အခန်း (၃) နေရာအတွက် အားပြိုင်ခြင်း
ထန်စန်း၏ အိမ်တွင် နေ့ခင်းကြောင်တောင်ဖြစ်သော်လည်း ဟောက်သံများကို ဆက်တိုက် ကြားနေခဲ့ရသည်။
ထိုအသံကို ကြားသောအခါ ရွာလူကြီး ဂျက်ခ်မှာ ဒေါသထွက်လွန်း၍ မီးခိုးထွက်မတတ် ဖြစ်သွား၏။ ဝိညာဉ်နိုးထခြင်းကဲ့သို့ အရေးကြီးသော နေ့တစ်နေ့တွင် ထန်ဟောက်က အိပ်နေနိုင်သေးသည်။
သူက လက်ကိုမြှောက်ကာ ထန်စန်းအိမ်၏ သစ်သားတံခါးကို ဒုန်းဒုန်းမည်အောင် ဆက်တိုက်ထုလိုက်ပြီး ခေါက်နေရင်းနှင့်ပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ထန်ဟောက်.. ထန်ဟောက်... အခုချက်ချင်း ထွက်ခဲ့စမ်း”
အချိန်အတော်ကြာပြီးနောက် အခန်းထဲမှထွက်ပေါ်နေသော ဟောက်သံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထို့နောက် လေးလံသော ခြေသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ထိုအသံက တဖြည်းဖြည်း နီးကပ်လာပြီးနောက် ကျွီခနဲ အသံနှင့်အတူ သစ်သားတံခါး ပွင့်သွားလေသည်။
တံခါးနောက်တွင် အရပ်ရှည်ရှည် လူတစ်ယောက် ရပ်နေခဲ့သည်။ သူသည် ဖာထေးထားသော အဝတ်အစားများကို ဖိုသီဖတ်သီ ဝတ်ဆင်ထားပြီး သူ၏ဆံပင်များက ငှက်သိုက်တစ်ခုလို ရှုပ်ပွနေသည်။ ထိုငှက်သိုက်အောက်တွင် မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသော ကြမ်းတမ်းသည့် မျက်နှာတစ်ခုရှိနေခဲ့သည်။ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်၏။
“ရွာလူကြီး ဂျက်ခ်... ဘာတွေဒီလောက်တောင် လာခေါက်နေရတာလဲ။ ခင်ဗျား တံခါးကို ရိုက်ချိုးတော့မလို့လား။ မနက်ခင်းမှာ ကျွန်တော် အိပ်ဖို့လိုတယ်။ လယ်ယာသုံးပစ္စည်းတွေ လုပ်ချင်တယ်ဆိုရင် နေ့လည်မှ ပြန်လာခဲ့ပါ”
ဤအရပ်ရှည်ရှည်လူကြီးမှာ ထန်စန်း၏ဖခင် ထန်ဟောက်ပင်။
သူသည် သေသပ်မှုမရှိစွာ ဝတ်ဆင်ထားသော်လည်း သူ၏ သန်မာသော ခန္ဓာကိုယ်က ကြီးမားလှသော ဖိအားတစ်ရပ်ကို ပေးစွမ်းနေဆဲဖြစ်သည်။ သူ၏ရှေ့တွင် လူအများစုမှာ သူတို့၏ အငွေ့အသက်များ အားနည်းသွားသည်ကို ခံစားရမည်ဖြစ်သည်။
သို့သော်လည်း ရွာလူကြီးတစ်ယောက်အနေဖြင့် ဂျက်ခ်သည် ထန်ဟောက်၏ရှေ့တွင် သူ၏ အငွေ့အသက်ကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ခဲ့သည်။
တက်ကြွမှုမရှိသော ထန်ဟောက်ကို ကြည့်ရင်း ရွာလူကြီး ဂျက်ခ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူက ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် တုန်ယင်လာကာ မှုန်ကုပ်ကုပ်ဖြင့် ဆူပူလိုက်ခေသည်။
