အခန်း (၈) - မမျှော်လင့်ထားသော မတော်တဆမှု
မီတာတစ်သောင်းကျော် အမြင့်ကမ္ဘာတွင်မူ စီးဆင်းနေသော တိမ်တိုက်များသည် ပါးလွှာသော အလွှာတစ်ခု မဟုတ်တော့ဘဲ ထူထပ်လှသော အဆင့်ဆင့်သော တိမ်တိုက်တံတိုင်းကြီးများ ဖြစ်နေကြသည်။
နေရောင်ခြည်အောက်တွင် ၎င်းတို့သည် ပန်းရောင်ပန်းပွင့်မုန့်များအလား ထင်မှတ်ရသည်။
ယွီဝူယီသည် ထိုတိမ်ပင်လယ်ကြီးထဲတွင် အရှိန်အဟုန်ဖြင့် ဝဲပျံနေခဲ့ရာ... ဘွဲ့နှင်းသုန့်လော် သုံးယောက်စလုံး သူ့နောက်သို့ လိုက်မမှီနိုင်ကြတော့ပါ။
ဘာပဲဖြစ်ဖြစ် ဒီလောက်အမြင့်ပိုင်းက လေထုက ဘွဲ့နှင်းသုန့်လော်တစ်ယောက်ရဲ့ ပျံသန်းနိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်နေပြီ မဟုတ်ပါလား။
သို့သော်လည်း ဂလက်ဆီကြယ်တာရာများအကြား ဖြတ်သန်းသွားလာနိုင်သည့် ‘မီးတောက်မြင်းစီးသူရဲ’ တစ်ဦးအတွက်မူ ဤအမြင့်က စတင်ပျံသန်းရုံမျှ အဆင့်သာ ရှိသေးသည်။
“လှလိုက်တာကွာ...”
ယွီဝူယီက ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးကို ငေးကြည့်ရင်း မျက်ဝန်းများ တောက်ပလို့နေမိသည်။ အရင်ဘဝတုန်းက လေယာဉ်စီးဖူးတယ်ဆိုပေမယ့်.. မိမိကိုယ်တိုင် ကောင်းကင်ယံထက်မှာ အတောင်ပံဖြန့် ပျံသန်းရတာနဲ့ကတော့ လုံးဝ ကွဲပြားခြားနားလှတဲ့ ခံစားချက် ဖြစ်သည်။
အခုအချိန်မှာတော့ သူ သွားချင်တဲ့နေရာတိုင်းကို လွတ်လပ်စွာ သွားနိုင်ပြီ မဟုတ်ပါလား။
“ဒါဟာ... လွတ်လပ်ခြင်းပဲ”
သူ့စိတ်ထဲတွင် လွတ်လပ်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ‘အိုက်’ ဆိုသူကိုပင် ရုတ်တရက် သတိရမိသွားသည်။
“ဒါပေမဲ့ ဒီလောက်အမြင့်ကနေဆို အောက်က ဘာကိုမှ မမြင်ရဘူးပဲ…ငါ ပျံလာတာလည်း တော်တော်ကြာပြီဆိုတော့ သူတို့ လိုက်မမှီနိုင်တော့ပါဘူး…အရှိန်လျှော့ပြီး အောက်ကို နည်းနည်း ဆင်းကြည့်ရအောင်”
တွန်းအားပေးစက်များက ၎င်းတို့၏ မီးခိုးခေါင်းတိုင်များကို ချိန်ညှိလိုက်ပြီးနောက်... လိမ္မော်ဝါရောင် မီးတောက်အမြီးတန်းကြီးနှင့်အတူ အဖြူရောင်စက်ရုပ်ကြီးသည် အောက်ဘက်ရှိ တိမ်တိုက်များထဲသို့ ထိုးဆင်းသွားခဲ့သည်။
အသက်ရှူရုံမျှ အချိန်အတွင်းမှာပဲ ရှေ့က မြင်ကွင်းက ရုတ်တရက် ရှင်းလင်းသွားတော့သည်။
ဤအမြင့်မှတစ်ဆင့် ယွီဝူယီသည် သုန့်လော်တိုက်ကြီး ၏ ထောင့်စွန်းတစ်နေရာကို ပထမဆုံးအကြိမ် လှမ်းမျှော်ကြည့်ခွင့် ရလိုက်သည်။
စိမ်းလန်းစိုပြည်လှသော မြေပြင်ကျယ်ကြီးက မိုးကုတ်စက်ဝိုင်းအထိ အဆုံးမရှိ ဆန့်တန်းနေသည်။
“အမလေး... နိုဗယ်လ်ဖတ်တုန်းကတော့ သတိမထားမိဘူး.. အခုကိုယ်တိုင် မြင်ရတော့မှပဲ ဒီတိုက်ကြီးက တကယ့်ကို ကြီးမားလွန်းပါလား”
သို့သော် ထိုခဏမှာပင်... သူ တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“ဘာ... ဘာဖြစ်တာလဲ...”
