အခန်း (၄၁) အင်မော်တယ် ဆေးမြစ်များကို ရွေးချယ်ခြင်း
ရေခဲမီးလျှံ ရေပူစမ်း။
မြေပြင်ကို ဖုံးလွှမ်းနေသော အင်မော်တယ်ဆေးမြစ်များကို ကြည့်ရင်း လုချန်က ရုတ်တရက် ပြောလိုက်၏။
“ညီအစ်ကို တူကူ... ဒီချိုင့်ဝှမ်းထဲမှာ အင်မော်တယ်ဆေးမြစ် အဆင့်ရှိတဲ့ ဆေးပင်တွေ အများကြီး ပေါက်နေတယ်။ အဲဒါတွေကို ကျွန်တော် ခူးလို့ ရမလား”
၎င်းကို ကြားသောအခါ တူကူပို၏ မျက်နှာက လေးနက်သွားပြီး ပြတ်သားစွာ သတိပေးလိုက်၏။
“ညီအစ်ကို.. ငါက နှမြောနေတာ မဟုတ်ဘူး.. ဒါပေမဲ့ ဒီဆေးမြစ်တွေထဲက အများစုက သေစေနိုင်တဲ့ အဆိပ်တွေလို့ မင်းကို ငါ ပြောပြီးပြီလေ”
“မင်းမှာ အဆိပ်ဖြေနိုင်တဲ့ စွမ်းရည် ရှိရင်တောင် အဲ့ဒီဆေးမြစ်တွေကို အလွယ်တကူ မထိနဲ့။ အဆိပ်ပြင်းတဲ့ ဆေးမြစ်တချို့ကို ထိမိရင် အဆိပ်ဖြေဖို့ ဝိညာဉ်စွမ်းရည်ကို သုံးဖို့တောင် အချိန်ရမှာ မဟုတ်ဘူး”
လုချန်က ယုံကြည်မှုရှိစွာဖြင့် ရှင်းပြလိုက်သည်။
“ညီအစ်ကို တူက... စိတ်ချလက်ချ နေလို့ရပါတယ်။ ကျွန်တော် ပြောခဲ့တာကို မှတ်မိသေးလား။ ကျွန်တော့် ဝိညာဉ်က ထူးခြားတယ်... အပင်တွေနဲ့ ပဲ့တင်ထပ်နိုင်တယ်။ ဒီစွမ်းရည်နဲ့ပဲ ဒီချိုင့်ဝှမ်းကို ကျွန်တော် ရှာတွေ့ခဲ့တာပါ”
“ကျွန်တော့် ဝိညာဉ်ကတစ်ဆင့် ဒီအပင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်လို့ရတယ်.. ဘယ်ဟာတွေက အင်မော်တယ်ဆေးမြစ်တွေလဲ၊ ဘယ်ဟာတွေက အဆိပ်ရှိလဲဆိုတာကို ခွဲခြားနိုင်ပါတယ်”
“ကျွန်တော် အင်မော်တယ်ဆေးမြစ် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ပဲ စားမှာပါ... အဆိပ်ရှိတဲ့ အပင်တွေကို လုံးဝ ထိမှာ မဟုတ်ဘူး။ ကျွန်တော့်အသက်ကို ကျွန်တော် တန်ဖိုးထားပါတယ်ဗျာ”
လုချန်၏ စကားကို ကြားသောအခါ ဝိညာဉ်မှတစ်ဆင့် အပင်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သူ ရှိသည်ကို တူကူပိုမှာ အလွန် အံ့အားသင့်သွားခဲ့ရသည်။
တူကူပို စိတ်ထဲတွင် တွေးလိုက်၏။
‘ညီအစ်ကိုရဲ့ ဝိညာဉ်ကို အရင်က ငါ မြင်ဖူးတယ်... ကြည်လင်နေတာပဲ... အပင်တစ်ပင်နဲ့ လုံးဝမတူဘဲ ကျောက်စိမ်းနဲ့ ပိုတူတယ်’
‘သူ ထုတ်လွှတ်လိုက်တဲ့ သက်စောင့်အသက်သွေး စွမ်းအင်က ငါ့ကို လန်းဆန်းသွားစေတယ်။ အဲ့ဒါက ထိပ်တန်း အဆင့်ရှိတဲ့ အပင်ဝိညာဉ် ဖြစ်ရမယ်... ဒါကြောင့်မလို့ အပင်တွေနဲ့ ဆက်သွယ်နိုင်တာပဲ’
‘ဘာပဲဖြစ်ဖြစ် ညီအစ်ကိုရဲ့ ဝိညာဉ်စွမ်းရည်က မြစိမ်းရောင် မြွေအဆိပ်ကိုတောင် ဖြေဖျောက်ပေးနိုင်တယ်လေ... အဲ့ဒါက သာမန်ဝိညာဉ်တွေ လုပ်နိုင်တဲ့အရာမှ မဟုတ်တာ’
