အခန်း (၁၀၀) ထန်စန်း... ရှောင်ဝူတို့နှင့် ပြန်လည်ဆုံဆည်းခြင်း
ပါလတ် ဘုရင့်နိုင်ငံ၊ လီမာ လွင်ပြင်။
မိုးလေး တစ်ချက် ရွာချသွားပြီးနောက် မြေပြင်မှာ အနည်းငယ် စိုစွတ်နေသော်လည်း လေထုမှာ လတ်ဆတ်ပြီး အလွန် အေးမြသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
လုချန်သည် လမ်းမကြီးအတိုင်း လျှောက်သွားရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေလေသည်။ သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင် မျက်စိတစ်ဆုံး စိုက်ပျိုးထားသည့် ဂျုံစပါးခင်းများဖြင့် စိမ်းလန်းစိုပြေနေသော ပင်လယ်ပြင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ရိတ်သိမ်းချိန် မရောက်သေးသော်လည်း ဂျုံပင်များမှာ အလွန် ကောင်းမွန်စွာ ကြီးထွားနေပြီး အမြင့် တစ်မီတာခွဲကျော်အထိ ရှိနေပြီဖြစ်၏။ ဂျုံနှံများမှာ ပုံစံကျလာပြီး လေတိုက်လိုက်တိုင်း စိမ်းလန်းသော လှိုင်းလုံးများ ထလာသကဲ့သို့ ဖြစ်နေသည်။
လုချန် စိတ်ထဲမှ သက်ပြင်းချလိုက်၏။
‘ဒီမြေက တကယ်ကို မြေဩဇာ ကောင်းတာပဲ။ လီမာ လွင်ပြင်တစ်ခုတည်းမှာ စိုက်ပျိုးတဲ့ စပါးတွေနဲ့တင် ပါလတ်ဘုရင့်နိုင်ငံတစ်နိုင်ငံလုံးကို ကျွေးမွေးနိုင်တယ်။ ကောင်းကင် အင်ပါယာတော်ဝင်မိသားစုက ဒီလောက်ကောင်းတဲ့ နေရာမျိုးကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်ပါ့မလဲ’
သူ တိတ်တဆိတ် တွေးတောပြီးနောက် ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ကာ ရှီလိုင်ခဲ့ မြို့တော်ဆီသို့ လျှောက်သွားခဲ့သည်။
သူ စားသုံးထားသော ဆောင်းဦးရာသီ ရေကဲ့သို့ ကြည်လင်သော အမြင်အာရုံကို ပေးစွမ်းသည့် ဆေးပင်ကြောင့် သူ၏ အမြင်မှာ အလွန် ထက်မြက်လှပြီး လမ်းမကြီး၏ အဆုံးတွင် ခမ်းနားကြီးကျယ်သော အနက်ရောင် မြို့တော်တစ်ခုကို လှမ်းမြင်နေရပြီ ဖြစ်သည်။
ရှီလိုင်ခဲ့ မြို့တော်။
မကြာမီ လုချန် ရှီလိုင်ခဲ့ မြို့တော်သို့ ရောက်လာခဲ့သည်။ ပါလတ် ဘုရင့်နိုင်ငံရှိ အဓိက မြို့ကြီး နှစ်မြို့ထဲမှ တစ်မြို့ ဖြစ်သည့်အတွက် ရှီလိုင်ခဲ့ မြို့တော်၏ စည်ကားသိုက်မြိုက်မှုမှာ ပြောစရာ မလိုချေ။
သို့သော် လုချန်သည် ကောင်းကင် အင်ပါယာ မြို့တော်သို့ ရောက်ဖူးပြီးဖြစ်ရာ ရှီလိုင်ခဲ့ မြို့တော်၏ စည်ကားမှုကို မအံ့သြမိတော့ပေ။
သူသည် ရှီလိုင်ခဲ့မြို့တော်သို့ ရောက်သောအခါ အသင့်အတင့် ရှိသော နေဖာတစ်ခုတွင် တစ်လစာ အခန်းငှားကာ လခကို ကြိုတင် ပေးချေလိုက်၏။
ဤသို့ဖြင့် သူသည် ရှီလိုင်ခဲ့ မြို့တော်တွင် နေထိုင်ရန် နေရာ ရရှိသွားခဲ့သည်။