သူ့ခန္ဓာကိုယ် အတွင်းပိုင်းဆီမှနေ၍ စူးရှလှသော နာကျင်မှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး အသက်ပင် ရှူရခက်ခဲသွားစေသည်။
ထိုနာကျင်မှုက တရိပ်ရိပ် ပိုမိုပြင်းထန်လာတာမို့... ခဏချင်းမှာပင် သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာရတော့သည်။
“စနစ်... ဘာတွေ ဖြစ်နေတာလဲ”
ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကြောင့် သူ အလွန်အမင်း ထိတ်လန့်သွားရသော်လည်း အကြောင်းအရင်းကို မသိတာမို့ စနစ်ထံမှ အကူအညီကိုသာ အလိုလို တောင်းခံမိလိုက်သည်။ ယခုအကြိမ်တွင်မူ စနစ်က တိတ်ဆိတ်မနေတော့ဘဲ ယွီဝူယီ့မျက်စိရှေ့တွင် စာသားတစ်ကြောင်းကို ထုတ်ဖော်ပြသလာသည်။
[ဇာတ်ကောင်အသွင်ယူခြင်း ပြုလုပ်သည့်အခါ ထိုဇာတ်ကောင်၏ စွမ်းရည်အားလုံးအပြင်... ခံစားနေရသည့် ရောဂါဝေဒနာများကိုပါ တစ်ပါတည်း ရရှိမည် ဖြစ်သည်။]
“ရောဂါဝေဒနာတွေပါ ပါတယ် ဟုတ်လား။ ဒါဆိုရင် ဒါက... ‘အန်ထရိုပီ ဆုံးရှုံးမှု ရောဂါ လား”
“အခု ငါ့မှာ အန်ထရိုပီ ဆုံးရှုံးမှုရောဂါ ထဖောက်နေတာပေါ့ ဟုတ်လား”
“မင်းက ဘာလို့ ဒီအကြောင်းကို ငါ့ကို ကြိုမပြောရတာလဲ”
[အိမ်ရှင်ဘက်က မမေးခဲ့လို့ပါ]
ယွီဝူယီတစ်ယောက် ရင်ထဲက သွေးတွေပင် အန်ချင်စိတ် ပေါက်သွားရသည်။
“ငါ အရင်က မင်းကို မေးခွန်းတွေ အများကြီး မေးခဲ့တုန်းကလည်း တစ်ခါမှ ပြန်မဖြေခဲ့ဘဲနဲ့”
နာကျင်မှုက ပိုမိုပြင်းထန်လာသည်နှင့်အမျှ... အလွန်အမင်း အိပ်ငိုက်လာသည့် ခံစားချက်ကြီးကပါ လွှမ်းမိုးလာတော့သည်။ သူ သတိလစ်တော့မည်ဆိုတာကို ချက်ချင်း သတိပြုမိလိုက်သော်လည်း... မြေပြင်နှင့် အလှမ်းဝေးကွာလှသည့် အကွာအဝေးကို ကြည့်ရင်း ရင်ထဲတွင် ချက်ချင်းပင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်သွားရသည်။
“ဒီကောင်စုတ် စနစ်... မင်း ငါ့ကို သတ်လိုက်တာပဲ...”
