အခန်း (၁၉) ငွေပြာ ကျေးဇူးတော်
လုချန်၏ ပထမဆုံး ဝိညာဉ်ကွင်းက နှစ်တစ်ထောင် သက်တမ်းရှိ သွေးနီမြက်၏ ဝိညာဉ်ကွင်းဆက်ကို စုပ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ ဒုတိယ ဝိညာဉ်ကွင်းအနေဖြင့် နှစ်လေးထောင် သက်တမ်းရှိ တိမ်မြူ လက်ဖက်ပင်၏ ဝိညာဉ်ကွင်းဆက်ကို စုပ်ယူရန် လုံလောက်သည်ဟု ယုံကြည်ထားခဲ့သည်။
ယခုအခါတွင် လုချန်ကို တားဆီးနေသောအရာမှာ သူ၏ ခြေအောက်ရှိ ဤရေကန်ပင်။ တိမ်မြူ လက်ဖက်ပင်နှင့်အတူ ဝိညာဉ်သားရဲ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။
ကြည်လင်ပြာလွင်နေသော ရေကန်ကို ကြည့်ရင်း လုချန်က အလွန် သတိထားနေမိသည်။ ဤနေရာက အပြင်ပန်းတွင် ထင်ရသလောက် သေချာပေါက် ဘေးကင်းလုံခြုံမည် မဟုတ်ပေ။
လုချန်က သူ၏ ကျောပိုးအိတ်ကို ချထားလိုက်ပြီး လှည့်ကာ တောအုပ်ထဲသို့ ဝင်သွားခဲ့သည်။ နာရီဝက်ခန့်အကြာတွင် သူသည် တစ္ဆေဝံပုလွေ နှစ်ကောင်၏ အလောင်းများနှင့်အတူ ရေကန်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လုချန်က သူ၏ ဒုတိယသိုင်းဝိညာဉ်ဖြစ်သော အနက်ရောင် သံမဏိတံစဉ်ကို အသုံးပြုကာ တစ္ဆေဝံပုလွေ နှစ်ကောင်၏ လည်ပင်းကို ဖြတ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး ရေကန်တစ်ခုလုံးတွင် သွေးနံ့များ ပြန့်နှံ့သွားလေသည်။
လုချန်က လည်ပင်းမှ သွေးများ ပန်းထွက်နေသေးသော တစ္ဆေဝံပုလွေများကို ရေကန်စပ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီးနောက် လှည့်ကာ ပုန်းကွယ်နေလိုက်၏။
လုချန်သည် အလွန် စိတ်ရှည်သူဖြစ်ပြီး ဘယ်တော့မှ အလျင်စလို လုပ်ဆောင်မည်မဟုတ်ပေ။
သူက အရိပ်ထဲတွင် ပုန်းကွယ်ကာ ဆယ်မိနစ်ကျော်ကြာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင် တစ်ချိန်က ငြိမ်သက်နေသော ရေကန်မျက်နှာပြင်ပေါ်တွင် ဂယက်များ ထလာပြီးနောက် ရေအောက်မှ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။
လုချန်က ထိုကြီးမားလှသော သတ္တဝါကြီးကို မြင်သောအခါ အံ့သြတကြီး အသက်ရှူမှားသွားခဲ့ရသည်။ ၎င်းမှာ သံမဏိ သံချပ်ကာ မိကျောင်းကြီးတစ်ကောင်ပင်။
၎င်း၏ သန်မာသော ခြေလက်များ၊ ထူထဲသော အကြေးခွံများနှင့် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် ထက်မြက်သော သွားများကို ကြည့်ခြင်းအားဖြင့် ဤသံမဏိ သံချပ်ကာ မိကျောင်းသည် သေချာပေါက် အလွယ်တကူ ရင်ဆိုင်နိုင်သူ မဟုတ်ပေ။
သေချာစွာ စောင့်ကြည့်ပြီးနောက် လုချန်က သူ့စိတ်ထဲတွင် တွေးလိုက်၏။
