အခန်း (၃၇) နင်းဖုန်းကျီ
နောက်တစ်နေ့။
တူကူရန် ကျောင်းပြန်တက်ရမည်ဖြစ်ပြီး တူကူပိုက သူ၏မြေးမလေး လမ်းလျှောက်ရမည်ကို သနားကာ မကြည့်ရက်နိုင်သဖြင့် တူကူရန်အား ကောင်းကင်အင်ပါယာ အကယ်ဒမီသို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အင်ပါယာ မြို့တော်ရှိ တူကူအိမ်တော်သည်လည်း အထူး ဧည့်သည်တော် နှစ်စုကို ကြိုဆိုခဲ့ရလေသည်။
ပထမတစ်ဦးမှာ ကောင်းကင်အင်ပါယာ၏ လက်ရှိ အိမ်ရှေ့စံမင်းသား အရှင်ရွှယ်ချင်းဟယ်ပငမ။
ဒုတိယတစ်ဦးမှာ ရွှယ်ချင်းဟယ်၏ ဆရာဖြစ်ပြီး ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဂိုဏ်းချုပ် နင်းဖုန်းကျီ ဖြစ်၏။
နင်းဖုန်းကျီကို မြင်သောအခါ ရွှယ်ချင်းဟယ်က အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်ပြီး သိမ်မွေ့သော ကျက်သရေနှင့် လေးစားသမှု အပြည့်ဖြင့် တပည့်တစ်ဦး၏ ဦးညွှတ်ဂါရဝပြုခြင်းကို ပြုလုပ်လိုက်သည်။
“ဆရာ... ဒီနေ့ အခုလို ကြွလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
နင်းဖုန်းကျီသည် အလွန် အရည်အသွေးမြင့်မားသော လရောင်ဆင်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သူသည် သိမ်မွေ့ပြီး ကျက်သရေရှိသော အမူအရာ၊ ချောမောသော ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ထားကာ သူ၏ နှုတ်ခမ်းများပေါ်တွင် အမြဲတမ်း အပြုံးနုနုလေး တစ်ခု ချိတ်ဆွဲထားလေ့ရှိသည်။
ရွှယ်ချင်းဟယ်၏ ဦးညွှတ်မှုကို သူက မတုန်မလှုပ်ဘဲ လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရွှယ်ချင်းဟယ်သည် လက်ရှိတွင် အိမ်ရှေ့စံမင်းသားသာ ဖြစ်နေသေးပြီး ကောင်းကင်အင်ပါယာ၏ ဧကရာဇ် မဟုတ်သေးချေ။
ရွှယ်ချင်းဟယ်၏ ဆရာတစ်ယောက်အနေဖြင့် သူသည် ရွှယ်ချင်းဟယ်ထံမှ ဂါရဝပြုမှုကို လက်ခံရရှိရန် ထိုက်တန်၏။
သို့သော် နင်းဖုန်းကျီသည် အလွန်လည်း ပါးနပ်လေသည်။ ရွှယ်ချင်းဟယ်၏ ဦးညွှတ်မှုကို လက်ခံရရှိပြီးနောက် သူက အလျင်အမြန် ရှေ့သို့တိုးကာ ရွှယ်ချင်းဟယ်ကို ဆွဲထူလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။
“အိမ်ရှေ့စံမင်းသား... ဒီလို တရားဝင် အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး”
“မနေ့ညက အိမ်ရှေ့စံမင်းသားရဲ့ သတင်းစကားကို ရပြီးနောက် ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက လူတိုင်းအပေါ် အမြဲတမ်း ကြင်နာတတ်ပါတယ်။ ပြီးတော့ ပါရမီရှင် ဝိညာဉ်သခင်တစ်ယောက်နဲ့ မရည်ရွယ်ဘဲ ပြဿနာဖြစ်ပြီး ကြီးမားတဲ့ နားလည်မှုလွဲမှားခြင်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့မိဘူး”
“သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ပြောင်းလဲပြီး အစစ်အမှန် နာမည်ကို ဖုံးကွယ်ဖို့ အတင်းအကျပ် လုပ်ခဲ့မိတာ ကျွန်တော့်ရဲ့ အမှားပါ။ ဒီနေ့ နားလည်မှုလွဲတာတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော် သူ့ကို လူကိုယ်တိုင် တောင်းပန်ပြီး လျော်ကြေးတချို့ ပေးဖို့ ဆန္ဒရှိပါတယ်”
ထိုစကားများက နားထောင်လို့ ကောင်းလှသည်။
သို့သော် နင်းဖုန်းကျီ၏ ရင်ထဲတွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။
အထောက်အကူပြု ဝိညာဉ်သခင်များ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ မွေးရာပါ ဝိညာဉ်သခင်များထက် ပိုမို နှေးကွေးလေသည်။
သို့သော် လန်ချန်က အသက် သုံးဆယ်ခန့်တွင် ဝိညာဉ်စွမ်းအား အဆင့် ၆၉ ကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။ ထိုကဲ့သို့သော ပါရမီမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
ဒီလူသာ သေမသွားဘူးဆိုရင် သူက အထောက်အကူပြု စနစ်ရဲ့ ဘွဲ့ခံတိုလော တစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်။
ထိုအချိန်ကျလျှင် တိုက်ကြီးပေါ်ရှိ နံပါတ်တစ် အထောက်အကူပြု သူရဲကောင်းအဖြစ် ဘုံခုနစ်ဆင့် ပြဿာဒ်၏ အဆင့်အတန်းမှာ လုံးဝ အန္တရာယ်ရှိသွားနိုင်ခြေ ရှိပေသည်။
ထိုအရာကို တွေးမိရုံမျှဖြင့် နင်းဖုန်းကျီကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။
သူသည် ယမန်နေ့ညက သတင်းစကားတစ်ခု လက်ခံရရှိခဲ့ပြီး အမှန်တကယ်ပင် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။
ခြိမ်းခြောက်မှုများကို ဖယ်ရှားရန် သူ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း ထိုကဲ့သို့သော ကြီးမားသည့် ကြီးကြပ်မှု လွဲချော်ခြင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသည်က အထောက်အကူပြု ဝိညာဉ်သခင် တစ်ဦးကို ဝိညာဉ်စွမ်းအား အဆင့် ၆၉ သို့ တိတ်ဆိတ်စွာ ကြီးထွားလာစေခဲ့သည်။
နင်းဖုန်းကျီသည် လန်ချန်အပေါ်တွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
သို့သော် ယခုအချိန်တွင် ဧကရာဇ် ရွှယ်ယဲ့ ဖြစ်စေ၊ ရွှယ်ချင်းဟယ် ဖြစ်စေ... အိမ်ရှေ့စံမင်းသားနှင့် ဧကရာဇ် နှစ်ဦးစလုံးက လန်ချန်ကို ကာကွယ်ပေးရန်နှင့် ကောင်းကင်အင်ပါယာ တော်ဝင်မိသားစု၏ ထိန်းချုပ်မှုအောက်သို့ ခေါ်ဆောင်လာရန် ရည်ရွယ်ထားကြသည်။
ထို့ကြောင့် နင်းဖုန်းကျီက အလွန် လောတကြီး ပြုမူ၍မရနိုင်ပေ။
ဤမုန်တိုင်း ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းပြီးမှသာ လန်ချန်ကဲ့သို့သော အဓိက ခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားပစ်ရန် ကုရုံ သို့မဟုတ် ချန်ရှင်းကို စေလွှတ်ရန် အခွင့်အရေးကို ရှာဖွေရမည်ဖြစ်၏။
