အခန်း (၁၄) အလုပ်သင်ကျောင်းသားများ၏ အောင်ပွဲ
နံနက်ခင်း၏ နောက်ဆုံးအချိန်လေးသည် ဆူညံနေသော စာသင်ခန်းထဲတွင် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။
ယနေ့ သင်ကြားမှု ရလဒ်များအတွက် ဆရာက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ “အတန်းပြီးပြီ၊ သွားစားကြတော့။ နောင်ကျရင် ကြိုးကြိုးစားစား လေ့ကျင့်ဖို့ မှတ်ထားပါ။ နားမလည်တာရှိရင် ငါ့ကို လာမေးကြ။ တရားထိုင်ခြင်းကသာ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဝိညာဉ်စွမ်းအား အဆင့် ၁၀ ကို အမြန်ဆုံး ရောက်အောင် တရားထိုင်ခြင်းနည်းလမ်းကို မြန်မြန် ကျွမ်းကျင်အောင် လုပ်ကြ”
ဆရာ စကားပြောပြီးနောက် အတန်းချိန် တစ်ချိန်လုံး တရားထိုင်သည့် အခြေအနေသို့ မဝင်ရောက်နိုင်ခဲ့သော ညံ့ဖျင်းသည့် ကျောင်းသားများမှာ သိသိသာသာ စိတ်သက်သာရာ ရသွားကြလေသည်။
ဆရာ မထွက်သွားသေးသောကြောင့် ကျောင်းသားအားလုံး သူတို့၏ နေရာများတွင် လိမ္မာကျိုးနွံစွာ ထိုင်နေကြပြီး မည်သူကမျှ ခွင့်ပြုချက်မပါဘဲ မထွက်ခွာဝံ့ကြပေ။
ဆရာက လက်ပိုက်လျက် စင်မြင့်ပေါ်မှ ဆင်းလာပြီး လုချန်အနီးသို့ လျှောက်သွားလိုက်သည်။ တရားထိုင်ခြင်းမှ ထွက်လာပြီး မျက်လုံးဖွင့်လိုက်သော လုချန်ကို ကြည့်ကာ ဆရာက အားပေးထောက်ခံသော လေသံဖြင့် ပြောလိုက်၏။
“ကလေး... မင်းမှာ ထူးခြားတဲ့ ပါရမီရှိတယ်။ ငါ မင်းကို တရားထိုင်ခြင်းနည်းလမ်း သင်ပေးပြီးနောက်မှာ မင်းက တရားထိုင်တဲ့ အခြေအနေကို ဒီလောက်မြန်မြန် ဝင်ရောက်နိုင်တဲ့ ပထမဆုံးသူပဲ”
“မင်းမှာ ကြီးမားတဲ့ ပါရမီရှိပေမယ့် မင်းရဲ့ ကျင့်ကြံမှုမှာ အပျင်းထူလို့ မရဘူး။ နားမလည်တဲ့ ပြဿနာတစ်ခုခု ရှိလာရင် ငါ့ဆီ လာခဲ့လို့ရတယ်။ မင်းရဲ့ မေးခွန်းတွေကို ငါ သေချာပေါက် စိတ်ရှည်လက်ရှည် ဖြေပေးပါ့မယ်။ သေချာ ကျင့်ကြံပါ.... မင်းကို ငါ ယုံကြည်တယ်”
ဤစကားကို ကြားသောအခါ လုချန်က ထိုင်ခုံမှ မတ်တပ်ရပ်လိုက်လေသည်။ သူသည် ကျေးဇူးကန်းတတ်သူ တစ်ယောက်မဟုတ်ပေ။ ဆရာ၏ ကြင်နာမှုက အလွန် သိသာထင်ရှားနေသဖြင့် သူက သဘာဝကျကျပင် ခံစားမိသည်။
ဆရာ့ဘက်သို့ လှည့်ကာ လုချန်က ရိုသေစွာ အရိုအသေပေးလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် သေချာပေါက် ကြိုးစားပြီး လေ့လာပါ့မယ်။ နောင်ကျရင် မေးစရာရှိလာရင်လည်း ချက်ချင်း လာမေးပါ့မယ်။ ဆရာ ကျွန်တော့်ရဲ့ မေးခွန်းတွေကို ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
