အခန်း (၁၀) လူပြက်၊ ဒုတိယအကြိမ် ရိုက်ချက်
အခန်း ၇။
ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်သက်သွားကြ၏။
ရှောင်ဝူ သူမက ဝိညာဉ်ကွင်းတစ်ခု ဝိညာဉ်သခင်တစ်ဦးဖြစ်ပြီး နှစ်တစ်ရာ ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားသော ဝိညာဉ်သခင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်ကတည်းက ထန်စန်းဖြစ်စေ ဝမ်ရှန်းဖြစ်စေ သူတို့အားလုံးက ရှောင်ဝူသည် လုချန်ကို သေချာပေါက် အနိုင်ယူပြီး နောက်ဆုံးအနိုင်ရရှိသွားမည်ဟု ယူဆခဲ့ကြသည်။
သို့သော် ကိုယ်ခံပညာဝိညာဉ် ဝင်ရောက်ပြီးနောက် ပထမ ဝိညာဉ်စွမ်းရည်ကိုပါ အသုံးပြုထားသော ရှောင်ဝူကို ဝိညာဉ်ပင် မထုတ်ရသေးသော လုချန်က သူ၏ ခွန်အားသက်သက်ဖြင့် လေထဲသို့ မြှောက်တင်ကာ လွှဲရမ်းနိုင်လိမ့်မည်ဟု မည်သူ တွေးမိမည်နည်း။
မြင်တွေ့ခဲ့ရသူတိုင်းက ယုံကြည်နိုင်စရာမရှိဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း ၎င်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။
ဝမ်ရှန်းကဲ့သို့သော သူများသည် ယခုအခါ လုချန်ကို အားကျလေးစားသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
ဝိညာဉ်ကွင်းတစ်ခု ဝိညာဉ်သခင်ကို လက်ဗလာဖြင့် အနိုင်ယူလိုက်ခြင်း။
သူတို့၏ နှလုံးသားထဲတွင် လုချန်၏ အဆင့်အတန်းသည် ဒဏ္ဍာရီတစ်ခုအဆင့်သို့ ရောက်ရှိသွားလေပြီ။
ထန်စန်းမှာမူ လုချန်၏ အနိုင်ကျင့်ခြင်းကို ခံနေရသော ရှောင်ဝူကို ကြည့်ရင်း အလွန် ဒေါသထွက်နေပြီး စောစောက သူ လူပြက်တစ်ယောက် ဖြစ်ခဲ့ရသည့် အတွေ့အကြုံကိုပင် မေ့သွားခဲ့သည်။
သူက တုံ့ဆိုင်းမှုမရှိဘဲ နောက်တစ်ကြိမ် ထပ်မံ၍ ရှေ့သို့ ထွက်လာခဲ့ပြီး သူ၏ တစ်ကိုယ်လုံးတွင် ဖြောင့်မတ်မှန်ကန်သော ဒေါသများ ဖုံးလွှမ်းနေခဲ့သည်။ သူက အင်္ကျီလက်အောက်ရှိ လျှို့ဝှက်မြားတိုကို တိတ်တဆိတ် တပ်ဆင်လိုက်ပြီး လုချန်ကို ပြင်းထန်စွာ ဆူပူလိုက်လေသည်။
“လုချန်... ရှောင်ဝူကို အောက်ချပေးလိုက်။ မင်းက အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ လူယုတ်မာပဲ။ မင်းကို ငါ တိုက်ခိုက်မယ်”
ဤစကားကို ကြားသောအခါ လုချန်၏ မျက်လုံးများ အရောင်လဲ့သွားရသည်။ သူက ရှောင်ဝူကို အဝေးသို့ ပစ်ပေါက်လိုက်ပြီး ထန်စန်းကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်ကာ ပြောလိုက်၏။
