အခန်း (၃) - ဘယ်သူလဲ
ယွီဝူယီ့ခန္ဓာကိုယ်ဆီမှ ပြင်းထန်သော မီးတောက်မီးလျှံများ ဝုန်းခနဲ ပွင့်အံထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်သည်။
ချလန်း…
ဆန်းပြားလှသော ပေါင်းစပ်အသံတစ်ခုနှင့်အတူ ထိုမီးတောက်များက ရုတ်တရက်ပင် ကွယ်ပျောက်သွားတော့သည်။ ယွီဝူယီ ပြန်လည်ပေါ်လာသည့်အချိန်တွင်မူ သူ၏သေးငယ်သော ခန္ဓာကိုယ်လေးမှာ မရှိတော့ဘဲ အမြင့် ၂ မီတာကျော်ရှိသည့် အဖြူရောင် လူသားပုံစံ စက်ရုပ်ကြီးတစ်ရုပ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အရည်ပျော်စစ်သည်တော် ဆမ်…
ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်၏ မျက်နှာကျက်အမြင့်က ၃ မီတာခန့် ရှိနေ၍ တော်သေးသည်။ မဟုတ်ပါက ဤအသွင်ပြောင်းမှုကြောင့် ဆိုင်ခေါင်မိုး ပေါက်ထွက်သွားပြီး အားလုံး အလင်းပွင့်သွားပေလိမ့်မည်။
ယွီဝူယီသည် မိမိခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော စွမ်းအားများ စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး ရင်ထဲတွင် ဖော်ပြမတ်တတ်အောင် ဝမ်းသာပီတိ ဖြစ်သွားရသည်။ ခေတ်ရှေ့ပြေး နည်းပညာများဖြင့် တည်ဆောက်ထားသည့် ဤစက်ရုပ်ခန္ဓာကိုယ်ကြီးကို ငေးကြည့်ရင်း သူ့စိတ်ထဲတွင် စကားတစ်ခွန်းပဲ ရှိတော့သည်။
‘လန်းလိုက်တာ…’
တစ်နေ့မှာ တကယ့်စက်ရုပ်ကြီးကို ကိုယ်တိုင်မောင်းနှင်ခွင့်ရလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ အခုပြန်တွေးကြည့်ရင် အရင်ဘဝက အကြောင်းအရာတွေက အိမ်မက်တစ်ခုလိုပဲ။
တစ်ဖက်လူများကတော့ သူ သဘောကျသလို မပျော်ရွှင်နိုင်ကြပါ။ ဒီလိုရုတ်တရက် အပြောင်းအလဲကြောင့် သူတို့အားလုံး ခြေမကိုင်မိ လက်မကိုင်မိ တုန်လှုပ်ကုန်ကြသည်။
“ခေါင်း... ခေါင်းဆောင်... ဒါက ဘာအကောင်ကြီးလဲ”
ဘေးနားရှိ လက်အောက်ငယ်သားက တုန်ရီနေသော လေသံဖြင့် မေးလိုက်သည်။ သူသည် ဘဝသက်တမ်းတစ်လျှောက် ဤကဲ့သို့ အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“မင်းက ငါ့ကိုမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ”
အမာရွတ်နှင့်လူ၏ မျက်နှာမှာလည်း ပြာနှမ်းသွားခဲ့ပြီ။ စောစောက ကောင်လေးက ဤကဲ့သို့ အရာကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ လုံးဝ ပြင်ဆင်မထားခဲ့မိပါ။ ၁၆၅ စင်တီမီတာကနေ ၂ မီတာ ၃၀ အထိ ဖြစ်သွားတာလား။ ဒါ ဘယ်လိုတောင် ကွာခြားလွန်းတဲ့ အချိုးအစားလဲ။
ဆမ်၏ ခန့်ညားထည်ဝါလှသော စက်ရုပ်ခန္ဓာကိုယ်ကို သေချာအကဲခတ်ရင်း အမာရွတ်နှင့်လူက တွေဝေသွားသည်။
ဒီအရာက ဝိညာဉ်ကိရိယာ တစ်ခုခု ဖြစ်ရမယ်။ ဒါပေမဲ့ လူသားပုံစံ ဝိညာဉ်ကိရိယာအကြောင်း ငါတစ်ခါမှမကြားဖူးဘူး။ ဒီလောက်ကြီးမားတဲ့ အရာမျိုးဆိုရင် ကောလာဟလတွေ ထွက်နေရမှာကို သူ တစ်ခါမှ မကြားဖူးခဲ့ပါ။
“ဒါဆို အခု ငါတို့ ဘာဆက်လုပ်ကြမလဲ ခေါင်းဆောင်…ငါတို့ သူ့ကို နိုင်မယ့်ပုံမပေါ်ဘူး...”