‘ဒီသံမဏိ သံချပ်ကာ မိကျောင်းကြီးက လေးမီတာလောက် ရှည်ပြီး တိမ်မြူ လက်ဖက်ပင်နဲ့ အလားတူ အနည်းဆုံး နှစ်လေးထောင်လောက် သက်တမ်းရှိတယ်။ ကြည့်ရတာ ဒါက တိမ်မြူ လက်ဖက်ပင်နဲ့ အပြန်အလှန် အကျိုးပြုတဲ့ ဝိညာဉ်သားရဲပဲ ဖြစ်ရမယ်’
‘တိမ်မြူ လက်ဖက်ပင်ရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူဖို့အတွက် ဒီသံမဏိ သံချပ်ကာ မိကျောင်းကို ရင်ဆိုင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး’
လုချန်၏ အမြင်အာရုံထဲတွင် သံမဏိ သံချပ်ကာ မိကျောင်းသည် သွေးနံ့ကို ရသွားပြီး ကမ်းစပ်သို့ အလျင်အမြန် တွားသွားလာကာ သွေးကဲ့သို့ နီရဲနေသော ပါးစပ်ကြီးကို ဟလျက် တစ္ဆေဝံပုလွေ အလောင်းနှစ်လောင်းကို ကိုက်ချီကာ ရေကန်ထဲသို့ ပြန်သွားရန် လှည့်လိုက်သည်။
လုချန်က သေချာပေါက် ၎င်းကို ဒီလောက်လွယ်လွယ်နှင့် ပြန်သွားခွင့်ပြုမည် မဟုတ်ပေ။
သံမဏိ သံချပ်ကာ မိကျောင်းကသာ ရေကန်ထဲသို့ ပြန်ရောက်သွားပြီး ပြဿနာစတင် ရှာလာပါက ပိုင်ရှင်အနေဖြင့် ဘာမှ လုပ်နိုင်စရာ မရှိပေ။
၎င်း ကမ်းပေါ်တွင် ရှိနေစဉ်မှာသာ တိုက်ခိုက်နိုင်မည်။ ၎င်းကို လုံးဝ မသတ်နိုင်လျှင်တောင် အနည်းဆုံးတော့ အဝေးသို့ မောင်းထုတ်နိုင်မည်ဖြစ်သည်။
အခွင့်အရေးကို အရယူကာ လုချန်က အပြင်သို့ ပြေးထွက်သွားပြီး ခြေလှမ်းအနည်းငယ်ဖြင့် သံမဏိ သံချပ်ကာ မိကျောင်းကို အမီလိုက်ကာ ၎င်း၏ အမြီးကို ဆွဲကိုင်၍ သူ၏ ခွန်အားအကုန်သုံးပြီး အနောက်သို့ ဆွဲလိုက်လေသည်။
“ဂါး”
သံမဏိ သံချပ်ကာ မိကျောင်းက ၎င်း၏ အမြီး ဆွဲကိုင်ခံလိုက်ရကြောင်း နောက်ကျမှ သိသွားခဲ့သည်။ ၎င်းက တစ္ဆေဝံပုလွေများကို ပါးစပ်ထဲမှ အလျင်အမြန် ထွေးထုတ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ထို့နောက် လုချန်၏ ဖမ်းဆုပ်ထားမှုမှ ရုန်းထွက်ရန် ၎င်း၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ လိမ်ကောက်လိုက်လေသည်။
လုချန်၏ ကြွက်သားများက တင်းမာသွားပြီး သူက အော်ဟစ်လိုက်သည်။
“ထစမ်း”
ခွန်အားပြိုင်ပွဲတွင် သံမဏိ သံချပ်ကာ မိကျောင်းက အားနည်းချက်ရှိနေပြီး လုချန်က အမြီးကို ဆွဲကိုင်ကာ လွှဲရမ်းပြီး အနီးနားရှိ တောအုပ်ထဲသို့ ပစ်ပေါက်လိုက်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ကျယ်လောင်သော မြည်သံကြီးတစ်ခုနှင့်အတူ။
လုချန်က ကြီးမားလှသော သံမဏိ သံချပ်ကာ မိကျောင်းကြီးကို တောအုပ်ထဲသို့ ပစ်ပေါက်လိုက်ရာ ၎င်းက သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်ပြီးမှ ရပ်တန့်သွားသည်။ ပြင်းထန်သော တိုက်မိမှုကြောင့် သံမဏိ သံချပ်ကာ မိကျောင်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