အပေါ်ယံတွင်မူ နင်းဖုန်းကျီက သူ၏ လူသိရှင်ကြား ပုံရိပ်ကို ထိန်းသိမ်းထားရန် သေချာပေါက် လိုအပ်ပြီး သူ၏ မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားနေရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အမူအရာများဖြင့် အကြိမ်ကြိမ် သက်ပြင်းချကာ သူ့ကိုယ်သူ အမြဲတမ်း ဆင်ခြင်သုံးသပ်နေခဲ့သည်။
ဤသူကား နင်းဖုန်းကျီပင်။ သူက လူတိုင်းအပေါ် ကြင်နာတတ်သယောင် ထင်ရသော်လည်း တကယ့်လက်တွေ့တွင်မူ ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်သည်။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ လက်ရှိ အဆင့်အတန်းအထိ တိုးတက်လာမှုအတွက် သူက ချီးကျူးခံရမှု အများအပြားနှင့် ထိုက်တန်လှသည်။
နင်းဖုန်းကျီ ဤမျှ နောင်တရနေသည်ကို မြင်သောအခါ ရွှယ်ချင်းဟယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း သူက နှစ်သိမ့်ကာ ပြောလိုက်၏။
“ဆရာ... ဆရာ့ကိုယ်ဆရာ အရမ်းကြီး အပြစ်တင်နေစရာ မလိုပါဘူး။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းလို ကြီးမားတဲ့ ဂိုဏ်းကြီးကို စီမံခန့်ခွဲတဲ့နေရာမှာ အမှားတချို့ ရှိလာတာက ရှောင်လွှဲလို့မရနိုင်ပါဘူး”
“ဒီနေ့ နားလည်မှုလွဲတာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ တံခါးဝကို ရောက်လာခဲ့တာပါ။ အကယ်လို့ လျော်ကြေးပေးနိုင်မယ်ဆိုရင် လန်ချန်က ဆရာ့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
နင်းဖုန်းကျီက မတင်မကျဖြင့် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်”
သူတို့နှစ်ဦး စကားပြောနေစဉ် အိမ်ရှေ့စံ စံအိမ်တော်မှ အစေခံတစ်ဦးက တံခါးကို လာခေါက်လေသည်။ တူကူအိမ်တော်၏ တံခါး ပွင့်သွားသောအခါ တူကူပို၏ အိမ်တော်ထိန်းက ထွက်လာခဲ့သည်။
အစေခံက ရိုကျိုးလွန်းခြင်း မရှိသလို မောက်မာလွန်းခြင်းလည်း မရှိဘဲ ရွှယ်ချင်းဟယ်နှင့် နင်းဖုန်းကျီတို့က လန်ချန်အား လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြန်လည် ပြောပြလိုက်သည်။
ဤသည်က အိမ်တော်ထိန်းကို အံ့အားသင့်သွားစေလေသည်။
တစ်ဦးမှာ ကောင်းကင်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်ပြီး နောက်တစ်ဦးမှာ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ ဤနှစ်ဦးစလုံး တံခါးဝသို့ အတူတကွ ရောက်လာသည်ကို သာမန် အိမ်တော်ထိန်း တစ်ဦးသာဖြစ်သော သူက မည်သို့ တားဆီးနိုင်မည်နည်း။
တူကူပို မရှိသည့်အချိန်တွင် အိမ်တော်ထိန်းက ရွှယ်ချင်းဟယ်နှင့် နင်းဖုန်းကျီတို့ကို စံအိမ်တော်၏ ဧည့်ခန်းဆီသို့ ဂရုတစိုက် ဖိတ်ခေါ်ရုံမှလွဲ၍ အခြားမလုပ်နိုင်ဘဲ ထို့နောက်တွင် လုချန်အား အလျင်အမြန် သွားရောက် အကြောင်းကြားလိုက်သည်။
