အခန်း (၂၂) ဝိညာဉ်စွမ်းအား အဆင့် ၄၀
ရက်နှစ်ဆယ်ကျော်ကြာ နေ့ရောညပါ လုချန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော နေကြာပန်းမှာ ယခုအခါတွင် အနည်းငယ် အားနည်းနေခဲ့သည်။
၎င်းက လုချန်ရှိရာသို့ ပေါက်ကွဲတတ်သော မျိုးစေ့သုံးစေ့ကို အားနည်းစွာ ပစ်လွှတ်လိုက်၏။
“ပေါက်ကွဲခြေလှမ်း”
လုချန်က အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားများကို ခြေဖဝါးဆီသို့ ပို့ဆောင်ကာ ဖိသိပ်လိုက်လေသည်။ ထိုဖိသိပ်ထားသော ဝိညာဉ်စွမ်းအားများက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာတစ်ခု ထင်ကျန်ရစ်ပြီး လုချန်က အဝေးသို့ တွန်းထုတ်ခံရကာ ပေါက်ကွဲတတ်သော မျိုးစေ့သုံးစေ့ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ဘုန်း.. ဘုန်း..ဘုန်း...
ပေါက်ကွဲတတ်သော မျိုးစေ့သုံးစေ့၏ ပေါက်ကွဲမှုက လုချန်ကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင်ခဲ့။
အချိန်အကြာကြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် လုချန်၏ ကိုယ်ပိုင် ဖန်တီးထားသော ဝိညာဉ်စွမ်းရည် ပေါက်ကွဲခြေလှမ်းသည် ယခုအခါ လက်တွေ့ တိုက်ပွဲတွင် အသုံးချနိုင်ပြီဖြစ်၏။
လေထဲသို့ လွင့်စင်သွားသော လုချန်သည် အတောင်ပံဖြန့်ထားသော ငှက်ကြီးတစ်ကောင်ကဲ့သို့ အောက်သို့ ဆင်းသက်လာသော အရှိန်ကို အသုံးပြု၍ နေကြာပန်းဆီသို့ အလျင်အမြန် ခုန်အုပ်လိုက်သည်။
အပြင်းအထန် တိုက်ခိုက်လာသော လုချန်နှင့် ရင်ဆိုင်ရသည့်အခါ နေကြာပန်းက ၎င်း၏ လောင်ကျွမ်းနေသော နေရောင်ခြည် အကာအကွယ်ကို အလိုအလျောက် ဖြန့်ကျက်လိုက်လေသည်။
နေကြာပန်း၏ ပန်းပွင့်ခေါင်းမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းကို လုံးဝ ဖုံးလွှမ်းသွားသော ရွှေရောင် စွမ်းအင် အကာအကွယ် အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
လုချန်က လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူ၏ လမ်းကြောင်းကြီးများမှတစ်ဆင့် ဝိညာဉ်စွမ်းအား လှိုင်းလုံးများ စီးဆင်းလာပြီး သူ၏ လက်သီးထဲတွင် ဖိသိပ်လိုက်သည်။
“အမြောက်လက်သီး”
နေကြာပန်းအနီးသို့ ရောက်သည်နှင့် လုချန်က ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ထိုးလိုက်ပြီး သူ၏ ဖိသိပ်ထားသော ဝိညာဉ်စွမ်းအားများကို ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးတစ်ခုအဖြစ် ထုတ်လွှတ်လိုက်လေသည်။
ဘုန်း။
ကျယ်လောင်သော မြည်သံကြီးတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားပြီး နေကြာပန်းကို ဖုံးလွှမ်းထားသော ရွှေရောင် စွမ်းအင် အကာအကွယ်မှာ လက်သီးချက်၏ စွမ်းအားကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် လုံးဝ ကွဲအက်သွားရသည်။