လုချန်၏ မျက်နှာအမူအရာက လေးနက်သွားခဲ့သည်။ သူက အလျင်အမြန် လိုက်သွားပြီး တစ်ချိန်တည်းမှာပင် အတွေးတစ်ချက်ဖြင့် သူ၏ ဒုတိယသိုင်းဝိညာဉ် အနက်ရောင် သံမဏိတံစဉ်ကို ဆင့်ခေါ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ကြီးမားသော ဝိညာဉ်စွမ်းအားများက ၎င်းထဲသို့ ဆက်တိုက် စီးဝင်သွားရာ အနက်ရောင် သံမဏိတံစဉ်မှာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ တောက်ပလာလေသည်။
သံမဏိ သံချပ်ကာ မိကျောင်း၏ ကြောင်အမ်းအမ်း ဖြစ်နေမှုကို အခွင့်ကောင်းယူကာ လုချန်က ၎င်းကို တောအုပ်ထဲအထိ လိုက်သွားပြီး အနက်ရောင် သံမဏိတံစဉ်ကို ကိုင်ဆောင်ကာ သံမဏိ သံချပ်ကာ မိကျောင်း၏ မျက်လုံးတစ်ဖက်ထဲသို့ ထိုးစိုက်လိုက်၏။
“အီး....”
ပြင်းထန်သော နာကျင်မှုက သံမဏိ သံချပ်ကာ မိကျောင်းကို ချက်ချင်း သတိပြန်ဝင်လာစေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို အပြည့်အဝ ထုတ်ဖော်ကာ ခြေလက်လေးဖက်စလုံးဖြင့် ရှေ့သို့ ခုန်အုပ်လိုက်သည်။
လုချန်က ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သံမဏိ သံချပ်ကာ မိကျောင်း၏ တိုက်ခိုက်မှုက သူ့ကို ပွတ်တိုက်သွားဆဲဖြစ်ပြီး သူ့ကို နောက်သို့ ခြောက်လှမ်း သို့မဟုတ် ခုနစ်လှမ်းခန့် ယိုင်ထွက်သွားစေခဲ့သည်။
လုချန်က နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး သူ၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်ခေသည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ၏ ဗိုက်မှာ ပွန်းပဲ့နေကာ အနည်းငယ် သွေးထွက်ပြီး စုတ်ပြတ်နေပုံရသည်။
အလွန် ပြင်းထန်မှုမရှိသော်လည်း ၎င်းက ဤနှစ်ထောင်ချီ သက်တမ်းရှိ ဝိညာဉ်သားရဲကို ရင်ဆိုင်ရသည့်အခါ အလွန် သတိထားရမည်ဖြစ်ကြောင်း သူ့ကို နောက်တစ်ကြိမ် သင်ခန်းစာပေးလိုက်လေသည်။
လုချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အနက်ရောင် သံမဏိတံစဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်သည်။
သူက သံမဏိ သံချပ်ကာ မိကျောင်း၏ ကိုက်ခြင်းနှင့် ခုန်အုပ်ခြင်းများကို ရှောင်တိမ်းရင်း အနက်ရောင် သံမဏိတံစဉ်ကို လွှဲခုတ်ကာ သံမဏိ သံချပ်ကာ မိကျောင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးကို ခုတ်ပိုင်းလိုက်သည်။
ချွင်... ချွင်... ချွင်... ချွင်..
