အခန်း (၂) နွားတစ်ကောင်ကိုပင် ဆွဲနိုင်သော ခွန်အား
ဝိညာဉ်နိုးထမှု အောင်မြင်ပြီးနောက် လုချန်က ‘ပြန်လာခဲ့’ ဟု စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ရာ သူ့လက်ဖဝါးထဲရှိ ရင့်ရော်သော အပြာရောင် ငွေပြာမြက်က သူ့ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ထို့နောက် လုချန်သည် နိုးထခြင်းအစီရင်ထဲမှ ထွက်လာခဲ့ပြီး စုယွင်ထောင်အနီးသို့ သွားကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း “သခင်ကြီးစုယွင်ထောင်... ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရမယ့် အချိန်ရောက်ပါပြီ” ဟု ပြောလိုက်သည်။
စုယွင်ထောင်က လုံးဝ စိတ်ပျက်လက်ပျက်ဖြစ်နေသော ပုံစံဖြင့် အားနည်းစွာ တုံ့ပြန်လိုက်၏။ သူသည် ဝိညာဉ်စွမ်းအားများကို အကုန်အစင် သုံးစွဲခဲ့သော်လည်း ငွေပြာမြက်ကဲ့သို့ အသုံးမကျသော ဝိညာဉ်ကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။ ယခုအခါ သူ လုံးဝကို စိတ်ဓာတ်ကျနေပြီဖြစ်သည်။
လုပ်ရိုးလုပ်စဉ်အရ စုယွင်ထောင်သည် ပုံဆောင်ခဲသလင်းလုံးကို မြှောက်ကိုင်လိုက်ပြီး လုချန်ရှေ့သို့လှမ်းပေးကာ လုံးဝကို အကူအညီမဲ့နေသည့်ဟန်ဖြင့် “ဒီအပေါ်ကို မင်းလက်တင်လိုက်ပါ” ဟု ပြောလိုက်လေသည်။
လုချန်က ညွှန်ကြားချက်ကို နာခံကာ သူ၏လက်ကို သလင်းလုံးပေါ်သို့ တင်လိုက်သည်။ ချက်ချင်းပင် သလင်းလုံးဆီမှ စုပ်ယူသည့်အင်အားတစ်ခု ထွက်ပေါ်လာပြီး သူ၏ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားအချို့ကို စုပ်ယူသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သလင်းလုံးက တောက်ပစွာ လင်းလက်လာခဲ့ရာ ကလေးများအားလုံး မျက်လုံးပြူးသွားကြပြီး စုယွင်ထောင်ပင်လျှင် စကားမပြောနိုင်ဖြစ်သွားရသည်။
နောက်ထပ် မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ပဲ။
စုယွင်ထောင် တကယ်ကို စိတ်ပျက်သွားရသည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။ အသုံးမကျလှသော ငွေပြာမြက်ဝိညာဉ်က မွေးရာပါဝိညာဉ်စွမ်းအားအပြည့် ထွက်ပေါ်လာနိုင်၏။ ထို့အပြင် ငွေပြာမြက် ဝိညာဉ်ပိုင်ရှင် နှစ်ယောက်စလုံးက မွေးရာပါဝိညာဉ်စွမ်းအားအပြည့် ဖြစ်နေခဲ့ကြသည်။