သူ့မျက်လုံးများ ပြန်လည်လန်တက်သွားခဲ့ပြီး သတိလစ် မေ့မြောသွားခဲ့ရတော့သည်။
သူ့ကျောပြင်က တွန်းအားပေးစက်များလည်း အလိုလို ရပ်တန့်သွားခဲ့ပြီးနောက် လေထဲမှနေ၍ လွတ်လပ်စွာ ပြုတ်ကျသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ပြုတ်ကျသည့် အရှိန်နှုန်းက ပိုမိုမြန်ဆန်လာသည်နှင့်အမျှ လေထုနှင့် ချပ်ကာအကြား ပွတ်တိုက်မှုကြောင့် ယွီဝူယီသည် မီးလုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားတော့သည်။
[အိမ်ရှင် သတိလစ်မေ့မြောနေသည်ကို စနစ်မှ စစ်ဆေးတွေ့ရှိရသဖြင့်... ဒဏ်ရာမရရှိနိုင်သည့် ထာဝရအကာအကွယ်စည်းကမ်းကို အသက်သွင်းပေးလိုက်ပါသည်။]
ရှီလိုင်ခဲ့အကယ်ဒမီ .. ရေလယ်ကျွန်း.. ပင်လယ်နတ်ဘုရားမျှော်စင်။
ဒါက ရှီလိုင်ခဲ့အကယ်ဒမီရဲ့ အမွန်မြတ်ဆုံးသော နယ်မြေဖြစ်သလို... ရွှေရောင်သစ်ပင်ကြီး အမြစ်တွယ်ရာ နေရာလည်း ဖြစ်သည်။
ဤနေရာတွင် နေထိုင်ခွင့်ရရှိသူတိုင်းသည် တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားလှသော ထိပ်သီးပညာရှင်ကြီးများ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပဲ... ဒါက ရှီလိုင်ခဲ့ရဲ့ အရေးကြီးဆုံး ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးရာ နေရာလည်း ဖြစ်သည်။
ယခုအချိန်တွင်လည်း အကြီးအကဲ အများအပြားသည် အစည်းအဝေးခန်းမ၌ ထိုင်၍ အရေးကြီးကိစ္စတစ်ခုကို ညှိနှိုင်းဆွေးနွေးနေကြသည်။
ရုတ်တရက်... အဓိကထိုင်ခုံတွင် ထိုင်နေသော မူအန်း သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး အရပ်မျက်နှာတစ်ခုဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။
အကြီးအကဲရွှမ် က သူ့၏ ထူးခြားမှုကို သတိပြုမိသွားပြီး မေးမြန်းရန် ပြင်လိုက်စဉ်မှာပဲ... သူကိုယ်တိုင်လည်း ထိုအရပ်မျက်နှာဆီသို့ လှမ်းကြည့်မိသွားပြန်သည်။
“ဘာဖြစ်လို့လဲ အကြီးအကဲရွှမ်.. အကြီးအကဲမူ”
ရန်ရှောက်ကျဲ က သူတို့ကို ဇဝေဇဝါမျက်နှာအမူအရာဖြင့် လှမ်းမေးလိုက်သည်။
“အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ... တစ်ခုခုက ငါတို့ဆီကို အရှိန်အဟုန်နဲ့ ဦးတည်လာနေတယ်”
အကြီးအကဲရွှမ်က စကားကို အရှည်မဆက်တော့ဘဲ နေရာမှာတင် ဗလာကျင်းသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ကျန်ရှိနေသည့် အကြီးအကဲများလည်း ဇဝေဇဝါဖြစ်နေကြသော်လည်း သူ့နောက်ကနေ အလျင်အစလို လိုက်ပါသွားကြတော့သည်။