“ကောင်းပြီလေ... မင်း အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မင်း လွတ်လမ်းမရှိတော့ပါဘူး”
လုချန်၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရသော ရှောင်ဝူသည် မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်ကွင်းတစ်ခု ဝိညာဉ်သခင် ဖြစ်သည်။ သူမက ဟန်ချက်ထိန်းရန် ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး အနည်းငယ် ယိမ်းယိုင်ကာ တည်ငြိမ်စွာ ကျနိုင်ခဲ့သည်။
သူမ၏ ခြေလှမ်းများက အနည်းငယ် ယိုင်နဲ့နေသော်လည်း မြေပြင်ပေါ်သို့ လဲမကျသွားခဲ့ပေ။
ယင်းကိုမြင်သောအခါ ထန်စန်းက စိုးရိမ်ပူပန်သော မျက်နှာဖြင့် လျှောက်သွားပြီး နှလုံးသားကို နွေးထွေးစေသည်ဟု သူ ထင်မှတ်ထားသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ဆင်မြန်းကာ ရှောင်ဝူကို ထူပေးရန် လက်လှမ်းပေးရင်း နှစ်သိမ့်လိုက်၏။
“ရှောင်ဝူ... မင်း အဆင်ပြေရဲ့လား။ အဲ့ဒီ လုချန်က သိပ်ဆိုးတာပဲ.... လူသစ်တွေကိုပဲ အနိုင်ကျင့်တယ်။ မင်းအတွက် ငါ သေချာပေါက် ကူညီပေးပြီး သူ့ကို အနိုင်ယူပေးမယ်”
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရှောင်ဝူက ထန်စန်း၏ လှမ်းပေးလာသော လက်ကို သနားညှာတာမှု ကင်းမဲ့စွာ ပုတ်ချလိုက်လေသည်။ သူမ၏ မျက်လုံးများနှင့် မျက်နှာအမူအရာတို့တွင် ထန်စန်းကို ရွံရှာမှုများ ပြည့်နှက်နေပြီး အလွန် ပြတ်သားစွာ ပြောလိုက်၏။
“ငါ့ရှေ့ကနေ ဖယ်စမ်း”
“သူနဲ့ ငါနဲ့ တိုက်ခိုက်နေတာကို မင်း မမြင်ဘူးလား။ ဒီနေရာမှာ ဘာလာလုပ်နေတာလဲ... အရူးလိုပဲ”
“ငါ့ကို လာမရှုပ်ဘဲ နေပေးလို့ ရမလား”
ဤစကားကို ကြားသောအခါ ထန်စန်းမှာ အေးခဲသွားပုံရပြီး သူ၏ နွေးထွေးသော အပြုံးမှာ မျက်နှာပေါ်တွင် တောင့်တင်းသွားကာ ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေလေသည်။
ထန်စန်း နောက်တစ်ကြိမ် လူပြက်ဖြစ်သွားရပြန်ပြီး သူ၏ နှလုံးသား ကျိုးပဲ့သွားသံကိုပင် သူ ကြားနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
နောက်ဆုံးတော့လည်း မီးပွင့်သွားသလို ခံစားလိုက်ရပြီး သူက အလွန် ဆိုးရွားစွာ အရှုံးပေါ်သွားခဲ့သည်။
နောက်ခံတေးဂီတသာ ပါလာမည်ဆိုပါက သူ၏ ဗလာဖြစ်နေသော မျက်နှာအမူအရာက လူတိုင်းကို ရယ်မောပျော်ရွှင်စေမည့် အမှတ်ရစရာ မြင်ကွင်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ထိုအချိန်တွင် ဖားယားတတ်သော ထန်စန်းကို ဖြေရှင်းပြီးနောက် ရှောင်ဝူသည် လုချန်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာများအတွက် စိတ်အနှောင့်အယှက် ဖြစ်မနေဘဲ သူမက တောက်ပသော မျက်လုံးများဖြင့် မေးလိုက်၏။