ထို့နောက် သူသည် လမ်းမပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်ကာ သရေစာနှင့် လက်ဖက်ရည် တစ်အိုးမှာယူပြီး ထန်စန်းကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောရင်း အေးအေးလူလူ စားသောက်နေခဲ့သည်။
ထိုစဉ် လုချန်သည် ခေါင်းကို လှည့်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တချို့ကို မြင်လိုက်ရလေသည်။
လုချန် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်မိ၏။ သူသည် ပြတင်းပေါက်ဆီသို့ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ရှောင်ဝူ... မတွေ့တာ ကြာပြီနော်”
ထိုအသံကို ကြားသောအခါ လမ်းပေါ်တွင် လျှောက်လာကြသော လူခုနစ်ဦးမှာ ရုတ်တရက် ရပ်တန့်သွားကြလေသည်။
လူခုနစ်ဦးထဲတွင် ကင်းမြီးကောက်ဆံပင်ပုံစံနှင့် နူးညံ့သိမ်မွေ့သော မျက်နှာပိုင်ရှင် ကလေးမလေး တစ်ဦးသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ အကြည့်များသည် ပြတင်းပေါက်မှတစ်ဆင့် လုချန် ၏ အကြည့်နှင့် ဆုံသွားခဲ့သည်။ သူမ၏ အမူအရာမှာ အံ့သြမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ခေါင်းဆောင် လုချန်... တကယ်ပဲ ရှင်လား။ ဒီနေရာမှာ ရှင်နဲ့ ဆုံလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး”
ဤကလေးမလေးမှာ ရှောင်ဝူပင်။
လုချန်ကို မြင်လိုက်ရသောအခါ ရှောင်ဝူမှာ ပျော်လွန်းသဖြင့် သူမ၏ အပေါင်းအပါများကိုပင် မေ့လျော့ကာ လက်ဖက်ရည်ဆိုင်ဆီသို့ ပြေးလာခဲ့သည်။
ရှောင်ဝူ၏ ဘေးတွင် ရပ်နေသော ထန်စန်း၏ မျက်နှာမှာ အလွန် ဆိုးရွားနေလေသည်။ သူ၏ လက်သီးများကို တင်းတင်း ဆုပ်ထားပြီး လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသော လုချန်ကို စူးစိုက် ကြည့်နေခဲ့သည်။
သူ၏ ရင်ထဲတွင် ဒေါသများဖြင့် ဆူပွက်နေ၏။
‘လုချန်... မင်း ဘာလို့ အသက်ရှင်နေသေးတာလဲ။ ဘာလို့ ပြန်လာရတာလဲ’
‘ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှောင်ဝူရဲ့ ပျော်ရွှင်မှုက ငါ့ရဲ့ ပျော်ရွှင်မှု၊ သူမရဲ့ ဝမ်းနည်းမှုက ငါ့ရဲ့ ဝမ်းနည်းမှု ဖြစ်ခဲ့ရတယ်။ ငါ သူမကို ပျော်အောင် ထားဖို့ ကြိုးစားခဲ့ပြီး အခုမှ သူမက ငါ့ကို လက်ခံဖို့ ဆန္ဒရှိလာခါစ ရှိသေးတယ်’
‘အခု မင်း ပြန်ရောက်လာတာနဲ့ သူမက ဘာမှ မတွေးဘဲ မင်းဆီ ပြေးသွားတယ်ပေါ့... အား... တကယ်ပဲ စိတ်ပျက်စရာကောင်းလိုက်တာ’
အုပ်စုထဲတွင် ရွှေရောင်ဆံပင်များ လွင့်ပျံနေပြီး မျက်လုံးနှစ်ဖက် အရောင်မတူသော အရပ်ရှည်ပြီး သန်မာသည့် လူငယ်တစ်ယောက်က ထန်စန်၏ ထူးခြားသော အမူအရာကို သတိပြုမိပြီး အသံနှိမ့်ကာ မေးလိုက်၏။
