အခန်း (၉) - နိုးထခြင်း
“အင်း...”
မူအန်းသည်လည်း အနည်းငယ် အံ့ဩသွားရသည်။ စောစောက သူ အရိပ်အယောင်အချို့ကို သတိပြုမိခဲ့သည်ဆိုသော်လည်း... ထိုအရာဝတ္ထုကြီး၏ အတွင်းပိုင်းတွင် လူတစ်ယောက် ရှိနေလိမ့်မည်ဟုတော့ တကယ်ပင် ထင်မှတ်မထားခဲ့ပါ။
“သူမရဲ့ ခန္ဓာကိုယ်အခြေအနေက တစ်ခုခု မှားနေတယ်”
အကြီးအကဲကျွမ်း က ထူးခြားမှုကို ချက်ချင်းပင် အကဲခတ်မိသွားသည်။
ယွီဝူယီ့ရဲ့ ချောမောလှပသော မျက်နှာလေးနှင့် လက်ချောင်းလေးများပေါ်တွင် စိမ်းလင်းသော အက်ကြောင်းများ ပေါ်ပေါက်နေပြီး... ထိုအက်ကြောင်းများထဲမှနေ၍ တောက်ပသော အလင်းစက်လေးများက အပြင်သို့ တရိပ်ရိပ် လွင့်စင်ထွက်ပေါ်နေကြသည်။
ဤရောဂါလက္ခဏာက ဘာလဲဆိုတာကို သူ မသိသော်လည်း... သူမ၏ သက်စောင့်စွမ်းအားများ တဖြည်းည်းချင်း ဆုံးရှုံးပျက်စီးနေသည်ကိုမူ ကောင်းစွာ ခံစားသိရှိနေရသည်။
“မင်းမှာ ကုသမယ့် နည်းလမ်း ရှိလား”
အကြီးအကဲကျွမ်းက ခေါင်းကို ခါယမ်းလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“သူမရဲ့ ခန္ဓာကိုယ်ထဲကို သက်စောင့်စွမ်းအင်တွေ ဖြည့်တင်းပေးပြီး အသက်ကို ယာယီပဲ ဆွဲဆန့်ပေးထားလို့ ရမယ်။
သူမရဲ့ အခြေအနေက ရောဂါထက်... သဘာဝအလျောက် ပြိုကွဲပျက်စီးနေတဲ့ ဖြစ်စဉ်နဲ့ ပိုတူနေတယ်”
မူအန်းက သဘောပေါက်သွားပြီး... မိမိ၏ ဝိညာဉ်စွမ်းအားကို သုံး၍ ယွီဝူယီ့ခန္ဓာကိုယ်ကို အကြီးအကဲရွှမ်၏ ရင်ခွင်ထဲသို့ ရွှေ့ပြောင်းပေးလိုက်သည်။
အကြီးအကဲရွှမ်ကလည်း အလိုအလျောက် ပွေ့ချီလိုက်ရာ... နူးညံ့အိစက်လှသော ထိတွေ့မှုကြောင့် သူ့မှာ အိပ်မက်မက်နေသလိုမျိုး မရေမရာ ဖြစ်သွားရသည်။
စောစောကမှ သူ ဘယ်လိုနည်းလမ်းမျိုး သုံးသုံး လုံးဝ ထိတွေ့လို့မရခဲ့တဲ့ ဤလူငယ်လေးက... အခုတော့ သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေပြီ မဟုတ်ပါလား။
“အကြီးအကဲမူ... ဒါက အမှန်တကယ် ဘာစွမ်းအားကြီးလဲ”
“ငါ ထင်တာ မမှားဘူးဆိုရင်တော့... ရန်လိုတဲ့စိတ် ရှိနေတဲ့ ဘယ်သူမဆို ဒီကလေးကို ထိတွေ့နိုင်မှာ မဟုတ်ဘူး” မူအန်းက ရှင်းပြလိုက်သည်။
‘အော်... ဒါကြောင့်ကိုး' အကြီးအကဲရွှမ် ရုတ်တရက် သဘောပေါက်သွားသော်လည်း... ဒါက နောက်ထပ် မေးခွန်းတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။
“ဘယ်လို စွမ်းအားမျိုးက ဒီလိုအရာကို လုပ်ဆောင်နိုင်တာလဲ”
သူက အဆင့် ၉၈ ရှိတဲ့ သာလွန်သုန့်လော်တစ်ဦး ဖြစ်တာမို့ ဤကမ္ဘာမြေပေါ်တွင် ထိပ်သီးအဆင့် စွမ်းအားရှင် ဖြစ်နေပြီ ဖြစ်သော်လည်း...
