အခန်း (၁၅) ရှောင်ဝူ၏ ခွေးလေ့ကျင့်ရေး ဒိုင်ယာရီ
လုချန်၏ အစီအစဉ်က ကြီးမားစွာ အောင်မြင်သွားခဲ့သည်။
ရှောင်ဝူက နှစ်တစ်ရာ ဝိညာဉ်ကွင်းကို ထုတ်ပြလိုက်ပြီးနောက် သူမက ရှောင်ချန်ယွီကို ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အနိုင်ယူနိုင်ခဲ့လေသည်။
မြို့စား၏ သားဖြစ်သော ရှောင်ချန်ယွီပင်လျှင် နှစ်တစ်ရာ ဝိညာဉ်ကွင်း မရှိချေ။
သို့သော် ရှောင်ဝူထံတွင် တောက်ပသော အဝါရောင် နှစ်တစ်ရာ ဝိညာဉ်ကွင်းကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ရသည်။
သူ၏ ကိုယ်ပိုင် စိတ်ကူးထဲတွင် ရှောင်ဝူက ပုန်းကွယ်နေသော မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး နော့တင်း အကယ်ဒမီသို့ လာရောက်ခြင်းမှာ မိသားစုက ပေးသော စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်မည်ဟု တွေးထင်သွားမိခဲ့သည်။
ဤအရာအားလုံးကို တွေးပြီးနောက် ရှောင်ချန်ယွီက သူ၏ ရှုံးနိမ့်မှုကို လှိုက်လှဲစွာ လက်ခံလိုက်လေသည်။ သူက အလုပ်သင်ကျောင်းသားများ၏ ရှေ့တွင် မောက်မာစွာ ပြုမူရန် ဘယ်တော့မှ မဝံ့ရဲတော့ဘဲ ရှောင်ဝူကို မြင်သောအခါ "အစ်မကြီး ရှောင်ဝူ" ဟု ရိုသေစွာ ခေါ်ဆိုလိုက်သည်။
သူတို့၏ နောက်ဆုံး တိုက်ပွဲအပြီးမှစ၍ ရှောင်ဝူက သူမ၏ နတ်ဘုရားစွမ်းအားကို ပြသနိုင်ခဲ့သည်။
ရှောင်ဝူသည် အခန်း ၇ ၏ အစ်မကြီး ရှောင်ဝူသာမက အကယ်ဒမီတစ်ခုလုံး၏ အစ်မကြီး ရှောင်ဝူ ဖြစ်လာခဲ့သည်။
လုချန်ပင်လျှင် ဤအရာမှ အကျိုးအမြတ် ရရှိခဲ့သည်။
ပွဲစဉ်သုံးပွဲအတွင်း လုချန်က ကွင်းထဲသို့ မဝင်ခဲ့သော်လည်း နှစ်တစ်ရာ ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားသော ရှောင်ဝူပင်လျှင် သူ့ကို ခေါင်းဆောင် လုချန် ဟု ခေါ်ဆိုရခေသည်။
ရလဒ်အနေဖြင့် လုချန်သည် အကယ်ဒမီတွင် ခန့်မှန်း၍မရနိုင်သူဟူသော စကားလုံးနှင့် အဓိပ္ပာယ်တူ ဖြစ်လာခဲ့ပြီး ၎င်းက လုချန်ကို အနည်းငယ် ရယ်ချင်စရာကောင်းပြီး စိတ်ရှုပ်စရာလည်း ဖြစ်စေခဲ့ရသည်။
ဝိညာဉ်ကွင်းတစ်ခုမျှပင် မရှိသေးသော ဝိညာဉ်ပညာသင်တစ်ဦးက ဘယ်လိုလုပ် "းခန့်မှန်း၍မရနိုင်သူဖြစ်နိုင်မည်နည်း။
သို့သော် ဒါကလည်း ကောင်းပေသည်။ အကြောင်းပြချက်မရှိဘဲ မည်သူကမျှ သူ့ကို ရန်စဝံ့မည် မဟုတ်သောကြောင့် သူက အကယ်ဒမီတွင် အေးချမ်းစွာ ပညာသင်ကြားနိုင်မည်ဖြစ်၏။