“ထန်စန်း... အဲဒီကောင်က ဘယ်သူလဲ။ သူက ရှောင်ဝူ ကို သိနေတာပဲ... ရှောင်ဝူလည်း သူ့ကို မြင်တော့ အရမ်း ပျော်နေပုံပဲ”
ထန်စန်းသည်လည်း လိမ္မာပါးနပ်သူပင်။ သူသည် ဒေါသများကို ထိန်းချုပ်ကာ ချက်ချင်း ပေါက်ကွဲမထွက်စေဘဲ တည်ငြိမ်စွာ ရှင်းပြလိုက်၏။
“သူ့နာမည်က လုချန်။ နော့တင်း အကယ်ဒမီတုန်းက ကျွန်တော့် အတန်းဖော်၊ ရှောင်ဝူရဲ့ အတန်းဖော်ပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ဝိညာဉ်သားရဲကို အမဲလိုက်ဖို့ ထွက်သွားပြီးနောက် ပျောက်သွားတာ။ ဒီနေ့ ဒီနေရာမှာ သူ့ကို တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
မျက်နှာထား ဆိုးဝါးသော လူငယ်က ရုတ်တရက် သဘောပေါက်သွားပြီး စဉ်းစားစရာ အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
မိန်းကလေးများနှင့် ပတ်သက်၍ အတွေ့အကြုံများသော သူသည် လုချန်၊ ရှောင်ဝူ နှင့် ထန်စန်းတို့ကြားတွင် တစ်ခုခုတော့ လွဲမှားနေပြီး ထူးခြားသော ဆက်ဆံရေး ရှိနေကြောင်း ချက်ချင်း သိလိုက်၏။ သူသည် အများအားဖြင့် ဒီလို ပဋိပက္ခမျိုးတွေကို ကြည့်ရတာ ကြိုက်သူပင်။
သို့သော် အခုတော့ ထန်စန်းက သူ အလေးထားရမည့် ညီအစ်ကို ဖြစ်သည်။ အကယ်၍ သူ့ညီအစ်ကိုက အမျိုးသမီး တစ်ယောက်အတွက် အခြားသူ တစ်ယောက်နှင့် တိုက်ခိုက်နေရလျှင် သူက သူ့ညီအစ်ကို ဘက်ကပဲ ပါပေမည်။
ထို လူငယ်က ရှေ့ဆုံးမှ လမ်းပြနေသော အလယ်အလတ် အရွယ် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး... ထန်စန်း နဲ့ ရှောင်ဝူတို့ ပြန်ဆုံတွေ့တဲ့အခါ သူတို့ အတန်းဖော်ဟောင်းတွေနဲ့ စကားပြောဖို့ အချိန်လိုဦးမှာပါ။ အခုမှ ရှီလိုင်ခဲ့ ပြိုင်ပွဲကွင်းကို သွားရင် ထန်စန်း နဲ့ ရှောင်ဝူတို့ ကျန်ခဲ့လိမ့်မယ်”
“ကျွန်တော်တို့ ဒီ လက်ဖက်ရည်ဆိုင်မှာ ခဏ နားပြီး စကားပြောလို့ ပြီးမှ ရှီလိုင်ခဲ့ ပြိုင်ပွဲကွင်းကို အတူတူ သွားကြရအောင်”
ကျောင်းအုပ်ကြီးဟု ခေါ်ဆိုသော လူမှာ အသက် ၅၀ ဝန်းကျင် ဖြစ်ပုံရသည်။ သူသည် ကြွက်သားများ ထွားကျိုင်းပြီး ထူးခြားသော မျက်နှာပိုင်ရှင် ဖြစ်ခေသည်။ မေးစေ့က ရှေ့သို့ ထွက်နေပြီး မျက်နှာမှာ ပြားနေကာ နှာခေါင်းမှာ ချိတ်ကဲ့သို့ ကောက်နေခဲ့သည်။
သူသည် အနက်ရောင် ဘောင်ခတ်ထားသော မျက်မှန်ကို တပ်ဆင်ထားသဖြင့် ကြည့်ရတာ ထူးဆန်းနေပြီး လိမ္မာပါးနပ်၍ သစ္စာမဲ့မည့်သူ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေခဲ့သည်။