လုချန်၏ နှိမ့်ချမှုနှင့် သင်ယူလိုစိတ်က ဆရာ့ကို ပို၍ပင် ကျေနပ်သွားစေခဲ့သည်။ သူက အားပေးသည့်အနေဖြင့် လုချန်၏ ပခုံးကို ပုတ်ပေးလိုက်၏။
ထွက်ခွာရန် မလှည့်မီ ဆရာက ရှောင်ဝူကို နောက်ဆုံးအနေဖြင့် စူးရဲစွာ တစ်ချက် ကြည့်လိုက်လေသည်။ ရှောင်ဝူမှာ အိပ်မောကျနေဆဲပင်။
နောက်ဆုံးတွင် လုံးဝ ကူကယ်ရာမဲ့သွားသည်ဟု ခံစားရပြီးနောက် ဆရာက လက်ကို နောက်ပစ်ကာ စာသင်ခန်းထဲမှ ထွက်သွားလေသည်။
ဆရာ ထွက်သွားပြီးသည်နှင့် စာသင်ခန်းထဲရှိ အခြား ကျောင်းသားသစ်များ အားလုံးက လုချန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
၎င်းတွင် မနာလိုမှု၊ ဝန်တိုမှုနှင့် အနည်းငယ်သော နာကြည်းမှု၊ ဒေါသတို့ ရောယှက်နေခဲ့သည်။
ထင်ရှားစွာပင် သူတို့က ဆရာ၏ မျက်နှာသာပေးခြင်းကို ခံရသော လုချန်၏နေရာတွင် အစားထိုး ဝင်ရောက်လိုနေကြသည်။
အဆင့်နိမ့် ကျောင်းသားတစ်ဦးမှ ထူးချွန်သော ကျောင်းသားတစ်ဦးအပေါ် ထားရှိသည့် နာကြည်းမှုပင်။
ဤကျောင်းသားသစ်များ၏ ရှုပ်ထွေးသော အကြည့်များနှင့် ရင်ဆိုင်ရသော်လည်း လုချန်က လုံးဝ တည်ငြိမ်နေပြီး မသက်မသာဖြစ်မှု အနည်းငယ်မျှ မခံစားရချေ။
သူ၏ နေရာမှ ထွက်လာပြီးနောက် သူက ရှောင်ဝူ၏ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ရှောင်ဝူက ပြတင်းပေါက်နားတွင် ထိုင်နေခဲ့သည်။ ရွှေရောင် နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေပြီး စားပွဲပေါ်တွင် အိပ်မောကျနေသော သူမ၏ မျက်နှာဘေးဘက်ကို လင်းလက်နေစေခဲ့သည်။ သူမ၏ နီမြန်းပြီး ဖြူဝင်းတောက်ပနေသော ပါးပြင်လေးများက မှည့်နေသော ပန်းသီးနီလေး တစ်လုံးနှင့် တူနေလေသည်။
ယင်းကိုမြင်သောအခါ လုချန်က ခေါင်းခါပြီး ရယ်မောလိုက်၏။ ဆရာက နောက်ဆုံးတွင် ရှောင်ဝူကို စူးရဲစွာ ကြည့်သွားသည်မှာ အံ့သြစရာမရှိပေ။ သူမက အိပ်မောကျနေသည်ကိုး။
သူက လက်လှမ်းကာ စားပွဲကို ရိုက်ချလိုက်ရာ ဒုန်းခနဲ ကျယ်လောင်သော အသံထွက်လာပြီး နောက်ဆုံးတွင် ရှောင်ဝူကို နိုးသွားစေခဲ့သည်။
အိပ်ရာမှ နိုးလာပြီးနောက် ရှောင်ဝူက မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ပွတ်သပ်ကာ အနည်းငယ် မှုန်ဝါးနေသော အသံဖြင့် ပြောလိုက်၏။
“ဘာဖြစ်လို့လဲ။ ထမင်းစားဖို့ အချိန်ရောက်ပြီလား”