“ငါ အာရုံခံလို့ရတယ်... ဒါပေမဲ့ ဒါက ထူးဆန်းတဲ့ မလိုက်ဖက်မှုတစ်ခု ရှိနေသလိုပဲ...” မူအန်းက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ပင်လယ်နတ်ဘုရားမျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာသည့်အခါ... အကြီးအကဲရွှမ်သည် ကောင်းကင်ယံထက်မှ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော မီးလုံးကြီးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
မီးလုံးကြီးက အနီးအနားသို့ ရောက်ရှိနေပြီဖြစ်ရာ... ကျန်ရှိနေသည့် အကြီးအကဲများသာ ၎င်းကို သတိမထားမိကြဘူးဆိုလျှင် ထိပ်သီးပညာရှင်ဟု အမည်ခံရန် မထိုက်တန်တော့ပါ။
“တကယ့်ကို သတ္တိကောင်းလှချေလား… ငါတို့ဆီကို ပေါ်ပေါ်ထင်ထင် လာရောက်တိုက်ခိုက်ဝံ့တယ် ဟုတ်လား”
ချန်တျိုတျို က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက သာလွန်သုန့်လော် တစ်ဦးဖြစ်သလို ဝိညာဉ်စက်မှုဌာန၏ ဒုတိယကျောင်းအုပ်ကြီးလည်း ဖြစ်တာမို့... ထိုမီးလုံးကြီးအထဲက အရာဝတ္ထုသည် စက်မှုဒီဇိုင်းပုံစံ ရှိနေမှန်း အကဲခတ်ရုံဖြင့် ချက်ချင်း သိလိုက်သည်။
ဘယ်သူကများ သတ္တိကောင်းပြီး ရှီလိုင်ခဲ့ဆီကို ဝိညာဉ်စက်ကိရိယာနဲ့ လာပစ်ရဲတာလဲ။
“ဒါက ဘာပဲဖြစ်ဖြစ်... ပင်လယ်နတ်ဘုရားမျှော်စင်နားကို ထပ်ပြီး ချဉ်းကပ်လာခွင့်ပေးရင် အန္တရာယ်ရှိနိုင်တယ်။ အရင်ဆုံး ကြားဖြတ်တားဆီးရမယ်”
အကြီးအကဲရွှမ်က အလျင်အစလို လှုပ်ရှားလိုက်ပြီး အသက်ရှူရုံမျှ အချိန်အတွင်းမှာပဲ မီးလုံးကြီး၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
သူက ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ရာ... ကြီးမားလှသော ဝိညာဉ်စွမ်းအားများက ကြီးမားလှသော လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ထိုမီးလုံးကြီးကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။
ဤအရာ၏ နောက်ကြောင်းကို မသိရသေးတာမို့ ခန္ဓာကိုယ်အစစ်ဖြင့် တိုက်ရိုက်ခုခံခြင်းမပြုဘဲ စွမ်းအားဖြင့် ဖမ်းဆွဲခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်သည်။
သို့သော် အားလုံးကို အံ့ဩသွားစေသည်က... ထိုမီးလုံးကြီးသည် ကြီးမားလှသော ဝိညာဉ်စွမ်းအား လက်ဝါးကြီးကို မည်သည့်အတားအဆီးမျှမရှိဘဲ တိုက်ရိုက် ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။
“ဒါ... ဒါက အမှန်တကယ် ဘာကြီးလဲ”
အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက်... မျက်စိတစ်မှိတ်အတွင်းမှာပဲ ၎င်း၏ရှေ့သို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ ယခုအကြိမ်တွင်မူ သူ မည်သည့်စွမ်းအားကိုမျှ ချန်လှပ်မထားတော့ပါ။
“ဝုန်း...”
