အခန်း (၄) ဖိနှိပ်ထားရသော ဒေါသ
“ထန်ဟောက်.. မင်း... မင်း...”
ရွာလူကြီး ဂျက်ခ်မှာ ဒေါသထွက်လွန်းသဖြင့် စကားပြောရာတွင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်။
ထန်ဟောက်သည် စောစောက အလုပ်သင်ကျောင်းသားနေရာကို ဂရုမစိုက်ခဲ့သော်လည်း ယခုတော့ ယင်းကို လုယူရန် ကြိုးစားနေခဲ့သည်။ သူက ချက်ချင်းပင် သဘောထားပြောင်းလဲသွားပြီး မည်သူ့ကိုမျှ ငြင်းဆန်ခွင့်မပြုပေ။ သူက မယုံနိုင်လောက်အောင် အာဏာရှင်ဆန်လွန်းနေခေသည်။
ဤအရာက ရွာလူကြီး ဂျက်ခ်ကို ဒေါသထွက်စေပြီး ခေါင်းမာသူတစ်ယောက်ဖြစ်သည့်အလျောက် သူက ထိုနေရာကို ထန်စန်းအားပေးရန် ငြင်းဆန်ခဲ့သည်။
ယင်းကိုမြင်သောအခါ ထန်ဟောက် ပို၍ မျက်မှောင်ကြုတ်သွားရသည်။ ဤရွာလူကြီး ဂျက်ခ်က မယုံနိုင်လောက်အောင် နားလည်မှုကင်းမဲ့နေခဲ့သည်။
သူ၏ အဆင့်အတန်းမျိုးရှိသူတစ်ဦးက အလုပ်သင်ကျောင်းသားနေရာကို တောင်းဆိုခြင်းမှာ တစ်ဖက်လူအား ဂုဏ်ရှိစေခြင်းပင်။
အတိတ်ကဆိုလျှင် အလုပ်သင်ကျောင်းသားနေရာလေးတစ်ခုကို သူ ဘယ်တော့မှ ဂရုစိုက်မည်မဟုတ်ချေ။
သ်ု့သော် ယခုအခါတွင် သူသည် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ကြည်လင်ကောင်းကင်ဂိုဏ်းမှာလည်း တသီးတသန့် နေထိုင်နေခဲ့ကြသည်။ ထို့အပြင် အာယင်ကို သူတော်စင်ဝိညာဉ်ရွာ၏ နောက်ဘက်တောင်ပေါ်တွင် ပုန်းအောင်းစေထားသဖြင့် သူကလည်း ထိုနေရာမှ မထွက်ခွာချင်ပေ။
ထန်စန်းအတွက် ဝိညာဉ်သခင်လေ့ကျင့်မှုခံယူရန် နေရာတစ်ခု ထောက်ပံ့ပေးဖို့မဟုတ်ပါက သူသည် ရွာလူကြီး ဂျက်ခ်နှင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေမည်မဟုတ်ပေ။ သူက အရက်ပြန်သောက်ပြီး အိပ်နေလိုက်မည်သာဖြစ်သည်။ ဒါက ပိုပြီး သက်သောင့်သက်သာ မရှိဘူးလား။
ထိုအချိန်တွင် ထန်ဟောက်၏ အငွေ့အသက်ကြောင့် မှင်သက်ကာ အသိစိတ်လွတ်သွားခဲ့သော လုချန်မှာ တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။
သူ သတိပြန်လည်လာသောအခါ အသက်ပြင်းပြင်းရှူနေရပြီး နဖူးမှ ချွေးစေးများ စီးကျနေခဲ့သည်။
လွန်ခဲ့သောအချိန်လေးက သူသည် သေမင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ခေသည်။
လုချန်သည် ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ မသေဆုံးသရွေ့ အနာဂတ်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။
သို့သော် ကြိုတင်လိုအပ်ချက်တစ်ခု ရှိနေသည်။ ၎င်းက ရှင်သန်ရမည်ဖြစ်သည်။
သူသည် ယခုအချိန်တွင် အလွန်အားနည်းနေသေးပြီး ထန်ဟောက်၏ ခြိမ်းခြောက်မှုများကို ခုခံနိုင်စွမ်း မရှိပေ။
သူက ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ သူ၏ မိဘများကို ကြည့်လိုက်၏။
ရိုးသားဖြောင့်မတ်စွာ နေထိုင်လာခဲ့သော ရိုးသားအေးချမ်းသည့် လယ်သမားတစ်ဦးဖြစ်သူ လုချန်၏ဖခင် လုအန်းမှာ ယခုအခါ မြေပြင်ပေါ်တွင် ပျော့ခွေစွာ လဲလျောင်းနေပြီး သူ၏မျက်နှာမှာ နီရဲနေကာ နဖူးမှ သွေးကြောများ ထောင်ထနေခဲ့သည်။
