အခန်း (၇) - တင်းမာနေသော အခြေအနေ
မှောင်ခိုလေလံအိမ်၏ မြေအောက်နက်ရှိုင်းသော လျှို့ဝှက်အခန်းတစ်ခုအတွင်း။
“အခုထိ ရှာမတွေ့သေးဘူး ဟုတ်လား”
နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက တည်ငြိမ်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“အကြောင်းပြန်ပါတယ်... သခင်ကြီးကင်းမြီးကောက်မြွေ.. အခုထိ ရှာမတွေ့သေးပါဘူး”
သူ့၏ လက်အောက်ငယ်သားက ဒူးထောက်၍ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“ဝိညာဉ်အကြီးအကဲအဆင့် ပညာရှင် အယောက်နှစ်ဆယ်ကျော်က... ဝိညာဉ်စွမ်းအား ပိတ်ဆို့ခံထားရတဲ့ အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို သွားဖမ်းတာကို အခုထိ ဘာသတင်းမှ မရသေးဘူး ဟုတ်လား”
အသက်လတ်ပိုင်းအမျိုးသားထံမှ ပြင်းထန်လှသော ဖိအားများနှင့် လူသတ်ငွေ့များ ဝုန်းခနဲ ပွင့်အံထွက်ပေါ်လာသည်။ လက်အောက်ငယ်သားဖြစ်သူမှာ ချက်ချင်းပင် ချွေးစေးများ ပြန်လာရတော့သည်။
“အပြစ်ပေးခြင်းကို ခွင့်လွှတ်ပေးပါ သခင်ကြီး။ ဒါပေမဲ့ နားမလည်တဲ့ အချက်တစ်ခု ရှိနေလို့ပါ... ငါတို့ ဘာလို့ ပိုပြီးအဆင့်မြင့်တဲ့ ဝိညာဉ်သခင်တွေကို မလွှတ်တာလဲ… ဒါဆိုရင် အဲဒီမိန်းကလေးကို ဖမ်းရတာ ပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား”
အသက်လတ်ပိုင်းအမျိုးသားက မျက်မှန်းစိမ်းကြည့်လိုက်သည်။ ထိုအချက်ကို သူ မတွေးမိခဲ့ဘဲ နေပါ့မလား။
“သူမရဲ့ အဆင့်အတန်းက ထူးခြားလွန်းတယ်... ငါတို့ လှုပ်ရှားမှု သိပ်မကြီးစေရဘူး”
ထူးခြားတဲ့ အဆင့်အတန်း ဟုတ်လား လက်အောက်ငယ်သားသည် မကြာသေးမီက တျန်းဟုန်းအင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။
“ဒါဆို သူမက...”
“မမေးသင့်တဲ့အရာကို မမေးနဲ့…အများကြီးသိတဲ့လူက စောစောသေတတ်တယ်”
အသက်လတ်ပိုင်းအမျိုးသားက သူ့ကို အေးစက်စွာ ကြည့်လိုက်ရာ လူသတ်ချင်စိတ်များက အထင်အရှား ရှိနေသည်။
“ဟုတ်... ဟုတ်ကဲ့… အခုပဲ သွားရှာပါတော့မယ်”
လက်အောက်ငယ်သားသည် အသက်ပင် ပြင်းပြင်းမရှူဝံ့တော့ဘဲ အလျင်အစလို ထကာ ထွက်ခွာသွားတော့သည်။
ထိုသူ၏ သနားစရာကောင်းသော ကျောပြင်ကြီး ပျောက်ကွယ်သွားသည်အထိ အသက်လတ်ပိုင်းအမျိုးသားက စိုက်ကြည့်နေခဲ့သည်။
“အမှောင်... မနက်ဖြန်ကျရင် ငါ သူ့မျက်နှာကို မမြင်ချင်တော့ဘူး”
လျှို့ဝှက်အခန်း၏ ထောင့်စွန်းတစ်နေရာမှ အရိပ်တစ်ခုသည် ဖြည်းည်းချင်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