ကျောင်းအုပ်ကြီးက ဂရုမစိုက်သည့် အသံဖြင့် ပြောလိုက်၏။
“မင်းတို့ လက်ဖက်ရည်ဖိုးကို မင်းတို့ပဲ ရှင်းရမယ်နော်”
သူ၏ စေးနဲသော သဘာဝမှာ ဤစကား တစ်ခွန်းဖြင့် အထင်အရှား ပေါ်လွင်နေလေသည်။
ကျောင်းအုပ်ကြီး၏ ခွင့်ပြုချက် ရပြီးနောက် လူငယ်က လက်ဝှေ့ယမ်းကာ လူတိုင်းကို လက်ဖက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
တစ်ဖက်တွင် ရှေ့က ပြေးလာသော ရှောင်ဝူသည် လက်ဖက်ရည်ဆိုင်ထဲသို့ ရောက်ရှိနေပြီး လုချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။
ရှောင်ဝူသည် လုချန်ကို အပေါ်အောက် ကြည့်လိုက်သည်။ သူ၏ အရပ်ရှည်ပြီး သန်မာသော ခန္ဓာကိုယ်ကို မြင်လိုက်ရသဖြင့် သူသည် ပိုမို ချောမောခန့်ညားနေသကဲ့သို့ ခံစားရကာ သူမ၏ မျက်လုံးများမှာ လေးစားမှုများဖြင့် တောက်ပလာပြီး စိတ်ဝင်တစား မေးလိုက်၏။
“ခေါင်းဆောင်လုချန်... ဒီ နှစ်တွေအတွင်းမှာ ရှင်ဘယ်တွေ ရောက်နေတာလဲ။ ဝိညာဉ်သားရဲကို အမဲလိုက်တာက သုံးနှစ်တောပ မကြာလောက်ဘူးလေ”
“ကျွန်မ နော့တင်းအကယ်ဒမီမှာ ရှင့်ကို သုံးနှစ်တောင် စောင့်ခဲ့တာ.. ဒါပေမဲ့ ရှင်က ပြန်မလာခဲ့ဘူး”
“ကျွန်မ နော့တင်း အကယ်ဒမီကနေ ဘွဲ့ရသွားပြီ... ဒီနေရာမှာ ရှင်နဲ့ ဆုံလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
“ထန်စန်း နဲ့ ကျွန်မက သူ့ဆရာ အကြံပေးတဲ့အတိုင်း ဒီ ရှီလိုင်ခဲ့အကယ်ဒမီကို တက်ဖို့ ရောက်လာတာ။ ခေါင်းဆောင်လုချန်... ရှင်ရော ပညာသင်ဖို့ ရောက်လာတာလား”
ရှောင်ဝူ၏ မေးခွန်းများကို ကြားသောအခါ လုချန် သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး အနည်းငယ် ပြုံး၍ ပြောလိုက်၏။
“ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါ အပြင်မှာပဲ လေ့ကျင့်နေခဲ့တာ။ ဝိညာဉ်သားရဲတွေကို အမဲလိုက်ပြီး ကိုယ့်ကိုကိုယ် ကျင့်ကြံနေတာပေါ့။ နော့တင်း အကယ်ဒမီက သင်ပေးတဲ့ အရာတွေက အရမ်း အခြေခံကျလွန်းလို့ သုံးနှစ်အတွင်းမှာပဲ အကုန် သင်ပြီးသွားပြီ”
“ငါ နော့တင်း အကယ်ဒမီမှာ ဆက်နေနေရင် ဘာမှ ထပ်သင်စရာ မရှိတော့ဘူးလေ... ဒါကြောင့် ကိုယ့်ဘာသာအပြင်မှာပဲ အတွေ့အကြုံ ရှာတာ ပိုကောင်းပါတယ်”
“ရှောင်ဝူ... မင်းရဲ့ သူငယ်ချင်းတွေ ရောက်လာပြီပဲ။ သူတို့ကို မိတ်ဆက်မပေးဘူးလား”
ရှောင်ဝူသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ အပေါင်းအပါများ လက်ဖက်ရည်ဆိုင်ထဲသို့ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် မိတ်ဆက်ပေးလိုက်၏။
“ခေါင်းဆောင်လုချန်... မိတ်ဆက်ပေးပါရစေ”