ဤသံမဏိ သံချပ်ကာ မိကျောင်း၏ အကြေးခွံများမှာ မယုံနိုင်လောက်အောင် မာကျောလှ၏။ လုချန်၏ အနက်ရောင် သံမဏိတံစဉ်က ၎င်းကို ထိမှန်သောအခါ မီးပွားများသာ ဆက်တိုက် ထွက်ပေါ်လာပြီး ၎င်း၏ ကာကွယ်မှုများကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ချေ။
နောက်ဆုံးတွင် ၎င်းမှာ လုချန်၏ အနက်ရောင် သံမဏိတံစဉ်တွင် ဝိညာဉ်ကွင်း ပူးတွဲပါဝင်ခြင်း မရှိသောကြောင့်ပင်။ ပုံမှန် ဝိညာဉ်တစ်ခုအနေဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ မလုံလောက်ပေ။
တောအုပ်ထဲတွင် လူတစ်ယောက်နှင့် မိကျောင်းတစ်ကောင် အပြင်းအထန် တိုက်ခိုက်နေကြသော်လည်း နောက်ဆုံးတွင် လုချန်က အခွင့်အရေးကို အရယူကာ အနက်ရောင် သံမဏိတံစဉ်ကို အသုံးပြု၍ သံမဏိ သံချပ်ကာ မိကျောင်း၏ အခြား မျက်လုံးတစ်ဖက်ကိုပါ ကန်းသွားစေခဲ့သည်။
မျက်လုံးနှစ်ဖက်စလုံး ကန်းသွားပြီးနောက် သံမဏိ သံချပ်ကာ မိကျောင်းမှာ နောက်ဆုံးတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ ၎င်းက ရဲရင့်ဟန်ဆောင်ကာ ဟိန်းဟောက်လိုက်ပြီးနောက် အထိတ်တလန့်ဖြင့် ထွက်ပြေးသွားလေသည်။
သံမဏိ သံချပ်ကာ မိကျောင်းကို နောက်ဆုံးတွင် မောင်းထုတ်နိုင်ခဲ့ပြီးနောက် လုချန်က စိတ်လျော့လိုက်ပြီး ဒုတိယသိုင်းဝိညာဉ် အနက်ရောင် သံမဏိတံစဉ်ကို ပြန်ရုပ်သိမ်းကာ ပထမဝိညာဉ် ငွေပြာမြက်ကို ဆင့်ခေါ်လိုက်သည်။
အပြာရောင် အလင်းဝန်းတစ်ခု တဖြည်းဖြည်း တောက်ပလာသည်နှင့်အမျှ သူ၏ လက်ဖဝါးထဲတွင် သွေးကဲ့သို့ နီရဲသော ပုံစံများပါရှိသည့် ငွေပြာမြက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ့ထံမှ အားနည်းသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးတစ်ခု ထွက်ပေါ်လာပြီး ခမ်းနားသော ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ခုက သူ၏ ခြေထောက်အောက်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
“ပထမ ဝိညာဉ်စွမ်းရည်၊ ငွေပြာ ပြန်လည်သက်သာခြင်း”
လုချန်က သူ၏ ပထမ ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်လိုက်ရာ သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်က ညင်သာစွာ ယိမ်းနွဲ့သွားပြီး အပြာရောင် အလင်းတန်းလေးများကို ထုတ်လွှတ်လိုက်လေသည်။ အပြာရောင် အလင်းတန်းများတွင် ကျလာပြီးနောက် လုချန်၏ ဒဏ်ရာများမှာ အလျင်အမြန် သက်သာလာခဲ့သည်။
ခဏအကြာတွင် လုချန်၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။
ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီး သံမဏိ သံချပ်ကာ မိကျောင်းကိုလည်း မောင်းထုတ်နိုင်ခဲ့သဖြင့် လုချန် အကျိုးအမြတ်များကို ရိတ်သိမ်းရမည့် အချိန်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူက ရေကန်စပ်သို့ လျှောက်သွားပြီး ရေကန်အလယ်ရှိ ကျွန်းဆီသို့ ကူးသွားကာ တိမ်မြူ လက်ဖက်ပင်အနီးသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်သွားပြီး ဒုတိယသိုင်းဝိညာဉ် အနက်ရောင် သံမဏိတံစဉ်ကို နောက်တစ်ကြိမ် ဆင့်ခေါ်ကာ ခုခံနိုင်စွမ်းမရှိသော တိမ်မြူ လက်ဖက်ပင်ကို ခုတ်လှဲလိုက်လေသည်။
ကျယ်လောင်သော ပြိုကျသံကြီးတစ်ခုနှင့်အတူ တိမ်မြူ လက်ဖက်ပင်ကြီး ပြိုလဲသွားပြီး ၎င်း၏ အသက်မှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ၎င်း၏ ပင်စည်မှ ထူထပ်သော ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အကြိမ်ကြိမ် အသွင်ပြောင်းပြီးနောက် နောက်ဆုံးတွင် ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
ယင်းကိုမြင်သောအခါ လုချန်၏ စိတ်များ လန်းဆန်းသွားသော်လည်း သူက ဝိညာဉ်ကွင်းကို ချက်ချင်း မစုပ်ယူသေးပေ။ ယင်းအစား သူက သူ၏ အိတ်ကပ်ထဲမှ အမှုန့်ထုတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ မြွေများ၊ အင်းဆက်များနှင့် ကြွက်များကို နှင်ထုတ်နိုင်သော အမှုန့်ထုတ်ပင်။
သံမဏိ သံချပ်ကာ မိကျောင်းမှာ မသေဆုံးသေးသော်လည်း ၎င်း၏ မျက်လုံးနှစ်ဖက်စလုံးမှာ ကန်းသွားခဲ့ပြီဖြစ်သည်။
လုချန်က သံမဏိ သံချပ်ကာ မိကျောင်း၏ အနံ့ခံနိုင်စွမ်းကို နှောင့်ယှက်ရန်နှင့် ၎င်းကို ဇာစ်မြစ်ကို ရှာမတွေ့စေရန်အတွက် ဧရိယာပတ်လည်တွင် အမှုန့်များကို ဖြူးလိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ခြင်းနည်းလမ်းကို အသက်သွင်းလိုက်ပြီး ငွေပြာမြက် သိုင်းဝိညာဉ်နှင့် ဆက်သွယ်ကာ တိမ်မြူ လက်ဖက်ပင်၏ နှစ်လေးထောင် သက်တမ်းရှိ ဝိညာဉ်ကွင်းကို စတင် စုပ်ယူလိုက်၏။
ခမ်းနားသော ခရမ်းရင့်ရောင် ဝိညာဉ်ကွင်းက လွင့်မျောလာပြီး ငွေပြာမြက် သိုင်းဝိညာဉ်ပေါ်သို့ ကျဆင်းကာ အလျင်အမြန် ကျုံ့ဝင်သွားပြီး ၎င်းထဲသို့ ပေါင်းစပ်သွားလေသည်။
တက်ကြွသော ဝိညာဉ်စွမ်းအားများ ပြန့်နှံ့သွားရာ ငွေပြာမြက် သိုင်းဝိညာဉ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင် ကြီးထွားလာကာ နောက်ထပ် ဆင့်ကဲပြောင်းလဲမှု တစ်ကြိမ်ကို ဖြတ်သန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ကြီးမားလှသော ဝိညာဉ်စွမ်းအားများက လုချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ လမ်းကြောင်းကြီးများမှတစ်ဆင့် စီးဆင်းကာ နောက်ဆုံးတွင် ဒန်တျန်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် မည်သည့် ပြဿနာမျှ မဖြစ်ပေါ်ခဲ့ပေ။ သန့်စင်ပြီး စုပ်ယူပြီးနောက် ၎င်းက သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားထဲသို့ လုံးဝ ပေါင်းစပ်သွားခဲ့သည်။