လုအန်းမှာ အလွန်စိတ်ပျက်သွားခဲ့ရသည်။
ထန်ဟောက်က သူ၏သားဖြစ်သူ၏ အလုပ်သင်ကျောင်းသားနေရာကို လုယူရန် ကြိုးစားနေသော်လည်း သူက အလွန်ကြောက်လန့်နေသဖြင့် မတ်တပ်ပင် မရပ်နိုင်ခဲ့ပေ။ ဤအချက်က သူ့ကို အလွန် ရှက်ရွံ့သွားစေသည်။
လုချန်၏မိခင် ရိုစ့်မှာ လူတိုင်းအပေါ် ကြင်နာတတ်ပြီး အိမ်နီးချင်းများနှင့် ဖော်ရွေစွာနေတတ်သော နွေးထွေးပြီး သဘောထားကြီးသည့် ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် မည်သူနှင့်မျှ ငြင်းခုန်ရန်ဖြစ်လေ့မရှိပေ။
ထန်ဟောက်က ထန်စန်းကို သူတော်စင်ဝိညာဉ်ရွာသို့ ခေါ်လာစဉ်က လူကြီးတစ်ယောက်တည်း ကလေးတစ်ယောက်ကို စောင့်ရှောက်နေရသည်ကို သူမ မြင်တွေ့ခဲ့ရပြီး သနားသွားသောကြောင့် သူတို့ကို အစားအသောက်များစွာ ပေးခဲ့ဖူးသည်။
ယခုအခါတွင်မူ ကျေးဇူးကန်းခြင်းဖြင့် ပြန်လည်တုံ့ပြန်ခံလိုက်ရဆလသည်။ ရိုစ့်မှာ အလွန်ကြောက်လန့်သွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏ မျက်လုံးများ နီရဲကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေခဲ့သည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိသော အခြေအနေသို့ ရောက်နေသည်။
ချက်ချင်းဆိုသလိုပင် လုချန်၏ နှလုံးသားမှာ မီးဟုန်းဟုန်းတောက်သွားပြီး ဖော်ပြ၍မရနိုင်သော ဒေါသမီးတောက်ကြီးက ရင်ဘတ်ထဲမှနေ၍ ခေါင်းထိပ်အထိ ဆောင့်တက်သွားရာ လူတစ်ယောက်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်စိတ်ပေါက်လာသည်အထိ ပြင်းထန်သော ဒေါသများ မျက်လုံးထဲတွင် ပေါ်လွင်လာလေသည်။
သူသည် ယခုအခါ မီးရှို့ထားသော ယမ်းအိုးတစ်လုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထန်ဟောက်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ဤရက်စက်သော လက်တွေ့ဘဝကို တွေးမိလိုက်ခြင်းက လုချန်၏အပေါ်သို့ ရေအေးလောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး မီးစကို လုံးဝ ငြိမ်းသတ်သွားစေသည်။
သူသာ ထန်ဟောက်နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ကြက်ဥနှင့် ကျောက်တုံးကို ပစ်ပေါက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
တည်ငြိမ်အောင်ထား။
တည်ငြိမ်အောင်ထား။
လုချန်က သူ့ကိုယ်သူ ဤသို့ ဆက်တိုက် သတိပေးနေသော်လည်း သူ၏ နှလုံးသားထဲတွင် ကတိတစ်ခုကိုလည်း ပြုလုပ်လိုက်၏။
‘ထန်ဟောက်... မင်းက ဘွဲ့ခံတိုလော ဖြစ်နေလို့သာ အခုလို နိုင်ထက်စီးနင်း လုပ်နိုင်တာပါ။ မင်း စောင့်သာကြည့်နေလိုက်။ ကံကြမ္မာဆိုတာ အနှစ်သုံးဆယ်တစ်ခါ ပြောင်းလဲတတ်တယ်။ အသက်ရှူလိုက်တိုင်း ပိုသန်မာလာမယ့် ငါ့ရဲ့ ပါရမီနဲ့ဆိုရင် မကြာခင် မင်းကို ငါ အမီလိုက်နိုင်ပြီး မင်းကိုတောင် ကျော်လွန်သွားဦးမှာ’
‘အဲ့ဒီအချိန်ရောက်လာရင် မင်းရဲ့ ဝိညာဉ်ကို ငါ ဖျက်ဆီးမယ်။ မင်းရဲ့ ခြေထောက်တွေကို ချိုးပစ်ပြီး ဒီနေ့ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ငါ့မိဘတွေရှေ့မှာ ဒူးထောက်ပြီး အပြစ်ကို ဆပ်ခိုင်းမယ်’