အကာအကွယ်၏ ပြန့်ကျဲသွားသော အပိုင်းအစများမှာ လေထဲတွင် အလျင်အမြန် အရည်ပျော်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
လုချန်၏ အစွမ်းထက်သော အမြောက်လက်သီးသည် နေရောင်ခြည် အကာအကွယ်ကို ချိုးဖျက်ပြီးနောက်တွင်ပင် နေကြာပန်း၏ ပန်းပွင့်ခေါင်းကို ဆက်လက် ဝင်တိုက်မိသွား၏။
ဤနှစ်ရှစ်ထောင် သက်တမ်းရှိ နေကြာပန်းမှာ လုချန်၏ လက်သီးချက်ကြောင့် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ၎င်း၏ ပန်းပွင့်ခေါင်းမှာ အပိုင်းအစလေးများ ဖြစ်သွားကာ ၎င်း၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်များမှာလည်း နေရာအနှံ့ ပြန့်ကျဲသွားလေသည်။
နေကြာပန်းကို ဖျက်ဆီးပြီးနောက် လုချန်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူ၏ လက်သီးကို တစ်လှည့် ကျိုးပဲ့နေသော နေကြာပန်းကို တစ်လှည့် ကြည့်ရင်း သူက ပြုံးလိုက်မိ၏။
“တော်တော်ကောင်းတယ်။ ပေါက်ကွဲခြေလှမ်းက ငါ့ရဲ့ အမြန်နှုန်းကို နှစ်ဆတိုးဖို့ လုံလောက်ပြီး အစွမ်းထက်တဲ့ အမြောက်လက်သီးက နောက်ဆုံးတော့ အဲ့ဒီ အဆင့်မြင့် ဝိညာဉ်သားရဲတွေကို ရင်ဆိုင်ဖို့ အမှန်တကယ် တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးတစ်ခုကို ပေးစွမ်းနိုင်ပြီ”
တစ်ချိန်တည်းမှာပင် ပန်းပွင့်ခေါင်း ကျိုးပဲ့သွားသော နေကြာပန်းမှာလည်း အသက်အဆုံးသတ်တော့မည်ဖြစ်ပြီး ၎င်း၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်မှ ထူထပ်သော ခရမ်းရောင် စွမ်းအင် လှိုင်းလုံးများကို ထုတ်လွှတ်နေခဲ့သည်။
အကြိမ်ကြိမ် အသွင်ပြောင်းပြီးနောက် ကြီးမားလှသော ခရမ်းရောင် စွမ်းအင်များက ခရမ်းရင့်ရောင် ဝိညာဉ်ကွင်းတစ်ခုအဖြစ် စုစည်းသွားလေသည်။ ဝိညာဉ်ကွင်းမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက လေထဲတွင် ဂယက်များ ထသွားစေခဲ့သည်။
ဤသည်မှာ နှစ်ရှစ်ထောင် သက်တမ်းရှိ ဝိညာဉ်ကွင်းပင်။
၎င်းမှာ အမှန်တကယ်ပင် ထိပ်တန်းအဆင့် နှစ်ရှစ်ထောင် ဝိညာဉ်ကွင်း ဖြစ်၏။
ယနေ့ လုချန်သည် ဤနှစ်ရှစ်ထောင် သက်တမ်းရှိ ဝိညာဉ်ကွင်းကို သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်၏ တတိယ ဝိညာဉ်ကွင်းအဖြစ် အသုံးပြုပေမည်။
ခရမ်းရောင် ဝိညာဉ်ကွင်းကို ကြည့်ရင်း လုချန်က ထိုနေရာတွင် ကျင်းတစ်ခု တူးလိုက်ပြီး လမ်းတစ်လျှောက်မှ ကျောက်တုံးတစ်တုံးကို ရွှေ့ကာ ကျင်းထဲသို့ ဝင်လိုက်ပြီးနောက် ဝင်ပေါက်ကို ကျောက်တုံးဖြင့် ပိတ်ထားလိုက်သည်။
အနည်းငယ် လျှို့ဝှက်သလို ဖြစ်နေသော်လည်း ၎င်းက လုံခြုံပေသည်။