ထို့နောက် အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် ထန်စန်းနှင့် သူ၏ဆရာ ယွီရှောင်ကန်းတို့ နော့တင်း အကယ်ဒမီသို့ ပြန်ရောက်လာခဲ့ကြသည်။
သူတို့ ပြန်ရောက်လာသောအခါ လုချန်က ဆရာနှင့် တပည့်ကို တိုက်ဆိုင်စွာ တွေ့ဆုံခဲ့လေသည်။
ယွီရှောင်ကန်း၏ မျက်နှာမှာ သွေးဆုတ်နေပြီး သွေးလွန်ကဲစွာ ဆုံးရှုံးထားသည့် လက္ခဏာများကို ပြသနေကာ သူက ယခင်ကထက် များစွာ အားနည်းနေပုံရသည်။
ဤအချက်က လုချန်ကို မူရင်းဇာတ်လမ်းထဲကလို သူတို့က နှစ်လေးရာ သက်တမ်းရှိ ဒေါသကြီးမြွေနှင့် ကြုံတွေ့ခဲ့ရသည်ဟု သံသယဝင်သွားစေခဲ့သည်။
ယွီရှောင်ကန်း အဆိပ်သင့်သွားပြီးနောက် ထန်စန်းက သူ့ကို သွေးဖောက်ထုတ်ကာ ကုသပေးခဲ့သောကြောင့် ဤကဲ့သို့ သွေးလွန်ကဲစွာ ဆုံးရှုံးသည့် အခြေအနေသို့ ရောက်သွားခြင်းဖြစ်သည်။
ဤခန့်မှန်းချက်အပေါ် အခြေခံကြည့်လျှင် ထန်စန်း၏ ပထမဆုံး ဝိညာဉ်ကွင်းမှာ နှစ်လေးရာ သက်တမ်းရှိ ဒေါသကြီးမြွေထံမှ သေချာပေါက် ရရှိလာခြင်း ဖြစ်ပေမည်။
လုချန်က သူ့စိတ်ထဲတွင် ရယ်ချင်နေခဲ့သည်။ ထန်စန်း လမ်းမှားသို့ ပိုရောက်သွားလေလေ သူ့အတွက် ပို၍ အကျိုးရှိလေလေပင်။
ထန်စန်းက လုချန်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာမှာ အတော်လေး စိတ်ဝင်စားစရာကောင်းနေခဲ့သည်။ သူ၏ မျက်လုံးများက တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရန်လိုသော အကြည့်များကို ပြသနေပြီး လုချန်ကို ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားကာ သူတို့ ယှဉ်ပြိုင်နေသည်မှာ ရှောင်ဝူ၏ မျက်နှာသာပေးမှုကို ရရှိရန် ဖြစ်ပုံရသည်။
ထို့ကြောင့် ဆရာဖြစ်သူ ယွီရှောင်ကန်းကို သူ၏ အိမ်သို့ ပြန်လည်ပို့ဆောင်ပြီးနောက် ထန်စန်း ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ရှောင်ဝူကို သွားရှာခြင်းပင်။
ပထမဆုံး ဝိညာဉ်ကွင်းကို စုပ်ယူပြီး ကွင်းတစ်ခု ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာသည့်အကြောင်းကို ရှောင်ဝူအား သူ ပြောပြချင်နေပြီး ထိုသို့ဖြင့် ရှောင်ဝူက သူ့ကို မတူညီသော အမြင်ဖြင့် ကြည့်လာစေရန် ဖြစ်၏။