‘သူမ ဘယ်နေရာကို ပြေးသွားတာလဲ… ဒါက အဲဒီလူကြီးမင်းက အပင်ပန်းခံပြီး ဖမ်းဆီးပေးခဲ့တဲ့ ပစ်မှတ်ပဲ…ငါ နည်းလမ်းတစ်ခုခု ရှာမှဖြစ်မယ်... အကယ်၍ သူမကို ပျောက်ဆုံးသွားမှန်း သိသွားရင် ငါ့ခေါင်းကို ဖြတ်ပြီး ဘောလုံးလုပ်ကစားလိမ့်မယ်'
တစ်ချိန်တည်းမှာပင်... တျန်းတိုမြို့တော်နှင့် နီးကပ်လှသော ကောင်းကင်ယံထက်၌။
ယွီဝူယီသည် မိမိ၏ ရင်ခွင်ထဲတွင် အိပ်မောကျနေသည့် ကောင်မလေးကို ကြည့်ရင်း အတော်လေး ဆွံ့အလို့နေမိသည်။
‘ဒါက မီတာနှစ်ထောင်အမြင့်က ကောင်းကင်ကြီးပေါ်မှာလေ... ညီမလေးရာ.. မင်းက တကယ့်ကို အိပ်ရဲတာပဲ'
သူမတတ်နိုင်တော့ဘဲ မိမိရင်ခွင်ထဲက ဝက်ကလေးကို အသာအယာ လှုပ်နှိုးလိုက်ရသည်။
“နင်ထျန်းလေး... နိုးတော့နိုးတော့.. ငါတို့ ရောက်တော့မယ်”
“အင်း...”
နင်ထျန်းက အကျင့်အတိုင်း တစ်ဖက်သို့ လှည့်လိုက်သည်။ ဒီလောက်အိပ်လို့ကောင်းတဲ့ အိပ်စက်ခြင်းမျိုး မကြုံရတာ တော်တော်ကြာပြီ မဟုတ်ပါလား။
ထို့နောက်... သူမသည် ယွီဝူယီ့ရဲ့ ရင်ခွင်ထဲကနေ အပြင်သို့ လိမ့်ထွက်သွားခဲ့တော့သည်။
“အားးးးးးးးးးးးးးးးးးးးးးး”
သူမ၏ ဤကဲ့သို့ အဆင်အခြင်မဲ့လှသော အပြုအမူကြောင့် ယွီဝူယီတစ်ယောက် မှင်သက်သွားရသည်။
သူ မတတ်သာတော့ဘဲ ပျံသန်းမှု လမ်းကြောင်းကို ချက်ချင်းပြောင်းလဲကာ ပိုမိုမြန်ဆန်သော အရှိန်နှုန်းဖြင့် သူမကို လိုက်ဖမ်းရတော့သည်။
သို့သော် ထိုခဏမှာပင်... အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။ တျန်းတိုမြို့တော်ဆီမှနေ၍ အလင်းတန်းလေးခုက ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်လာကြသည်။
ထိုအလင်းတန်းများထဲမှ တစ်ခုက အခြားအရာများထက် သိသိသာသာ ပိုမိုမြန်ဆန်နေပြီး.. လက်ရှိအရှိန်နှုန်းအတိုင်းဆိုလျှင် ယွီဝူယီ့ထက် စောစီးစွာ နင်ထျန်းရှိရာသို့ ရောက်ရှိသွားပေလိမ့်မည်။
‘တောက်... စောစောက သူမကြောင့် အာရုံနောက်သွားလို့ ငါတို့ တျန်းတိုမြို့တော်ရဲ့ လေပိုင်နက်ထဲကို ဝင်လာမိပြီဆိုတာ မေ့သွားတယ်’
သို့သော် အရေးကြီးဆုံး တာဝန်က ထိုသူ့ထက် စောစီးစွာ နင်ထျန်းကို ဖမ်းမိဖို့ ဖြစ်သည်။
ဝုန်း
ဒုန်း ဒုန်း
ယွီဝူယီ့ရဲ့ အင်ဂျင်တွန်းအားပေးစက်များက ပြင်းထန်စွာ ပွင့်အံထွက်ပေါ်လာပြီး.. အသံလှိုင်းအတားအဆီးကို နှစ်ကြိမ်ဆက်တိုက် ဖောက်ထွက်ပစ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်နှုန်းကြောင့် ယွီဝူယီသည် မျက်စိတစ်မှိတ်အတွင်းမှာပင် နင်ထျန်း၏ ဘေးသို့ ရောက်ရှိသွားခဲ့ပြီး.. သူမကို ရင်ခွင်ထဲသို့ ပြန်လည်ပွေ့ချီလိုက်ကာ အင်ဂျင်တွန်းအားကို ပြောင်းပြန်သုံး၍ ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။