ဤစွမ်းအားကို ဘာမှမတတ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူက မူအန်းကို လှမ်းကြည့်လိုက်မိသည်။ သာလွန်သုန့်လော်တစ်ယောက်ကို ဘာမှမတတ်နိုင်အောင် လုပ်နိုင်တာဆိုလို့... သူ့အထက်က ‘အဆုံးစွန်သုန့်လော်’ တွေပဲ ရှိတာ မဟုတ်ဘူးလား။
သို့သော် မူအန်းက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောဆိုလာသည်။
“ငါလည်း ဒီစွမ်းအားကို ဝေဝေဝါးဝါးပဲ အာရုံခံနိုင်တာ။ အဆုံးစွန်သုန့်လော်တစ်ယောက်တောင်မှ ဒီလိုအဆင့်မျိုးအထိ မလုပ်နိုင်ဘူး... အကယ်၍ တစ်ဖက်လူက ဟင်းလင်းပြင်စနစ် ဝိညာဉ်ကို ပိုင်ဆိုင်ထားရင်တော့ တစ်မျိုးပေါ့”
သို့သော်လည်း... သုန့်လော်တိုက်ကြီးတစ်ခုလုံးမှာ အဆုံးစွန်သုန့်လော် အရေအတွက်က လက်ချောင်းချိုးရေလို့ရပြီး.. သူတို့အားလုံးက အဆက်အသွယ် ရှိကြသော်လည်း... ဘယ်သူ့မှာမှ ဟင်းလင်းပြင်စနစ် ဝိညာဉ် မရှိကြပါ။
ဒါဆိုရင် လူမသိသူမသိတဲ့ ဟင်းလင်းပြင်စနစ် ဝိညာဉ်သခင်တစ်ယောက်က ဒီလူတွေအားလုံးကို ဖုန်းကွယ်ပြီး အဆုံးစွန်သုန့်လော်အဆင့်အထိ ကျင့်ကြံသွားနိုင်ခဲ့တာလား။
အဲဒါကို ယုံမယ့်အစား... ငါက ‘ချင်ရှီဟွမ်’ ပါလို့ ပြောတာကိုပဲ ယုံလိုက်ကြပါတော့။
“အခုအချိန်မှာ ဒါတွေကို လျှောက်တွေးနေတာက စိတ်ရှုပ်စရာတွေပဲ ပိုတိုးလာလိမ့်မယ် ဒီကလေး နိုးလာတဲ့အထိ စောင့်ပြီးမှပဲ... မိမိကိုယ်တိုင် သေချာ မေးမြန်းကြည့်ကြတာပေါ့”
“ပြီးတော့... ကျောင်းတော်က ကလေးတွေကိုလည်း သေချာ ရှင်းပြဖို့ လူတစ်ယောက် လွှတ်လိုက်ဦး… စောစောက မင်းတို့ ပေးလိုက်တဲ့ လှုပ်ရှားမှုကြီးကြောင့်... မသိတဲ့လူတွေဆိုရင် ပင်လယ်နတ်ဘုရားမျှော်စင်မှာ တိုက်ပွဲ ဖြစ်နေပြီလို့ ထင်ကုန်ကြဦးမယ်”
ဤစကားများကို ချန်ထားရစ်ခဲ့ပြီးနောက် မူအန်းသည် ပင်လယ်နတ်ဘုရားမျှော်စင်အတွင်းသို့ အေးအေးလူလူပင် ပြန်လည်ဝင်ရောက်သွားခဲ့သည်။
အကြီးအကဲရွှမ်သည်လည်း ရှားရှားပါးပါး ရှက်ကိုးရှက်ကန်း မျက်နှာအမူအရာ ဖြစ်သွားရသော်လည်း... ဒါကလည်း ကျောင်းတော်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်လေ။
“ကဲ... အခုက ငါ မေးခွန်းမေးရမယ့် အလှည့်လားဟင်”