သူကိုယ်တိုင်၏ ဝိညာဉ်မှာ ဒဏ္ဍာရီလာ အထီးကျန်ဝံပုလွေ ဝိညာဉ်ဖြစ်သည်ကို သိထားသင့်သည်။ ထိုစဉ်က ဝိညာဉ်နိုးထပြီးနောက် ဝိညာဉ်စွမ်းအား စမ်းသပ်မှုတွင် အဆင့်(၂) ဝိညာဉ်စွမ်းအားကိုသာ ပြသနိုင်ခဲ့သည်။ ကောင်းကင်ဘုံက မတရားဘူး။ စုယွင်ထောင်က မခံမရပ်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
ထိုအချိန်တွင် လုချန်က သူ အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရဆလသည်။
‘ကံကောင်းတာက ဒီဒိုလောတိုက်ကြီးရဲ့ စည်းမျဉ်းတွေအရ ကိုက်ညီတဲ့ ဝိညာဉ်ကွင်းကို မရခင်မှာ ငါ့ဆီက ဝိညာဉ်စွမ်းအား အဆင့် ၃၀၊ ၄၀ ဒါမှမဟုတ် အဲ့ဒီထက်ပိုမြင့်တဲ့ စွမ်းအားတွေ ရှိနေရင်တောင် ပထမဆုံး ဝိညာဉ်ကွင်းကို မစုပ်ယူရသေးခင်အထိ အဆင့် ၁၀ ဝိညာဉ်စွမ်းအားကိုပဲ ပြသနိုင်မှာ’
‘ဒါလည်း ကောင်းပါတယ်။ တကယ်လို့ ငါသာ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၃၀ ဒါမှမဟုတ် ၄၀ လောက်ကို ရထားရင် ဝိညာဉ်ခန်းမဆောင်က လူကြီးတွေ ငါ့ကို ခွဲစိတ်စမ်းသပ်ဖို့ ခေါ်သွားချင်နေကြမှာ သေချာတယ်။’
လုချန်သည် သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၃၀ သို့မဟုတ် ၄၀ ရှိမည်ဟု ယုံကြည်ထားသည်။ ၎င်းမှာ စိတ်ကူးယဉ်နေခြင်းမဟုတ်ဘဲ သူကိုယ်တိုင် သေချာပေါက် ကောက်ချက်ချထားခြင်းဖြစ်သည်။
သူသည် လက်ရှိတွင် အလွန်ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၌ ရှိနေခဲ့သည်။ ရန်ဖြစ်မည်ဆိုပါက လူကြီး လေးငါးယောက်ပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ချေ။
လယ်ထွန်သည့်အခါ အိမ်ရှိ နွားအိုကြီးပင်လျှင် သူ၏ အလုပ်လုပ်နိုင်စွမ်းကို မမှီနိုင်ချေ။ ကြီးမားလှသော ဝိညာဉ်စွမ်းအားမရှိဘဲ အသက် ခြောက်နှစ်အရွယ်တွင် ဤမျှ အစွမ်းထက်သော ခန္ဓာကိုယ်မျိုးကို သူ ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူ၏ ရွှေလက်ချောင်းက အသက်ရှူလိုက်တိုင်း ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များကို စုပ်ယူနိုင်စေပြီး ဤဖြစ်စဉ်မှာ သူ မွေးဖွားကတည်းက ခြောက်နှစ်တိုင်တိုင် ဆက်တိုက်ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။ လုချန်သည် အချိန်တိုင်း အသက်ရှူနေသောကြောင့် အချိန်တိုင်း ကျင့်ကြံနေသည်နှင့် တူညီနေပြီး ခြောက်နှစ်ဆက်တိုက် ကျင့်ကြံလာခဲ့ခြင်းဖြစ်သည်။
ထန်စန်းကလည်း ငယ်စဉ်ကတည်းက ကျင့်ကြံခဲ့သည်ဟု ဆိုသည်။ သူသည် ရွှမ်ထျန်းကျင့်စဉ်ကို ပိုင်ဆိုင်ထားသော်လည်း အချိန်တိုင်း မကျင့်ကြံနိုင်ပေ။
ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အများဆုံး လေးနာရီခန့်သာ ကျင့်ကြံနိုင်လေသည်။ ထန်စန်းနှင့် ယှဉ်လိုက်ပါက လုချန်သည် နေ့စဉ် ကျင့်ကြံချိန် ခြောက်ဆပိုများသည်။ ခြောက်နှစ်အတွင်း ထန်စန်းသည် ဝိညာဉ်စွမ်းအား အဆင့် ၁၃ သို့ ရောက်ရှိခဲ့သော်လည်း လုချန်ကမူ သူ၏ ခြောက်နှစ်အတွင်း ဝိညာဉ်စွမ်းအားကို အဆင့် ၃၀ သို့မဟုတ် ၄၀ သာရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ ၎င်းမှာ အနည်းဆုံး တွက်ချက်ထားခြင်းသာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကလေးတစ်စုကြားတွင် ရပ်နေသော ထန်စန်းက လုချန်အား အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ မနာလို ဝန်တိုမှု အရိပ်အယောင်အချို့ ပေါ်လာခဲ့သည်။
‘ဒါက စစ်မှန်တဲ့ ပါရမီရှင်လား။ ငါ့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်က ရွှမ်ထျန်းကျင့်စဉ်ကနေ လာတာကို ငါသိတယ်။ လုချန်ဆီမှာတော့ ရွှမ်ထျန်းကျင့်စဉ် မရှိတာ သေချာတယ်။’
‘လုချန်မှာ သဘာဝလွန် ခွန်အားတွေရှိတယ်။ လယ်ထဲမှာ မြက်စားနေတဲ့ နွားအိုကြီးကို အမြီးကနေဆွဲပြီး ခြေလှမ်းပေါင်းများစွာ အဝေးကို ဆွဲယူသွားတာ ငါ တစ်ခါတွေ့ဖူးတယ်။ အဲ့ဒီနွားက ပြန်ရုန်းဖို့ ခွန်အားတောင် မရှိခဲ့ဘူး။’
‘ငါ တကယ် အားကျမိတယ်။ ငါ ရွှမ်ထျန်းကျင့်စဉ်ကို ကျင့်ကြံခဲ့ပေမယ့် အဲ့ဒီကျင့်စဉ်ရဲ့ အထောက်အပံ့နဲ့တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ငါ့မှာ မရှိဘူး။’
တစ်ချိန်တည်းတွင် လုချန်၏ ဝိညာဉ်စွမ်းအားကို စမ်းသပ်ပြီးနောက် စုယွင်ထောင်သည် ဝိညာဉ်လက်မှတ်တစ်ခုကို အမြန်ရေးသားကာ လုချန်ထံသို့ ကမ်းပေးလိုက်ော။
“ကလေး... ရော့... ဒါက မင်းရဲ့ ဝိညာဉ်လက်မှတ်ပဲ။”
“ဟူး... ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် ပါရမီကို ပိုင်ဆိုင်ထားပေမယ့် သားရဲဝိညာဉ် မဟုတ်ဘဲ အသုံးမကျတဲ့ ဝိညာဉ်ဖြစ်နေတာပါလား။ ငွေပြာမြက်တဲ့လေ... တကယ်ကို နှမြောစရာပဲ။”
သူတို့ စကားပြောနေစဉ် စုယွင်ထောင်သည် သူ၏အိတ်များကို သိမ်းဆည်းကာ သစ်သားအိမ်ထဲမှ လျှောက်ထွက်သွားခဲ့သည်။
သစ်သားအိမ်အပြင်ဘက်တွင်မူ။
စုယွင်ထောင် ထွက်လာသည်ကို မြင်သည်နှင့် ရွာလူကြီး ဂျက်ခ်က ပြုံးရွှင်သော မျက်နှာဖြင့် ရှေ့သို့တိုးလာကာ ရိုသေလေးစားစွာဖြင့် မေးလိုက်၏။