လုချန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ပြီး ငွေပြာမြက် သိုင်းဝိညာဉ်နှင့် ဆက်သွယ်ရန် တရားထိုင်ခြင်းနည်းလမ်းကို အသက်သွင်းလိုက်ပြီးနောက် ဤနှစ်ရှစ်ထောင် သက်တမ်းရှိ နေကြာပန်း၏ ဝိညာဉ်ကွင်းကို စတင် စုပ်ယူလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင် ဝိညာဉ်ကွင်းက လွင့်မျောလာပြီး သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်ပေါ်သို့ ကျဆင်းကာ ကျုံ့ဝင်သွားပြီး ၎င်းထဲသို့ ပေါင်းစပ်သွားခဲ့သည်။
အလွန် ပူပြင်းလောင်ကျွမ်းနေသော်လည်း သက်စောင့်အသက်သွေးများဖြင့် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအားများက သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်ပေါ်သို့ ချက်ချင်း လွှမ်းမိုးသွားလေသည်။
ထိုသက်စောင့်အသက်သွေး စွမ်းအား၏ အာဟာရဖြည့်တင်းမှုအောက်တွင် သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်က ပြင်းထန်စွာ တုန်ယင်လာပြီး မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွားလာကာ ၎င်း၏ တတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှုကို စတင်လိုက်သည်။
ဝိညာဉ်ကွင်းတစ်ခုကို စုပ်ယူလိုက်တိုင်း ဝိညာဉ်တစ်ခုအတွက် အသေးစား ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေပေသည်။
ကွဲပြားသော ဝိညာဉ်ကွင်းများက သဘာဝကျကျပင် ကွဲပြားသော လမ်းကြောင်းများဆီသို့ ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်သည်။
ဝိညာဉ်တစ်ခု မှန်ကန်စွာ ဆင့်ကဲပြောင်းလဲနိုင်စေရန် ၎င်းစုပ်ယူမည့် ဝိညာဉ်ကွင်းများကို သေချာစွာ ရွေးချယ်ရပေမည်။
လုချန်၏ ဝိညာဉ်မှာ ငွေပြာမြက်ဖြစ်ပြီး ကံမကောင်းစွာဖြင့် သူက တူညီသော သက်တမ်းရှိ ငွေပြာမြက် ဝိညာဉ်သားရဲကိုးပင်ကို ရှာမတွေ့ခဲ့သဖြင့် ၎င်းတို့ကို အမဲလိုက်ကာ ၎င်းတို့၏ ဝိညာဉ်ကွင်းကို မစုပ်ယူနိုင်ခဲ့ပေ။
ထို့ကြောင့် သူက ဒုတိယအကောင်းဆုံးကိုသာ ရွေးချယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူ အမဲလိုက်ခဲ့သော ဝိညာဉ်သားရဲတိုင်းမှာ တက်ကြွသော အပင်ဝိညာဉ်သားရဲများ ဖြစ်သည်။
ဤအပင် ဝိညာဉ်သားရဲများ၏ ဝိညာဉ်ကွင်းများကို စုပ်ယူခြင်းက ငွေပြာမြက်ကို စစ်မှန်သော ငွေပြာဧကရာဇ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲစေမည် မဟုတ်သော်လည်း ငွေပြာမြက်ကို မျိုးဗီဇပြောင်း ငွေပြာဧကရာဇ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲစေမည်ဖြစ်၏။
ဘယ်အရာက ပိုကောင်းလဲ၊ ဘယ်အရာက ပိုဆိုးလဲဆိုတာကို ပြောဖို့ ခက်၏။
စစ်မှန်သော ငွေပြာဧကရာဇ်၏ ခွန်အားမှာ ၎င်း၏ သန့်စင်မှုအပေါ်တွင် တည်ရှိခေသည်။
မူလငွေပြာဧကရာဇ်၏ မျိုးဗီဇပြောင်းလဲမှုတစ်ခုဖြစ်သော ငွေပြာဧကရာဇ်သည် ၎င်း၏ ပြည့်စုံပြီး ရှားပါးသော စုဆောင်းမှုတွင် ထူးခြားချက်ရှိသည်။