“လုချန်... ရှင့်ရဲ့ ဝိညာဉ်က တကယ်ပဲ ငွေပြာမြက်လား။ ဘာလို့လဲဆိုတော့ ရှင်က လူသားပုံစံ ဝိညာဉ်သားရဲနဲ့တောင် တူနေလို့... ဒါမှမဟုတ် သားရဲကနေ လူသားအဖြစ် အသွင်ပြောင်းလာတာမျိုးပေါ့။ အဲ့လိုမှမဟုတ်ရင် ဝိညာဉ်တောင် မရှိဘဲနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးကို ရှင် ဘယ်လိုလုပ် ရနိုင်မှာလဲ”
ရှောင်ဝူက ကြီးမားသော စူးစမ်းလိုစိတ်ဖြင့် လုချန်ကို ကြည့်နေပြီး သူမ၏ မျက်လုံးများက တောက်ပနေခဲ့သည်။ သူမက လုချန်ကို သူတို့နှင့် အမျိုးတူအဖြစ် မှတ်ယူထားပြီး လုချန်ကလည်း သားရဲမှ လူသားအဖြစ် အသွင်ပြောင်းလာသူ၊ နွားတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားသော သားရဲမှ လူသားအဖြစ် အသွင်ပြောင်းလာသူ ဖြစ်မည်ဟု တွေးထင်နေခဲ့လေသည်။
မဟုတ်ပါက သေးငယ်သော လူသားတစ်ယောက်က ဤမျှ ကြောက်စရာကောင်းသော ခွန်အားကို မည်သို့ ထုတ်လွှတ်နိုင်မည်နည်း။
လုချန်က ရှောင်ဝူကို ချက်ချင်း အဖြေမပေးပေ။ ရှောင်ဝူ၏ လုံးဝ ငြင်းပယ်ခြင်းကို ခံလိုက်ရသော မလှမ်းမကမ်းတွင် ရပ်နေသည့် ထန်စန်းကို ကြည့်ကာ သက်ပြင်းချလိုက်၏။ ထန်စန်းကို ထိုးကြိတ်ချင်သော သူ၏ ဆန္ဒမှာ နောက်တစ်ကြိမ် ထပ်မံ ကျရှုံးသွားပြန်ပြီဖြစ်သည်။
အလွန် စိတ်ပျက်စွာဖြင့် လုချန်က ရှောင်ဝူဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှောင်ဝူ၏ မေးခွန်းအရ ရှောင်ဝူက သူ့ကို အမျိုးတူတစ်ဦးအဖြစ် မှတ်ယူထားကြောင်း သူ နားလည်လိုက်သော်လည်း သူသည် ရှောင်ဝူ၏ အမျိုးတူ အမှန်တကယ် မဟုတ်ပေ။
လုချန်က ရှင်းပြလိုက်၏။
“ငါ့ရဲ့ ဝိညာဉ်က တကယ်ပဲ ငွေပြာမြက်ပါ။ မွေးရာပါ သဘာဝလွန် ခွန်အား ပါလာလို့သာ ခွန်အားကြီးနေတာပါ။ အဲ့ဒါက ငါ့ရဲ့ ပါရမီတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဝိညာဉ်စွမ်းအားကလည်း မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ဖြစ်နေတော့ နည်းနည်း ထူးခြားနေတာက ပုံမှန်ပါပဲ”
ရှောင်ဝူ၏ မျက်နှာပေါ်တွင် “ငါ နားလည်ပြီ” ဟူသော အမူအရာ ပေါ်လာခဲ့သည်။ ဤလူသားအဖွဲ့အစည်းတွင် သူတို့၏ သားရဲမှ လူအသွင်ပြောင်းလာမှုကို သေချာပေါက် ဖော်ထုတ်ပြသ၍ မဖြစ်ပေ။