“ဝိညာဉ်သခင်ကြီး... ဒီနှစ် ကျွန်တော်တို့ သူတော်စင်ဝိညာဉ်ရွာလေးရဲ့ ဝိညာဉ်နိုးထမှုမှာ ကလေးတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။”
စုယွင်ထောင်က ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့နေသော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ကလေးနှစ်ယောက်ကတော့ အထူးချွန်ဆုံး ပါရမီတွေ ရှိကြတယ်။ နှစ်ယောက်စလုံးက မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ ဝိညာဉ်တွေက အသုံးမကျတဲ့ ဝိညာဉ်တွေဖြစ်နေတယ်။ ငွေပြာမြက်တွေလေ။”
“ဒီအမှိုက်လို ဝိညာဉ်မျိုးက အနာဂတ်မှာ ဘာဖြစ်လာနိုင်မှာလဲ။ ဝိညာဉ်ကွင်းကို စုပ်ယူပြီး ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာခဲ့ရင်တောင် အညံ့ဖျင်းဆုံး ဝိညာဉ်သခင်ပဲ ဖြစ်လာမှာ။”
ထိုသို့ပြောပြီးနောက် စုယွင်ထောင်သည် လှည့်ထွက်သွားပြီး နောက်သို့လှည့်မကြည့်တော့ဘဲ နောက်ရွာတစ်ရွာဆီသို့ ဦးတည်သွားလိုက်လေသည်။
ရွာလူကြီး ဂျက်ခ်မှာမူ ဘာတွေဖြစ်သွားမှန်း နားမလည်နိုင်ဘဲ ကြက်သေသေကာ ရပ်ကျန်ခဲ့ထသည်။ သူ၏ ကလေးနှစ်ယောက်က အကောင်းဆုံး ပါရမီကို ပိုင်ဆိုင်ထားသော်လည်း အဆိုးရွားဆုံး ဝိညာဉ်ကို ရရှိခဲ့ကြသည်။ ဤအချက်က ရွာလူကြီး ဂျက်ခ်ကို သွေးအန်ချင်စိတ်ပေါက်သွားစေခဲ့သည်။
မကြာမီ ကလေးအားလုံး သစ်သားအိမ်ထဲမှ ထွက်လာကြပြီး လုချန်နှင့် ထန်စန်းတို့က အနောက်ဆုံးမှ ပါလာသည်။ ရွာလူကြီးဂျက်ခ်က အနောက်ဆုံးမှ လျှောက်လာသော လုချန်နှင့် ထန်စန်းတို့ကို လှမ်းကြည့်လိုက်သည်။ အတွေးတစ်ခု ဝင်လာသဖြင့် သူက အမြန်မေးလိုက်ခေသည်။
“ရှောင်ချန်၊ ရှောင်စန်း၊ ဝိညာဉ်သခင်ကြီးက အထူးချွန်ဆုံး ပါရမီရှိတဲ့ ကလေးနှစ်ယောက် ရှိတယ်လို့ ခုနလေးတင် ပြောသွားတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက အဆိုးရွားဆုံး ငွေပြာမြက်ဝိညာဉ်ကို ရထားကြတယ်တဲ့။ သူပြောတာ မင်းတို့နှစ်ယောက်ကိုများ ပြောတာလား။”
လုချန်က ထန်စန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။
“ရွာလူကြီး အဘိုး... အဘိုးပြောနေတာ ကျွန်တော်တို့ကိုပါ။”
လုချန် စကားပြောအပြီးတွင် ထန်စန်းကပါ ခေါင်းညိတ်ထောက်ခံလိုက်သည်။