ထိုအလင်းတန်းသည်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး.. သူ့ရှေ့တည့်တည့်တွင် ရပ်တန့်၍ လေထဲတွင် ဝဲပျံနေတော့သည်။
“ဒါက တျန်းတိုမြို့တော်ရဲ့ လေပိုင်နက်ပဲ… မင်းတို့က ဘယ်သူတွေလဲ... တျန်းဟုန်းအင်ပါယာရဲ့ မြို့ပြလေပိုင်နက်ထဲမှာ ခွင့်ပြုချက်မရှိဘဲ ပျံသန်းခြင်းကို တားမြစ်ထားတယ်ဆိုတာ မသိဘူးလား”
ရောက်ရှိလာသူမှာ ဆံပင်ညိုရောင်နှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး.. အသက် ၃၀ ကျော်ခန့်သာ ရှိပုံရသော်လည်း သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများ စီးဆင်းနေသည်။
ကျန်ရှိနေသည့် လူသုံးဦးကလည်း နောက်ကနေ ကပ်လျက်လိုက်ပါလာပြီး ဘေးချင်းယှဉ်၍ ရပ်တန့်လိုက်ကြသည်။
မိမိတို့၏ ဝိညာဉ်ကို ထုတ်ဖော်ပြသခြင်း မရှိဘဲ လေထဲတွင် အလိုအလျောက် ဝဲပျံနိုင်ကြသည်ဆိုကတည်းက ဤလူလေးဦး၏ ကျင့်ကြံမှုအဆင့်က အထင်အရှား ရှိနေပြီ ဖြစ်သည်။
ဘွဲ့နှင်း ဝိညာဉ်သုန့်လော် များပဲ ဖြစ်သည်။
ယွီဝူယီက စကားမဆိုဘဲ မျက်နှာဖုံးအောက်တွင် မျက်နှာအမူအရာက အလွန်အမင်း တည်ငြိမ်လေးနက်နေသည်။
သူ စောစောက စစ်ဆေးကြည့်ပြီးပြီ ဖြစ်ရာ... ရှေ့ဆုံးက အသက်လတ်ပိုင်းအမျိုးသားက ‘သာလွန်သုန့်လော်’ တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။
အမည်: ရန်ကျန့်ဝေ (Yang Zhenwei)
အသက်: ၇၂ နှစ်
ကျင့်ကြံမှုအဆင့်: အဆင့် ၉၆
ဝိညာဉ်: ကောင်းကင်တုန်လှုပ်စေသော ပုဆိန် )
အဆင့်အတန်း: ရတနာကိုးပါးဂိုဏ်း၏ ဧည့်သည်တော်အကြီးအကဲ။
သူ့တွင် အခုအချိန်မှာ ‘ဆမ်’ ၏ စွမ်းအားများ ရှိနေသည်ဆိုသော်လည်း မည်မျှအထိ ထုတ်ဖော်သုံးစွဲနိုင်မလဲဆိုတာ မရေရာသေးပါ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘွဲ့နှင်းသုန့်လော် သုံးယောက်အပြင်.. အဆင့် ၉၆ ရှိတဲ့ သာလွန်သုန့်လော် တစ်ယောက်ကိုပါ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်ပြီး.. ရင်ခွင်ထဲက နင်ထျန်းကိုပါ အကာအကွယ် ပေးရဦးမည် ဖြစ်သည်။
ဒါက တကယ့်ကို ငရဲအဆင့်ရှိတဲ့ စိန်ခေါ်မှုပဲ။
သူ့၏ နှလုံးခုန်နှုန်းက တရိပ်ရိပ် မြင့်တက်လာသော်လည်း ၎င်းက ကြောက်လန့်ခြင်းကြောင့် မဟုတ်ဘဲ... စိတ်လှုပ်ရှားခြင်း.. တင်းမာခြင်းနှင့် ရင်ခုန်ခြင်းတို့ကြောင့် ဖြစ်သည်။
“နင်ထျန်းလေး... နောက်ပိုင်းမှာ နည်းနည်း လှုပ်ခါသွားနိုင်တယ် ငါ့ကို မြဲမြဲကိုင်ထားစို့”
ယွီဝူယီက ဒုတိယအဆင့် မီးတောက်လောင်ကျွမ်းခြင်းစနစ်ကို အသုံးပြုရန် အဆင်သင့် ပြင်ဆင်လိုက်သည်။ နင်ထျန်းက ဘာဖြစ်လို့လဲဆိုတာ မသိသော်လည်း ဆမ်၏ ချပ်ကာကြားက အကွက်လေးများကို လက်ချောင်းလေးများဖြင့် အတင်းအကျပ် မြဲမြဲဆွဲကိုင်ထားလိုက်ရှာသည်။