ချန်တျိုတျိုက ယွီဝူယီ့ကို မျက်လုံးများ အရောင်တောက်လျက် စိုက်ကြည့်နေပြီး... ရတနာတစ်ပါးကို တွေ့ရှိလိုက်ရသလိုမျိုး ဖြစ်နေသည်။
“ဒါက ဘယ်လို နည်းပညာကြီးလဲ။ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်စက်မှုကိရိယာကြီးက ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတယ်လို့။ ဘယ်လိုလုပ်လိုက်တာလဲ”
သူ့၏ ပညာရပ်အပေါ် ဆာလောင်မွတ်သိပ်မှုက ပြင်းထန်လွန်းလှတာမို့... ဤနေရာမှာတင် သူမကို ခွဲစိတ်စစ်ဆေးပစ်ချင်စိတ် ပေါ်ပေါက်နေသည်။
ရှန်းလင်းအာကတော့ မည်သို့မျှ အားနာမနေဘဲ သူ့၏ နားရွက်ကို ဆွဲကာ နောက်သို့ ဆွဲခေါ်သွားတော့သည်။
“တော်စမ်းပါဦး... မင်းရဲ့ ရုပ်ကိုလည်း ပြန်ကြည့်ဦး.. အဲဒီလို နှာဘူးရုပ်ကြီးနဲ့ဆိုရင်... ဒီကလေးမလေးက နိုးနေရင်တောင် မင်းကိုမြင်ပြီး ပြန်မေ့လဲသွားလိမ့်မယ်”
“အား... အား... နာတယ်.. နာတယ်ညီမလေးရဲ့..ငါမှားပါပြီ… ဒါပေမဲ့ လင်းအာ... မင်းကော အဲဒီဝိညာဉ်စက်မှုကိရိယာအကြောင်းကို မသိချင်ဘူးလား”
“သူမက နတ်ဘုရားကိရိယာကိုပဲ ပိုင်ဆိုင်ထားပါစေဦးတော့... မင်းကတော့ လူလိုသူလို ပြောဆိုတတ်ဖို့ လိုအပ်သေးတယ်”
အကြီးအကဲရွှမ်ကတော့ ဤနှစ်ဦးကို ကောင်းစွာ ယဉ်ပါးနေပြီ ဖြစ်တာမို့... သက်ပြင်းတစ်ချက် ချလိုက်ရင်း ယွီဝူယီ့ကို ပွေ့ချီကာ ပင်လယ်နတ်ဘုရားမျှော်စင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
အကြီးအကဲကျွမ်းနှင့် စုန့်လောင် တို့ကလည်း နောက်ကနေ ကပ်လျက် လိုက်ပါလာကြသည်။
ထို့နောက်တွင်မူ... ကျောင်းတော်ဘက်ကနေ၍ ၎င်းအရာက သာမန် ပြင်ပလောကမှ ကျရောက်လာသည့် ဥက္ကာခဲတစ်ခုသာဖြစ်ပြီး.. စောစောက ပြင်းထန်လှသော လှုပ်ရှားမှုကြီးများက ကျောင်းတော်၏ အဆင့်မြင့်လူကြီးမင်းများက ထိုဥက္ကာခဲကို ကြားဖြတ်ဖျက်ဆီးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ရှင်းလင်းလိုက်သည်။
ဤရှင်းလင်းချက်က လူအများစုအတွက် လက်ခံနိုင်စရာ ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ကောင်းကင်ပေါ်ကနေ တစ်ခုခု ပြုတ်ကျလာတာကို မြင်တွေ့ခဲ့ရသူ အများအပြား ရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း ကျောင်းတော်၏ လူကြီးမင်းများက ဥက္ကာခဲကို ကြားဖြတ်တားဆီးဖို့ ပျက်ကွက်ခဲ့တာ ဖြစ်လိမ့်မည်.. မဟုတ်ပါက ပင်လယ်နတ်ဘုရားရေအိုင်ထဲတွင် ဤမျှကြီးမားသော ရေလှိုင်းကြီးများ ဘာကြောင့် ဖြစ်ပေါ်လာရမလဲဟူသော ကောလာဟလအချို့လည်း ထွက်ပေါ်နေခဲ့သည်။