‘မင်းရဲ့ရှေ့မှာတင် မင်းသားရဲ့ ခေါင်းကို ဖြတ်ပစ်မယ်။ ပြီးရင် ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်ပြီး နောင်တရတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ မင်းကို အသေအချာ နားလည်သွားအောင် လုပ်ပြမယ်’
‘မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပြီး သေတဲ့အထိ ညှဉ်းဆဲပစ်ချင်လာအောင်ကို မင်းကို နောင်တရသွားစေရမယ်’
စိတ်ထဲတွင် ကတိပြုပြီးနောက် လုချန်က အသက်ပြင်းပြင်းရှူကာ သူ၏ ခံစားချက်များနှင့် ဒေါသအားလုံးကို ဖိနှိပ်ထားလိုက်၏။
နောက်ဆုံးတွင် လုချန်၏ မျက်နှာပေါ်၌ သတိတရားဖြင့် ဖုံးကွယ်ထားသော ကြောက်ရွံ့မှုတစ်ခုသာ ကျန်ရစ်တော့သည်။
ပြင်းထန်စွာ ခြောက်လှန့်ခံထားရသော သာမန်ကလေးတစ်ယောက်ကဲ့သို့ လုချန်က တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
“ရွာလူကြီး အဘိုး... ကျွန်တော် ဒီအလုပ်သင်ကျောင်းသားနေရာကို မလိုချင်တော့ပါဘူး။ တခြားနည်းလမ်းတစ်ခု စဉ်းစားကြည့်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် လုချန်က တောင့်တင်းနေသော ကိုယ်ဟန်ဖြင့် လှည့်ကာ သူ၏ ဖခင်နှင့် မိခင်ကို သွားရောက်ကူညီပေးလိုက်သည်။ ထို့နောက် လုအန်းနှင့် ရိုစ့်တို့ကို တစ်ဖက်တစ်ချက်စီမှ တွဲထူလိုက်သည်။ မိသားစု သုံးယောက်မှာ ယိုင်နဲ့နဲ့နှင့် ဖရိုဖရဲဖြင့် ထိုနေရာမှ ထွက်ခွာသွားကြလေသည်။
ရွာလူကြီး ဂျက်ခ်က လုချန်တို့ မိသားစု သုံးယောက် မျော်လင့်ချက်ကင်းမဲ့စွာ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူက တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် ပါးစပ်ကို ဟလိုက်သော်လည်း လည်ချောင်းထဲတွင် ဆို့နင့်နေပြီး အသံထွက်မလာခဲ့ပေ။
သူက ခြေလှမ်းလှမ်းလိုက်ရာ ခလုတ်တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။
နောက်ဆုံးတွင် ဟန်ချက်ပြန်ထိန်းနိုင်သွားပြီးနောက် ရွာလူကြီး ဂျက်ခ်က ထန်ဟောက်ကို စူးရဲစွာ ကြည့်ကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။
“ကောင်းပြီ ထန်ဟောက်... ငါ ကံဆိုးတာပဲ ဖြစ်ရမယ်။ ဘာလို့များ မင်းကို နေခွင့်ပြုခဲ့မိပါလိမ့်။ ဒီအလုပ်သင်ကျောင်းသားနေရာကို မင်း ယူလိုက်တော့”
စကားပြောအပြီးတွင် ရွာလူကြီးဂျက်ခ်သည် လှည့်ထွက်သွားလေသည်။ ထန်ဟောက်နှင့် ဆက်နေပါက ကံဆိုးမှုများ ကျရောက်လာမည်ကို စိုးရိမ်နေသည့်အလားပင်။
အလုပ်သင်ကျောင်းသားနေရာကို သေချာပေါက် ရရှိသွားပြီးနောက် ထန်ဟောက်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော ထန်စန်းက ရွာလူကြီး ဂျက်ခ်၏ နောက်သို့ လိမ္မာကျိုးနွံစွာ လိုက်သွားခဲ့သည်။
“ရွာလူကြီး အဘိုး... အဘိုးကို ကျွန်တော် လိုက်ပို့ပါရစေ”