ရှေးဟောင်းကမ္ဘာဦးဆီမှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံကြီးနှင့်အတူ... အကြီးအကဲရွှမ်သည် ‘ ထောင်ကျဲနွားသိုးနတ်ဘုရား’ အသွင်သို့ တိုက်ရိုက် ပြောင်းလဲလိုက်သည်။
မီတာသုံးဆယ်ကျော် မြင့်မားလှသော သူ့၏ ခန္ဓာကိုယ်ကြီးအောက်တွင် ထိုမီးလုံးကြီးက အလွန်ပင် သေးငယ်လွန်းလှသည်။
ထောင်ကျဲ့ နွားသိုးနတ်ဘုရားကြီးက ကြီးမားလှသော လက်ဝါးကြီးများကို မြှောက်ကာ... ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားဖြင့် မီးလုံးကြီးကို အလယ်ကနေ ညှပ်၍ ရိုက်ချပစ်လိုက်သည်။
ဒုန်း…
တစ်ပြင်လုံးရှိ လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး... ကြီးမားလှသော အသံဗုံးပေါက်ကွဲသံကြီးက ရှီလိုင်ခဲ့မြို့တော်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဤအရာက ကောင်းကင်အမြင့်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး.. မဟုတ်ပါက ဤအသံလှိုင်းဒဏ်ကြောင့် မည်သည့်အဆောက်အအုံမဆို ချက်ချင်း ပြာကျသွားပေလိမ့်မည်။
သို့သော် အကြီးအကဲရွှမ်ကို တုန်လှုပ်သွားစေသည်က... သူ့လက်ထဲတွင် မည်သည့်ထိတွေ့မှုကိုမျှ မခံစားလိုက်ရခြင်း ဖြစ်သည်။ ထိုမီးလုံးကြီးက မတည်ရှိသလိုမျိုးပင် သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ပြန်သည်။
ကျန်ရှိနေသည့် အကြီးအကဲများလည်း ဝိုင်းဝန်းကူညီရန် အလျင်အစလို ရောက်ရှိလာကြသည်။
ရှီလိုင်ခဲ့အကယ်ဒမီ၏ ကောင်းကင်ထက်တွင် ပြင်းထန်လှသော ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
ထိုအချိန်အတောအတွင်း ရှီလိုင်ခဲ့မြို့တော်အတွင်းရှိ လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြရသလို... ဘယ်လိုအဖြစ်အပျက်မျိုးက ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေရတာလဲဆိုတာကိုလည်း အလွန်ပင် စိတ္တဇဖြစ်နေကြရသည်။
သို့သော်လည်း... အကြီးအကဲများအားလုံး မိမိတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးပြီး ခြင်တစ်ကောင်ကို ဝိုင်းရိုက်သလိုမျိုး လိုက်လံတိုက်ခိုက်နေကြသော်လည်း... ထိုမီးလုံးကြီးကို အနည်းငယ်မျှပင် ထိတွေ့နိုင်ခြင်း မရှိကြပါ။
၎င်းက သူတို့၏ မျက်စိအမြင်မှားမှုသက်သက် အလားပင်။
နောက်ဆုံးတွင်မူ... ထိုမီးလုံးကြီးသည် အလွန်မြင့်မားလှသောအရှိန်နှုန်းဖြင့် ‘ပင်လယ်နတ်ဘုရားရေအိုင်’ ထဲသို့ ဝုန်းခနဲ ထိုးဆင်းသွားသည်ကို သူတို့ ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။
ဝုန်း….
ပင်လယ်နတ်ဘုရားရေအိုင်ကြီးထဲမှနေ၍ မီတာရာချီ မြင့်မားလှသော ရေလှိုင်းကြီးများ ပွင့်အံထွက်ပေါ်လာပြီး... ပင်လယ်နတ်ဘုရားမျှော်စင်နှင့် အတွင်းကျောင်းတော်၏ ရေကန်ဘေးပတ်ဝန်းကျင်ကို တိုက်ရိုက် ရိုက်ခတ်သွားတော့သည်။