ဤအရာများကို တွေးတောပြီးနောက် တူကူပိုက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
“မင်းမှာ ဒီလို စွမ်းရည်ရှိနေမှတော့ ငါ မင်းအတွက် စိတ်မပူတော့ဘူး။ ဒီချိုင့်ဝှမ်းထဲက ဆေးမြစ်တွေ အားလုံးကို ငါကိုယ်တိုင်တောင် မသိဘူး။ မင်းအတွက် အသုံးဝင်တဲ့ ဆေးမြစ်တွေကို တွေ့သရွေ့တော့ မင်းယူချင်ရင် ယူလို့ရတယ်”
“မင်းက ယန်ယန် ကိုယ်ပေါ်က မြစိမ်းရောင် မြွေအဆိပ်ကို ဖြေပေးခဲ့တာ... မင်းကို သေချာတောင် ကျေးဇူးမတင်ရသေးဘူး။ ဒါက ဆေးမြစ် အနည်းငယ်လောက်ပါပဲ... အင်မော်တယ်ဆေးမြစ်မျိုးဆိုရင်တောင် ပြောနေစရာ မလိုဘူး”
တူကူပိုမှာ အလွန် ရက်ရောပြီး လုချန်အား ရေခဲမီးလျှံ ရေပူစမ်းရှိ အင်မော်တယ်ဆေးမြစ်များကို ခူးယူခွင့် ပြုလိုက်၏။
လုချန် ပြုံးလိုက်ကာ အတိုင်းမသိ ဝမ်းသာသွားရသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ တူကူပိုကို ကြည့်ကာ ပြောလိုက်လေသည်။
“ညီအစ်ကို တူကူ... ယန်ယန် အကြောင်း ပြောရရင် သူက ကောင်းကင်အင်ပါယာ အကယ်ဒမီမှာ ရှိနေတုန်းပဲလေ။ ခဏလောက် ရှောင်နေဖို့ သူ့ကို ဒီကို ခေါ်မလာဘူးလား”
“ကျွန်တော်တို့ နှစ်ယောက်က အမှောင်ကို အခွင့်ကောင်းယူပြီး ကောင်းကင်အင်ပါယာ မြို့တော်ကနေ ထွက်လာခဲ့ကြတာ။ မနက်ဖြန် သူလျှိုတွေ သတိထားမိတဲ့အချိန်ထိ စောင့်ကြည့်ရမယ်။ ကောင်းကင်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ရွှယ်ချင်းဟယ် နဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် နင်းဖုန်းကျီတို့က ဒီကိစ္စကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး”
“သူတို့က ယန်ယန်ကို ပစ်မှတ်ထားလာနိုင်တယ်။ သူ့ကို အရေးမယူရင်တောင်မှ ကျွန်တော်တို့ ရှိနေတဲ့ နေရာကို သိရဖို့အတွက် သူ့ကို သေချာပေါက် စောင့်ကြည့်နေကြမှာပဲ။ အဲ့ဒါက ယန်ယန်ကို အန္တရာယ် ရှိစေနိုင်တယ်”
“သတင်းတွေ ပြန်မရောက်ခင်မှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ မဖြစ်ရအောင် ယန်ယန်ကို မြန်မြန် ခေါ်ထုတ်လာသင့်တယ်”
တူကူပို၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာလေသည်။ တူကူရန်သည် ဤလောကတွင် တူကူပို၏ တစ်ဦးတည်းသော ကျန်ရစ်သည့် မိသားစုဝင်ဖြစ်ပြီး တစ်စုံတစ်ယောက်က တူကူရန်ကို ထိခိုက်ရန် ရဲဝံ့ပါက တူကူပိုသည် သူတို့နှင့် အသက်ပေး တိုက်ခိုက်ပေမည်။
လုချန်၏ ခန့်မှန်းချက်ကို ကြားပြီးနောက် တူကူပို၏ အမူအရာမှာ အနည်းငယ် ကြမ်းတမ်းသွားပြီး ပြတ်သားစွာ ပြောလိုက်၏။