“ထန်ဟောက်... မင်း ဘယ်လိုလုပ် အိပ်နေနိုင်ရတာလဲ။ ဒီနေ့ ဘာနေ့လဲဆိုတာ မင်းသိလား။ ဒီနေ့က နှစ်စဉ်ကျင်းပတဲ့ ဝိညာဉ်နိုးထခြင်းနေ့ကွ”
“ရွာက ကလေးတွေအတွက်တော့ ဒါက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ တစ်သက်မှာတစ်ခါရတဲ့ အခွင့်အရေးပဲ။ သူတို့သာ အစွမ်းထက်တဲ့ ဝိညာဉ်ကို နိုးထစေပြီး မွန်မြတ်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒီရွာကနေ ထွက်သွားလို့ရပြီ”
ရွာလူကြီး ဂျက်ခ်၏ စကားကို ကြားသောအခါ ထန်ဟောက်က ကျယ်ပြန့်သော လက်ဝါးကြီးကို ဆန့်ထုတ်ကာ ခေါင်းကို ပေါ့ပေါ့ပါးပါး ကုတ်လိုက်ပြီး လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။
“ဝိညာဉ်သခင်... ဟက်... ဝိညာဉ်သခင်ဆိုတာ အဲ့ဒီလောက်တောင် အထင်ကြီးစရာကောင်းနေလို့လား။ အရက်ကောင်းကောင်းလေး တစ်ခွက်သောက်ရသလောက်တောင် လက်တွေ့မကျပါဘူး။ ရှောင်စန်း... မင်း အပြင်မှာ ဘာလုပ်နေတုန်း။ ငါ့အတွက် ထမင်းမြန်မြန် ပြန်လာချက်စမ်း”
ပဒေသရာဇ်စနစ် တန်ဖိုးများကို ဆက်ခံသူတစ်ယောက်အနေဖြင့် ထန်စန်းသည် ဘုရင်များနှင့် ဖခင်များကဲ့သို့သော ပုဂ္ဂိုလ်များကို အလွန်ရိုသေကိုင်းရှိုင်းသူဖြစ်သည်။ ထန်ဟောင်၏ အမိန့်ကို ကြားသောအခါ ထန်စန်းသည် နာခံမှုရှိစွာဖြင့် ထမင်းချက်ရန် ပြန်သွားခဲ့သည်။
ဒါက ထန်စန်း၏ ကိုယ်ရည်ကိုယ်သွေးပင်။ သူ၏ဖခင် သို့မဟုတ် အုပ်ချုပ်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ သူသည် အစမှအဆုံးတိုင်အောင် မည်သည့် ခုခံမှုမျိုးကိုမျှ မပြဝံ့ပေ။
နောင်တစ်ချိန်တွင် သူကိုယ်တိုင် နတ်ဘုရားဘုရင်တစ်ပါးနှင့် ဖခင်တစ်ဦး ဖြစ်လာသောအခါ သူ၏ လက်အောက်ငယ်သားများနှင့် ကလေးများကို သူလုပ်ချင်သလို ခြယ်လှယ်မည်ဖြစ်ပြီး အခြားသူများ၏ အမြင်များကို လုံးဝ လျစ်လျူရှုမည်ဖြစ်သည်။
ရွာလူကြီး ဂျက်ခ်တစ်ယောက်သာ ထန်ဟောက်ကို ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်နေခဲ့သည်။ သူတို့ရွာကို သူတော်စင်ဝိညာဉ်ရွာဟု အမည်ပေးထားခြင်းမှာ တစ်ချိန်က ရွာမှ ဝိညာဉ်သူတော်စင်တစ်ပါး ပေါ်ထွက်ခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယင်းမှာ ရွာလူကြီး ဂျက်ခ်၏ ဂုဏ်ယူစရာပင်။
ရွာလူကြီး ဂျက်ခ်သည် ရွာမှ နောက်ထပ် ဝိညာဉ်သူတော်စင်တစ်ပါး ထပ်မံပေါ်ထွက်လာရန် အိပ်မက်မက်နေခဲ့သည်။ ထန်ဟောက်က ဝိညာဉ်သခင်များကို ဤသို့ နှိမ့်ချပြောဆိုသည်ကို ကြားလိုက်ရသဖြင့် သူ့ကို အလွန်ဒေါသထွက်စေခဲ့ရသည်။