ရှောင်ဝူက ဝင်ရောက်ထားသော ဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လုချန်ကို အနိုင်မယူနိုင်သောကြောင့် သူမက အရှုံးကို လက်ခံလိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။
“ငါ အရှုံးပေးပါတယ် ခေါင်းဆောင် လုချန်”
ရှောင်ဝူ စကားပြောပြီးနောက် ဝမ်ရှန်းနှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ ခါးထောက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါ ခေါင်းဆောင် လုချန်ကို အနိုင်မယူနိုင်ပေမယ့် မင်းတို့ကိုတော့ သေချာပေါက် အနိုင်ယူနိုင်တယ်။ အခုကစပြီး လုချန်က အခန်း ၇ ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ငါက အခန်း ၇ ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်မယ်။ မင်းတို့အားလုံး ငါ့ကို အစ်မကြီး ရှောင်ဝူလို့ ခေါ်ရမယ်”
ဝမ်ရှန်းနှင့် သူ၏ အုပ်စုက သေချာပေါက် ကန့်ကွက်မည်မဟုတ်ပေ။
မွေးရာပါ သဘာဝလွန် ခွန်အားကို ပိုင်ဆိုင်ထားသော လုချန်က သူတို့၏ ခေါင်းဆောင်အဖြစ် ရှိနေပြီး နှစ်တစ်ရာ ဝိညာဉ်ကွင်းဆက်ကို ပိုင်ဆိုင်ထားသော ကွင်းဆက်တစ်ခု ဝိညာဉ်သခင် ရှောင်ဝူက ဒုတိယခေါင်းဆောင်အဖြစ် ရှိနေသောကြောင့် အလုပ်သင်ကျောင်းသားများက အနိုင်ကျင့်ခံရမည်ကို ဘာလို့ ကြောက်နေရဦးမည်နည်း။ အခုကစပြီး အကယ်ဒမီထဲမှာ သူတို့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပြီဖြစ်သည်။
ယင်းကို တွေးမိပြီးနောက် ဝမ်ရှန်းနှင့် အခြားသူများအားလုံး စိတ်လှုပ်ရှားမှုကို ပြသလိုက်ကြသည်။ သူတို့က ရင်ကော့ခေါင်းမော့ကာ ကျယ်လောင်ပြီး စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။
“အစ်မကြီး ရှောင်ဝူ”
ရှောင်ဝူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန့်နှံ့သွားခဲ့ရသည်။ ရှင်းတို မဟာတောအုပ်ကြီးထဲတွင် အစ်မကြီးဖြစ်ခဲ့ရသော ခံစားချက်အချို့ကို နောက်ဆုံးတွင် သူမ ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် အစိမ်းရောင်ရင့်ရင့် ဝတ်ရုံကို ဝတ်ဆင်ထားသော ဆရာတစ်ဦးက စောင်တစ်ထည်ကို ကိုင်ကာ အခန်း ၇ ထဲသို့ ဝင်လာခဲ့သည်။ သူက တိုးညင်းသော လေသံဖြင့် ပြောလိုက်၏။
“ထန်စန်း... ထန်စန်း ရှိလား”
တစ်စုံတစ်ယောက်က ခေါ်သံကို ကြားသောအခါ အချိန်အတော်ကြာအောင် ရပ်နေရာတွင် အေးခဲနေသော ထန်စန်းမှာ နောက်ဆုံးတွင် သက်ဝင်လှုပ်ရှားမှု အရိပ်အယောင်လေးတစ်ခု ပြန်လည်ရရှိလာသည်။ သူက လှည့်ကြည့်လိုက်ပြီး အလွန် ဩရှရှ အသံဖြင့် ပြောလိုက်၏။
