အခန်း (၆) - ကောင်းကင်ထက်က စကားဝိုင်း
နင်ထျန်းသည် လုပ်ငန်းအပ်နှံမှုပုံစံပေါ်တွင် သူမ၏ လက်ဗွေကို နှိပ်လိုက်သည်နှင့် စာချုပ်က တရားဝင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ယွီဝူယီသည်လည်း ဆမ်အဖြစ် အသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်ကို ပြန်လည်ရရှိသွားခဲ့သည်။
“ကဲ... ဒါဆို ငါတို့ အခုပဲ ထွက်ခွာကြမလား”
“အင်... ဒါပေမဲ့ အခုက တော်တော် နောက်ကျနေပြီ မဟုတ်ဘူးလားဟင်”
ဆိုင်လေး၏ အပြင်ဘက်တွင်မူ သည်းထန်စွာ ရွာသွန်းနေသော မိုးက စဲသွားခဲ့ပြီဖြစ်ပြီး ဆိုင်ခေါင်မိုးစွန်းမှနေ၍ မိုးရေစက်များ မြေပြင်ပေါ်သို့ တောက်တောက် တောက်တောက်ဖြင့် ကျနေသည့် အသံသာ ကျန်ရှိတော့သည်။ ညဉ့်ဦးယံသည် ပြာလွင်သော ကောင်းကင်ယံထက်တွင် အမှောင်ထု လိုက်ကာကြီးကို ဆွဲချပစ်လိုက်ပြီ ဖြစ်သည်။
“ကိစ္စမရှိပါဘူး... ဒါနဲ့ မင်းက အမြင့်ကြောက်တတ်လား”
“မကြောက်ပါဘူး”
ယွီဝူယီက ဘာကြောင့် ဤမေးခွန်းကို မေးမှန်း မသိသော်လည်း နင်ထျန်းကတော့ အမှန်အတိုင်းပင် ပြန်လည် ဖြေကြားလိုက်သည်။
သူမတို့လို အသက်အရွယ်မျိုးတွင် အချိန်က အလွန်တန်ဖိုးရှိလှသည်မို့.. သူမအား ဝိညာဉ်ကွင်းရှာဖွေရန် လိုက်ပါပို့ဆောင်ပေးသူသည်လည်း သဘာဝကျကျပင် ပျံသန်းမှုစနစ် ဝိညာဉ်ကို ပိုင်ဆိုင်သည့် အစွမ်းထက် ဝိညာဉ်သခင်တစ်ဦး ဖြစ်ပေလိမ့်မည်။
မဟုတ်ပါက တျန်းတိုမြို့တော်မှ ကြယ်တာရာတောအုပ်ကြီးသို့ အသွားအပြန် ခရီးစဉ်က တစ်လမက ကြာမြင့်နိုင်သောကြောင့် ဖြစ်သည်။
“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့... သွားကြစို့”
ယွီဝူယီသည် ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်၏ တံခါးကို ဂျောက်ခနဲ မြည်အောင် သော့ခတ်လိုက်ပြီး “ယာယီပိတ်သည်” ဟူသော ဆိုင်းဘုတ်လေးကို ချိတ်ဆွဲလိုက်သည်။
“ဒါဆို... ငါတို့ လမ်းလျှောက်သွားကြမှာလား”
နင်ထျန်းက သူမ၏ ဝတ်ဆင်ထားသည့် “အဝတ်အစားစုတ်” များနှင့် ဗလာကျင်းနေသည့် ခြေဖဝါးလေးကို ငေးကြည့်ရင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသော်လည်း ဘာမှတော့ ဖွင့်မပြောခဲ့ပါ။
အစပိုင်းတွင်တော့ သူမသည် မိမိကိုယ်မိမိ ပြင်ဆင်ပြီးမှ.. သို့မဟုတ် အနည်းဆုံးတော့ မနက်ဖြန်မှ ထွက်ခွာကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယွီဝူယီက သူမထက်ပင် ပိုမိုလောကြီးနေပြီး အလျင်စလို ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။
‘ဒီလူက ကြည့်ရတာ ထင်သလောက်တော့ ပြီးပြည့်စုံတဲ့လူ မဟုတ်ဘူးပဲ...’ သူမက စိတ်ထဲကနေ တိုးတိုးလေး မကျေမနပ် ရေရွတ်လိုက်မိသည်။