အချိန်အတောအတွင်း... ရှီလိုင်ခဲ့အကယ်ဒမီဆီသို့ ကောင်းကင်ပြင်ပမှ ဥက္ကာခဲကျရောက်လာသည့် သတင်းက တရိပ်ရိပ် ကြီးထွားလာခဲ့ပြီး ရှီလိုင်ခဲ့မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ကာ... ဆက်လက်၍လည်း ကျယ်ပြန့်နေဆဲ ဖြစ်သည်။
သို့သော် အကြီးအကဲများကတော့ ၎င်းကို နားပိတ်ထားကြသည်။ ကောလာဟလဆိုတာ ရှင်းပြလေ ရှုပ်လေ ဖြစ်တာမို့... ကျောင်းတော်ကို တိုက်ရိုက်မထိခိုက်သရွေ့တော့ ဂရုစိုက်နေစရာ မလိုပါ။
ဤသို့ဖြင့်... အချိန်ရက်စွဲများက ကုန်လွန်သွားခဲ့ရာ တစ်လတာ အချိန်ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပင်လယ်နတ်ဘုရားရေအိုင်ကြီးကလည်း ယခင်ကဲ့သို့ အေးချမ်းသာယာလှသော ပုံစံအတိုင်း ပြန်လည်ဖြစ်ပေါ်နေခဲ့ပြီး... ကြည်လင်ပြာလွင်နေသော ရေမျက်နှာပြင်ပေါ်တွင် ဖြူလွင်သော တိမ်တိုက်ရိပ်များ ထင်ဟပ်နေသည်။
ပင်လယ်နတ်ဘုရားမျှော်စင်အတွင်းရှိ အခန်းတစ်ခုတွင်မူ... မီးခိုးရောင် ဆံပင်ပိုင်ရှင် မိန်းကလေးငယ်လေးသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲ ဖြစ်သည်။
သူမ၏ ရှည်လျားလှသော မျက်တောင်လေးများက အသာအယာ တုန်ခါသွားခဲ့ပြီးနောက်... မျက်ဝန်းများကို ဖြည်းည်းချင်း ဖွင့်ကြည့်လိုက်မိသည်။
စိမ်းသက်လှသော မျက်နှာကြက်ကြီး...
ယွီဝူယီက ကုတင်ပေါ်ကနေ ဖြည်းည်းချင်း ထထိုင်လိုက်မိပြီး... ဘေးပတ်ဝန်းကျင်ကို ဝေခွဲမရသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သူ့ခေါင်းက အနည်းငယ် မူးနောက်နေဆဲ ဖြစ်သည်။
‘ဟုတ်သားပဲ... ငါစောစောက အန်ထရိုပီ ဆုံးရှုံးမှုရောဂါ ထဖောက်လို့ သတိလစ်သွားတာပဲ'
[အိမ်ရှင်၏ သတိစိတ် ပြန်လည်နိုးထလာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့်... ဒဏ်ရာမရရှိနိုင်သည့် ထာဝရအကာအကွယ်စည်းကမ်း ပျယ်ပြယ်သွားခဲ့ပြီ ဖြစ်သည်။]
‘ဘာကြီးလဲကွာ...’