“ဆရာ... ကျွန်တော် ဒီမှာပါ။ ဘာကိစ္စရှိလို့လဲ ခင်ဗျာ”
တုံ့ပြန်သံကို ကြားသောအခါ ဆရာက ထန်စန်းရှိရာသို့ ကြည့်လိုက်ပြီး လျှောက်သွားကာ အိပ်ရာခင်းကို သူ့ထံ ကမ်းပေးရင်း ရှင်းပြလိုက်လေသည်။
“ထန်စန်း... ဒါက မင်းရဲ့ဆရာ သခင်ကြီးယွီက မင်းဆီ ယူလာပေးဖို့ ငါ့ကို ခိုင်းလိုက်တဲ့ အိပ်ရာခင်းပဲ”
“ငါက ကျောင်းသားတွေရဲ့ နေထိုင်မှုဘဝကို တာဝန်ယူရတဲ့ ဆရာပါ။ နေ့စဉ်ဘဝမှာ ပြဿနာ တစ်ခုခုရှိရင် ငါ့ဆီ လာခဲ့လို့ရပါတယ်”
“ဒီနေ့ ရောက်လာတဲ့ အလုပ်သင်ကျောင်းသား သုံးယောက်က ထန်စန်း၊ ရှောင်ဝူနဲ့ လုချန်တို့ပဲ။ အလုပ်သင်ကျောင်းသားတွေက အကယ်ဒမီရဲ့ အစိတ်အပိုင်းတစ်ခုကို သန့်ရှင်းရေး လုပ်ပေးရမယ်။ မင်းတို့တွေက အကယ်ဒမီ ဥယျာဉ်ကို သန့်ရှင်းရေး လုပ်ဖို့ တာဝန်ယူရမယ်။ တစ်ရက်ကို ကြေးပြား ဆယ်ပြားရမယ်။ အဲ့ဒါက အကယ်ဒမီမှာ မင်းတို့ စားဖို့ သောက်ဖို့ လုံလောက်ပါတယ်”
သူ၏ တာဝန်များကို ပြီးစီးပြီးနောက် အစိမ်းရောင်ရင့်ရင့် ဝတ်ရုံနှင့် ဆရာသည် ဆက်မနေတော့ဘဲ လှည့်ကာ အခန်း ၇ ထဲမှ အလျင်အမြန် ထွက်သွားလေသည်။
နူးညံ့သော အိပ်ရာခင်းကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ထန်စန်းက အတင်းပြုံးလိုက်၏။ ဤအေးစက်သော အကယ်ဒမီ အိပ်ဆောင်တွင် သူ၏ဆရာ တစ်ယောက်တည်းကသာ သူ့ကို နှစ်သိမ့်မှု အနည်းငယ် ပေးစွမ်းနိုင်လေသည်။
ထန်စန်း သူ၏ အိပ်ရာခင်းကို ရရှိသွားသည်ကို ကြည့်ပြီးနောက် ရှောင်ဝူက အိပ်ဆောင်ထဲရှိ အခြားလူများကို ကြည့်လိုက်ရာ လူတိုင်းတွင် သူတို့ကိုယ်ပိုင် အိပ်ရာခင်းများ ရှိနေကြောင်း သိလိုက်ရသော်လည်း သူမကိုယ်တိုင် ဘာလုပ်ရမည်ကို မသိတော့ပေ။
သူမက တိုးတိုးလေး ပြောလိုက်သည်။
“အကယ်ဒမီက အိပ်ရာခင်း မပေးဘူးလား”
ထန်စန်းတွင် အလွန်ပါးနပ်သော နားရှိလေသည်။ ၎င်းမှာ လျှို့ဝှက်လက်နက်များဖြင့် အကြိမ်ရေ မရေမတွက်နိုင်အောင် လေ့ကျင့်ခြင်းမှတစ်ဆင့် သူ ဖွံ့ဖြိုးလာခဲ့သော အသံများ၏ တည်နေရာကို အတိအကျသိနိုင်သည့် စွမ်းရည်ဖြစ်သည်။
ရှောင်ဝူ၏ စကားကို ကြားသောအခါ ထန်စန်း၏ စိတ်က နောက်တစ်ကြိမ် အလုပ်လုပ်လာပြန်သည်။ ဤအချိန်တွင် သူသာ ရှောင်ဝူကို မျှဝေသုံးစွဲမည်ဆိုပါက ရှောင်ဝူကို ပျော်ရွှင်စေပြီး သူ့ကို ပြုံးပြလာအောင် လုပ်နိုင်မည်လား။
ထန်စန်း၏ ဖားယားတတ်သော စိတ်ဓာတ်က ပြန်လည် နိုးကြားလာခဲ့လေပြီ။
အခန်း ၁၀ပြီး