“လမ်းလျှောက်မှာ ဟုတ်လား… မဟုတ်ပါဘူး... ငါတို့ လမ်းမလျှောက်ဘူး”
ယွီဝူယီက ဖိုင်ယာဖလိုင်း အသွင်ပြောင်းကိရိယာကို ထုတ်ယူလိုက်သည်။
လမ်းမလျှောက်ဘူး ဟုတ်လား ဒါဆို ဘယ်လိုသွားမှာလဲ။
နင်ထျန်းတစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး လုံးဝ ဉာဏ်မမီတော့ရှာပါ။
“ငါတို့ ပျံသန်းပြီး သွားမှာ”
ပြင်းထန်လှသော ထိုမီးတောက်မီးလျှံများ ထပ်မံ ပေါ်ထွက်လာပြီး ယွီဝူယီ့ခန္ဓာကိုယ်ကို ဝိုင်းရံပိတ်ဆို့သွားတော့သည်။
နင်ထျန်း၏ အံ့ဩမှင်သက်နေသော မျက်ဝန်းများအောက်တွင်ပင်... သူသည် ဆမ် စက်ရုပ်ကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဒါ... ဒါက ဘာကြီးလဲ။
“အဆင်သင့်ဖြစ်ပြီလား… ဒါဆို... ပျံတက်ကြစို့”
ယခုအကြိမ်တွင်မူ သူသည် ဆမ်၏ စက်မှုပေါင်းစပ်အသံကို မသုံးတော့ဘဲ မိမိ၏ ပင်ကိုယ်အသံအစစ်ကို သုံး၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နေ... နေပါဦး... အားးးးးးးးးးးးးးးး”
သူမဘက်က စိတ်ပြင်ဆင်ချိန်ပင်မရခင်မှာပဲ ယွီဝူယီက သူမကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီးသား ဖြစ်နေပြီ။
မီးတောက်တွန်းအားစနစ် စတင်စေ..
သူ့ကျောပြင်နှင့် ခြေဖဝါးအောက်ရှိ အင်ဂျင်တွန်းအားပေးစက်များဆီမှ ပြင်းထန်လှသော မီးတောက်များ ဝုန်းခနဲ ပွင့်အံထွက်ပေါ်လာတော့သည်။
ဝုန်း…
ဒုံးပျံတစ်စင်းအလား... ပြင်းထန်လှသော မြည်ဟည်းသံနှင့်အတူ ထိုနှစ်ဦးသည် ကောင်းကင်ယံထက်သို့ တိုက်ရိုက် ထိုးတက်သွားခဲ့ပြီး..
မီးတောက်ကြယ်တံခွန်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
လေထုအတားအဆီးကို ဖောက်ထွက်သည့် အသံလှိုင်းပေါက်ကွဲမှုကို ဖြစ်ပေါ်စေပြီးနောက် သူတို့သည် တျန်းတိုမြို့တော်ရှိရာ အရပ်မျက်နှာဆီသို့ ဦးတည် ပျံသန်းသွားကြတော့သည်။
နင်ထျန်းတစ်ယောက် သူ့ရင်ခွင်ထဲတွင် ကြောက်လန့်တုန်ရီနေသော်လည်း တစ်ကိုယ်လုံးတွင် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိသည်ကို မြင်တွေ့ရသည့်အခါမှ...
ယွီဝူယီလည်း ရင်ထဲက သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်သည်။
စနစ်မှာ ဒီလိုကာကွယ်မှုမျိုး ရှိလို့ တော်သေးသည်။ မဟုတ်ရင်တော့ ဤကောင်မလေးက အခုအချိန်မှာ အသက်ပျောက်နေလောက်ပြီ။
မည်သည့်ကာကွယ်မှုမျှမရှိဘဲ အသံထက်မြန်သော အရှိန်နှုန်း၏ ဝန်ပိမှုကို ခံရပါက... သူမသည် ဝိညာဉ်အကြီးအကဲအဆင့် ဖြစ်နေပါစေဦးတော့ ဘာမှတတ်နိုင်မည် မဟုတ်ပါ။
သူသည် ပျံသန်းခွင့်ရလို့ ပျော်ရွှင်စိတ်လှုပ်ရှားနေရုံဖြင့် မည်သည့်ပြင်ဆင်မှုမှမရှိဘဲ နင်ထျန်းကို ခေါ်ဆောင်လာခဲ့ခြင်း မဟုတ်ပါ။