လူတိုင်း အံ့သြသွားစေသည်မှာ ရှောင်ဝူက လျစ်လျူရှုထားပြီး ထန်စန်းကို သူရဲဘောကြောင်သူအဖြစ် ဆူပူကာ သူနှင့် လုံးဝ စကားမပြောချင်ခဲ့ချေ။
ဤအရာက ထန်စန်းကို လုံးဝ နားမလည်နိုင် ဖြစ်သွားစေခဲ့သည်။ သူက ဘယ်လိုလုပ် သူရဲဘောကြောင်သူ ဖြစ်သွားရတာလဲ။
အနည်းငယ် စုံစမ်းမေးမြန်းပြီးနောက် ထန်စန်းက သူ ထွက်သွားပြီးနောက် အကယ်ဒမီရှိ အလုပ်သင်ကျောင်းသား အုပ်စုနှင့် မင်းမျိုးမင်းနွယ် ကျောင်းသား အုပ်စုတို့အကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်ရ၏။
အလုပ်သင်ကျောင်းသားများဘက်တွင် ဝိညာဉ်သားရဲများကို အမဲလိုက်ထွက်နေသဖြင့် တိုက်ပွဲတွင် မပါဝင်နိုင်ခဲ့သော ထန်စန်းမှလွဲ၍ လူတိုင်း ရှိနေခဲ့ကြသည်။
ဤဖြစ်ရပ်ကြောင့် ထန်စန်းမှာ ရှောင်ဝူ၏ မျက်လုံးထဲတွင် သူရဲဘောကြောင်သူတစ်ဦးအဖြစ် သတ်မှတ်ခံလိုက်ရခြင်းပင်။
ထန်စန်းမှာ စကားမပြောနိုင် ဖြစ်သွားရ၏။ အမြင်သေတစ်ခု ဖြစ်ပေါ်နေပြီဖြစ်ရာ မည်သည့် ရှင်းပြချက်မဆို အားနည်းပြီး အသုံးမဝင်သကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
သူက ဝိညာဉ်သားရဲကို အမဲလိုက်ရန် သွားခဲ့ခြင်းဖြစ်ပြီး အလုပ်သင်ကျောင်းသား အုပ်စုနှင့် မင်းမျိုးမင်းနွယ် ကျောင်းသား အုပ်စုတို့အကြား ပြိုင်ပွဲကို တမင်တကာ ရှောင်လွှဲခဲ့ခြင်း မဟုတ်ကြောင်း ရှောင်ဝူကို ပြောပြချင်ခဲ့သည်။
သို့သော်လည်း ရှောင်ဝူက လုံးဝ နားမထောင်ဘဲ ထန်စန်းအပေါ် အမြဲတမ်း အေးစက်သော မျက်နှာထားကိုသာ ထားရှိခဲ့လေသည်။
ထန်စန်းမှာ ကူကယ်ရာမဲ့နေသော်လည်း ရှောင်ဝူအပေါ် စွဲလမ်းမှုကြောင့် သူသည် ကုသ၍မရနိုင်သော ဖားယားတတ်သူ တစ်ယောက်လို ပြုမူကာ ရှောင်ဝူ၏ မျက်နှာသာပေးမှုကို ရရှိရန် အကြိမ်ကြိမ် ကြိုးစားနေမိခဲ့သည်။
တစ်ချိန်တည်းမှာပင် ထန်စန်းက ရှောင်ဝူ၏ မျက်နှာသာပေးမှုကို ရရှိရန် အချိန်နှင့် ခွန်အားများစွာ အသုံးပြုနေချိန်၌...
လုချန်က သူ၏ စွမ်းအင်အားလုံးကို သင်ယူမှုအပေါ်တွင် မြှုပ်နှံထားခဲ့သည်။
လုချန်သည် သူ၏ ပညာသင်ကြားမှုအပေါ် အလွန် အလေးထားပြီး အသိပညာကို မရောင့်ရဲနိုင်အောင် ဆာလောင်နေသူဟု ဖော်ပြနိုင်သည်။
အတန်းထဲတွင် သူသည် အမြဲတမ်း အာရုံစိုက်မှု အရှိဆုံး ကျောင်းသားဖြစ်သည်။ သူသည် စာလုံးများ၊ သမိုင်း၊ ပထဝီဝင် အစရှိသည်တို့ကို သင်ယူရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဆရာများအားလုံး၏ မြင့်မားသော ချီးကျူးမှုကို ရရှိခဲ့လေသည်။