လက်အောက်ငယ်သားက ထပ်မံ ပြောဆိုလာသည်။
အမာရွတ်နှင့်လူသည်လည်း နောက်ဆုတ်ချင်စိတ် ပေါ်လာသော်လည်း အကယ်၍ လက်ဗလာဖြင့် ပြန်သွားပါက ရင်ဆိုင်ရမည့် အကျိုးဆက်ကို တွေးမိကာ စိတ်ကို တင်းလိုက်ပြီး ကြမ်းကြုတ်စွာ ပြောလိုက်သည်။
“မကြောက်ကြနဲ့… ငါ အကဲခတ်ပြီးပြီ... အဲဒီကောင်လေးဆီမှာ ဘာဝိညာဉ်စွမ်းအားမှ မရှိဘူး… ဒီအရာကြီးက အပြင်ပန်းပဲ ကြောက်စရာကောင်းတာ နေမှာ... ကြောက်စရာမလိုဘူး… ပြီးတော့ ပစ်မှတ်ကို ဖမ်းမသွားနိုင်ရင် ဘာဖြစ်မလဲဆိုတာ မမေ့ကြနဲ့ဦး”
အမာရွတ်နှင့်လူ၏ စကားကြောင့် နောက်က လက်အောက်ငယ်သား သုံးယောက်စလုံး တုန်လှုပ်သွားကြပြီး ကြောက်စရာကောင်းသော အရာတစ်ခုခုကို သတိရသွားပုံရသည်။ လူတိုင်း၏ မျက်နှာတွင် သေကြောင်းကြံမည့် ကြမ်းကြုတ်သော အသွင်အပြင်များ ပေါ်လာတော့သည်။
ယွီဝူယီသည်လည်း မိမိ၏ ပျော်ရွှင်မှုကမ္ဘာထဲမှ အမာရွတ်နှင့်လူ၏ ဆူညံသံကြောင့် သတိပြန်ဝင်လာသည်။ ထိုလူလေးယောက်က သူ့ကို အရှင်လတ်လတ် ဝါးမြိုမည့်အလား ကြည့်နေကြသည်ကို မြင်ရုံမျှဖြင့် သူက အေးစက်စွာ ပြုံးလိုက်သည်။
ဒီကောင်တွေကို ငါ မေ့လုနီးပါး ဖြစ်သွားတယ်။ သူတို့ကို အရင်ဆုံး ရှင်းပစ်ရမယ်။ ဒါပေမဲ့ မရှင်းခင်မှာ အဲဒီအရာကို အရင်စမ်းကြည့်ရအောင်။
“အခုချက်ချင်း ထွက်သွားရင် ဘယ်သူမှ ဒဏ်ရာရမှာမဟုတ်ဘူး”
“မဟုတ်ရင်တော့ မင်းတို့အားလုံး သေရလိမ့်မယ်”
အေးစက်ပြီး မည်သည့်ခံစားချက်မျှ မပါဝင်သော စက်ရုပ် အသံကြီးက အမာရွတ်နှင့်လူတို့ အဖွဲ့၏ နားထဲသို့ ရောက်ရှိသွားရာ သူတို့၏ ဘဝဇာတ်သိမ်းခန်းကို ကြေညာလိုက်သလိုပင်။
လန်းလိုက်တာ… ဒီအသံပဲ… ဆမ်ရဲ့ ခန့်ညားတဲ့ အသံကို ငါ တကယ် သဘောကျတာ။ ယွီဝူယီ့ပါးစပ်က နားရွက်အထိ တက်ချိတ်မတတ် ပြုံးမိသွားသည်။
သို့သော်လည်း အမာရွတ်နှင့်လူတို့အဖွဲ့က ထိုအသံကြောင့် ကြောက်လန့်မသွားဘဲ ယွီဝူယီကို ဝိုင်းရံပိတ်ဆို့ရန် ဘေးပတ်ပတ်လည်သို့ လူစုခွဲလိုက်ကြသည်။
“မင်းတို့ ဆုံးဖြတ်ချက် ချပြီးပြီပေါ့”
အေးစက်လှသော စက်ရုပ်အသံက ထပ်မံ ထွက်ပေါ်လာသည်။
အင်း... ထင်တဲ့အတိုင်းပဲ... သူတို့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး ဒါပေမဲ့ ငါကတော့ ဝမ်းသာပါတယ်။ အစကတည်းက မင်းတို့ကို လွှတ်ပေးဖို့ ငါ ရည်ရွယ်ချက်မရှိလို့ပဲ။ ယွီဝူယီက အေးစက်စွာ ပြုံးလိုက်သည်။