“ငါ့မြေးမလေးကို ထိခိုက်အောင် လုပ်ရဲတဲ့သူ ဘယ်သူ့ကိုမဆို ငါ အသက်ပေးပြီး တိုက်ခိုက်မယ်”
တူကူပိုအတွက်ရော သူ၏ ကိုယ်ကျိုးအတွက်ပါ လုချန်က တူကူရန်အား အပြင်ဘက်တွင် တစ်ယောက်တည်း ထားခဲ့ရန် မဖြစ်နိုင်သဖြင့် မီးလောင်ရာ လေပင့်လိုက်လေသည်။
“ညီအစ်ကို တူကူ... နောင်တရတာထက် ကြိုတင် ကာကွယ်တာက ပိုကောင်းပါတယ်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက လူတွေ ကျွန်တော်တို့ကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ အပြစ်တွေကို ချေဖျက်ဖို့နဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ဖို့အတွက် သူတို့က ယန်ယန်ကို စောင့်ကြည့်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ ကောင်းကင်အင်ပါယာ အကယ်ဒမီကို သွားနိုင်တယ်။ ကျွန်တော်တို့ သတိထားရမယ်”
လုချန်၏ စကားက တူကူပိုအတွက် သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့သည်။ တူကူပိုသည် တူကူရန်ကို အနည်းငယ်မျှပင် ဒုက္ခရောက်ခံမည် မဟုတ်ပေ။
သူ၏ အမူအရာက ခက်ထန်သွားပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ပြောလိုက်၏။
“ညီအစ်ကို... ဒီချိုင့်ဝှမ်းထဲမှာ သတိထားနေပါ။ မိုးမလင်းခင် ကောင်းကင်အင်ပါယာ အကယ်ဒမီကို သွားပြီး ယန်ယန်ကို ငါ ခေါ်လာခဲ့မယ်”
“မင်းပြောတာ မှန်တယ်။ နောင်တရတာထက် ကြိုတင် ကာကွယ်တာက ပိုကောင်းတယ်။ ယန်ယန် နဲ့ ပတ်သက်ပြီး ငါ လောင်းကြေး မထပ်ရဲဘူး။ သူက ငါ့ရဲ့ တစ်ဦးတည်းသော အဖိုးတန် မြေးမလေးပဲ”
“လောလောဆယ်တော့ မင်း ဝိညာဉ်စွမ်းအား အဆင့် ၇၀ ကို ရောက်ပြီး ဝိညာဉ်သားရဲတစ်ကောင်ကို အမဲလိုက်ပြီး သတ္တမမြောက် ဝိညာဉ်ကွင်းကို ရတဲ့အထိ ငါတို့ ခဏလောက် ပုန်းအောင်းနေကြမယ်”
“မင်းရဲ့ အကူအညီနဲ့ဆိုရင် ငါက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ဓားတိုလော နဲ့ အရိုးတိုလောတို့ကို ရင်ဆိုင်နိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ငါ ပုန်းအောင်းနေစရာ မလိုတော့ဘူး”
စကားပြောပြီးသည်နှင့် တူကူပိုသည် လေထဲသို့ အလျင်စလို ခုန်တက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ချိုင့်ဝှမ်းမှ ထွက်ခွာကာ ကောင်းကင်အင်ပါယာ အကယ်ဒမီဆီသို့ ဦးတည်သွားလိုက်လေသည်။
တူကူပို ထွက်သွားပြီးနောက် ရေခဲမီးလျှံ ရေပူစမ်း တွင် လုချန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သူက လှည့်ကာ ကြီးမားသော ရေခဲမီးလျှံ ရေပူစမ်း ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများက တောက်ပနေခဲ့လေသည်။