သူက မိမိ၏ လက်ဖဝါးလေးများကို ကြည့်လိုက်ရာ... ဖြူစင်လှသော အရေပြားပေါ်တွင် တောက်ပနေသော အက်ကြောင်းများက ထင်ရှားစွာ တည်ရှိနေဆဲ ဖြစ်သည်။
‘ရောဂါဝေဒနာတွေကိုပါ တစ်ပါတည်း ရရှိမယ်ဆိုတာ ကြိုသိရင်... ငါဒီလောက်အထိ အဆင်အခြင်မဲ့ လုပ်မှာ မဟုတ်ပါဘူး။ ဇာတ်ကောင် သရုပ်ဆောင်မှုနှုန်းကလည်း နည်းလွန်းလို့ ရောဂါခုခံနိုင်စွမ်းကပါ ကျဆင်းနေတာပဲ'
‘အခု သရုပ်ဆောင်တာကို ရပ်တန့်လိုက်တော့မယ်'
[အသိပေးချက် - အိမ်ရှင်သည် ဝူယီ အထွေထွေလုပ်ငန်းဆိုင်၏ အတွင်းပိုင်းတွင်သာ... သရုပ်ဆောင်မှု အခြေအနေမှ နှုတ်ထွက်ခွင့် ရှိသည်။]
[ထို့အတူ... ရည်မှန်းချက်ကို အောင်မြင်ပြီးမြောက်ပြီးနောက်.. ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်သို့ ပြန်လည်ရောက်ရှိမှသာ... လုပ်ငန်းအပ်နှံမှု ပြီးမြောက်သည်ဟု သတ်မှတ်မည် ဖြစ်သည်။]
...
သူ့၏ လက်သီးလေးက တင်းခနဲ ဖြစ်သွားရသည်။
“မင်း... က... ဘာ... လို့... ဒီ... အ... ကြောင်း... ကို... ကြို... မ... ပြော... တာ... လဲ...”
သူ့၏ မူးနောက်နေသော အသိစိတ်က ဒေါသကြောင့် ချက်ချင်းပင် ရှင်းလင်းသွားခဲ့ရပြီး... ဤနေရာမှာတင် စနစ်ကို လက်သီးနဲ့ နှစ်ချက်လောက် ထိုးပစ်ချင်စိတ် ပေါက်သွားရသည်။
[အိမ်ရှင်ဘက်က မမေးခဲ့လို့ပါ]
‘မင်း…’
“စိတ်မဆိုးပါနဲ့... စနစ်တစ်ခုကို စိတ်တိုမနေပါနဲ့.. မဟုတ်ရင် ငါကိုယ်တိုင်ပဲ ဒုက္ခရောက်မှာ”
သူက ကုတင်ပေါ်ကနေ ဆင်းလိုက်ရင်း... အားအင်ချည်းနဲ့နေသော ခန္ဓာကိုယ်ကို အတင်းအကျပ် တွန်းအားပေးကာ ပြတင်းပေါက်နားသို့ လျှောက်လှမ်းလာခဲ့သည်။
ကျယ်ပြောလှသော ရေကန်ကြီးက မျက်စိရှေ့တွင် ဆန့်တန်းနေပြီး အဝေးတွင် အဆောက်အအုံ အမြောက်အမြား ရှိနေသည်။
အောက်ဘက်တွင်မူ ရွှေရောင်သဲသောင်ပြင်နှင့် စုံတွဲလိုက် ပျံသန်းနေကြသည့် ဇင်ယော်ငှက်လေးများကို မြင်တွေ့ရသည်။
“ဒီကောင်စုတ် စနစ်... မင်း ငါ့ကို ဘယ်နေရာကို ခေါ်လာတာလဲ…ဒါက တျန်းဟုန်းအင်ပါယာရဲ့ အတွင်းပိုင်းမှာ ရှိနေတုန်းပဲလား”
သူက ရေကန်ကြီးကို အသေအချာ စိုက်ကြည့်လိုက်ရာ... စနစ်၏ အချက်အလက် စစ်ဆေးချက်က အဖြေကို ထုတ်ပေးလာသည်။
ပင်လယ်နတ်ဘုရားရေအိုင်…
အမလေး ဘုရား...