“နင်ထျန်းလေး”
သာလွန်သုန့်လော်ဟု ယူဆရသော အသက်လတ်ပိုင်းအမျိုးသားထံမှ ပြင်းထန်လှသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးများ ဝုန်းခနဲ ပွင့်အံထွက်ပေါ်လာပြီး.. ဘေးပတ်ဝန်းကျင်ရှိ တိမ်တိုက်ဖြူများကို ချက်ချင်း လွင့်စင်သွားစေသည်။
သူက ယွီဝူယီ့ရင်ခွင်ထဲက သေးငယ်လှသော ခန္ဓာကိုယ်လေးကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေခဲ့သည်။
“ဘာကြီးလဲ...” ကျန်ရှိနေသည့် လူသုံးဦးလည်း အံ့ဩမှင်သက်သွားကြသည်။
“ဒီအသံက... ဦးလေးရန်လားဟင်”
ရင်းနှီးလှသော အသံကို ကြားလိုက်ရတဲ့ခဏ... နင်ထျန်းက အလိုလို ခေါင်းမော့ကြည့်လိုက်ရာ.. သူမကို ငယ်စဉ်ကတည်းက ပညာရပ်များစွာ သင်ကြားပေးခဲ့သည့် ထိုလူကြီးမင်းကို မြင်တွေ့လိုက်ရတော့သည်။
“တကယ့်ကို မင်းလေးပဲပဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ကျန့်ဝေသည် မိမိ၏ ဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီး... ဝိညာဉ်ကွင်း ကိုးကွင်းက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
ဝါ.. ဝါ.. ခရမ်း.. ခရမ်း.. နက်.. နက်.. နက်.. နက်.. နီ
ကြီးမားလှသော ပုဆိန်သွားကြီးက ယွီဝူယီ့ထံသို့ ဦးတည်နေပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူမကို အခုချက်ချင်း ချပေးလိုက်စမ်း”
ကျန်ရှိနေသည့် လူသုံးဦးကလည်း မိမိတို့၏ ဝိညာဉ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြရာ... ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးက တျန်းတိုမြို့တော်၏ ကောင်းကင်ထက်တွင် စုစည်းသွားတော့သည်။
ဒီလိုရုတ်တရက် အပြောင်းအလဲကြောင့် မြို့ထဲက လူများအားလုံး ထိတ်လန့်ကုန်ကြပြီး.. ခေါင်းနားပန်းကြီးစွာဖြင့် ကောင်းကင်ယံထက်က ကွဲပြားခြားနားသော အရောင်ရှိသည့် ကြယ်ပွင့်ကြီး ငါးပွင့်ကိုသာ ငေးကြည့်နေနိုင်ကြတော့သည်။
“ဦးလေးရန်က သူ့ရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးလိုက်တာပဲ…ချွဲမင်... ငါ့ကို အပေါ်ကို ပို့ပေးဖို့ ပြင်ထားလိုက်”
ခန့်ညားထည်ဝါလှသော မျှော်စင်ကြီးတစ်ခု၏ အထက်ဆုံးထပ်တွင်... ရွှေရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦးက ကောင်းကင်ယံထက်က လှုပ်ရှားမှုကို ငေးကြည့်နေပြီး.. သူ၏ သမုဒ္ဒရာပြာရောင် မျက်ဝန်းများက အလွန်တရာ တည်ငြိမ်လေးနက်နေသည်။