“ငွေပြာနယ်ပယ်”
လုချန်သည် ငွေပြာနယ်ပယ်ကို အသက်သွင်းလိုက်ရာ မမြင်ရသော လှိုင်းတစ်ခုက သူ့ထံမှ အလျင်အမြန် ပျံ့နှံ့သွားပြီး ရေခဲမီးလျှံ ရေပူစမ်းတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
ချက်ချင်းပင် ရေခဲမီးလျှံ ရေပူစမ်းအတွင်းရှိ အင်မော်တယ် ဆေးမြစ်မျိုးစုံသည် ငွေပြာနယ်ပယ်အတွင်း ယိမ်းနွဲ့လှုပ်ရှားသွားကြပြီး ငွေပြာနယ်ပယ်တွင် ပါဝင်သော သက်စောင့်အသက်သွေး စွမ်းအင်များကို စုပ်ယူကာ သန့်စင်နေခဲ့ကြသည်။
ခပ်ရေးရေး အသိစိတ်တစ်ခုက ငွေပြာနယ်ပယ် ကွန်ရက်မှတစ်ဆင့် လုချန်၏ စိတ်ထဲသို့ ပေးပို့လာခဲ့ပြီး အင်မော်တယ်ဆေးမြစ်တစ်ခုစီ၏ အသံကို သူ ကြားလိုက်ရ၏။
ရေခဲမီးလျှံ ရေပူစမ်းအတွင်းရှိ အင်မော်တယ် ဆေးမြစ်တစ်ခုစီက နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်ထက် မနိမ့်ကျချေ။ ကံမကောင်းစွာဖြင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံများကြောင့် အသိစိတ် ဖွံ့ဖြိုးလာစေရန် လုပ်ငန်းစဉ်မှာ အလွန် ခက်ခဲလှသည်။
ငွေပြာနယ်ပယ်မှတစ်ဆင့် လုချန်သည် ဤအင်မော်တယ် ဆေးမြစ်များ၏ အသံများကို နားထောင်ခဲ့ပြီး သူတို့၏ အသိစိတ်မှာ သုံးနှစ်အရွယ် ကလေးတစ်ယောက်နှင့်သာ တူညီကြောင်း တွေ့လိုက်ရသည်။
ရိုးသားပြီး အပြစ်ကင်းစင်လွန်းလှသည်။
လုချန်၏ ငွေပြာနယ်ပယ်နှင့် ဆက်စပ်နေသော သက်စောင့်အသက်သွေး စွမ်းအင်များကြောင့် ဤအင်မော်တယ် ဆေးမြစ်များက လုချန်အပေါ် အလွန် သဘောကျနေခဲ့ကြသည်။
လုချန်၏ မေးမြန်းမှုအောက်တွင် အင်မော်တယ် ဆေးမြစ်များက ပြောသင့်သည်များ အားလုံးကို အလျင်အမြန် ဖော်ပြလာခဲ့ကြသည်။
သူတို့ ဘာနာမည်တွေလဲ။
ဆေးဖက်ဝင် အာနိသင်တွေက ဘာတွေလဲ။
ခူးယူတဲ့အခါ ဘာတွေ သတိထားရမလဲ။
ဒီဆေးကို စားသုံးတဲ့အခါ ဘာတွေ သတိထားရမလဲ။
...
လုချန်သည် ဤအချက်အလက်များ အားလုံးကို အလျင်အမြန် နားလည် သဘောပေါက်သွားခဲ့သည်။
ရှစ်ထောင့် ရေခဲနက် မြက်ပင်။
ရဲရဲတောက် မီးလျှံပန်း။
မွှေးကြိုင်လှပသော ကောင်းကင်ဘုံထွက် ပစ္စည်း။
ချီရုံ ကောင်းကင်ယံ ဂန္ဓာမာပန်း။
ရှစ်လွှာ အင်မော်တယ် သစ်ခွ။
အဆင့်မြင့် ပိုးသား တျူးလစ်ပန်း။
ကြက်မောက် ဖီးနစ် နေကြာ။
ကျောက်စိမ်း ကြွက်သားနှင့် အရိုး။
အချစ်လွမ်း နှလုံးကွဲ အနီရောင်ပန်း။
ဆောင်းဦးရေပြင်ကို ထိုးဖောက်မြင်နိုင်သော နှင်းရည်။
နဂါးမူလ အသီး။
ရောနှောခြင်း မူလအင်မော်တယ် ဆေးမြစ်။
...