“အမလေး ... သေပါပြီ... သေပါပြီဗျာ...” အတွင်းကျောင်းတော် ရေကန်ဘေးမှနေ၍ သနားစရာကောင်းလှသော အော်ဟစ်သံအချို့ တိုးညင်စွာ ထွက်ပေါ်လာသည်။
“ဒါက မျက်စိအမြင်မှားတာ မဟုတ်ဘူးပဲ”
အကြီးအကဲရွှမ်က ပိုမိုတုန်လှုပ်သွားရသည်။ သူက ထိုအရာ ပြုတ်ကျသွားသည့် ရေမျက်နှာပြင်ဆီသို့ အလျင်အစလို ရောက်ရှိသွားပြီး စောစောက အရာဝတ္ထုကို လိုက်လံရှာဖွေတော့သည်။
ရေလှိုင်းကြီးများ ပြန်လည်ငြိမ်သက်သွားပြီးနောက် ရေကန်ကြီးက ခေတ္တမျှ နောက်ကျိသွားခဲ့သည်။
သို့သော် ဤအရာက ဒီလောက်ကြီးမားတဲ့ စွမ်းအင်နဲ့ ကျဆင်းလာတာမို့... သူ့ရဲ့ ဒြပ်ထုအရ ရေပေါ်မှာ ပေါ်နေဖို့ကတော့ မဖြစ်နိုင်ပါ။
ဒါဆိုရင်တော့ ရေအိုင်ထဲကို ငုပ်လျှိုးပြီး ရှာဖွေရုံသာ ရှိတော့သည်။
“ကဲ... တော်ကြတော့… ကမူးရှူးတိုး လုပ်မနေကြနဲ့ဦး”
မူအန်းက ရုတ်တရက် ပေါ်ထွက်လာပြီး သူ့၏ လုပ်ဆောင်ချက်များကို တားဆီးလိုက်သည်။
“အကြီးအကဲမူလား”
အကြီးအကဲရွှမ်က မူအန်းကို ထူးဆန်းသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်မိသည်။
မူအန်းက တစ်ခုခုကို ကြိုတင်သိရှိနေသလိုမျိုး သူ ခံစားနေရသောကြောင့် ဖြစ်သည်။ ကျန်ရှိနေသည့် အကြီးအကဲများလည်း ဝိုင်းအုံလာကြသည်။
“မင်းတို့ကတော့ အခုထိ စိတ်မြန်လက်မြန် ရှိနေတုန်းပဲ… အကြမ်းဖက်မှုတစ်ခုတည်းက ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်ဘူးလေ”
မူအန်းက ခေါင်းကို ခါယမ်းလိုက်ရင်း... သူ့၏ ညာဘက်လက်ကို အသာအယာ မြှောက်လိုက်ရာ.. နွေးထွေးလှသော ရွှေရောင်ဝိညာဉ်စွမ်းအားများက ပင်လယ်နတ်ဘုရားရေအိုင်ထဲသို့ စီးဆင်းသွားတော့သည်။
မကြာမီမှာပင်... ထိုရွှေရောင်ဝိညာဉ်စွမ်းအားများ၏ ပွေ့ချီမှုနှင့်အတူ အဖြူရောင် ခန္ဓာကိုယ်ကြီးတစ်ခုက ရေထဲမှနေ၍ ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်ကျမှသာ အားလုံးက ထိုမီးလုံးကြီးအထဲက အရာဝတ္ထု၏ ပုံစံအစစ်အမှန်ကို အသေအချာ မြင်တွေ့လိုက်ရတော့သည်။
“ဒါ... ဒါက လူသားပုံစံ ဝိညာဉ်စက်မှုကိရိယာကြီးလား”
ချန်တျိုတျိုနှင့် ရှန်းလင်းအာ တို့နှစ်ဦးစလုံးမှာ အံ့ဩလွန်းသဖြင့် စကားပင် ဆွံ့အကုန်ကြရသည်။
ထို့နောက် ချက်ချင်းပင်... ထိန်းချုပ်သူမဲ့သွားခဲ့သော ဆမ် စက်ရုပ်ကြီးသည် ပေါင်းစပ်ထားသည့် အခြေအနေမှနေ၍ အလိုအလျောက် ကွာကျသွားခဲ့ပြီး.. အလင်းတန်းတစ်ခုအသွင်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာ ၎င်း၏ အတွင်းပိုင်းတွင် ရှိနေသော ယွီဝူယီ့ရဲ့ ခန္ဓာကိုယ်လေးက ပေါ်ထွက်လာတော့သည်။
“ဟင်... ကောင်မလေးတစ်ယောက်ပါလား” အကြီးအကဲရွှမ်တစ်ယောက် အလွန်အမင်း အံ့ဩမှင်သက်သွားရတော့သည်။