လုချန်က ဒုတိယ ဝိညာဉ်ကွင်းဆက် စုပ်ယူခြင်းကို ပြီးမြောက်ရန် မိနစ် ၄၀ မှ ၅၀ ခန့် အချိန်ယူခဲ့ရ၏။
သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ပထမဆုံး သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားကို ခံစားကြည့်လိုက်ခေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၃၀ သို့ ထိုးတက်သွားပြီး တတိယ ဝိညာဉ်ကွင်းကို တိုက်ရိုက် စုပ်ယူနိုင်ပြီဖြစ်သည်။
ထို့နောက် သူက ငွေပြာမြက် သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်ရာ ခမ်းနားသော ခရမ်းရောင် ဝိညာဉ်ကွင်း နှစ်ခုက သူ၏ ခြေထောက်အောက်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
ပထမနှင့် ဒုတိယ ဝိညာဉ်ကွင်းနှစ်ခုစလုံးက ခရမ်းရောင် ဖြစ်နေခဲ့သည်။ ဤကဲ့သို့သော ဝိညာဉ်ကွင်း ဖွဲ့စည်းမှုမျိုးဖြင့် သူသာ တစ်ခြားသူများအား ပြောပြလျှင် တစ်ယောက်ယောက်က ယုံပါ့မလားဟု သံသယရှိမိသည်။
သူ၏ ငွေပြာမြက် သိုင်းဝိညာဉ်နှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲပြီးနောက် ၎င်း၏ အမြစ်များနှင့် ပင်စည်များမှာ ပိုမို ထူထဲလာပြီး ၎င်း၏ အရွက်များမှာလည်း ပိုမို ကျယ်ပြန့်လာခဲ့သည်။
သွေးကဲ့သို့ နီရဲသော ပုံစံများအပြင် ၎င်းက သင်းပျံ့သော ရနံ့တစ်ခုကိုလည်း ထုတ်လွှတ်နေပြီး ပေါများလှသော သက်စောင့်အသက်သွေး စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
လုချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“အပြောင်းအလဲက တော်တော် သိသာတယ်။ အရင် ငွေပြာမြက် သိုင်းဝိညာဉ်က အနိမ့်အဆင့် ဝိညာဉ်တစ်ခု ဖြစ်ပေမယ့် လက်ရှိ ငွေပြာမြက် သိုင်းဝိညာဉ်က အနည်းဆုံးတော့ အလယ်အလတ်အဆင့် ဝိညာဉ်တစ်ခု ဖြစ်နေပြီ။ နှစ်ထောင်ချီ သက်တမ်းရှိ အပင်တွေကို ကိုယ်စားပြုတဲ့ ဝိညာဉ်ကွင်း နှစ်ခုက ငွေပြာမြက် သိုင်းဝိညာဉ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ကြီးမားစွာ အထောက်အကူ ပြုခဲ့တယ်”
“ပြီးတော့ ငါ့ရဲ့ ဒုတိယ ဝိညာဉ်စွမ်းရည် ငွေပြာ ကျေးဇူးတော်က ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ ဝိညာဉ်စွမ်းအား... ဒီအရာအားလုံးကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်”
“ပထမ ဝိညာဉ်စွမ်းရည်က သက်စောင့်အသက်သွေးကို ပြန်လည်ဖြည့်တင်းပေးပြီး ဒုတိယ ဝိညာဉ်စွမ်းရည်က ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးတယ်။ နောက်လာမယ့် ဝိညာဉ်စွမ်းရည်ကတော့ အထောက်အကူပြု စွမ်းရည်တစ်ခု ထပ်ပေါင်းပေးသင့်တယ်”
အခန်း ၁၉ပြီး