ရွာလူကြီး ဂျက်ခ်တစ်ယောက် မူးမေ့လဲချင်သွားပြီး နောက်တစ်ကြိမ် သွေးအန်ချင်စိတ်များ ထပ်မံဖြစ်ပေါ်လာပြန်သည်။ သူ အမျှော်လင့်ဆုံး ကလေးနှစ်ယောက်သည် သူ၏ မျှော်လင့်ချက်အတိုင်း အထူးချွန်ဆုံး ပါရမီကို ပိုင်ဆိုင်ထားကြသော်လည်း နိုးထခြင်းမှတစ်ဆင့် ထူးချွန်သော ဝိညာဉ်များ ထွက်ပေါ်မလာခဲ့ပေ။ ရွာလူကြီး ဂျက်ခ်မှာ စိတ်ပျက်စွာဖြင့် ရင်ဘတ်ကိုထုကာ ခြေဆောင့်နေမိသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက မျက်မှောင်ကြုတ်လိုက်ကာ ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့် ပြောလိုက်၏။
“ရှောင်ချန်၊ ရှောင်စန်း၊ မင်းတို့နှစ်ယောက်စလုံးက ဝိညာဉ်သခင်ဖြစ်လာဖို့ ပါရမီတွေ ရှိကြတယ်။ အဆိုးရွားဆုံး ငွေပြာမြက် ဖြစ်နေရင်တောင်မှ... ဝိညာဉ်သခင်ဆိုတာ ငါတို့လို သာမန်လူတွေနဲ့ ယှဉ်လို့ရတဲ့သူတွေ မဟုတ်ဘူး။”
“ကံမကောင်းတာက ငါတို့ သူတော်စင်ဝိညာဉ်ရွာလေးမှာ အလုပ်လုပ်ရင်း ပညာသင်ခွင့်ရတဲ့ ကျောင်းသားနေရာ တစ်နေရာပဲရှိတယ်။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီနေရာကို အသုံးပြုခွင့်ရလိမ့်မယ်။”
“ငါနဲ့ လိုက်ခဲ့ကြ။ မင်းတို့ရဲ့ မိဘတွေနဲ့ ငါ သွားပြောမယ်။ ပြီးရင် ဘယ်သူက အလုပ်လုပ်ရင်း ပညာသင်ခွင့်ရမလဲဆိုတာ မဲနှိုက်ပြီး ဆုံးဖြတ်ကြတာပေါ့။”
“ကျန်တဲ့တစ်ယောက်အတွက်တော့ တခြားနည်းလမ်းတွေ စဉ်းစားကြည့်ကြတာပေါ့။ တကယ်လို့ ဘာမှလုပ်လို့မရတော့ဘူးဆိုရင် ငါ့ရဲ့ဂုဏ်သိက္ခာကို အရင်းခံပြီး တခြားရွာတွေကိုသွား အလုပ်လုပ်ရင်း ပညာသင်ခွင့်ရမယ့် လစ်လပ်နေရာလေးများ ရှိမလားလို့ သွားမေးကြည့်ပေးပါ့မယ်။”
ရွာလူကြီးဂျက်ခ်၏ အသံက ပြတ်သားနေခဲ့သည်။ ငွေပြာမြက်သည် အနိမ့်ကျဆုံးဖြစ်နေစေကာမူ လုချန်နှင့် ထန်စန်းတို့ကို ကူညီထောက်ပံ့ပေးရန် သူ ဆုံးဖြတ်ထားခဲ့သည်။ ရွာတွင် သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရသည်ထက် ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာခြင်းက ပိုကောင်းပေလိမ့်သည်။
ထို့နောက် ရွာလူကြီး ဂျက်ခ်၊ ထန်စန်း၊ လုချန်နှင့် လုချန်၏ မိဘများသည် ထန်စန်း၏ အိမ်သို့ အတူတကွ သွားရောက်ခဲ့ကြသည်။
လုချန်တွင် သာမန်လယ်သမားများဖြစ်ကြသော မိဘနှစ်ပါးစလုံးရှိသော်လည်း အရက်သမားဖြစ်သော ထန်ဟောက်နှင့်မူ မတူညီပေ။ လုချန်၏ မိဘများက ဝိညာဉ်နိုးထခြင်း အခမ်းအနားသို့ လိုက်ပါလာခဲ့ကြသည်။ ထိုအရက်သမား ထန်ဟောက်ကမူ အရက်မူးပြီး အိမ်၌ အိပ်မောကျနေဦးမည်ဖြစ်ရာ လူတိုင်းက ဆွေးနွေးတိုင်ပင်ရန်အတွက် သူ၏အိမ်သို့သာ သွားကြရလေသည်။
အခန်း ၂ပြီး