သူ့လက်ထဲတွင် ခုနစ်ထပ် ရတနာခုနှစ်ပါးမျှော်စင်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဘေးနားရှိ လူငယ်ကလည်း သဘောပေါက်သွားပြီး သူ့ကျောပြင်တွင် အပြာရောင် အတောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့သည်။
“မင်းတို့က ဘယ်သူတွေလဲ”
အေးစက်လှသော စက်မှုပေါင်းစပ်အသံကြီးက ကောင်းကင်ထက်တွင် ဟိန်းထွက်သွားပြီး သူတို့၏ နားထဲသို့ ရောက်ရှိသွားသည်။
“ဒါက ငါက မင်းကို မေးရမယ့် စကားပဲ။ နင်ထျန်းလေးကို အခုချက်ချင်း ချပေးလိုက်ရင် မင်းရဲ့ အသက်ကို ငါချမ်းသာပေးမယ်”
ရန်ကျန့်ဝေ၏ ဖိအားများက တရိပ်ရိပ် ပိုမိုပြင်းထန်လာသည်။
အကယ်၍ သူက နင်ထျန်းကို မတော်တဆ ထိခိုက်မိမှာ မစိုးရိမ်ဘူးဆိုလျှင်... သူ့ရဲ့ စိတ်တိုတတ်တဲ့ အကျင့်အတိုင်းဆိုပါက ပုဆိန်နဲ့ ခုတ်ပစ်လိုက်တာ ကြာလှပြီ ဖြစ်သည်။
“ဦးလေးရန်... ယွီ... ဒီလူက လူဆိုးမဟုတ်ပါဘူး… သူက သမီးကို အိမ်အထိ လိုက်ပို့ပေးတာပါ”
နင်ထျန်းက ဒီလိုတင်းမာနေတဲ့ အခြေအနေကို အချိန်မရွေး ပေါက်ကွဲမသွားစေရန်အတွက် အလျင်အစလို ရှင်းပြလိုက်ရသည်။
အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားခဲ့မယ်ဆိုရင်တော့ ဘယ်ဘက်က ထိခိုက်ဒဏ်ရာရရ သူမအနေနဲ့ ခံစားနိုင်မှာ မဟုတ်ပါတကား။
ကံကောင်းထောက်မစွာဖြင့်... သူမ၏ စကားက တကယ့်ကို ထိရောက်မှု ရှိလှသည်။
ရန်ကျန့်ဝေ၏ ဖိအားများက ထပ်မံ မြင့်တက်မလာတော့ဘဲ ရပ်တန့်သွားခဲ့သော်လည်း ရုပ်သိမ်းမည့် အရိပ်အယောင်တော့ မရှိသေးချင်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းကို လိုက်ပို့ပေးတာ ဟုတ်လား။ နင်ထျန်းလေး... အမှန်တကယ် ဘာတွေဖြစ်ခဲ့တာလဲ…မင်းက ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ”
မိမိအားကိုးရသော လူကြီးမိဘကို မြင်တွေ့လိုက်ရတဲ့ခဏ... နင်ထျန်းတစ်ယောက် ရင်ထဲတွင် ဆို့နင့်လာပြီး မိမိကြုံတွေ့ခဲ့ရသည့် ဝမ်းနည်းစရာများနှင့် ခံပြင်းစရာများကို ချက်ချင်း တိုင်ပစ်ချင်စိတ် ပေါ်လာတော့သည်။
သို့သော် အခုက အချိန်မဟုတ်သေးမှန်း သူမ ကောင်းကောင်းသိတာမို့ ထိုခံစားချက်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။
“ဦးလေးရန်... ဒါတွေက ပြောရရင် ရှည်လျားလွန်းလို့ပါ… ဒါပေမဲ့ ဒီလူက တကယ့်ကို လူဆိုးမဟုတ်တာမို့... ငါတို့ အိမ်ရောက်မှပဲ သေချာပြောကြရအောင်နော်”
ရန်ကျန့်ဝေသည် သူမ၏ သနားစရာကောင်းလှသော ပုံစံကို ကြည့်ပြီး ရင်ကွဲမတတ် ခံစားလိုက်ရသည်။
နင်ထျန်းကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့သူမို့... မိမိ၏ တူမလေး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရမှန်း သူ အကဲခတ်ရုံမျှဖြင့် သိတာပေါ့။
‘ကောင်းပြီလေ...’