ရေခဲမီးလျှံ ရေပူစမ်းအတွင်းရှိ အင်မော်တယ် ဆေးမြစ်များ၏ အရေအတွက်မှာ လုချန်၏ စိတ်ကူးထက် ကျော်လွန်နေလေသည်။ သူ၏ ယခင်ဘဝက စာအုပ်များ ဖတ်ခဲ့စဉ်က သူသိခဲ့သော အင်မော်တယ် ဆေးမြစ်များမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်နေခဲ့သည်။
မူရင်း ဇာတ်လမ်းတွင် များများစားစား မိတ်ဆက်ထားခြင်း မရှိသော အခြား အင်မော်တယိ ဆေးမြစ် များစွာလည်း ရှိနေသေး၏။
လုချန်သည် ငွေပြာနယ်ပယ်ကို နိုးထစေခဲ့ပြီး ဤအင်မော်တယ် ဆေးမြစ်များနှင့် တိုက်ရိုက် ဆက်သွယ်ခွင့် ရရှိခဲ့သဖြင့် သူတို့၏ နာမည်များနှင့် ဆေးဖက်ဝင် အာနိသင်များကို သိရှိခွင့် ရခဲ့ခြင်းမှာ ကံကောင်းလှပေသည်။
များပြားလှသော အင်မော်တယ် ဆေးမြစ်များကို ကြည့်ရင်း လုချန်သည် ရွေးချယ်စရာများကြားတွင် လွှမ်းမိုးခံလာရပြီး မည်သည့်အရာကို စားသုံးရမည်ကို မဆုံးဖြတ်နိုင် ဖြစ်နေခဲ့ရသည်။
‘ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို အမြန် မြှင့်တင်ချင်တယ်ဆိုရင် ရောနှောခြင်း မူလအင်မော်တယ် ဆေးမြစ်ကို စားသုံးနိုင်ပေမဲ့ အသက်ရှူတိုင်း တိုးပွားလာတဲ့ ငါ့ရဲ့ ရွှေလက်ချောင်း နဲ့ဆိုရင် ငါက အင်မော်တယ် ဆေးမြစ် ကို လုံးဝ မလိုအပ်ဘူး’
‘ငါ ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲစေပြီး ကြံ့ခိုင်မှုကို မြှင့်တင်ချင်တယ်ဆိုရင် ကျောက်စိမ်း ဝါးပင်ကို စားလို့ရတယ်... ဒါပေမဲ့ ငါ့ရဲ့ ငွေပြာဘုရင်ဝိညာဉ်က တိုက်ခိုက်ရေးထက် အထောက်အကူပြုစနစ် ပိုဆန်တယ်... ဒါကြောင့် ဝိညာဉ်ရဲ့ ခံနိုင်ရည်ကို မြှင့်တင်တာက သိပ်ပြီး မသင့်တော်ဘူး’
‘အခု ငါ့အတွက် အရေးအကြီးဆုံးက သတ္တမမြောက် ဝိညာဉ်ကွင်းကို စုပ်ယူဖို့ပဲ... အဲ့ဒါက ဝိညာဉ်ကိုယ်ပွား ကို ဖွင့်ဖို့ သော့ချက်ပဲ။ ငါ ကြိုတင် ရည်ရွယ်ထားတဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းက ငွေပြာတောအုပ် ထဲက သက်တမ်း ၈၅,၀၀၀ ရှိတဲ့ ငွေပြာဘုရင်ပဲ’
‘တချို့ ဘွဲ့ခံတိုလောတွေရဲ့ နဝမမြောက် ဝိညာဉ်ကွင်းကတောင် သက်တမ်း ၈၅,၀၀၀ ဝိညာဉ်ကွင်းကိုပဲ စုပ်ယူနိုင်ကြတာ။ သက်တမ်း ၈၅,၀၀၀ ဝိညာဉ်ကွင်းကို ငါ့ရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းအဖြစ် စုပ်ယူဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေနဲ့ စိတ်ဝိညာဉ် ခွန်အားတွေက အရမ်း အရေးကြီးတဲ့ ကိစ္စရပ်တွေပဲ’
‘ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်။ ရှစ်ထောင့် ရေခဲနက်မြက်ပင် နဲ့ ရဲရဲတောက် မီးလျှံပန်းကို စားသုံးပြီး ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့ ရေနဲ့ မီး စွမ်းအားကို အသုံးပြုမယ်... ပြီးတော့ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အကြီးအကျယ် မြှင့်တင်ဖို့ ဆောင်းဦးရေပြင်ကို ထိုးဖောက်မြင်နိုင်သော နှင်းရည်ကို စားသုံးရမယ်’
‘ဒီ ကြိုတင်လိုအပ်ချက် နှစ်ခုကို စိတ်ထဲမှာ ထားပြီး ငွေပြာဘုရင်ရဲ့ သက်တမ်း ၈၅,၀၀၀ ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်မယ်လို့ ငါ လုံးဝ ယုံကြည်တယ်’
‘မမျှော်လင့်ထားတာ ဘာမှ မဖြစ်ဘူးဆိုရင် ငါက ပြီးပြည့်စုံတဲ့ ဝိညာဉ်ကိုယ်ပွား စွမ်းရည်ကို ရပြီး ဝိညာဉ်ရဲ့ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုကိုတောင် အားပေးနိုင်တယ်... ငါ့ရဲ့ ငွေပြာဘုရင်ဝိညာဉ်ကို အစစ်အမှန် ငွေပြာအင်ပါယာ ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲသွားစေနိုင်တယ်...’
အခန် ၄၁ပြီး