မကြာမီမှာပင် တူကူအိမ်တော်ရှိ ဧည့်ခန်း တစ်ခန်းတွင်။
အိမ်တော်ထိန်းထံမှ ဇာတ်ကြောင်းတစ်ခုလုံးကို သိရှိပြီးနောက် လုချန်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
တိုလောတိုက်ကြီးက အလွန် သေးငယ်သော နေရာလေးတစ်ခုသာ ဖြစ်သည်။ တခြားသူတွေရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသလိုက်ရင် ပစ်မှတ်ထားခံရဖို့က အချိန်ပိုင်းကိစ္စသာ ဖြစ်လေသည်။
အထူးသဖြင့် ကောင်းကင်အင်ပါယာ မြို့တော်သို့ ရောက်ရှိပြီးနောက် ရွှယ်ချင်းဟယ်နှင့် နင်းဖုန်းကျီတို့မှာ မျှော့များကဲ့သို့ ဖြစ်လာပြီး သူ့အတွက် ခါထုတ်ပစ်ရန် မဖြစ်နိုင်ပေ။
‘တခြားနည်းလမ်း မရှိတော့ဘူး.. ငါ သူတို့နဲ့ တွေ့ရမှာပဲ’
ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်က ငွေပြာမြက်ခင်း မှ ငွေပြာဘုရင်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး ငွေပြာနယ်ပယ်ကိုပင် ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။
ငွေပြာနယ်ပယ်၏ အသွင်ယူနိုင်စွမ်းကို အသုံးပြုကာ သူက ဟန်ဆောင်နိုင်ခဲ့သည်။
ပြင်ပကမ္ဘာသို့ ထုတ်ဖော်ပြသထားသည့် အရာများမှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်လေသည်။ အပေါ်ယံတွင်မူ သူသည် ဝိညာဉ်စွမ်းအား အဆင့် ၆၉ ရှိသော အသက် သုံးဆယ်အရွယ် သာမန် အထောက်အကူပြု ဝိညာဉ်ဧကရာဇ်တစ်ဦးသာ ဖြစ်သည်။
အကယ်၍ အသက် ဆယ်နှစ်ပင် မပြည့်သေးသော သူက အဆင့် ၆၉ ဝိညာဉ်ဧကရာဇ် ဖြစ်နေပြီဖြစ်ကြောင်းနှင့် သူ၏ ဝိညာဉ်ကွင်းများက ခရမ်း၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက် အချိုးအစား ဖြစ်နေကြောင်းကိုသာ လူတွေ သိသွားပါက သူ့ကို နှုတ်ပိတ်ချင်နေမည့်သူ ဘယ်လောက်များမည်ကို မည်သူ သိနိုင်မည်နည်း။
ကံကောင်းထောက်မစွာဖြင့် သူက တူကူပိုအတွက် သူ၏ တန်ဖိုးကို သက်သေပြခဲ့ပြီးဖြစ်ရာ တူကူပိုက သူ့ကို သေချာပေါက် ကာကွယ်ပေးပေမည်။ တူကူပို ပြန်လာချိန်အထိ သူ တောင့်ခံထားနိုင်သရွေ့ သူ ဘေးကင်းမည်ဖြစ်သည်။
ချက်ချင်းပင် အိမ်တော်ထိန်း၏ ဦးဆောင်မှုဖြင့် လုချန်က ရွှယ်ချင်းဟယ်နှင့် နင်းဖုန်းကျီတို့ကို တွေ့ဆုံရန် ဧည့်ခန်းဆီသို့ ထွက်လာခဲ့၏။
ဧည့်ခန်းထဲတွင်။
လုချန်က တည်ငြိမ်သော အမူအရာဖြင့် ဝင်လာခဲ့သည်။ ရွှယ်ချင်းဟယ်နှင့် နင်းဖုန်းကျီတို့၏ ပုံရိပ်များမှာ အတော်လေး လူသိများသဖြင့် လုချန်က သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
ယဉ်ကျေးသိမ်မွေ့ပြီး အမူအရာကောင်းမွန်ပုံရသော လူငယ်လေးက ရွှယ်ချင်းဟယ်ပင်။
သိမ်မွေ့ပြီး ဖော်ရွေပုံရသော လူလတ်ပိုင်းအရွယ် အမျိုးသားက နင်းဖုန်းကျီဖြစ်လေသည်။
