အခန်း (၅) - လုပ်ငန်းအပ်နှံမှုအသစ်
ဒါက တကယ့်ကို အံ့ဩမှင်သက်စရာ ကောင်းလှတဲ့ အတွေ့အကြုံတစ်ခုပါပဲ။
အသေးစိတ်အချက်အလက်တွေ အများကြီးကို ညှိနှိုင်းဖို့ လိုအပ်နေသေးပေမယ့်.. အကယ်၍ ဒီအကြောင်းအရာကို ရုပ်ရှင်အဖြစ်သာ ရိုက်ကူးလိုက်မယ်ဆိုရင်တော့ တကယ့်ကို လူကြိုက်များတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ။
ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရတဲ့ ကလေးငယ်လေးတစ်ယောက်က သူမရဲ့ ကံကြမ္မာပါရမီရှင်နဲ့ ဆုံတွေ့ရသလိုမျိုးပေါ့။ ယွီဝူယီ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိ ဒီလိုအရာတွေကို လျှောက်တွေးနေမိသည်။
ဒါပေမဲ့ အခုအချိန်မှာ ပိုပြီးအရေးကြီးတာက သူမ ဘာဆက်လုပ်မလဲဆိုတာပါပဲ။
“ကဲ... မင်းရဲ့ အဖိုးအခကိုတော့ ငါ လက်ခံရရှိပါပြီ”
“ဒါဆို... နောက်ထပ် မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲ” သူက ညင်သာစွာ မေးမြန်းလိုက်သည်။
“အစ်ကိုကြီးက သမီးရဲ့ အဆင့်အတန်းကို ကြားရတာတောင် ဘာလို့ နည်းနည်းမှ အံ့ဩမသွားတာလဲဟင်”
နင်ထျန်းက အနည်းငယ် ဝေခွဲမရဖြစ်နေရှာသည်။
အကြောင်းမှာ သူမရဲ့စိတ်ထဲတွင်တော့ သူမရဲ့ အဆင့်အတန်းကို ကြားရတဲ့သူတိုင်းဟာ အံ့ဩတုန်လှုပ်ကြတာ.. ဒါမှမဟုတ် ဖားကြတာမျိုးပဲ ရှိတတ်ကြပြီး... ရာထူးအာဏာရှိတဲ့ လူကြီးလူကောင်းတွေတောင်မှ အနည်းနဲ့အများတော့ စိတ်လှုပ်ရှားမှုကို ပြသတတ်ကြသောကြောင့် ဖြစ်သည်။
သို့သော် ယွီဝူယီ့ထံတွင်မူ ထိုကဲ့သို့သော အရိပ်အယောင်မျိုး လုံးဝမတွေ့ရဘဲ.. သူမရဲ့ အဆင့်အတန်းကို အစကတည်းက ကြိုတင်သိရှိနေသကဲ့သို့ တည်ငြိမ်လွန်းနေသည်။
“အင်... မင်းရဲ့ အဆင့်အတန်းကို ပြောတာလား”
“ဟဟ... ဒါကတော့ ငါ အစကတည်းက သိပြီးသားပါ..ငါတို့ရဲ့ ‘ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်’ က သေးငယ်တယ်ဆိုပေမယ့်.. စွမ်းဆောင်ရည်ကတော့ သေးသေးလေး မဟုတ်ဘူးနော်”
“မင်းဘက်ကသာ ထိုက်တန်တဲ့ အဖိုးအခကို ပေးနိုင်မယ်ဆိုရင်... ကောင်းကင်က ကြယ်တွေကိုတောင် ဆွတ်ခူးပေးဖို့ ငါ အဆင်သင့်ပဲ”
ယွီဝူယီကတော့ စောစောက စနစ်ရဲ့ စစ်ဆေးခြင်းလုပ်ဆောင်ချက်ကို သုံးပြီးမှ သိခဲ့ရတာပါလို့ သူမကို အမှန်အတိုင်း ပြောပြလိမ့်မည် မဟုတ်ပါ။
ထို့အပြင် သူသည် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံမျိုးကိုလည်း လိုအပ်နေသေးသည်။
လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပြီး သာမန်ထက်ထူးကဲတဲ့ အရာတွေကို လုပ်ဆောင်နိုင်မှသာ တစ်ဖက်လူက သူ့ကို ပိုမိုလွယ်ကူစွာ လက်ခံလာနိုင်မည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပဲ... ကွယ်ရာကနေ ချောင်းမြောင်းကြည့်ရှုနေသူတွေကိုလည်း သတိထား တုံ့ပြန်နိုင်စေမည် ဖြစ်သည်။ (အခုအချိန်မှာတော့ အဲဒီလိုလူမျိုး မရှိသေးပေမယ့်ပေါ့)
‘သူက ငါ့ရဲ့ အဆင့်အတန်းကို အစကတည်းက သိနေတာတောင်မှ... တောင်းဆိုတဲ့ အဖိုးအခက ငါ့ရဲ့ နှုတ်ကနေ ကိုယ်တိုင်ပြောပြဖို့ပဲ ဖြစ်နေတယ်'
‘ဒါက... သူက ငါ့အတွက် ရန်သူတွေကို အလကား သက်သက် ရှင်းပေးခဲ့ပြီး.. မှောင်ခိုလေလံအိမ်ကိုပါ ရန်သူအဖြစ် အလိုလို ပြုလုပ်လိုက်တာ မဟုတ်ဘူးလား’
‘သူက ဘာဖြစ်လို့ အခုမှ စတွေ့တဲ့လူတစ်ယောက်အတွက် ဒီလောက်အထိ အနစ်နာခံပေးရတာလဲ’
‘မဟုတ်ဘူး... သူက ငါ့ရဲ့ နောက်ကြောင်းကို ကြိုသိနေတာဆိုတော့... ဂိုဏ်းကြောင့်များလား'
သို့သော် သူမသည် ဤအတွေးကို ချက်ချင်းပင် ပြန်လည်ဖျောက်ဖျက်လိုက်မိသည်။
အကြောင်းမှာ ဤလူငယ်လေး၏ မျက်ဝန်းများဆီမှ တစ်ဆင့် မည်သည့်မရိုးသားမှုမျှ မပါဝင်ဘဲ လွန်စွာကြည်လင်အေးချမ်းနေသည့် အရိပ်အယောင်ကိုသာ မြင်တွေ့ရသောကြောင့် ဖြစ်သည်။
ကွဲပြားခြားနားသော မျက်လုံးအရောင်နှစ်ခုစလုံးတွင် ဖြူစင်မှုတစ်ခုသာ အထင်အရှား ရှိနေသည်။
“ကျေးဇူး... ကျေးဇူးအများကြီး တင်ပါတယ်”
နင်ထျန်းက သူမ တတ်နိုင်သမျှ အကျယ်ဆုံးနဲ့ အစစ်မှန်ဆုံး လေသံလေးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ငိုထားလို့ နီရဲနေတဲ့ သူမရဲ့ မျက်ဝန်းလေးတွေနဲ့ စိတ်ခံစားချက်ကို အတင်းအကျပ် ထိန်းချုပ်နေရတဲ့ ပုံစံလေးက တကယ့်ကို အသည်းယားစရာ ကောင်းလွန်းလှသည်။
‘မျက်စိပဒေသာ ဖြစ်စေတဲ့အတွက် ကျေးဇူးပါပဲကွာ'
ယွီဝူယီကတော့ စိတ်ထဲကနေ ခိုးပြီး ကျေးဇူးတင်နေမိသည်။
သို့သော် အပြင်ပန်းတွင်မူ လူကြီးလူကောင်း ပုံစံအတိုင်း မပျက်မကွက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သူက ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ... ပန်းကန်ပြားကြီးတစ်ခုပေါ်တွင် တင်ထားသည့် ကိတ်မုန့်တစ်ခုက လေထုထဲမှနေ၍ သူ့လက်ထဲသို့ ရုတ်တရက် ပေါ်ထွက်လာပြီး.. ၎င်းကို နင်ထျန်း၏ ရှေ့သို့ တွန်းပေးလိုက်သည်။
ထို့နောက် ဘယ်ဘက်လက်ကို မျက်လှည့်ပြသကဲ့သို့ ခါလိုက်ရာ... ခက်ရင်းတစ်ခု ပါလာပြီး ၎င်းကို ပန်းကန်ပြား၏ ဘေးတွင် အသာအယာ ချထားပေးလိုက်သည်။
“မိုးထဲရေထဲမှာ ပုန်းအောင်းနေရတာဆိုတော့ ဗိုက်ဆာနေရောပေါ့… ဒါပေမဲ့ ငါတို့ဆိုင်က ဖျော်ရည်နဲ့ အချိုပွဲပဲ ရတာမို့... ဧည့်ဝတ်မကျေတာကို ခွင့်လွှတ်ပေးပါဦး”
“မ... မဟုတ်တာ... မဟုတ်ရပါဘူး.. ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
နင်ထျန်းက ခေါင်းကို ခါယမ်းလိုက်ရင်း... လက်ချောင်းလေးတွေနဲ့ ခက်ရင်းကို ကောက်ကိုင်ကာ ကိတ်မုန့်ကို တစ်လုတ် စားလိုက်သည်။
ခရင်မ်တွေက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး.. ချိုမြိန်သော်လည်း သမ်းအီမနေဘဲ နို့နံ့သင်းသင်းလေးက လျှာပေါ်တွင် ကျန်ရစ်ခဲ့သည်။ မုန့်သားကလည်း နူးညံ့အိစက်နေပြီး ဂျုံနံ့သင်းသင်းလေးကိုပါ ခံစားရစေသည်။
“အရမ်း... အရမ်းစားလို့ကောင်းတာပဲ...”
သူမက စိတ်ထဲက အတွေးကို အလိုလို နှုတ်ကနေ ဖွင့်ဟမိသွားရှာသည်။
အကျဉ်းထောင်ထဲမှာ ရှိနေတုန်းကတော့ သူမသည် အခြားအကျဉ်းသားတွေနည်းတူ စားသောက်ခဲ့ရတာ ဖြစ်သည်။
မာကြောပြီး မြိုရခက်လှတဲ့ ပေါက်စီအစုတ်တွေ.. ပေါ့ပျက်ပျက် အချဉ်ဖတ်တွေ စသည်ဖြင့်ပေါ့။
ဒါပေမဲ့ အသက်ရှင်သန်နိုင်ဖို့အတွက်သာ ရင်ထဲမှာ ဘယ်လောက်ပဲ အော့အန်ချင်နေပါစေ အတင်းအကျပ် မြိုချခဲ့ရခြင်း ဖြစ်သည်။
အခုလို အရသာရှိလှတဲ့ အရာမျိုးကို ပြန်လည်စားသောက်ခွင့်ရတဲ့အခါ... ဖော်ပြမတ်တတ်အောင် ခံစားရတဲ့ စိတ်အာရုံတစ်ခုက ရင်ထဲသို့ တိုးဝင်လာတော့သည်။
စောစောကမှ စဲသွားခဲ့တဲ့ မျက်ရည်တွေကလည်း အလိုလို ပြန်လည် ဝဲတက်လာရပြန်သည်။
သူမသည် ငေးငေးငိုင်ငိုင်ဖြင့် ကိတ်မုန့်ကို တစ်လုတ်ချင်း ကိုက်စားရင်း... မိမိ၏ စိတ်ခံစားချက်များထဲတွင်သာ နစ်မြောနေမိတော့သည်။
ဒီလိုအခြေအနေမျိုးမှာတော့ သူမကို စိတ်ကြိုက် ငိုချခွင့်ပေးလိုက်တာက အကောင်းဆုံးပါပဲ။
ကြီးကျယ်ခမ်းနားတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်က ဒီလိုဆိုးဝါးတဲ့ ဒုက္ခတွေကို ရုတ်တရက် ကြုံတွေ့လိုက်ရတာမို့ စိတ်ဒဏ်ရာတွေကို အပြင်ထုတ်ပစ်ဖို့ လိုအပ်သည်။
အကယ်၍ ရင်ထဲမှာပဲ အတင်းအကျပ် ဖိနှိပ်ထားမယ်ဆိုရင်တော့... နောက်ပိုင်းမှာ စိတ်မိစ္ဆာတွေ ဝင်ရောက်လာပြီး လမ်းမှားသို့ ရောက်ရှိသွားစေနိုင်သည်။
ယွီဝူယီကတော့ လူမသိသူမသိ လှည့်ထွက်သွားပြီး... ဝိုင်စင်ဆီသို့ ဦးတည်ကာ ၎င်းကို စီစဉ်နေဟန် ပြုလုပ်ရင်း စနစ်ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို သေချာစွာ ထိုင်ဖတ်နေလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးက မိမိတို့ အလုပ်နှင့်မိမိတို့ အာရုံစိုက်နေကြတော့သည်။
ကိတ်မုန့်တစ်ခုလုံး ကုန်စင်သွားတဲ့အချိန်ကျမှသာ နင်ထျန်းတစ်ယောက် စိတ်ခံစားချက်တွေထဲကနေ ပြန်လည် နိုးထလာခဲ့သည်။
သူမက ခရင်မ်အနည်းငယ်သာ ကျန်တော့တဲ့ ပန်းကန်ပြားလေးကို ကြည့်လိုက်ပြီးနောက်... ဝိုင်စင်ကို စီနေတဲ့ ငွေရောင်ဆံပင်ပိုင်ရှင် ကျောပြင်ကြီးကို လှမ်းငေးကြည့်လိုက်မိသည်။
သူမရဲ့ ရင်ထဲမှာ ထူးခြားတဲ့ ခံစားချက်အချို့ ပေါ်ပေါက်လာရပြန်သည်။
‘သူက ငါ့ထက် အသက်နည်းနည်းပဲ ကြီးတာကို... ဘာလို့ ဒီလောက်တောင် ရင့်ကျက်တည်ငြိမ်နေရတာလဲ'
‘သူ့ရဲ့ လုပ်ရပ်တိုင်းက စေ့စပ်သေချာလွန်းပြီး... ငါ့ရဲ့ ခံစားချက်ကိုလည်း အထူးပဲ ငဲ့ညှာပေးတယ်။ ငါဘာလိုအပ်နေလဲဆိုတာကိုလည်း ကောင်းကောင်းသိတယ်...’
‘ပြီးတော့ ဒီလောက်ကြီးတဲ့ ဆိုင်ကြီးကိုလည်း သူတစ်ယောက်တည်း ဦးစီးနေတာပဲ...’
ရတနာကိုးပါးဂိုဏ်းရဲ့ ဂိုဏ်းသမီးပျိုတစ်ယောက်အနေနဲ့... သူမသည် ပါရမီရှင် လူငယ်အမြောက်အမြားကို မြင်ဖူးခဲ့တာ ဖြစ်သည်။
သူမနဲ့ သက်တူရွယ်တူတွေရော.. ယွီဝူယီနဲ့ သက်တူရွယ်တူ လူငယ်တွေကိုပါ အများကြီး တွေ့ဖူးခဲ့သည်။ ထိုလူအများစုက ယွီဝူယီ့ထက် အရပ်အမောင်း ပိုမိုမြင့်မားကြသည်။
(ယွီဝူယီ - နင် တော်တော် ယဉ်ကျေးတတ်တာပဲနော်)
ရုပ်ရည်ချောမောလှပတဲ့ လူငယ်တွေလည်း အများကြီး ရှိခဲ့သော်လည်း... ဘယ်သူကမှ ယွီဝူယီ့လို ခံစားချက်မျိုးကို သူမအား မပေးစွမ်းနိုင်ခဲ့ကြပါ။
သူ့ရဲ့ စေ့စပ်သေချာတဲ့ အကဲခတ်မှု.. နားလည်လွယ်တဲ့ စကားလုံးတွေ.. ညင်သာပျော့ပျောင်းတဲ့ မျက်နှာအမူအရာနဲ့ ပြောတဲ့အတိုင်း တသေဝမတိမ်း လုပ်ဆောင်တတ်တဲ့ အမူအကျင့်တွေ... စတဲ့ အချက်တွေက ယွီဝူယီ့ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
နင်ထျန်းရဲ့ မျက်ဝန်းထဲမှာတော့ ဤလူငယ်လေးဟာ မွန်းတည့်ချိန်က နေမင်းကြီးလိုပဲ တောက်ပလွန်းနေတော့သည်။
“နောက်ထပ် တစ်ခု ထပ်စားဦးမလား”
ယွီဝူယီက စနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ဖတ်ရှုလို့ ပြီးသွားတာမို့ လှည့်အကြည့်... နင်ထျန်းရဲ့ မျက်ဝန်းတွေနဲ့ ကွက်တိ ဆုံသွားတော့သည်။
နင်ထျန်းတစ်ယောက် လျှပ်စစ်ဓာတ်လိုက်သွားသလိုမျိုး ရုတ်တရက် ခေါင်းငုံ့ပစ်လိုက်ပြီး... အနည်းငယ် ပြန်လည်ကောင်းမွန်လာတဲ့ ပါးပြင်လှလှလေးနှစ်ဖက်ပေါ်တွင် ပန်းရောင်သန်း တက်လာရပြန်သည်။
“အင်... ဘာဖြစ်လို့လဲ…ဘယ်နားက နေမကောင်းဖြစ်နေသေးလို့လဲ”
သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။
ငါ့ရဲ့ ကိတ်မုန့်ထဲမှာ ဘာမှလည်း ထည့်မထားပါဘူး။
“ဘာ... ဘာမှမဟုတ်ပါဘူး... အစ်ကိုကြီးရဲ့ ကိတ်မုန့်က အရမ်းစားလို့ကောင်းလို့ပါ”
နင်ထျန်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း... ရင်ထဲက တုန်လှုပ်မှုကို အတင်းအကျပ် ထိန်းချုပ်ကာ ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစားလိုက်သည်။ သူမ ခေါင်းပြန်မော့လာတဲ့ အချိန်တွင်မူ ပါးပြင်ပေါ်က ပန်းရောင်တွေက ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
သူမရဲ့ စိတ်ဓာတ်ထိန်းချုပ်နိုင်စွမ်းက တကယ့်ကို အားကျစရာ ကောင်းလှပြီး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
အခုအချိန်မှာ သူမက အသက် ၁၀ နှစ်သာ ရှိသေးတာဖြစ်ပြီး.. သုန့်လော်တိုက်ကြီးပေါ်က လူတွေက ပျမ်းမျှအားဖြင့် စောစောစီးစီး ရင့်ကျက်တတ်ကြတယ်ဆိုရင်တောင်မှ... သူမရဲ့ ဤကဲ့သို့သော စိတ်ဓာတ်ထိန်းချုပ်နိုင်စွမ်းက အထူးပဲ ထူးချွန်လွန်းနေသည်ဟု ဆိုရမည်။
သူမက ဖွင့်မပြောတာကြောင့် ယွီဝူယီကလည်း ထပ်ပြီး မမေးတော့ပါ။
သူက ကောင်တာရှေ့သို့ ပြန်လည်လျှောက်လှမ်းလာပြီး သူမရဲ့ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။
“ဒါဆို... နောက်ထပ် မင်း ဘာလုပ်ဖို့ စိတ်ကူးရှိလဲ”
ယခုအကြိမ်တွင်မူ ဝယ်သူတစ်ယောက်ကို ဆက်ဆံသလိုမျိုး မဟုတ်တော့ဘဲ... သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက်ကို ဆက်ဆံသလိုမျိုး လေသံဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
နင်ထျန်းရဲ့ မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးသွားပြီး... စိတ်ကူးတစ်ခုခု ရှိနေပုံရသော်လည်း တွေဝေနှောင့်နှေးနေဟန် တူသည်။
နောက်ဆုံးတွင်မူ သူမက ဖွင့်ဟပြောဆိုလာတော့သည်။
“သမီးမှာ တောင်းဆိုချင်တဲ့ အလုပ်တစ်ခု ရှိပါတယ်... ဒါပေမဲ့ အစ်ကိုကြီးဘက်က...”
သူမက စိတ်ကူးရှိသော်လည်း ယွီဝူယီက ထိုအရာကို လုပ်ဆောင်ပေးနိုင်ပါ့မလားဆိုတာ မသေချာတာကြောင့် စကားကို ဆုံးအောင် မပြောဝံ့ခြင်း ဖြစ်သည်။
“စောစောက ငါပြောခဲ့တဲ့ စကားကို မေ့သွားပြီလား”
“ငါတို့ရဲ့ ဝူယီ အထွေထွေလုပ်ငန်း ဆိုင်က သေးငယ်တယ်ဆိုပေမယ့်.. ဘာလိုလို ရတယ် စွမ်းဆောင်ရည်က သေးသေးလေး မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ”
“မင်းဘက်ကသာ ထိုက်တန်တဲ့ အဖိုးအခကို ပေးနိုင်မယ်ဆိုရင်... ကောင်းကင်က ကြယ်တွေကိုတောင် ဆွတ်ခူးပေးဖို့ ငါ အဆင်သင့်ပဲ”
“မင်းက ငါ့စကားကို နောက်ပြောင်နေတာလို့ ထင်နေတာလား”
ယွီဝူယီက ယုံကြည်မှုအပြည့် ရှိနေသည့် အပြုံးတစ်ခုကို ပြသလိုက်သည်။
နင်ထျန်းတစ်ယောက် ခေတ္တမျှ မှင်သက်သွားရသည်။
သူမ ထိုစကားကို အသေအချာ ကြားခဲ့ရတာဖြစ်သော်လည်း... အစပိုင်းမှာတော့ သူက သူမကို နှစ်သိမ့်ပေးဖို့သက်သက် ပြောတာလို့ပဲ ထင်မှတ်ခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ အခုအချိန်မှာတော့ လူငယ်လေးရဲ့ ယုံကြည်မှုအပြည့်ရှိနေတဲ့ အမူအရာကို မြင်တွေ့လိုက်ရတဲ့အခါ... သူမရဲ့ ရင်ထဲမှာ ဘာကြောင့်မှန်းမသိ သတ္တိတွေ ပိုမို ဖြစ်ပေါ်လာရသည်။
‘အကယ်၍ သူသာဆိုရင်... တကယ့်ကို လုပ်ပေးနိုင်လိမ့်မယ် ထင်တယ်...’
‘မဟုတ်ဘူး... သူက အသေအချာကို လုပ်ပေးနိုင်လိမ့်မယ်'
မရည်ရွယ်ဘဲနှင့်ပင်... ဒီလိုတိုတောင်းလှတဲ့ အချိန်အတောအတွင်းမှာ ယွီဝူယီက နင်ထျန်းရဲ့ နှလုံးသားထဲမှာ ဖျောက်ဖျက်မရနိုင်တဲ့ စွဲလမ်းမှုတစ်ခုကို ထင်ကျန်စေခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့ ဒါကလည်း သဘာဝကျပါတယ်လေ... နင်ထျန်းလို အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတဲ့သူ ဘယ်သူမဆို ယွီဝူယီ့ရဲ့ ဒီလိုနွေးထွေးတဲ့ တုံ့ပြန်မှုတွေအောက်မှာ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား။
“သမီး... လုပ်ငန်းတစ်ခု အပ်နှံချင်ပါတယ်” နင်ထျန်းရဲ့ လေသံက ပြတ်သားပြီး ကြည်လင်နေသည်။
“ကောင်းပါပြီ... ဒါဆို မင်း အပ်နှံချင်တဲ့ အလုပ်က ဘာဖြစ်မလဲ” ယွီဝူယီက စိတ်အေးသွားသည့် အပြုံးတစ်ခုကို ပြသလိုက်သည်။
“သမီးကို... ရတနာကိုးပါးဂိုဏ်းဆီ ပြန်ပို့ပေးပါ”