သူက ရင်ထဲက ဒေါသတရားကို အတင်းအကျပ် ဖိနှိပ်လိုက်ရင်း မိမိတူမလေး၏ စကားကို ယုံကြည်ရန် ရွေးချယ်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ဂိုဏ်းဆီကို ပြန်ရောက်မှပဲ အားလုံးကို အသေးစိတ် တိုင်ပင်ကြတာပေါ့။ ထိုအချိန်ကျမှပဲ ဤလူက လူကောင်းလား.. လူဆိုးလားဆိုတာ ဆုံးဖြတ်ချက် ချကြမည် ဖြစ်သည်။
သူသည် မိမိ၏ ဝိညာဉ်ကွင်းကို ရုပ်သိမ်းလိုက်ပြီးနောက် တတ်နိုင်သမျှ နူးညံ့သော လေသံဖြင့် ပြောဆိုလိုက်သည်။
“မိတ်ဆွေ... နင်ထျန်းလေး ပြောတာကို မင်းလည်း ကြားပြီးပြီပဲ…ငါတို့က ရန်သူတွေ မဟုတ်ကြပါဘူး”
“အသေးစိတ် အခြေအနေကို ဆွေးနွေးနိုင်ဖို့အတွက် ရတနာကိုးပါးဂိုဏ်းဆီကို လိုက်ပါခဲ့ပေးဖို့ ဖိတ်ခေါ်ပါတယ်… ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ... နင်ထျန်းလေးကို ငါ့လက်ထဲကို အရင် လွှဲပြောင်းပေးလို့ ရမလား… စောစောက စော်ကားမိတာရှိရင်လည်း ခွင့်လွှတ်ပေးပါဦး”
သူမ၏ အဆင့်အတန်းကို အသေအချာ အတည်ပြုပြီးပြီဖြစ်ရာ... ယွီဝူယီအနေဖြင့်လည်း သူမ၏ ဘေးကင်းလုံခြုံရေးအတွက် ထပ်မံ စိုးရိမ်နေစရာ မလိုတော့ပါ။
သူတို့၏ တောင်းဆိုချက်ကလည်း အလွန်ပင် သဘာဝကျလှသည်။
“နားလည်ပါပြီ” စက်မှုပေါင်းစပ်အသံက မည်သည့်ခံစားချက်မျှမပါဘဲ ပြန်လည်ဖြေကြားလိုက်သည်။
ယွီဝူယီသည် နင်ထျန်းကို ပွေ့ချီထားရင်း ရန်ကျန့်ဝေ၏ အနီးသို့ ဖြည်းည်းချင်း ချဉ်းကပ်သွားခဲ့သည်။
“နင်ထျန်းလေး... ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့… ဒီအလုပ်အတွက် ပေးရမယ့် အဖိုးအခကိုတော့... ငါ့ရဲ့ ဝူယီ အထွေထွေလုပ်ငန်းဆိုင်အကြောင်းကို အများကြီး ကြော်ငြာပေးရုံနဲ့ တင် လုံလောက်ပါပြီ”
သူက မိမိ၏ ပင်ကိုယ်အသံအစစ်ကို သုံး၍ သူတို့နှစ်ဦးတည်းသာ ကြားနိုင်မည့် လေသံဖြင့် တိုးညင်စွာ ပြောဆိုလိုက်သည်။
ထို့နောက် နင်ထျန်းသည် မိမိ၏ ခန္ဓာကိုယ်လေး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး... ရင်းနှီးလှသော လေဟာနယ်ထဲတွင် ဝဲပျံနေသည့် ခံစားချက်က ပြန်လည် ရောက်ရှိလာတော့သည်။
ယွီဝူယီက သူမကို တိုက်ရိုက် လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။
သူမကို လွှင့်ပစ်လိုက်သည့် တစ်ပြိုင်နက်တည်းမှာပင်... ယွီဝူယီ့ရဲ့ အင်ဂျင်တွန်းအားပေးစက်များအားလုံးက အမြင့်ဆုံးစွမ်းရည်ဖြင့် ပွင့်အံထွက်ပေါ်လာတော့သည်။
ဤအခြေအနေကတော့ တကယ့် ‘မီးတောက်တွန်းအားစနစ်’ အစစ်အမှန်ပင် ဖြစ်သည်။
ဝုန်း…
ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည် အသံ အတားအဆီးကို ငါးကြိမ်ဆက်တိုက် ဖောက်ထွက်ပစ်လိုက်ပြီး.. မီးတောက်ကြယ်တံခွန်ကြီးတစ်ခုအသွင်ဖြင့် နောက်သို့ လှည့်မကြည့်ဘဲ အဝေးသို့ ပျံသန်းကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။