အပင်ဝိညာဉ်သားရဲ ကိုးမျိုး၏ ဝိသေသလက္ခဏာများကို ပေါင်းစပ်ထားသော မျိုးဗီဇပြောင်း ငွေပြာဧကရာဇ်သည် မူလ ငွေပြာဧကရာဇ်ထက် သေချာပေါက် ညံ့ဖျင်းမည်မဟုတ်ပေ။
လက်ရှိ အခြေအနေသို့ ပြန်သွားရလျှင် လုချန်က ဤနှစ်ရှစ်ထောင် သက်တမ်းရှိ နေကြာပန်း၏ ဝိညာဉ်ကွင်းကို စုပ်ယူသည့် လုပ်ငန်းစဉ်မှာ အတော်လေး ချောမွေ့သွားခဲ့သည်။
အစွမ်းထက်သော ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုးနေပြီး နှစ်ရှစ်ထောင် သက်တမ်းရှိ နေကြာပန်း၏ ဝိညာဉ်ကွင်းကို ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် ဝိညာဉ်ကွင်းမှာ မည်သည့် သိသာထင်ရှားသော အနှောင့်အယှက်မျှ မဖြစ်ပေါ်စေဘဲ လုံးဝ ဖိနှိပ်ခံလိုက်ရ၏။
ငွေပြာမြက် သိုင်းဝိညာဉ်၏ တတိယ ဝိညာဉ်ကွင်းကို အပြည့်အဝ စုပ်ယူနိုင်ရန် လုချန်က တစ်နာရီခန့် သာအချိန်ယူခဲ့ရသည်။
သူက နက်ရှိုင်းပြီး မှောင်မိုက်သော မျက်လုံးများကို ဖွင့်ကာ ခေါင်းကို မော့လိုက်ပြီး သူ၏ အထက်ရှိ ကျောက်တုံးကြီးကို လက်တစ်ဖက်ဖြင့် တွန်းဖယ်လိုက်ရာ သူ့ကို လတ်ဆတ်သော လေကို ရှူရှိုက်နိုင်စေခဲ့သည်။
ထို့နောက် လုချန်က ကျင်းထဲမှ ခုန်ထွက်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လေကို ဝဝရှူသွင်းလိုက်လေသည်။
ယခင်ကထက် ပိုမို ကောင်းမွန်နေသည်ဟု သူ ခံစားလိုက်ရ၏။
မကြာမီပင် လုချန်က သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားကို ခံစားကြည့်လိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၄၀ သို့ ထိုးတက်သွားခဲ့သည်။
ထို့အပြင် သူ၏ အမြင်တွင် ဝိညာဉ်စွမ်းအား အဆင့် ၄၀က သူ၏ အကန့်အသတ် လုံးဝ မဟုတ်ပေ။
သူသည် ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းလာခဲ့သည်မှာ ကိုးနှစ်ရှိပြီဖြစ်ပြီး အသက်ရှူတိုင်း သူ့ကို ပိုမို သန်မာစေသော အထူးစွမ်းရည်နှင့်အတူ သူ၏ ဝိညာဉ်စွမ်းအားက အစဉ်အမြဲ တိုးတက်နေခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သော သုံးနှစ်က သူသည် တရားထိုင်ခြင်းနည်းလမ်းကို သင်ယူခဲ့ပြီး ၎င်းက ကျင့်ကြံမှု အမြန်နှုန်းကို နှစ်ဆအထိ တိုးမြှင့်ပေးနိုင်ကြောင်း သိလိုက်ရသောအခါ သူ၏ ကျင့်ကြံမှု ကြိုးစားအားထုတ်မှုမှာ နော့တင်း အကယ်ဒမီတစ်ခုလုံးတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ခဲ့လေသည်။
ယခုအခါ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ပြီးနောက် သူ၏ အကျိုးအမြတ်များကို ရိတ်သိမ်းရမည့် အချိန်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်၏။
လုချန်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