လုချန်က မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အေး... အတန်းပြီးသွားပြီ။ မြန်မြန်သွားစားကြရအောင်။ ဒီနေ့လည် ငါတို့ အလုပ်သင်ကျောင်းသားတွေနဲ့ အထက်တန်းလွှာ ကျောင်းသားတွေ တိုက်ခိုက်ဖို့ ချိန်းထားတယ်။ ရှောင်ဝူ... အခန်း ၇ ရဲ့ ဒုတိယခေါင်းဆောင်အနေနဲ့ မင်းက ငါတို့ အလုပ်သင်ကျောင်းသားတွေထဲမှာ အရေးကြီးတဲ့သူပဲ။ အိပ်နေလို့ နောက်ကျမနေနဲ့ဦး”
ဤအကြောင်းကို ပြောလိုက်သည်နှင့် ရှောင်ဝူက ချက်ချင်း တက်ကြွလာခဲ့ရသည်။ သူမက ခုံပေါ်မှ ခုန်ထပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော သူမ၏ လက်သီးငယ်လေးများကို ဝှေ့ယမ်းကာ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပနေလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ခေါင်းဆောင် လုချန်... စိတ်မပူပါနဲ့။ ငါ သေချာပေါက် နောက်ကျမှာ မဟုတ်ဘူး။ ဟွန့်... ငါတို့ အလုပ်သင်ကျောင်းသားတွေကို အနိုင်ကျင့်ရဲတဲ့ လူရမ်းကားတစ်စု။ အလုပ်သင်ကျောင်းသားတွေကို အစ်မကြီး ရှောင်ဝူက ကာကွယ်ပေးထားတာ။ သူတို့ကို ဘာမှမဟုတ်တဲ့အထိ ရိုက်နှက်ပြမယ်... ကြည့်နေလိုက်”
ရှောင်ဝူကို နှိုးပြီးနောက် လုချန်က သူမနှင့်အတူ ကန်တင်းသို့ သွားခဲ့သည်။ လုချန်က ပထမထပ်တွင် စားပြီး ရှောင်ဝူက ဒုတိယထပ်သို့ တက်သွားလေသည်။
လုချန်က ဆင်းရဲသော အလုပ်သင်ကျောင်းသား ဖြစ်သည်။ သူ၏ လက်ထဲတွင် ပိုက်ဆံ သိပ်မရှိသဖြင့် ပထမထပ်တွင်သာ စုပေါင်းစားသောက်နိုင်လေသည်။
ကွင်းတစ်ခု ဝိညာဉ်သခင်တစ်ယောက်အနေဖြင့် ရှောင်ဝူသည် ဝိညာဉ်ခန်းမဆောင်မှ ရွှေပြား ထောက်ပံ့ကြေးကို လက်ခံရရှိပြီးဖြစ်သည်။ ငွေရှိနေသဖြင့် ရှောင်ဝူက အကောင်းဆုံး အစားအစာများကိုသာ စားကာ ဖြုန်းတီးသော ဘဝကို စတင်နေပြီဖြစ်ရာ သူမက ကန်တင်း၏ ဒုတိယထပ်သို့ သွားခြင်းဖြစ်သည်။
နေ့လည် ၂ နာရီခန့်တွင် နော့တင်း အကယ်ဒမီနောက်ဘက်ရှိ တောအုပ်ထဲ၌။
နော့တင်း အကယ်ဒမီမှ ကျောင်းသားနှစ်အုပ်စုသည် တောအုပ်ထဲတွင် စုဝေးနေကြပြီး လက်များကို ပွတ်သပ်ကာ အပြန်အလှန် စော်ကားပြောဆိုနေကြရာ တိုက်ပွဲစတင်လုနီးပါး ဖြစ်နေခဲ့ရသည်။
အလုပ်သင်ကျောင်းသားများဘက်တွင် ရှောင်ဝူက ခါးထောက်ကာ စစ်တပ်ကြီးတစ်ခုကို ကွပ်ကဲနေသော အမျိုးသမီးစစ်သူကြီးတစ်ဦးကဲ့သို့ လေးနက်သော မျက်နှာဖြင့် ရပ်နေခဲ့သည်။ သူမက ဝမ်ရှန်းဘက်သို့ လှည့်ကာ မေးလိုက်၏။