ထိုအချိန်တွင် ရွာလူကြီးဂျက်ခ်က အနေအထိုင်ဆင်ခြင်တတ်သော ထန်စန်းကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။ အသက်ထက်စောပြီး ရင့်ကျက်ကာ နားလည်မှုရှိသော ဤကလေးကို သူက အမြဲတမ်း သနားစာနာခဲ့ပြီး သေချာစွာ စောင့်ရှောက်ပေးခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ထန်စန်းက ထန်ဟောကါ၏ အနောက်မှ လိုက်ပါလာပြီး ထန်ဟောက်က အခြားသူများကို အနိုင်ကျင့်နေသည်ကို စကားတစ်ခွန်းမျှ မပြောဘဲ ရပ်ကြည့်နေခဲ့ခြင်းမှာ အတော်လေး အံ့အားသင့်စရာကောင်းနေခဲ့သည်။
သူ စိတ်ထဲမှ သက်ပြင်းချလိုက်၏။
‘သူတို့က ဘာပဲဖြစ်ဖြစ် သားအဖတွေပဲလေ။ ငါ သူ့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်း သူက ကျေးဇူးတင်မှာ မဟုတ်သလို မျှတတဲ့စကားတစ်ခွန်း ပြောဖို့တောင် ရဲရင့်မှုရှိမှာ မဟုတ်ဘူး’
နောက်ဆုံးတွင် ရွာလူကြီး ဂျက်ခ်က တိုးညင်းသော လေသံဖြင့် ပြောလိုက်၏။
“ရှောင်စန်း... အခုကစပြီး ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်တာ ပိုကောင်းမယ်”
ထို့နောက် ရွာလူကြီး ဂျက်ခ်သည် အနောက်သို့ လှည့်မကြည့်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားပြီး ရှေ့မှလျှောက်သွားသော လုချန်တို့ မိသားစု သုံးယောက်ကို အမီလိုက်သွားလေသည်။
ရွာလူကြီးဂျက်ခ် ထွက်သွားသည်ကို ကြည့်ပြီးနောက် ထန်စန်းက ထန်ဟောက်၏အနီးသို့ ပြန်သွားကာ သူ့ကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“အလုပ်သင်ကျောင်းသားနေရာ ရအောင် ယူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ”
ရွာလူကြီး ဂျက်ခ်နှင့် လုချန်တို့ မိသားစု သုံးယောက်ကို အလုပ်သင်ကျောင်းသားနေရာ ရရှိရန်အတွက် အတင်းအကျပ် ခြိမ်းခြောက်ပြီးနောက် ထန်ဟောက်က ယင်းကို ချက်ချင်းပင် မေ့ပစ်လိုက်သည်။
ဤအချက်က သူ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုကို ပြသနေခဲ့သည်။
ထို့နောက် ထန်ဟောက်က လှည့်ထွက်သွားပြီး သွားရင်းလာရင်းဖြင့် ရေရွတ်လိုက်၏။
“ရှောင်စန်း၊ ငါ့အတွက် ထမင်းသွားပြန်ချက်စမ်း... ငါ ဗိုက်ဆာနေပြီ”
ထန်စန်းက လိမ္မာကျိုးနွံစွာ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
သားအဖနှစ်ယောက်သည် တစ်ယောက်နောက် တစ်ယောက်လိုက်ကာ သူတို့အိမ်ရှိရာသို့ လျှောက်သွားကြသည်။
ဤသည်ကား ထန်ဟောကါနှင့် ထန်စန်းတို့ပင် ဖြစ်သည်။ သူတို့သည် တူညီသော အကျိုးစီးပွားများကို မျှဝေခံစားကြသည့် စစ်မှန်သောအသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။
ထန်စန်းအတွက်ဆိုလျှင် ထန်ဟောက်သည် အခြားသူများကို မဆင်မခြင် အနိုင်ကျင့်ကာ အလုပ်သင်ကျောင်းသားနေရာကို လုယူနိုင်သည်။ ထန်ဟောကါအတွက်ဆိုလျှင်လည်း ထန်စန်းသည် မတရားမှုကို မျက်ကွယ်ပြုကာ အစမှအဆုံးတိုင်အောင် လျစ်လျူရှုထားနိုင်သည်။
အာဏာကို အလွဲသုံးစားလုပ်သော စစ်မှန်သည့် လူဆိုးတစ်ယောက်ဖြစ်သော ထန်ဟောက်။
ဖြောင့်မတ်မှန်ကန်သူအဖြစ် ဟန်ဆောင်နေသော သူတော်ကောင်းယောင်ဆောင် ထန်စန်း။
ငါ ပြောနိုင်တာကတော့ ဒီနှစ်ယောက်က တကယ့်ကို သားအဖတွေဆိုတာပါပဲ။
အခန်း ၄ပြီး