သူ ဤကဲ့သို့ ရဲရဲတင်းတင်း လုပ်ဝံ့ခြင်းမှာ စနစ်တွင် စည်းကမ်းချက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
အိမ်ရှင်သည် အလုပ်အပ်နှံသူကို တိုက်ရိုက်ဖြစ်စေ.. သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နာကျင်အောင် မပြုလုပ်ရ။
တိုက်ရိုက်ဖြစ်စေ.. သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်အောင် မလုပ်ရဟု ဆိုခြင်းမှာ... ယွီဝူယီ့ကြောင့် ဖြစ်ပေါ်လာမည့် မည်သည့်လုပ်ရပ်ကမျှ အလုပ်အပ်နှံသူကို မထိခိုက်စေရဟု အဓိပ္ပာယ်ရသည်။
ဥပမာအားဖြင့် နင်ထျန်းက တောင်အောက်တွင်ရှိနေပြီး ယွီဝူယီက တောင်ပေါ်ကနေ မည်မျှပင်ကြီးမားသော ကျောက်တုံးကြီးကို လှိမ့်ချလိုက်ပါစေ... ထိုကျောက်တုံးက နင်ထျန်းကို အနည်းငယ်မျှပင် ထိခိုက်နာကျင်အောင် လုပ်နိုင်မည်မဟုတ်ပါ။
တကယ့်ကို “ဝယ်သူသည် ဘုရင်” ဆိုသည့်အတိုင်းပင်။
ဒါကြောင့် ယခု ယွီဝူယီ့ကြောင့် ဖြစ်ပေါ်လာသည့် အရှိန်နှုန်းနှင့် လေဖိအားများက နင်ထျန်းကို လုံးဝ မထိခိုက်နိုင်ခြင်း ဖြစ်သည်။
သို့သော် အကယ်၍ တစ်စုံတစ်ယောက်က ငါက ဝယ်သူဖြစ်သွားပြီဆိုတော့ ယွီဝူယီက ငါ့ကို ဘာမှလုပ်လို့မရတော့ဘူး ဟုတွေးကာ လာရောက်အသေခံမည်ဆိုပါက... ထိုသူသည် ဆိုးဝါးစွာ ခံစားရပေလိမ့်မည်။
အကြောင်းမှာ ယွီဝူယီသည် လုပ်ငန်းအပ်နှံမှုကို မိမိသဘောဖြင့် တစ်ဖက်သတ် ဖျက်သိမ်းပိုင်ခွင့်ရှိပြီး.. ထိုအချိန်ကျမှတော့ အသေခံမည့်သူသည် လုပ်ငန်းဆုလာဘ် ဆုံးရှုံးသွားရသည့် ယွီဝူယီ့ရဲ့ ဒေါသအမျက်ကို ခံစားရမည် ဖြစ်သည်။ စနစ်သည် အဆုံးစွန်တွင် သူ့ကိုသာ အကျိုးပြုတာမို့ သူ့ကို အရှုံးခံခိုင်းလိမ့်မည် မဟုတ်ပါ။
“အင်...”
နင်ထျန်းက မျက်ဝန်းလေးများကို အသာအယာ ဖွင့်ကြည့်လိုက်ရာ... သူမ မြင်တွေ့လိုက်ရသည်က အဖြူရောင် စက်ရုပ်ရင်ဘတ်ချပ်ကာကြီး ဖြစ်သည်။
‘ငါ... ငါဘာမှမဖြစ်ဘူးလား'
ပြင်းထန်လှသော လေပြင်းများက သူမ၏ မျက်နှာကို ဖြတ်တိုက်နေသော်လည်း မွန်းကြပ်မှုကို မခံစားရဘဲ ပုံမှန်အတိုင်း အသက်ရှူနိုင်ဆဲ ဖြစ်သည်။
“ကြောက်သွားပြီလား”
ယွီဝူယီ့ရဲ့ နောက်ပြောင်ကျီစယ်လိုသော အသံက နားထဲသို့ တိုးဝင်လာတာမို့... သူမသည် စက်ရုပ်၏ ဦးခေါင်းပိုင်းဆီသို့ အလိုလို လှမ်းကြည့်လိုက်မိသည်။
သူမ မြင်တွေ့ရသည်က အေးစက်လှသော မျက်နှာဖုံးချပ်ကာသာ ဖြစ်သော်လည်း... ထိုမျက်နှာဖုံးအနောက်က လူငယ်လေးရဲ့ ဂုဏ်ယူဝင့်ကြွားနေမည့် မျက်နှာအမူအရာကို တစ်ဆင့်ခံ မြင်တွေ့နေရသလိုမျိုး ခံစားလိုက်ရသည်။
“ဟွန့်”
နင်ထျန်းက မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပုံစံ ပြုလုပ်လိုက်သည်။