“ဝမ်ရှန်း... ငါတို့လူတွေ အကုန်ရောက်ပြီလား”
မေးခွန်းကို ကြားသောအခါ ဝမ်ရှန်းက ချက်ချင်း မတ်မတ်ရပ်ကာ ရင်ကော့ခေါင်းမော့ပြီး ပြန်ဖြေလိုက်သည်။
“ထန်စန်းကလွဲပြီး ငါတို့ အလုပ်သင်ကျောင်းသားတွေ အကုန်လောက် ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် သူက အခန်း ၇ ရဲ့ စည်းမျဉ်းတွေကို မလိုက်နာတော့ သူ့ကို ငါတို့ထဲက တစ်ယောက်အနေနဲ့ ဘယ်တုန်းကမှ သတ်မှတ်မထားပါဘူး”
ရှောင်ဝူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထန်စန်းအပေါ် သူမ၏ ရွံရှာမှုက ပိုမို ကြီးထွားလာခဲ့ရသည်။ သူမက လက်ယမ်းကာ ပြောလိုက်၏။
“ထားလိုက်တော့.. ဒီသူရဲဘောကြောင်တဲ့ကောင် ရောက်လာရင်တောင် သေချာပေါက် အသုံးဝင်မှာ မဟုတ်ဘူး။ ငါရယ်... ခေါင်းဆောင် လုချန်ရယ် ရှိနေတာပဲ”
“ခေါင်းဆောင် လုချန်... ငါတို့ စလို့ရပြီ”
ဤစကားကို ကြားသောအခါ လုချန်က ခေါင်းညိတ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ မင်းမျိုးမင်းနွယ် ကျောင်းသားများ၏ ခေါင်းဆောင်၊ မြို့စား၏သား ရှောင်ချန်ယွီကို ကြည့်ကာ ကျယ်လောင်သော အသံဖြင့် ပြောလိုက်လေသည်။
“မင်းတို့ ဘယ်လို ယှဉ်ပြိုင်ချင်လဲ”
ရှောင်ချန်ယွီ၏ မျက်လုံးများတွင် အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ မြို့စား၏သား တစ်ယောက်အနေဖြင့် သူက အသုံးမကျသူ တစ်ယောက်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် အကြံအစည်လေးများ ရှိသည်။
ဤအလုပ်သင်ကျောင်းသားများက သူတို့ကို ရဲရဲဝံ့ဝံ့ စိန်ခေါ်လာခြင်းက သူတို့အားလုံးတွင် ကျောထောက်နောက်ခံ တစ်ခုခု ရှိနေကြောင်း ပြသနေခဲ့သည်။
ရှောင်ချန်ယွီက မျက်ကန်းတစ္ဆေ ရမ်းကားသော တိုက်ပွဲမျိုးကို လုပ်မည်မဟုတ်ပေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူက သူ၏ တောင်းဆိုချက်များကို ပြေညပြလိုက်၏။
“ငါတို့ဘက်က သုံးယောက်စီ အလှည့်ကျ တစ်ယောက်ချင်း ထွက်တိုက်ကြမယ်။ ရှုံးတဲ့သူက ကွင်းထဲက ထွက်ရပြီး နိုင်တဲ့သူက ဆက်နေကာ နောက်တစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံရမယ်။ တစ်ဖက်ဖက်က သုံးယောက်စလုံး ရှုံးသွားတဲ့အထိ ဆက်တိုက်သွားမယ်။ နောက်ဆုံး ကွင်းထဲမှာ ကျန်နေတဲ့ဘက်က ဒီတိုက်ပွဲရဲ့ အနိုင်ရသူ ဖြစ်လိမ့်မယ်”