လုချန် ဝင်လာပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင် သူ၏ ဂုတ်ပေါ်ရှိ ဆံပင်များကို ထောင်ထသွားစေပြီး ကြွက်သားများကို တင်းမာသွားစေသည့် ပြင်းထန်သော အငြိုးအတေးခံစားချက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
‘ဘယ်သူလဲ’
လုချန်၏ အကြည့်များက လျှပ်စီးကဲ့သို့ စူးရှသွားပြီး ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။
နင်းဖုန်းကျီ၏ အနောက်တွင် အရပ် နှစ်မီတာကျော်ရှိပြီး ခန့်ညားပုံပေါ်သော်လည်း ကြွက်သားမရှိဘဲ အရိုးများဖြင့်သာ ဖွဲ့စည်းထားသည့် တုတ်ခိုင်သော ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။
ဤလူတွင် ချိုင့်ဝင်နေသော မျက်လုံးများ၊ ပိန်ချုံးနေသော ပါးပြင်များ၊ ပါးလျသော ဆံပင်များနှင့် အတော်လေး ရုပ်ဆိုးသော မျက်နှာတစ်ခု ရှိသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အရိုးစု သို့မဟုတ် နတ်ဆိုးတစ်ကောင်နှင့် တူနေပေသည်။
အရိုးတိုလော.. ကုရုံ။
လုချန် ဤလူကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ ဘယ်သူလဲဆိုတာကို ချက်ချင်း သိလိုက်၏။
ထို့ကြောင့် သူ၏ နှလုံးသားက ချက်ချင်း တင်းကျပ်သွားရသည်။ အတော်လေး ဖြောင့်မတ်သော ချန်ရှင်း နှင့် ယှဉ်လျှင် ကုရုံသည် လုံးဝ လူယုတ်မာ တစ်ဦးပင်။
ဤကာလအတွင်းတွင် မိစ္ဆာဝိညာဉ်သခင်ဟူသော ဘွဲ့မရှိဘဲ ကျဆင်းနေသော ဝိညာဉ်သခင်ဟူသော ဘွဲ့သာ ရှိသည်။
မဟုတ်ပါက ကုရုံသည် သေချာပေါက် မိစ္ဆာ ဝိညာဉ်သခင် တစ်ဦး ဖြစ်နေပေလိမ့်မည်။
‘နင်းဖုန်းကျီက ကုရုံကို သူနဲ့အတူ ခေါ်လာတယ်ဆိုတော့ ငါ့အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူက ကုရုံကို အရင်ဆုံး ငါ့ကို မှတ်မိစေချင်ပြီး နောက်တစ်ကြိမ်ကျရင် ငါ့ကို သတ်ဖို့ လာလိမ့်မယ်’
လုချန်က အံကျိတ်လိုက်ပြီး သူ၏ ခံစားချက်များ အားလုံးကို ရင်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်၏။
နင်းဖုန်းကျီနှင့် ကုရုံတို့ ရန်သူဖြစ်သွားမည့် အချိန် မရောက်သေးပေ။
‘လောလောဆယ်တော့ ငါ သည်းခံရမယ်’
သို့သော် လုချန်က ဤကိစ္စကို မှတ်ထားလိုက်ပြီဖြစ်သည်။ အနာဂတ်တွင် သူ၏ ခွန်အားများ တိုးတက်လာသည်နှင့် တစ်ပြိုင်နက် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၊ နင်းဖုန်းကျီနှင့် ကုရုံတို့ကို ကြီးမားသော အံ့သြစရာ တစ်ခု သေချာပေါက် ပေးမည်ဖြစ်သည်။
လုချန်က ကုရုံကို ဆက်မကြည့်တော့ချေ။ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသော်လည်း ထိုလူ မရှိသကဲ့သို့ ဟန်ဆောင်လိုက်ပြီး သူ၏ ကိုယ်ဟန်ကို နှိမ့်ချကာ ဦးညွှတ်လျက် ပြောလိုက်သည်။
“ကျွန်တော့်နာမည် လန်ချန်ပါ။ အိမ်ရှေ့စံမင်းသား အရှင်နဲ့ ဂိုဏ်းချုပ်နင်း တို့ကို တွေ့ရတာ ဝမ်းသာပါတယ်”
အခန်း ၃၇ပြီး