“မျက်မှန်တပ်ထားတဲ့ အလယ်အလတ် အရွယ် အမျိုးသားက ကျွန်မတို့ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးပဲ... သူ့နာမည်က ဖလန်ဒါ”
“ဒါနဲ့... ကျွန်မ တိုးတိုးလေး ပြောပြမယ်... ကျောင်းအုပ်ကြီး ဖလန်ဒါက အရမ်း စီးပွားရေး တွက်ကပ်တဲ့သူမို့လို့ သူ့ဆီက ဘာမှ မဝယ်မိဖို့ သတိထားဦး”
ယင်းကို ကြားသောအခါ ဖလန်ဒါ၏ မျက်နှာမှာ ညိုမည်းသွားခဲ့ရသည်။
သူသည် ကြောင်သိမ်းငှက် သိုင်းဝိညာဉ် ပိုင်ဆိုင်သူ ဖြစ်သည့်အတွက် အကြားအာရုံ ထက်မြက်လေသည်။ ရှောင်ဝူက အသံကို တိုးတိုး ပြောသော်လည်း သူက ရှင်းလင်းစွာ ကြားလိုက်ရ၏။
မိမိ၏ ကျောင်းသားက အပြင်လူရှေ့တွင် သူ့ကို စီးပွားရေးတွက်ကပ်သူဟု ခေါ်လိုက်သဖြင့် ဖလန်ဒါ အလွန် စိတ်ထိခိုက်သွားရသည်။
လိမ်ညာမှုက မနာကျင်ပေမယ့် အမှန်တရားကတော့ အချွန်ဆုံး ဓားတစ်လက်ပင်။
ဖလန်ဒါသည် စီးပွားရေး တွက်ကပ်သူ ဖြစ်သည်မှာ အမှန်ပင် ဖြစ်သဖြင့် သူ စိတ်မကောင်း ဖြစ်မိသည်။
ရှောင်ဝူ ဆက်လက် မိတ်ဆက်ပေးလိုက်သည်။
“အဲဒီ ရွှေရောင်ဆံပင်နဲ့ မျက်လုံးအရောင် နှစ်မျိုး ဖြစ်နေတဲ့ လူငယ်က တိုက်မုပိုင်။ သူ့ သိုင်းဝိညာဉ်က အဖြူရောင် ကျား၊ ဝိညာဉ်စွမ်းအားက အဆင့် ၃၇ တောင် ရှိတယ်။ သူက ရန်မစရဲလောက်အောင်ပဲ။ ခေါင်းဆောင် လုချန်... ရှင်လည်း သတိထားဦး”
“မိန်းကလေးလို လှပတဲ့ မျက်လုံးပိုင်ရှင် လူငယ်က အော်စကာ။ သူ့ သိုင်းဝိညာဉ်က ဝက်အူချောင်း.. ကျွန်မတို့အားလုံးက သူ့ကို ဝက်အူချောင်း ဦးလေးလို့ ခေါ်တယ်”
“သူက အစားအစာ စနစ် သိုင်းဝိညာဉ် ပိုင်ဆိုင်ထားပေမဲ့ သူ့ ဝိညာဉ် စာလုံးကို ကြားလိုက်တာနဲ့ ဘယ်သူမှ သူ့ ဝက်အူချောင်းကို စားချင်မှာ မဟုတ်ဘူး”
“ထန်စန်းကိုတော့ ရှင် သိပြီးသားဆိုတော့ မိတ်ဆက်စရာ မလိုတော့ဘူး”
“ဝဝကစ်ကစ် လူငယ်ကတော့ မာဟုန်ကျွင်း... သူ့ ဝိညာဉ်က မကောင်းဆိုးဝါး မီးဖီးနစ်ပဲ။ သူ့ရဲ့ မီးက အရမ်း အစွမ်းထက်ပြီး အပူချိန် အရမ်းမြင့်သလို ကပ်ညှိနိုင်စွမ်းလည်း ရှိတယ်”
“နောက်ဆုံး မိန်းကလေးကတော့ ကျူးကျူးချင်း... သူမ သိုင်းဝိညာဉ်က ငရဲကြောင်မျိုးနွယ်ပဲ။ လျင်မြန်စွာ တိုက်ခိုက်တဲ့ ဝိညာဉ်သခင်အဖြစ် သူမရဲ့ အရှိန်က အံ့မခန်းပဲ”
သူမ၏ သူငယ်ချင်းများကို မိတ်ဆက်ပြီးနောက် ရှောင်ဝူသည် လုချန်ကို သူတို့အား မိတ်ဆက်ပေးလိုက်၏။
“ဒီတစ်ယောက်က လုချန်ပါ.. ငွေပြာမြက်ပင် သနုင်းဝိညာဉ် ပိုင်ဆိုင်သူပါ။ ထန်စန်း... လုချန် နဲ့ ငါ တို့အားလုံး နော့တင်း အကယ်ဒမီကနေ ဘွဲ့ရခဲ့ကြတာ။ ကျောင်းတုန်းက အခန်းဖော်တွေ ဖြစ်ပြီး သူက အခန်းခေါင်းဆောင်ပေါ့”