ရှောင်ချန်ယွီတွင် ဉာဏ်နီဉာဏ်နက် အချို့ရှိသော်လည်း ကံမကောင်းစွာဖြင့် အကြွင်းမဲ့ ခွန်အား၏ ရှေ့မှောက်တွင် မည်မျှပင် ကောက်ကျစ်စဉ်းလဲပါစေ သူ့ကို မကယ်တင်နိုင်ချေ။
ရှောင်ချန်ယွီ၏ တောင်းဆိုချက်ကို လုချန်က သဘောတူလိုက်သည်။
နှစ်ဖက်စလုံးမှ ပထမဆုံး ထွက်လာသူများမှာ အလုပ်သင်ကျောင်းသားများဘက်မှ ဝမ်ရှန်းနှင့် မင်းမျိုးမင်းနွယ် ကျောင်းသားများဘက်မှ လျိုလုံတို့ဖြစ်ကြသည်။
ဝမ်ရှန်း၊ သိုင်းဝိညာဉ် တိုက်ခိုက်ရေးကျား၊ ဝိညာဉ်စွမ်းအား အဆင့် ၈။
လျိုလုံ၊ သိုင်းဝိညာဉ် တုတ်ရှည်၊ ဝိညာဉ်စွမ်းအား အဆင့် ၈။
နှစ်ယောက်စလုံးတွင် တူညီသော ဝိညာဉ်စွမ်းအား ရှိသော်လည်း လျိုလုံ၏ တုတ်ရှည် ဝိညာဉ်မှာ ဝိညာဉ်စွမ်းရည်မသုံးဘဲ တိုက်ခိုက်ရာတွင် ပိုမို သွက်လက်မြန်ဆန်သည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် လျိုလုံက ဝမ်ရှန်းကို အောင်မြင်စွာ အနိုင်ယူသွားခဲ့သည်။
ပထမတိုက်ပွဲတွင် ရှုံးနိမ့်သွားခြင်းက အလုပ်သင်ကျောင်းသား အဖွဲ့ကို စိတ်ဓာတ်ကျသွားစေခဲ့ဆလသည်။
ယင်းကို မြင်သောအခါ ရှောင်ဝူက ဒုတိယအဖြစ် ကွင်းထဲသို့ ဝင်ရောက်ရန် မစောင့်နိုင်တော့ပေ။
သူမက အလွန် သွက်လက်မြန်ဆန်သည်။
လှုပ်ရှားမှုများက မြန်ဆန်ပြီး သပ်ရပ်လှသည်။
တိုက်ပွဲတွင် သူမက လျိုလုံကို မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးသို့ လွှင့်ပစ်လိုက်ဆလသည်။
အလုပ်သင်ကျောင်းသားများက ဒုတိယတိုက်ပွဲကို အနိုင်ရရှိသွားရာ သူတို့၏ စိတ်ဓာတ်ကို အလွန် မြှင့်တင်ပေးလိုက်ပြီး ရှောင်ဝူအတွက် ကျယ်လောင်စွာ အားပေးကြွေးကြော်ကြ၏။
မင်းမျိုးမင်းနွယ် ကျောင်းသားများဘက်တွင် ရှောင်ချန်ယွီက ရှောင်ဝူသည် အထူး ပါရမီရှင်ဖြစ်ကြောင်း မြင်တွေ့လိုက်ရပြီး မူလက သူသည် နောက်ဆုံးမှ ထွက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
သို့သော် သူတို့ဘက်တွင် ရှောင်ချန်ယွီက သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ ရှောင်ဝူကို မယှဉ်နိုင်ကြောင်း ခံစားမိသဖြင့် ဒုတိယအဖြစ် သူသာ ထွက်ခဲ့ရသည်။
ရှောင်ချန်ယွီ ဝင်ရောက်လာပြီးနောက် သိုင်းဝိညာဉ် ဝင်ရောက်ခြင်းကို ချက်ချင်း စတင်လိုက်သည်။
သူက အရပ်ပိုရှည်လာပြီး ကြွက်သားများ ပိုမို ကြီးထွားလာကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးခိုးရောင် အမွေးများ ဖုံးလွှမ်းသွားခဲ့သည်။
အခန်း ၁၄ပြီး