ရွာလူကြီး ဂျက်ခ်သည် ထန်ဟောက်ကဲ့သို့သော သစ်ဆွေးတုံးတစ်တုံးအပေါ် မျှော်လင့်ချက်ကို စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ထန်စန်းအတွက်မူ အခွင့်အရေးတစ်ခု ပေးလိုသေး၏။
ရွာလူကြီးဂျက်ခ်က ထန်ဟောက်ကို စူးရဲစွာ ကြည့်လိုက်ပြီး တံတွေးများ လွင့်စင်ထွက်လာသည်အထိ ပြောလိုက်သည်။
“ထန်ဟောက်... မင်းက မင်းတစ်သက်လုံး အရက်သမားအဖြစ် နေချင်နေလို့ရတယ်။ ဒါပေမယ့် ရှောင်စန်းက ငယ်သေးတယ်။ မင်းလို အရက်သမား ဖြစ်လာလို့မရဘူး”
“ရွာက ရှောင်စန်းနဲ့ ရှောင်ချန်တို့က ငွေပြာမြက်ကိုပဲ နိုးထနိုင်ခဲ့တယ်ဆိုပေမယ့် နိုးထခြင်းကို တာဝန်ယူတဲ့ ဝိညာဉ်သခင်ကိုယ်တိုင်က သူတို့ရဲ့ ပါရမီက အရမ်းကောင်းမွန်တယ်လို့ ပြောသွားတယ်။ နှစ်ယောက်စလုံးက မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်တွေ ရှိကြတယ်”
“ရွာမှာ အလုပ်လုပ်ရင်း ပညာသင်ခွင့်ရမယ့် ကျောင်းသားနေရာ တစ်နေရာရှိတယ်။ ဘယ်သူ သုံးခွင့်ရမလဲဆိုတာ သိရဖို့ ရှောင်စန်းနဲ့ ရှောင်ချန်တို့ကို မဲနှိုက်ခိုင်းဖို့ ငါ ဆုံးဖြတ်လိုက်တယ်”
ဤစကားကို ကြားသောအခါ ထန်ဟောက်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ပေါ့ပေါ့ဆဆပုံစံသို့ အမြန်ပြန်ပြောင်းလိုက်သည်။
“ငွေပြာမြက်ဆိုတာ အမှိုက်ဝိညာဉ်ပဲ။ ဝက်တွေကို ကျွေးရင်တောင် သူတို့က ငြင်းကြလိမ့်မယ်။ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ အဲ့ဒီ အလုပ်သင်ကျောင်းသားနေရာကို ခင်ဗျား ပေးချင်တဲ့သူကိုသာ ပေးလိုက်ပါ။ ကျွန်တော်တို့က ဂရုမစိုက်ဘူး”
“ဒါ့အပြင် ရှောင်စန်းက ကျွန်တော့်အတွက် ထမင်းချက်ပေးရဦးမယ်။ သူသာ ကျောင်းသွားရင် နောင်ကျ ကျွန်တော့်ကို ထမင်းချက်ကျွေးမယ့်သူ ရှိမှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် ထန်ဟောက်သည် ရွာလူကြီး ဂျက်ခ်ကို လုံးဝ လျစ်လျူရှုကာ တံခါးကို ဒိုင်းခနဲ ပြန်ပိတ်ချလိုက်လေသည်။
ရွာလူကြီး ဂျက်ခ်မှာ ဒေါသထွက်နေသော်လည်း ဘာမျှမလုပ်နိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထန်ဟောက်သည် ထန်စန်း၏ဖခင် ဖြစ်နေသောကြောင့် သူက ထန်ဟောက်၏ကိုယ်စား ထန်စန်းအတွက် ဆုံးဖြတ်ချက်များ ချပေး၍မရနိုင်ပေ။
ရလဒ်အနေဖြင့် အလုပ်လုပ်ရင်း ပညာသင်ခွင့်ရမည့် နေရာအတွက် မဲနှိုက်ရန် မလိုအပ်တော့ချေ။