“ငါ နော့တင်း အကယ်ဒမီကနေ ထွက်လာတုန်းက ထန်စန်းက ငါ့ကို သေလူတစ်ယောက်လို ကြည့်ခဲ့တာကို ငါ မှတ်မိတယ်”
“ငါက ဝိညာဉ်သားရဲကို တစ်ယောက်တည်း အမဲလိုက်ရင်း သေချာပေါက် သေသွားလိမ့်မယ်လို့ သူ ထင်ခဲ့မှာပေါ့”
“ဒါပေမယ့် ငါ မသေရုံတင်မကဘဲ အသက်ရှင်လျက်နဲ့ ကောင်းကောင်းမွန်မွန် ရှိနေပြီး လအနည်းငယ်အတွင်းမှာပဲ ဝိညာဉ်ကွင်းသုံးခုကို အောင်မြင်စွာ စုပ်ယူနိုင်ပြီး ဝိညာဉ်အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ”
“ဟီးဟီး... ထန်စန်း... မင်း စောင့်သာကြည့်နေလိုက်။ ငါ ပြန်သွားတဲ့နေ့ကျရင် သည်းမခံနိုင်တဲ့ နာကျင်မှုဆိုတာ ဘာလဲဆိုတာ မင်းကို ပြသပေးမယ်”
စကားပြောပြီးသည်နှင့် လုချန်က သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြီး ၎င်းအတွင်း ဖြစ်ပေါ်လာသော အပြောင်းအလဲများကို စတင် စောင့်ကြည့်လိုက်လေသည်။
သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်မှာ ပိုမို ရှည်လျား သန်မာလာသည့်အပြင် ၎င်း၏ ဝိညာဉ်မျက်နှာပြင်ပေါ်တွင် နူးညံ့သော ရွှေရောင် အလင်းဝန်းတစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သည်။
ဤအရာက လုချန်ကို အလွန် အံ့အားသင့်သွားစေခဲ့သည်။
သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်က ပိုမို ရင်းနှီးလွယ်ပြီး မြင့်မြတ်လာသည်ဟု ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် သူက ဝိညာဉ်ကို ဆင့်ခေါ်လိုက်ရာ သူ၏ ခြေထောက်အောက်မှ ခရမ်းရောင် ဝိညာဉ်ကွင်းသုံးခု ပေါ်ထွက်လာခေသည်။ ခရမ်းရောင်၊ ခရမ်းရောင်၊ ခရမ်းရောင်... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ကွင်း အချိုးအစားမျိုးကို ဤတိုက်ကြီးပေါ်တွင် လုချန်ကသာ အောင်မြင်နိုင်မည်ဖြစ်သည်။
လုချန်က တတိယ ဝိညာဉ်ကွင်း၏ စွမ်းရည်ကို ခံစားကြည့်လိုက်သည်။
“မဆိုးဘူး... ငွေပြာ အကာအကွယ်။ စွမ်းရည်ကို အသုံးပြုလိုက်တိုင်း ရွှေရောင် အကာအကွယ် အလွှာတစ်ခုကို ဖန်တီးနိုင်ပြီး ကာကွယ်ရေး စွမ်းအားက ဝိညာဉ်စွမ်းအားနဲ့ အချိုးကျတယ်”
“ ဝိညာဉ်စွမ်းအားက ပိုမို အစွမ်းထက်လေလေ... ငွေပြာ အကာအကွယ်ရဲ့ ကာကွယ်ရေးစွမ်းအားက ပိုမို အစွမ်းထက်လေလေပဲ။ ကိုယ့်ထက် ဝိညာဉ်စွမ်းအား နိမ့်တဲ့သူတွေက အကာအကွယ်ကို ချိုးဖျက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ နီးစပ်တဲ့ သူတွေအနေနဲ့ကတော့ အကာအကွယ်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ရဖို့အတွက် သူတို့ရဲ့ အစွမ်းကုန် တိုက်ခိုက်ရမယ်။ ကိုယ့်ထက် ဝိညာဉ်စွမ်းအား မြင့်တဲ့သူတွေက အကာအကွယ်ကို ချိုးဖျက်နိုင်ရင်တောင်မှ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အကာအကွယ်က လျှော့ချပေးနိုင်တယ်”
အခန်း ၂၂ပြီး