လူဆိုးကြီး... ကလေးကို နှိပ်စက်ရတာကိုပဲ သဘောကျနေတယ်။
ဒါပေမဲ့... သူမက ယွီဝူယီကို အလိုလို ခိုးကြည့်လိုက်မိပြန်သည်။
‘သူက တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ ဒီသံချပ်ကာကြီးက ဝိညာဉ်စက်မှုကိရိယာလား။
ဒါပေမဲ့ ဆရာမက ဒီလိုပုံစံမျိုး ရှိတယ်လို့ တစ်ခါမှ မပြောဖူးပါဘူး။
သူကိုယ်တိုင် တည်ဆောက်ထားတာလား မသိဘူး'
‘ပြီးတော့ ဒီလောက်အရှိန်ပြင်းပြင်းနဲ့ သွားနေတာတောင်... ငါဘာမှ မခံစားရဘူး'
‘အရင်က စီနီယာ တွေကတော့ တွန်းအားကို ခုခံနိုင်ဖို့ သူ့တို့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ငါ့ကို အကာအကွယ်ပေးခဲ့ရတာ... ဒါပေမဲ့ အခုတော့ ဘာဝိညာဉ်စွမ်းအားရဲ့ အရိပ်အယောင်မှ မရှိဘူး'
ဤဆန်းပြားလှသော အဖြစ်အပျက်များနှင့်အတူ မေးခွန်းပေါင်းများစွာက စိတ်ထဲတွင် မှိုလိုပေါက်ထွက်လာတော့သည်။
နင်ထျန်းက အသက် ၁၁ နှစ်သာ ရှိသေးသော်လည်း ဗဟုသုတကတော့ အတော်အတန် ကြွယ်ဝသူ ဖြစ်သည်။ ထို့ကြောင့် ယွီဝူယီသည် သူမ၏မျက်ဝန်းထဲတွင် ပိုမို၍ လျှို့ဝှက်ဆန်းကြယ်လာတော့သည်။
ရုတ်တရက်... သူမ ပြဿနာတစ်ခုကို သတိပြုမိသွားသည်။
သူမသည် အခုထက်ထိ သူ့ရဲ့ နာမည်ကို မသိသေးပါလား။
“ဒါနဲ့... အစ်ကိုကြီးရဲ့ နာမည်ကို ပြောပြလို့ ရမလားဟင်”
“အင်... ငါ့နာမည်လား”
‘ရှင်မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ…ဒီကောင်းကင်ပေါ်မှာ ငါတို့နှစ်ယောက်ထဲ ရှိတာကို' နင်ထျန်းက စိတ်ထဲကနေ အလိုလို ညည်းတွားလိုက်မိသည်။
ယွီဝူယီကတော့ သူမ၏ ဆွံ့အသွားသော မျက်နှာအမူအရာကို သဘာဝကျကျ မြင်တွေ့လိုက်ရတာမို့ ပြုံးပြီး ပြန်လည် ဖြေကြားလိုက်သည်။
“နောက်တာပါ... ငါ့နာမည်က ‘ယွီဝူယီ’ လို့ ခေါ်ပါတယ်။
ယွီ ဆိုတာက ရေထဲမှာ ကူးခတ်နေတဲ့ ငါးကို ပြောတာဖြစ်ပြီး... ဝူယီ ဆိုတာကတော့ ‘အတိတ်မေ့လျော့ခြင်း’ လို့ အဓိပ္ပာယ်ရတယ်”
ငါး... အတိတ်မေ့လျော့ခြင်း... တကယ့်ကို ထူးဆန်းတဲ့ နာမည်ပဲ။
ဒါပေမဲ့ ဒီနာမည်က သူ့အတွက်တော့ သင့်တော်လှသည်ဟု ဆိုရမည်။
အကြောင်းမှာ သူ့ရဲ့ ရုပ်ရည်က ထူးဆန်းနေရုံတင်မကဘဲ သူ့ရဲ့ တစ်ကိုယ်လုံးကပါ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
“ဒီနာမည်က တစ်ခုခု မှားနေလို့လား”
‘ဒီကောင်မလေးက စိတ်ထဲကနေ ငါ့ကို မကောင်းကြံစည်နေတာတော့ မဟုတ်ပါဘူးနော်…ငါ့နာမည်ကို ကြားပြီးကတည်းက တိတ်ဆိတ်သွားတာပဲ'
‘ဒါက ငါ့ဘာသာငါ အကြာကြီး စဉ်းစားပြီး ပေးထားတဲ့ နာမည်ပဲကို'
‘မဟုတ်သေးပါဘူး... သိပ်ပြီးတော့လည်း မကြာပါဘူး'
‘အား... ငါးဟင်းစားချင်စိတ် ပေါ်လာတုန်းက အလွယ်တကူ စဉ်းစားလိုက်မိတဲ့ နာမည်ပဲ ဟုတ်ပါရဲ့...’