ရွာလူကြီး ဂျက်ခ်က လုချန်တို့ မိသားစု သုံးယောက်ကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသအချို့ ရှိနေဆဲဖြစ်သော်လည်း လေသံကမူ ယခင်ကထက် ပိုမိုပျော့ပျောင်းသွားခဲ့သည်။
“ရှောင်ချန်... ထန်ဟောက်က အလုပ်သင်ကျောင်းသားနေရာကို ဂရုမစိုက်တဲ့အတွက် ငါတို့ရွာရဲ့ နေရာက မင်းအတွက်ဖြစ်သွားပြီ။ ပြန်ပြီး သေချာပြင်ဆင်ထားပါ။ နော့တင်းမြို့က နော့တင်းအကယ်ဒမီ ကျောင်းဖွင့်တဲ့အခါ မင်းကို ကျောင်းအရောက် ငါကိုယ်တိုင် လိုက်ပို့ပေးမယ်”
ရွာလူကြီးဂျက်ခ်က အလုပ်သင်ကျောင်းသားနေရာကို လုချန်အား ပေးလိုက်ပြီးနောက် လုချန်၏ဖခင် လုအန်းနှင့် သူ၏မိခင် ရိုစ့်တို့ နှစ်ဦးစလုံးမှာ အလွန်ပျော်ရွှင်သွားပုံရသည်။
သူတို့၏သားသည် တစ်ခုခုတော့ ဖြစ်လာတော့မည်ဖြစ်သည်။
သူက ငွေပြာမြက်ဝိညာဉ်သခင်တစ်ယောက်သာ ဖြစ်နေပါစေဦး။ သူသည် မွန်မြတ်သော ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး ရွာတွင် သာမန်လူတစ်ယောက် ဖြစ်နေတော့မည်မဟုတ်ပေ။
မျက်နှာပေါ်ရှိ အပြုံးတစ်ခုနှင့်အတူ လုချန်က သူ့စိတ်ထဲတွင် နောက်ပြောင်သလို တွေးလိုက်၏။
‘ဒါက ထန်စန်းရဲ့ ကံကြမ္မာကို ငါ လုယူလိုက်တာလို့ သတ်မှတ်လို့ရမလား။ တကယ်လို့ ထန်စန်းက နော့တင်းအကယ်ဒမီကို မသွားနိုင်ရင် အခုကစပြီး သူလည်း ရွာမှာ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတော့မှာပေါ့။ ဒီတိုးတက်မှုက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်’
နေရာ ပိုင်ဆိုင်ခွင့် အဆုံးအဖြတ်ပေးပြီးနောက် ရွာလူကြီးဂျက်ခ်နှင့် လုချန်တို့ မိသားစု သုံးယောက် အတူတကွ ထွက်ခွာသွားကြသည်။
သို့သော် သူတို့ သိပ်မဝေးခင်မှာပင် ကျွီခနဲ အသံနှင့်အတူ ထန်စန်းအိမ်၏ တံခါးက ပြန်ပွင့်လာခဲ့သည်။ ထန်ဟောက်က ထန်စန်းကို ခေါ်ထုတ်လာခဲ့ပြီး သားအဖနှစ်ယောက်က သူတို့နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် အမီလိုက်လာကြသည်။
ရွာလူကြီး ဂျက်ခ်နှင့် လုချန်တို့ မိသားစုမှာ နားမလည်နိုင်စွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။
အမီလိုက်လာပြီးနောက် ထန်ဟောက်၏ မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်နေပြီး ကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်သည်။
“ရွာလူကြီး ဂျက်ခ်... သူတော်စင်ဝိညာဉ်ရွာရဲ့ အလုပ်သင်ကျောင်းသားနေရာကို မဲနှိုက်ပြီး ဆုံးဖြတ်မယ်လို့ ခင်ဗျား ပြောခဲ့တယ်မလား။ ကျွန်တော် သဘောတူတယ်”
ရွာလူကြီး ဂျက်ခ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ကျယ်လောင်စွာ ဆူပူလိုက်လေသည်။
“ထန်ဟောက်... အခု ဘာတွေရူးနေပြန်တာလဲ။ ခုနလေးတင် အဲ့ဒီနေရာကို ဂရုမစိုက်တာ မင်းပဲလေ”
“အခု ငါက အဲ့ဒီနေရာကို ရှောင်ချန်ကို ပေးလိုက်ပြီဆိုမှ မင်းက လာတောင်းနေတာလား။ ငါ ပြောမယ်... နောက်ကျသွားပြီ”
နေရာကို တခြားသူတစ်ယောက်အား ပေးလိုက်ပြီးပြီဖြစ်သည်။
ထန်ဟောကမ၏ မျက်ခုံးများ ချက်ချင်း တွန့်ကွေးသွားခဲ့ရသည်။
စောစောက သူ ထင်ခဲ့သည်မှာ ထန်စန်းသည် အမှိုက်ဝိညာဉ် ငွေပြာမြက်ကိုသာ နိုးထနိုင်ခဲ့သည်ဟု ထင်ခဲ့သောကြောင့် စိတ်ဝင်စားမှုမရှိဘဲ နေရာကိုလည်း ဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ထန်စန်းသည် သူ၏ ကြည်လင်ကောင်းကင်တူကိုပါ နိုးထနိုင်ခဲ့ပြီး အမြွှာဝိညာဉ်နှင့် မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် ပိုင်ဆိုင်ထားကြောင်း သူ သိသွားခဲ့ပြီဖြစ်သည်။
ဤအရာက ထန်ဟောက်အား လက်စားချေရန် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သောကြောင့် သဘာဝကျကျပင် သူက အလုပ်သင်ကျောင်းသား နေရာအတွက် တိုက်ပွဲဝင်ချင်နေခြင်းဖြစ်သည်။
ယင်းကိုတွေးမိပြီးနောက် ထန်ဟောက်က လုချန်တို့ မိသားစုဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက စူးရဲသွားပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။
လုအန်းနှင့် ရိုစ့်တို့မှာ သာမန်လယ်သမားများသာ ဖြစ်ကြရာ ထန်ဟောက်၏ အငွေ့အသက်ကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ သူတို့၏ ခန္ဓာကိုယ်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
လုချန်၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာသဖြင့် သူက မတ်တပ်ရပ်နိုင်ရုံမျှသာ ရှိသော်လည်း သူ၏ အသိစိတ်က တစ်ခဏမျှ ဗလာဖြစ်သွားပြီး သူ၏အတွေးများက အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သတ်ဖြတ်ခြင်းနတ်ဘုရား နယ်ပယ်ကို ပိုင်ဆိုင်ထားသော ကြည်လင်ကောင်းကင် တိုလောဖြစ်သည်။ သာမန်လူများဖြစ်သည့် လုချန်တို့ မိသားစုအား အနိုင်ကျင့်ခြင်းက ရိုးရှင်းစွာပင် လွယ်ကူလွန်းနေခဲ့သည်။
လုချန်၏ မိသားစုအား ခြိမ်းခြောက်ပြီးနောက် ထန်ဟောက်က အေးဆေးသော လေသံဖြင့် ပြောလိုက်၏။
“ရွာလူကြီး ဂျက်ခ်... သူတို့က ဘာမှမပြောကြတော့တဲ့အတွက် ဒီအလုပ်သင်ကျောင်းသားနေရာ ပိုင်ဆိုင်ခွင့်ကို ခင်ဗျား ပြန်လည်စဉ်းစားသင့်တယ်”
အခန်း ၃ပြီး