သူက ငါ့ကို ရှီလိုင်ခဲ့အကယ်ဒမီဆီကို တိုက်ရိုက် ခေါ်လာခဲ့တာပဲ။ ပြီးတော့ ငါထင်တာ မမှားဘူးဆိုရင်... အခု ငါရောက်နေတာက ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ အတွင်းပိုင်းပဲ ဖြစ်ရမယ်။
“သမီးလေး... မင်းရဲ့ ခန္ဓာကိုယ်က အခုထိ အရမ်းအားနည်းနေသေးတယ်.. ကုတင်ပေါ်မှာပဲ အနားယူဖို့ လိုအပ်တယ်နော်”
နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် ဆံပင်ဖြူအဘိုးအို အကြီးအကဲကျွမ်းက တံခါးကို အသာတွန်းဖွင့်ကာ ဝင်ရောက်လာခဲ့သည်။
သူက ယွီဝူယီ နိုးလာတာကို ကြိုတင်သိရှိနေပုံရသည်။
အမည်: ကျွမ်းယွီစန်း
အသက်: ၇၀ နှစ်
ကျင့်ကြံမှုအဆင့်: အဆင့် ၉၅
ဝိညာဉ်: သက်စောင့်သစ်ပင်
အဆင့်အတန်း: သက်စောင့်ဝိညာဉ်သုန့်လော်.. ရှီလိုင်ခဲ့အကယ်ဒမီ ပင်လယ်နတ်ဘုရားမျှော်စင်၏ အကြီးအကဲ။
စစချင်းမှာတင် သာလွန်သုန့်လော်တစ်ယောက်နဲ့ တိုးတာပဲ။ ဒါက ရှီလိုင်ခဲ့ဖြစ်လို့ တော်သေးသည်။
အကယ်၍ မကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်း သာဆိုရင်တော့... ရလဒ်ကို တွေးဝံ့စရာပင် မရှိတော့ချေ။
ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်က ‘မီးတောက်ဖိုင်းယာဖလိုင်း’ ရဲ့ ပုံစံဖြစ်နေတာမို့... ဒီအတိုင်းပဲ အလိုက်သင့် သရုပ်ဆောင်ရတော့မှာပဲ။
((ဖိုင်းယားဖလိုင်းကပုံစံက မိန်းကလေး))
“မင်္ဂလာပါ... အကြီးအကဲကျွမ်းရှင့်”
ယွီဝူယီက ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးငယ်လေးတစ်ယောက်အလား သရုပ်ဆောင်လိုက်သည်။
အား... တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားတာပဲ။
ကျွမ်းယွီစန်းက အတော်လေး အံ့ဩသွားရသည်။
“သမီးက... ငါ့ကို သိတာလား”
“သေချာတာပေါ့... သိတာပေါ့ရှင့် ကျော်ကြားလှတဲ့ သက်စောင့်ဝိညာဉ်သုန့်လော်ပဲဥစ္စာ.. ပြီးတော့ ဝိညာဉ်ကလည်း ရှားပါးလှတဲ့ သက်စောင့်သစ်ပင်ကြီး မဟုတ်လား” ယွီဝူယီက ရတနာတစ်ခုကို ရေတွက်သလိုမျိုး ရွတ်ဆိုပြလိုက်သည်။
“အော်... ကြည့်ရတာ ဒီအဘိုးကြီးက တော်တော်လေး နာမည်ကြီးနေပုံရတယ်”
ကျွမ်းယွီစန်းက ပြုံးလိုက်ရင်း ကုတင်ဘေးသို့ လျှောက်လှမ်းလာခဲ့ပြီး ယွီဝူယီကို ကုတင်ပေါ်သို့ ပြန်လာရန် လက်ဟန်ပြလိုက်သည်။
ယွီဝူယီကလည်း သဘောပေါက်တာမို့ လျှောက်လှမ်းလာကာ ကုတင်ပေါ်တွင် ပြန်လည်လဲလျောင်းလိုက်သည်။
“မင်းမှာ ထူးဆန်းတဲ့ ရောဂါတစ်ခု ရှိနေတယ်ဆိုတာ မင်းကိုယ်တိုင် သိရဲ့လား”
“သိပါတယ်ရှင့်”
‘အန်ထရိုပီ ဆုံးရှုံးမှု ရောဂါစု’ ပါပဲလို့... ယွီဝူယီက စိတ်ထဲကနေ ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။
“ဒါဆို... မင်းမှာ ကုသမယ့် နည်းလမ်း ရှိလား”
ဤအဖြေက ကျွမ်းယွီစန်း၏ စိတ်ဝင်စားမှုကို အပြည့်အဝ ဆွဲဆောင်လိုက်နိုင်သည်။
သူသည် မိမိ၏ တစ်သက်တာလုံးတွင် လူပေါင်းမြောက်မြားစွာကို ကယ်တင်ခဲ့ဖူးသော်လည်း... ဤရောဂါဝေဒနာကိုတော့ ဘာမှမတတ်နိုင်ခဲ့ပါ။
ထို့ကြောင့် ယွီဝူယီက ယခင်က ၎င်းကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းခဲ့သလဲဆိုတာကို သူ အထူးပင် သိချင်နေမိသည်။
‘ကဲ... ငါ့ရဲ့ သရုပ်ဆောင်မှု စွမ်းရည်ကို ထုတ်သုံးရမယ့် အချိန်ရောက်ပြီ' ယွီဝူယီ စိတ်ထဲကနေ တွေးလိုက်သည်။
ထို့နောက်... သူက အလွန်အမင်း စိတ်ပျက်အားလျော့နေသည့် မျက်နှာအမူအရာကို ထုတ်ဖော်ပြသလိုက်ပြီး...
“ဒီရောဂါက... လူတစ်ယောက်ကို ပြန်လည်ကုစားလို့မရတဲ့ သဘာဝအလျောက် ပြိုကွဲပျက်စီးခြင်း အခြေအနေထဲကို ရောက်ရှိသွားစေတာပါ…ဒါကြောင့် အသေအချာ ပြောရမယ်ဆိုရင်တော့... ဒါက ရောဂါတစ်ခု မဟုတ်ဘဲ.. သဘာဝတရားရဲ့ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်”
“ဒါကြောင့်... ဒီရောဂါအတွက် ကုသမယ့် နည်းလမ်း မရှိပါဘူးရှင့်”
ဖိုင်းယားဖလိုင်း၏ ချစ်စဖွယ်ကောင်းသော်လည်း ညှိုးငယ်နေသည့် မျက်နှာလေး.. ထို့ပြင် မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ရောပြွမ်းနေသည့် လေသံဖြင့် ဤရက်စက်လှသော အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်သည့်အခါ... နားထောင်ရသူကို အလွန်ပင် ဝမ်းနည်းကြေကွဲစေရသည်။
((ဖိုင်းယားဖလိုင်းက ပိုးစုန်းကြူး))
“ဒီလိုကိုး...”
ကျွမ်းယွီစန်း၏ မျက်နှာတွင်လည်း ဝမ်းနည်းမှုများ ယှက်သန်းသွားရသည်။ လက်တွေ့ကမ္ဘာကြီးက ဒီလောက်အထိ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အပေါ် ကုသမရတဲ့ ရောဂါဆိုးကြီး ပေးထားတာ တကယ့်ကို ရက်စက်လွန်းလှသည်။ သူကိုယ်တိုင် သက်စောင့်ဝိညာဉ်သုန့်လော်တစ်ဦး ဖြစ်နေပါစေဦးတော့ ဘာမှမတတ်နိုင်ပါလား။
ကျွမ်းယွီစန်း၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်ရင်း... ယွီဝူယီက မိမိ၏ သရုပ်ဆောင်မှု စွမ်းရည်ကို စိတ်ထဲကနေ လက်မထောင်၍ ချီးကျူးလိုက်မိတော့သည်။