“မဟုတ်ပါဘူး... သမီးက ဒီလိုမျိုး မျိုးရိုးနာမည်ကို တစ်ခါမှ မကြားဖူးလို့ပါ”
နင်ထျန်းကတော့ စောစောက စိတ်ထဲက အတွေးကို အမှန်အတိုင်း ဖွင့်ပြောဝံ့ပါ့မလား။
မဟုတ်ပါက ဒီလူဆိုးကြီးက သူမကို ဒီကောင်းကင်ပေါ်ကနေ အောက်သို့ ပစ်ချလိုက်လျှင် ဒုက္ခ။
စောစောက သူက နွေးထွေးပျော့ပျောင်းပြနေခဲ့သော်လည်း... သူမစိတ်ထဲတွင်တော့ ထိုကဲ့သို့သော အရာမျိုးကို သူ အသေအချာ လုပ်ဝံ့လိမ့်မည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
“အော်... ဒါကြောင့်ကိုး… ငါ့ရဲ့ မျိုးရိုးက တကယ့်ကို ရှားပါးလွန်းလို့ ဖြစ်မှာပါ... ဟားဟား”
ယွီဝူယီက မိမိ၏ ထိတ်လန့်မှုကို ဖုံးကွယ်ရန်အတွက် ချက်ချင်းပင် ရယ်မောလိုက်တော့သည်။
‘သွားပြီ.. ငါ နာမည်ပေးတုန်းက ဒီလောက်အထိ ထည့်မစဉ်းစားမိခဲ့ဘူး… သူမ တစ်ခုခုကို ရိပ်မိသွားတာတော့ မဟုတ်ပါဘူးနော်'
‘ငါက အခုမှ အလုပ်စလုပ်တာဖြစ်ပြီး... ဆမ်ရဲ့ စွမ်းရည်ကြောင့် သာမန်ရန်သူတွေကို မကြောက်ရဘူးဆိုပေမယ့်.. လုပ်ငန်းအပ်နှံမှုက အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးလေ'
‘အကယ်၍ ငါ့မှာ လုပ်ငန်းမရှိတဲ့ အချိန်ကျမှ ရန်သူတွေက လိုက်ရှာလာရင်... ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်ထဲမှာ ဘယ်လောက်ပဲ ထာဝရ အကာအကွယ် ရှိနေပါစေဦးတော့.. ဆိုင်ထဲမှာပဲ ပိတ်မိနေမှာ မဟုတ်ဘူးလား'
‘အခုချက်ချင်းပဲ လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းပြီး... သူမကို အောက်ကို ပစ်ချလိုက်ရမလား'
‘ဘာပဲဖြစ်ဖြစ် ဒီလောက်အမြင့်ကနေ ပစ်ချလိုက်ရင် ငါလုပ်တာလို့ ဘယ်သူမှ သိမှာမဟုတ်ဘူး'
သို့သော် နင်ထျန်း၏ ညစ်ပတ်ပေရေနေသော မျက်နှာလေးနှင့် စုတ်ပြဲနေသည့် အဝတ်အစားလေးကို မြင်တွေ့လိုက်ရသည့်ခဏ... ထိုကြောက်စရာကောင်းသော အတွေးများက ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
“ထားလိုက်ပါတော့...”
‘ငါ လမ်းကြုံရင်တော့ တံတားဆောက်ရမှာပဲ။ အချိန်တန်ရင်တော့ နည်းလမ်း ရှိလာမှာပါ။ ဒီလို မရေရာတဲ့ ကိစ္စတစ်ခုအတွက်နဲ့ ကလေးမလေးတစ်ယောက်ကို ဒုက္ခပေးမယ်ဆိုရင်... ငါကလည်း အဲဒီမှောင်ခိုလေလံအိမ်က လူတွေနဲ့ ဘာထူးတော့မှာလဲ'
‘ထားလိုက်ပါတော့…ဘာကို ထားလိုက်ရမှာလဲ…ဘာဖြစ်လို့လဲ'
နင်ထျန်းသည် ယွီဝူယီ့ရဲ့ ရုတ်တရက် ထွက်ပေါ်လာသည့် အဓိပ္ပာယ်မရှိသော စကားလုံးကြောင့် မှင်သက်သွားရပြန်သည်။
သူက စကားပြောရင် တကယ့်ကို အဓိပ္ပာယ်ဖွင့်ရ ခက်လွန်းတယ်... တကယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပါပဲ။