အခန်း (၄) - စနစ် အပြည့်အဝ နိုးထလာခြင်း
နင်ထျန်း ဟုတ်လား ဘယ်နင်ထျန်းလဲ.. ငါတွေးနေတဲ့ တစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်။
မူရင်းဝတ္ထုကို ဖတ်ဖူးထားတဲ့ ယွီဝူယီကတော့ ဒီနာမည်က ဘာကိုကိုယ်စားပြုလဲဆိုတာ အသေအချာ သိတာပေါ့။
အစွမ်းထက်ဆုံး အထောက်အပံ့ ဝိညာဉ်ဖြစ်တဲ့ ရတနာခုနှစ်ပါးမျှော်စင်’ ရဲ့ ပိုင်ရှင်.. ရတနာကိုးပါးဂိုဏ်း ရဲ့ ဂိုဏ်းသမီးပျိုအပြင်... အသက် ၁၂ နှစ်နဲ့တင် ဝိညာဉ်ကွင်းသုံးကွင်းပိုင် ဝိညာဉ်အကြီးအကဲအဆင့်ကို ရောက်ရှိပြီး ရှီလိုင်ခဲ့ အကယ်ဒမီကို တက်ရောက်ခဲ့တဲ့ ပါရမီရှင် သခင်မလေးပဲ ဖြစ်သည်။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ တစ်ခုခုတော့ မမှန်သလိုပဲ။
အကယ်၍ ဒီမိန်းကလေးက ရတနာကိုးပါးဂိုဏ်းရဲ့ ဂိုဏ်းသမီးပျိုအစစ်ဆိုရင် ဘာလို့ အဖမ်းခံရပြီး ဒီနေရာအထိ ရောက်နေရတာလဲ။
ရတနာကိုးပါးဂိုဏ်းက တျန်းဟုန်းအင်ပါယာရဲ့ တျန်းတိုမြို့တော် မှာ ရှိတာဖြစ်ပြီး သူရှိနေတဲ့ ကျူယွဲ့မြို့တော်နဲ့ အတော်လှမ်းလှမ်းမှာ ဖြစ်သည်။ ပြီးတော့ သာမန်မြို့လတ်တစ်ခုရဲ့ မှောင်ခိုဈေးကွက်က ရတနာကိုးပါးဂိုဏ်းရဲ့ လူကို… ဒါမှမဟုတ် ဂိုဏ်းသမီးပျိုကို ရဲရဲတင်းတင်း ဖမ်းဝံ့ပါ့မလား။
နာမည်တူတာပဲ ဖြစ်ရမယ်။
ထိုသို့တွေးလိုက်မှပဲ ယွီဝူယီ့ရဲ့ ထိတ်လန့်သွားတဲ့ စိတ်အစုံက ပြန်လည်အေးချမ်းသွားတော့သည်။
“ကဲ... အလုပ်ကတော့ ပြီးမြောက်သွားပြီဆိုတော့ ငါ့ရဲ့ အဖိုးအခကို ကောက်ခံရတော့မယ်... အဆင်ပြေရဲ့လား”
နင်ထျန်းရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက သိသိသာသာ တုန်ရင်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ကာ သူမရဲ့ ရွှေဝါရောင် ဆံပင်ရှည်တွေက မျက်ဝန်းတွေကို ဖုံးကွယ်သွားတာမို့ ဘာမျက်နှာအမူအရာ ဖြစ်နေလဲဆိုတာ မမြင်ရတော့ပါ။
“အင်း...”
[ဒင်…အိမ်ရှင်... ပထမဆုံး လုပ်ငန်းအပ်နှံမှုကို အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်... အခုအခါမှာတော့ လုပ်ငန်းအပ်နှံမှုစနစ်ကို အပြည့်အဝ နိုးထစေခဲ့ပါပြီ]
လုပ်ဆောင်ချက်အသစ် - ပစ္စည်းကံစမ်းမဲစနစ်။
လုပ်ငန်းအပ်နှံမှုဒင်္ဂါးပြားများကို အသုံးပြုပြီး ကမ္ဘာအသီးသီးက အရင်းအမြစ်ပစ္စည်းများကို မဲနှိုက်နိုင်သည်။
(မှတ်ချက်…၁ ကြိမ်လျှင် ဒင်္ဂါး ၅၀.. ၁၀ ကြိမ်ဆက်တိုက်လျှင် ဒင်္ဂါး ၄၀၀ ကျသင့်မည်ဖြစ်ပြီး ရရှိမည့်ပစ္စည်းများ၏ တန်ဖိုးမှာ ကျပန်းဖြစ်သည်)
လုပ်ဆောင်ချက်အသစ် - ဇာတ်ကောင်သဟဇာတဖြစ်မှုအဆင့် ဇာတ်ကောင်ကတ်ကို အသုံးပြုပြီး လုပ်ငန်းတစ်ခု ပြီးမြောက်တိုင်း ထိုဇာတ်ကောင်ကတ်၏ သဟဇာတဖြစ်မှုအဆင့် ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်မည်။
(မှတ်ချက်…သဟဇာတဖြစ်မှု ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိပါက အိမ်ရှင်သည် ဇာတ်ကောင်ကတ်၏ စွမ်းရည်အချို့ကို ရရှိမည်ဖြစ်ပြီး.. ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိပါက စနစ်၏ ကန့်သတ်ချက်များမရှိဘဲ လွတ်လပ်စွာ အသုံးပြုနိုင်မည်)
လုပ်ဆောင်ချက်အသစ် - ဝိညာဉ်ဆိုင်ခန်း… လုပ်ငန်းအပ်နှံမှုဒင်္ဂါးပြားများကို သုံးစွဲ၍ ဝိညာဉ်ကတ်ပြားများ ဝယ်ယူနိုင်သည်။
ဝိညာဉ်ကတ်ပြားကို အသုံးပြုပါက ထိုဝိညာဉ်ကို တိုက်ရိုက်ရရှိမည်။
(မှတ်ချက်… ဝိညာဉ်ကတ်များကို အခြားသူများပေါ်တွင်လည်း အသုံးပြုနိုင်သော်လည်း အိမ်ရှင်မှလွဲ၍ အခြားသူများသည် တတိယဝိညာဉ်၏ ဘေးထွက်ဆိုးကျိုးကို မခံနိုင်ကြပါသဖြင့် သတိပြုသုံးစွဲပါ)
လုပ်ဆောင်ချက်အသစ် - ဝိညာဉ်ကွင်းအဆင့်မြှင့်တင်ခြင်းစနစ်
လုပ်ငန်းအပ်နှံမှုဒင်္ဂါးပြားများကို သုံးစွဲ၍ ဝိညာဉ်ကွင်းများ၏ သက်တမ်းအဆင့်ကို မြှင့်တင်နိုင်သည်။
(မှတ်ချက်… အနှစ် ၁၀ မှ အနှစ် ၁၀၀ သို့ ဒင်္ဂါး ၁ ပြား.. အနှစ် ၁၀၀ မှ အနှစ် ၁,၀၀၀ သို့ - ဒင်္ဂါး ၁၀ ပြား.. အနှစ် ၁,၀၀၀ မှ အနှစ် ၁၀,၀၀၀ သို့ - ဒင်္ဂါး ၅၀ ပြား.. အနှစ် ၁၀,၀၀၀ မှ အနှစ် ၁၀၀,၀၀၀ သို့ - ဒင်္ဂါး ၂၀၀ ပြား)
လုပ်ဆောင်ချက်အသစ် - အချက်အလက်စစ်ဆေးခြင်းစနစ်… အိမ်ရှင်အနေဖြင့် အာရုံစူးစိုက်ကြည့်ရှုရုံဖြင့် မည်သည့်ပစ္စည်း သို့မဟုတ် လူသား၏ အချက်အလက်များကိုမဆို ဖော်ပြပေးမည်။
အလုပ်ပြီးမြောက်မှုအတွက် ဂုဏ်ပြုပါသည်။
ဆုလာဘ် - ဖိုင်ယာဖလိုင်း.. ဆမ် ဇာတ်ကောင်၏ သဟဇာတဖြစ်မှုအဆင့် ၂၀ ရာခိုင်နှုန်း တိုးတက်ခြင်း..
လုပ်ငန်းအပ်နှံမှုဒင်္ဂါးပြား ၁၁၀ ပြား။
(မှတ်ချက်… အလုပ်ပြီးမြောက်မှုအတွက် ၁၀ ရာခိုင်နှုန်း.. ပထမဆုံးအကြိမ်ဖြစ်၍ ထပ်ဆောင်း ၁၀ ရာခိုင်နှုန်း.. ပုံမှန်အလုပ်အတွက် ဒင်္ဂါး ၁၀ ပြား.. ပထမဆုံးအကြိမ်ဖြစ်၍ ထပ်ဆောင်းဒင်္ဂါး ၁၀၀ ပြား… ရရှိမည့် ဒင်္ဂါးပမာဏသည် အလုပ်၏ အခက်အခဲအဆင့်ပေါ်တွင် မူတည်သည်)
ဟိုး... အကြာကြီး ငြိမ်သက်နေတဲ့ စနစ်က ရုတ်တရက် အသက်ဝင်လာရုံတင်မကဘဲ လုပ်ဆောင်ချက်အသစ်တွေ ဒီလောက်အများကြီးပါ ရလာတာပဲ။
ယွီဝူယီတစ်ယောက် စနစ်ရဲ့ ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်သွားရသည်။
သူ ကူးပြောင်းလာစတုန်းက အခြေခံလုပ်ဆောင်ချက်အချို့ကို ရှင်းပြခဲ့တာကလွဲလို့ ဒီစနစ်ရဲ့ အသံကို မကြားရတာ တော်တော်ကြာခဲ့ပြီ မဟုတ်ပါလား။
အသစ်တိုးလာတဲ့ လုပ်ဆောင်ချက်တွေက ရိုးရှင်းပြီး ကြည့်လိုက်ရုံနဲ့ နားလည်နိုင်စွမ်း ရှိသည်။
သူ နားမလည်မှာ စိုးရိမ်လို့ ထင်ပါရဲ့... စနစ်က အောက်မှာ မှတ်ချက်လေးတွေပါ သေချာ ထည့်ပေးထားသေးသည်။ (ဘာသာပြန်တဲ့ သူက စမ်းတစ်ဝါးဝါးပါ)
စနစ်ကို တကယ်ပဲ အမှတ်ပြည့် ပေးရမည်။
ထို့နောက် သူသည် စနစ်၏ နောက်ဆုံးလုပ်ဆောင်ချက်အသစ်ဖြစ်သော အာရုံစိုက်ကြည့်ရုံဖြင့် တစ်ဖက်လူ၏ အချက်အလက်ကို မြင်နိုင်စွမ်းကို သတိပြုမိသွားသည်။ ဒါက အခုအချိန်မှာ သူအလိုအပ်ဆုံး အရာပဲ မဟုတ်လား။
ယွီဝူယီက ခေါင်းငုံ့ထားတဲ့ နင်ထျန်းဆီကို အာရုံစိုက်ကြည့်လိုက်ရာ သူမရဲ့ အခြေခံအချက်အလက်တွေက စာသားအဖြစ် ပေါ်လာတော့သည်။
အမည်: နင်ထျန်း
အသက်: ၁၀ နှစ်
ကျင့်ကြံမှုအဆင့်: အဆင့် ၂၁ (ဝိညာဉ်စွမ်းအား ပိတ်ဆို့မှု ‘ဆေး’ ကြောင့် စွမ်းအားများ ပိတ်ဆို့ခံထားရသည်)
ဝိညာဉ် : ရတနာခုနှစ်ပါးမျှော်စင်
အဆင့်အတန်း: ရတနာကိုးပါးဂိုဏ်း၏ ဂိုဏ်းချုပ် ‘နင်ယွန့်ယဲ့’ ၏ သမီးအရင်း.. ရတနာကိုးပါးဂိုဏ်း၏ ဂိုဏ်းသမီးပျို။
ဘာကြီးလဲ… တကယ့်ကို မူရင်းထဲက နင်ထျန်းပဲလား။
ယွီဝူယီတစ်ယောက် အံ့ဩမှင်သက်သွားရသည်။
သူ့ရှေ့က ကောင်မလေးက မူရင်းဝတ္ထုထဲက နင်ထျန်း ဖြစ်နေလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်ထားပါ့မလဲ။
ဒါပေမဲ့ ဘာဖြစ်လို့လဲ။
ဂိုဏ်းသမီးပျိုတစ်ယောက် ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလိုနေရာမျိုးမှာ အဖမ်းခံထားရတာလဲ။
ပြီးတော့ ဘယ်လိုလူတွေကများ သူမကို ဖမ်းရဲရတာလဲ။
အံ့ဩမှုတွေ ပြီးသွားတဲ့နောက်မှာ မေးခွန်းတွေအများကြီး ထွက်ပေါ်လာတော့သည်။
သူ မူရင်းဝတ္ထုဖတ်တုန်းက နင်ထျန်း ပထမဆုံး ပေါ်လာတဲ့အချိန်မှာ ဝိညာဉ်ကွင်းသုံးကွင်းနဲ့ ဝိညာဉ်အကြီးအကဲအဆင့်ကို ရောက်နေပြီဖြစ်သလို ရှီလိုင်ခဲ့ကျောင်းတော်ကိုလည်း တက်ရောက်နေခဲ့ပြီ ဖြစ်သည်။
မူရင်းဝတ္ထုထဲမှာ အဲဒီမတိုင်ခင်က အကြောင်းအရာတွေကို အသေးစိတ် မဖော်ပြထားခဲ့တာကြောင့် သူမမှာ ဒီလိုဆိုးဝါးတဲ့ အတိတ်မျိုး ရှိခဲ့မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိတာ ဖြစ်သည်။
ဒါပေမဲ့ ဒါက မေးမြန်းဖို့ အခွင့်အရေးကောင်းပဲ။
“စိတ်မပူပါနဲ့... တောင်းမယ့် အဖိုးအခက ရိုးရိုးလေးပါ..ငါက လူသားစားတဲ့ လူမှမဟုတ်တာ”
ယွီဝူယီက ဟာသလုပ်ပြီး ပြောလိုက်သည်။
ဒါပေမဲ့ အထင်အရှားပင်... ဒီလိုဆိုးဝါးတဲ့ အတွေ့အကြုံတွေ ကြုံခဲ့ရတဲ့ နင်ထျန်းကတော့ သူ့ကို အလွယ်တကူ မယုံကြည်နိုင်သေးချင်။
အခုအချိန်မှာ သူမမှာ သူမရဲ့ ခန္ဓာကိုယ်နဲ့ ဒီစုတ်ပြဲနေတဲ့ အဝတ်အစားတွေကလွဲလို့ ဘာမှမရှိတော့တာလေ။
ဒါကြောင့် အဖိုးအခဆိုတာ ဘာဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိသာမနေဘူးလား။
ဝံပုလွေတွင်းကနေ လွတ်လာပြီး ကျားတွင်းထဲ ပြန်ရောက်တာပဲ... ဒါပေမဲ့ အနည်းဆုံးတော့ ဒီကောင်လေးက လူဆိုးတစ်ယောက်နဲ့ မတူတာမို့ ကံကောင်းတယ်လို့ ပြောရမလား။ နင်ထျန်းက စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်မိသည်။
ယွီဝူယီက ထိုအချက်ကို သဘာဝကျကျ သဘောပေါက်တာကြောင့် နှစ်သိမ့်စကားတွေ ပြောမနေတော့ဘဲ အဖိုးအခကို တိုက်ရိုက်ပဲ ပြောလိုက်တော့သည်။
“ဒါဆို... ဒီအလုပ်အတွက် ပေးရမယ့် အဖိုးအခကတော့... မင်းရဲ့ ‘နောက်ကြောင်းဘဝအကြောင်း’ ပဲ ဖြစ်တယ်”
ဒါ... ဒါပဲလား...
ဟုတ်သားပဲ။
ဒါကလွဲလို့ အခြားဘာရှိနိုင်ဦးမှာလဲ။
ငါ့ရဲ့ ဒီစုတ်ပြဲနေတဲ့ အဝတ်အစားတွေကို သူက လိုချင်မှာမှ မဟုတ်တာ။
နင်ထျန်းက ‘မင်းရဲ့’ ဆိုတဲ့ စကားလုံးကို ကြားကတည်းက စိတ်ကို ပြင်ဆင်ထားခဲ့တာ ဖြစ်သော်လည်း နောက်က ထွက်ပေါ်လာတဲ့ စကားစုကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
“ဘာ... ဘာပြောလိုက်တာလဲဟင်...”
ယွီဝူယီက သူမရဲ့ အံ့ဩသွားတဲ့ မျက်နှာကို ကြည့်ပြီး သူမ တစ်ခုခု လွဲမှားစွာ တွေးတောမိသွားမှန်း သိလိုက်သည်။
ဒီကလေးက အသက်သာငယ်တာ... စိတ်ကူးတွေကတော့ အများသားပဲ။
ဒါပေမဲ့ ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။
သူက ထိုအရာကို စိတ်ထဲမထားဘဲ သူမ နားမလည်ဘူးလို့ သဘောထားကာ ထပ်လောင်း ပြောလိုက်သည်။
“မင်း ဘယ်ကလာတာလဲ... ဘာလို့ ဒီလူတွေရဲ့ လိုက်ဖမ်းခြင်းကို ခံရတာလဲ... ပြီးတော့ မင်းရဲ့ မူလအိမ်က ဘယ်မှာလဲဆိုတာကို ပြောပြပေးရမှာ… အခုဆို ပိုပြီး နားလည်သွားပြီမလား”
သူမရှေ့က မျက်လုံးနှစ်ရောင်နဲ့ ငွေရောင်ဆံပင်ပိုင်ရှင် အစ်ကိုကြီးကို ငေးကြည့်ရင်း.. သူ့ရဲ့ ညင်သာတဲ့ လေသံကို ကြားလိုက်ရတဲ့ခဏ... နင်ထျန်းတစ်ယောက် ရုတ်တရက် ရင်ထဲမှာ ဆို့နင့်လာပြီး မျက်ရည်တွေက အလိုလို ဝဲတက်လာရသည်။
မငိုရဘူး။
ငါငိုရင် စကားသေချာ ပြောနိုင်မှာ မဟုတ်တော့ဘူး။
သူမက ငိုချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း တုန်ရီနေပေမယ့် ပြတ်သားတဲ့ လေသံလေးနဲ့ ပြန်လည် ဖြေကြားလိုက်သည်။
“သမီး... သမီးနာမည်က နင်ထျန်းပါ…သမီးက မှောင်ခိုလေလံအိမ်တစ်ခုကနေ ထွက်ပြေးလာတာ... သူတို့က...”
နင်ထျန်းက စကားလုံးတွေကို သေချာပြန်စီစဉ်ရင်း သူမ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကြောင်းကို နားလည်လွယ်အောင် ပြောပြရှာသည်။
လွန်ခဲ့တဲ့ တစ်လခန့်က... သူမရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၂၀ အထိ ရောက်ရှိသွားခဲ့သည်။
ဒါကြောင့် ရတနာကိုးပါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ သူမရဲ့ ဖခင်ဖြစ်သူက ဝိညာဉ်သူတော်စင် နှစ်ယောက်နဲ့ ဝိညာဉ်သုန့်လော် အဆင့်ရှိတဲ့ အစွမ်းထက်ပညာရှင် တစ်ယောက်ကို တာဝန်ပေးပြီး.. သူမရဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းကို ရှာဖွေဖို့ ကြယ်တာရာတောအုပ်ကြီး ဆီကို လိုက်ပါပို့ဆောင်ခိုင်းခဲ့သည်။
ဒုတိယမြောက် ဝိညာဉ်ကွင်းလေးတစ်ခုအတွက် ဒီလောက်အဆင့်ရှိတဲ့ လူတွေက ကာကွယ်ပေးတယ်ဆိုတာ တကယ့်ကို အလွန်အမင်း ကြီးကျယ်ခမ်းနားလှတဲ့ အကာအကွယ်ပင် ဖြစ်သည်။
ရတနာကိုးပါးဂိုဏ်းရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် လမ်းခရီးမှာ မတော်တဆမှု ဖြစ်ပွားဖို့ဆိုတာ လုံးဝ မရှိသလောက်ပါပဲ။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘဲ အဲဒီမတော်တဆမှုက ဖြစ်ပွားခဲ့ရသည်။
ဝိညာဉ်ကွင်းကို ရရှိပြီးလို့ ဂိုဏ်းဆီကိုအပြန် လမ်းခရီးမှာ... သူတို့ဟာ ‘ဝိညာဉ်နတ်ဆိုးသခင်’ အဖွဲ့တစ်ဖွဲ့နဲ့ ထိပ်တိုက် တိုးခဲ့ကြသည်။
ထိပ်တိုက်တိုးတာထက်စာရင် သေချာပြင်ဆင်ထားတဲ့ ဖြတ်တိုက်မှုလို့ ပြောရင် ပိုမှန်ပါလိမ့်မည်။
အကြောင်းမှာ ရန်သူ့ဘက်က ဝိညာဉ်သူတော်စင် သုံးယောက်နဲ့ ဝိညာဉ်သုန့်လော် တစ်ယောက် ပါဝင်ပြီး နင်ထျန်းတို့ဘက်ကထက် လူအင်အား တစ်ယောက် ပိုများနေသောကြောင့် ဖြစ်သည်။
ဝိညာဉ်နတ်ဆိုးသခင်တွေက ဘယ်အချိန်မဆို အရိပ်လို ပျောက်ကွယ်တတ်ပြီး ခြေရာဖျောက်တတ်သူတွေမို့ ဒါက တိုက်ဆိုင်မှုလို့ ပြောရင် ဘယ်သူမှ ယုံကြမည်မဟုတ်ပါ။
ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်ပွားနေတဲ့အချိန်မှာပဲ... နင်ထျန်းဟာ ရန်သူ့ဘက်က ဝိညာဉ်သူတော်စင် အဆင့်ရှိတဲ့ ဝိညာဉ်နတ်ဆိုးသခင် တစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထိုသူက သူမကို ဖမ်းမိတာနဲ့ လိုဏ်ဂူတစ်ခုထဲကို ချက်ချင်း တိုးဝင်သွားခဲ့သည်။
အဲဒီလိုဏ်ဂူထဲမှာတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ‘တယ်လီပို့မှော်စက်ကွင်း’ တစ်ခု ရှိနေပြီး.. ထိုစက်ကွင်းကတစ်ဆင့် သူတို့နှစ်ယောက်ဟာ ကျူယွဲ့မြို့တော်ရဲ့ အနီးအနားဆီကို ချက်ချင်း ရောက်ရှိသွားခဲ့ကြသည်။
တယ်လီပို့စက်ကွင်းက တစ်ကြိမ်သုံးပြီးတာနဲ့ ပျက်စီးသွားခဲ့ပြီး ထိုဝိညာဉ်နတ်ဆိုးသခင်ကလည်း အချိန်မဆွဲဘဲ သူမကို ခိုးထုတ်ကာ မှောင်ခိုလေလံအိမ်ဆီကို ခေါ်ဆောင်သွားခဲ့တော့သည်။
အဲဒီအချိန်အတောအတွင်းမှာ နင်ထျန်းရဲ့ ဝိညာဉ်စွမ်းအားနဲ့ အသံတွေက ဆေးစွမ်းကြောင့် ပိတ်ဆို့ခံထားရပြီး.. အရုပ်တစ်ရုပ်လိုပဲ သူတပါး ခေါ်ဆောင်ရာနောက်ကို မတတ်သာဘဲ လိုက်ပါခဲ့ရသည်။
သူမကို လျှို့ဝှက်မြေအောက် အကျဉ်းခန်းထဲမှာ ပိတ်လှောင်ထားပြီး အစောင့်တွေကို မှာကြားစရာရှိတာ မှာကြားပြီးတာနဲ့ အဲဒီဝိညာဉ်ဆိုးသခင်က ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့သည်။
နောက်ပိုင်းမှာတော့ သူမဟာ အကျဉ်းခန်းထဲမှာ အစာကျွေးတာကို ခံရင်း တစ်လနီးပါး ဖြတ်သန်းခဲ့ရသည်။
အစပိုင်းမှာတော့ စိုးရိမ်ထိတ်လန့်ရင်း တစ်စုံတစ်ယောက်က လာကယ်မလားလို့ မျှော်လင့်ခဲ့မိသော်လည်း... နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့လာပြီး မိမိဘာသာ လွတ်မြောက်အောင် ကြံစည်ဖို့ပဲ တွေးတောခဲ့မိသည်။
အဲဒီအတောအတွင်းမှာ မိန်းမတစ်ယောက်က အကျဉ်းခန်းထဲကို ဝင်လာပြီး သူမရဲ့ ဝတ်ကောင်းစားလှတွေကို ချွတ်ကာ ဒီလိုအဝတ်စုတ်တွေကို လဲလှယ်ပေးခဲ့ပြီး လက်ထိပ်တွေ ခတ်ပစ်ခဲ့တာ ဖြစ်သည်။
ကံကောင်းထောက်မစွာနဲ့ပဲ... နောက်ဆုံးမှာတော့ သူမ အခွင့်အရေးတစ်ခု ရရှိခဲ့သည်။ အစောင့်တွေ ဂရုမစိုက်ဖြစ်တဲ့ အချိန်ကို အသုံးချပြီး ထွက်ပြေးလာခဲ့ရာကနေ... အခုလို အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတော့သည်။