ဤအခြေခံ သင်ခန်းစာများအပြင် လုချန်သည် ဝိညာဉ်သားရဲ ဗဟုသုတများကို အကြိုးစားဆုံး လေ့လာခဲ့ရာ ၎င်းမှာ လုချန် အလိုအပ်ဆုံးအရာ ဖြစ်သောကြောင့်ဖြစ်သည်။
လုချန်သည် ဝိညာဉ်သားရဲများ၏ မျိုးစိတ်များ၊ ပျံ့နှံ့နေထိုင်မှု၊ ပါရမီများ၊ စွမ်းရည်များ အစရှိသည်တို့ကို အာရုံအစိုက်ဆုံး သင်ယူခဲ့၏။ နေ့စဉ် ကျောင်းဆင်းပြီးနောက် သူသည် ဆရာများ၏ ရုံးခန်းများသို့ အထူးတလည် သွားရောက်ကာ ယဉ်ကျေးစွာ မေးခွန်းများ မေးလေ့ရှိသည်။
နော့တင်း အကယ်ဒမီရှိ ဆရာအများစုမှာ စေတနာထားပြီး တာဝန်ကျေပွန်ကြလေသည်။ လုချန်က မေးခွန်းများ မေးလိုသောကြောင့် သူတို့က သူတို့၏ ဗဟုသုတများကို ရက်ရောစွာ မျှဝေပေးခဲ့ကြသည်။
သူတို့က ဝိညာဉ်သားရဲများနှင့် ပတ်သက်သော သူတို့၏ ဗဟုသုတများကို လုချန်အား အသေးစိတ် မျှဝေပေးခဲ့ကြသည်။
အထူးသဖြင့် အပင် ဝိညာဉ်သားရဲများနှင့် ပတ်သက်သော ဗဟုသုတများပငမ။
လုချန်၏ ဝိညာဉ်မှာ အပင်အမျိုးအစား ဝိညာဉ် ငွေပြာမြက်ဖြစ်သောကြောင့် သူ အများဆုံး မေးခဲ့သော မေးခွန်းများမှာ အပင်ဝိညာဉ်သားရဲများနှင့် ပတ်သက်၍သာ ဖြစ်သည်။
ဤဆရာများအပြင် လုချန်တွင် တိုင်ပင်ဆွေးနွေးရန် နောက်ထပ် လူတစ်ယောက်လည်း ရှိသေး၏။ ၎င်းမှာ ရှောင်ဝူပင်။
လူသားအသွင်ဖြင့် ရှိနေသော နှစ်တစ်သိန်း သက်တမ်းရှိ အရိုးပျော့ယုန်မလေး တစ်ကောင်အနေဖြင့် ရှောင်ဝူကို ဝိညာဉ်သားရဲလောက၏ ဘိုးဘေးများထဲမှ တစ်ဦးအဖြစ် မှတ်ယူနိုင်၏။ ဝိညာဉ်သားရဲ အများအပြား၏ အလေ့အထများကို သူမ၏ သိရှိကျွမ်းကျင်မှုက အကယ်ဒမီရှိ ဆရာများထက်ပင် သာလွန်ပေသည်။
သူမက အသက်ရှည်ရှည် နေထိုင်ခဲ့ရသော်လည်း ရှောင်ဝူသည် ကောင်းစွာ အကာအကွယ်ပေးခံခဲ့ရပုံပေါ်ပြီး သူမတွင် ကောက်ကျစ်စဉ်းလဲသော သို့မဟုတ် အကြံအစည်ရှိသော အတွေးမျိုး မရှိပေ။
လုချန်က သူမကို အနည်းငယ် မြှောက်ပြောလိုက်ပြီးနောက် ရှောင်ဝူမှာ ခေါင်းမူးသွားပြီး ဝိညာဉ်သားရဲများ၏ အလေ့အထများနှင့် ပတ်သက်၍ သူမ သိသမျှ အရာအားလုံးကို လုချန်အား ပြောပြခဲ့လေသည်။
လုချန်၏ အသိပညာကို ဆာလောင်မှုနှင့်အတူ သူ၏ နေ့စဉ် တိုးတက်မှုမှာ မှတ်သားလောက်စရာပင်။
...
အချိန်တွေက မြန်ဆန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ် ကုန်လွန်သွားခဲ့၏။
သုံးနှစ်ကြာ ကြီးထွားလာပြီးနောက် လုချန်သည် အသက် ကိုးနှစ် ပြည့်သွားခဲ့ပြီး သူ အများကြီး ပြောင်းလဲသွားခဲ့သည်။
ပထမဆုံးအနေဖြင့် သူ၏ အရပ်အမောင်းမှာ ၁.၆ မီတာမှ ၁.၈ မီတာအထိ တိုးလာခဲ့သည်။ အနည်းငယ် ကလေးဆန်နေသေးသော သူ၏ မျက်နှာမှလွဲ၍ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ လူကြီးတစ်ယောက်နှင့် ကွာခြားမှု မရှိတော့ချေ။
ဒုတိယအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအားပင်။ သူက ပထမဆုံး ဝိညာဉ်ကွင်းကို မရရှိသေးသောကြောင့် သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၁၀ တွင်သာ ရပ်တန့်နေခဲ့ရသည်။
သို့သော်လည်း ဤသုံးနှစ်အတွင်း သူက နေ့စဉ် ကြိုးစားပမ်းစား ကျင့်ကြံခဲ့သည်။ အသက်ရှူတိုင်း ပိုမိုသန်မာလာသော သူ၏ အထူးစွမ်းရည်မှာ တရားထိုင်ခြင်းနည်းလမ်း၏ ပံ့ပိုးမှုဖြင့် ကျင့်ကြံမှုအမြန်နှုန်း နှစ်ဆအထိ ရရှိနိုင်ခဲ့သည်။
ဤအရာက သူ၏ ဝိညာဉ်စွမ်းအားကို ယုံကြည်နိုင်စရာမရှိသော အဆင့်အထိ စုဆောင်းမိစေခဲ့သည်။ သူ့ကို ကြည့်လိုက်ပါက သူက အသက် ကိုးနှစ်သာ ရှိသေးသော်လည်း ၁.၈ မီတာ မြင့်မားသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် စုဆောင်းမိနေသော ဝိညာဉ်စွမ်းအားများမှာ အလွန် ကြောက်စရာကောင်းသော ပမာဏတစ်ခု ဖြစ်ရမည်ဟုလည်း ခန့်မှန်းနိုင်လေသည်။
တိကျသော ဝိညာဉ်စွမ်းအား အဆင့်နဲ့ ပတ်သက်ပြီးတော့ကော။
ဝိညာဉ်ကွင်းကို သူ ရရှိပြီးနောက်မှသာ သိနိုင်မည်ဖြစ်သည်။
လုချန်သည် စာပေ၊ သမိုင်းနှင့် ပထဝီဝင် အစရှိသော အခြေခံ သင်ခန်းစာများကို ကျွမ်းကျင်စွာ တတ်မြောက်ကာ ခြောက်နှစ်စာ ဗဟုသုတများကို သုံးနှစ်အတွင်း ပြီးမြောက်အောင် သင်ယူနိုင်ခဲ့သည်။
လုချန်သည် ဝိညာဉ်သားရဲများအကြောင်း၊ အထူးသဖြင့် အပင်အမျိုးအစား ဝိညာဉ်သားရဲများအကြောင်းကို အာရုံအစိုက်ဆုံး သင်ယူခဲ့ပြီး ယခုအခါ အံ့မခန်း ဗဟုသုတများကို စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။
တိုက်ကြီးတစ်ခုလုံးရှိ ဝိညာဉ်သားရဲတိုင်းကို မမှတ်မိနိုင်သော်လည်း လုချန်သည် ဝိညာဉ်သားရဲ အများစုကို၊ အထူးသဖြင့် အပင်အမျိုးအစားများကို မြင်ရုံမျှဖြင့် ခွဲခြားသိမြင်နိုင်ပြီး ၎င်းတို့၏ စွမ်းရည်များ၊ အလေ့အထများ၊ ပါရမီများနှင့် ကျွမ်းကျင်မှုများကို ဖော်ပြနိုင်လေသည်။
ယခုအခါ အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်ပြီး လိုအပ်နေသည်မှာ ဝိညာဉ်သားရဲကို အမဲလိုက်ရန်သာ။
ထို့ကြောင့် လုချန်သည် ကျောင်းရေးရာဌာနမှူးထံသို့ သွားရောက်ကာ ဝိညာဉ်သားရဲများကို အမဲလိုက်ရန် သွားရောက်ဖို့ လိုအပ်ကြောင်း အကြောင်းပြချက်ဖြင့် ခွင့်ရက်ကို လျှောက်ထားခဲ့လေသည်။
အခန်း ၁၅ပြီး