင် လုချန်၏ ကြီးမြတ်သော ဝိညာဉ်နှစ်ခု။ ငွေပြာဘုရင် နှင့် အနက်ရောင် သံမဏိ တံစဉ်။
အလွန်အမင်း ပူပြင်းမှုနှင့် အလွန်အမင်း အေးစက်မှုတို့၏ အကြိမ်ကြိမ် သန့်စင်မှုအောက်တွင် သူ၏ ဝိညာဉ်နှစ်ခုစလုံးက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့လေသည်။
ငွေပြာဘုရင်က ရေခဲနှင့် မီးလျှံ နှစ်မျိုးစလုံးကို ခံနိုင်ရည် ရှိသွားခဲ့ပြီဖြစ်သည်။ သူ၏ ငွေပြာဘုရင်ကို တိုက်ခိုက်ရေးအတွက် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း ရေခဲနှင့်မီးလျှံဒဏ်ကို ခံနိုင်ရည်ရှိခြင်းက သူ့ကို အထောက်အကူ ပြုနေဆဲပင်။
အနက်ရောင် သံမဏိတံစဉ်မှာ သာမန် ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း ဤကဲ့သို့သော သွန်းလုပ်မှုအောက်တွင် ပြီးပြည့်စုံသည်အထိ သန့်စင်ခံလိုက်ရပုံပေါ်၏။ တံစဉ် ဓားသွားမှာ အေးစက်သော အလင်းတန်းဖြင့် တောက်ပနေပြီး ၎င်း၏ ထက်မြက်မှုက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေရန် လုံလောက်နေခဲ့သည်။
အချိန်တွေ ဘယ်လို ကုန်သွားမှန်းမသိဘဲ သုံးနာရီကြာသွားခဲ့၏။
သုံးနာရီကြာ စုပ်ယူပြီးနောက် ရှစ်ထောင့် ရေခဲနက် မြက်ပင် နှင့် ရဲရဲတောက် မီးလျှံပန်းဟူသော အင်မော်တယ် ဆေးမြစ်နှစ်ခု၏ ဆေးအာနိသင် အများစုကို လုချန်၏ ခန္ဓာကိုယ်က စုပ်ယူပြီးသွားခဲ့ပြီဖြစ်သည်။
ကျန်ရှိနေသေးသော ဆေးအာနိသင်များက သူ၏ ခန္ဓာကိုယ်အတွင်းတွင် ငြိမ်သက်သွားခဲ့သည်။ ၎င်းတို့ကို သူ ကျင့်ကြံသည်နှင့်အမျှ တဖြည်းဖြည်းချင်း အပြည့်အဝ စုပ်ယူနိုင်မည်ဖြစ်သည်။
ခွန်အားတွေ အဆက်မပြတ် စီးဝင်လာနေခဲ့သည်။
လုချန်က မျက်လုံးများကို ဖွင့်လိုက်၏။ အလွန်အမင်း ပူပြင်းမှုနှင့် အေးစက်မှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး ယခုအခါ သူဟာ လန်းဆန်းမှုကိုသာ ခံစားနေခဲ့ရသည်။
လုချန်က လက်သီးကို ဆုပ်လိုက်ရာ သူ၏ အတွင်းမှ ပေါက်ကွဲထွက်လာမည့် ခွန်အားများက သူ့ကို တက်ကြွသွားစေလေသည်။ ဤကဲ့သို့ အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာဖြင့် ယခုအခါ သူသည် သက်တမ်း ၈၅,၀၀၀ ဝိညာဉ်ကွင်းကို စုပ်ယူရန် လုံးဝ စွမ်းဆောင်နိုင်ပြီဖြစ်၏။
အခန်း ၄၂ပြီး