“တိုက်ခိုက်ကြ”
အမာရွတ်နှင့်လူ၏ အမိန့်ပေးသံနှင့်အတူ လူလေးယောက်စလုံး စတင် လှုပ်ရှားလာကြသည်။
အမာရွတ်နှင့်လူကိုယ်တိုင် ဓားမကြီးကို ကိုင်ဆောင်ကာ တိုက်ရိုက် ပြေးဝင်လာပြီး လမ်းခရီးတွင် သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။
သူ၏ လက်မောင်းနှစ်ဖက်က ရုတ်တရက် ကြီးမားထွားကျိုင်းလာပြီး ကြွက်သားများ ရုန်းကြွလာရာ အထင်အရှားပင် ခွန်အား ဝိညာဉ် ပိုင်ရှင် ဖြစ်သည်။
အခြား သုံးယောက်ကမူ ထိန်းချုပ်မှုဝိညာဉ် ပိုင်ရှင်များ ဖြစ်ကြပြီး ဆမ်၏ ခန္ဓာကိုယ်ပေါ်တွင် ကွဲပြားခြားနားသော ထိန်းချုပ်မှု သက်ရောက်မှု သုံးခု ချက်ချင်း ကျရောက်သွားသည်။
“မိပြီဟေ့”
အမာရွတ်နှင့်လူ၏ မျက်နှာတွင် ရူးသွပ်လှသော ဝမ်းသာမှုများ ဖြတ်သန်းသွားပြီး လူသားခန္ဓာကိုယ်၏ အားနည်းချက်ဖြစ်သော လည်ပင်းဆီသို့ ဓားမကြီးဖြင့် အားကုန် လွှဲခုတ်ချလိုက်သည်။
ကောင်လေး... နောက်ဘဝကျရင် ဒီလောက် မရိုင်းစိုင်းဖို့ မှတ်ထားလိုက်ဦး….ဒါ မင်းရဲ့ ဇာတ်သိမ်းပဲ။
ဖျောက်…
ပြတ်သားလှသော အက်ကွဲသံတစ်ခုက ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်အတွင်း ဟိန်းထွက်သွားပြီး အမာရွတ်နှင့်လူ၏ မျက်နှာက အံ့သြမှင်သက်မှုအဖြစ် ပြောင်းလဲသွားသည်။
အကြောင်းမှာ သူ၏ ဓားမကြီးက နှစ်ပိုင်း ပြတ်ထွက်သွားပြီး ပြင်းထန်လှသော တုံ့ပြန်မှုကြောင့် သူ၏ လက်ဖဝါးတစ်ခုလုံး သွေးချင်းချင်းနီသွားရသောကြောင့် ဖြစ်သည်။
“လုပ်လို့ ဝပြီလား”
စက်ရုပ်အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ အမာရွတ်နှင့်လူကို ချောက်နက်ကြီးထဲသို့ တွန်းချလိုက်သလိုမျိုး ခံစားရစေသည်။
ယွီဝူယီက အမာရွတ်နှင့်လူ၏ ကော်လာကို တိုက်ရိုက်ဆွဲကိုင်ကာ မြှောက်မလိုက်ပြီး ဆိုင်တံခါးအပြင်ဘက်သို့ အမှိုက်တစ်စကဲ့သို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။
ဝုန်း
“အား... အား... အား...”
ဆိုင်တံခါးအပြင်ဘက်ဆီမှ ပြင်းထန်သော မြည်ဟည်းသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“မင်းတို့အလှည့်ပဲ”
ယွီဝူယီက ကျန်ရှိနေသည့် လူသုံးဦးကို လှမ်းကြည့်လိုက်ပြီး ထိန်းချုပ်မှု သက်ရောက်မှု သုံးခုအောက်တွင် ရှိနေပါလျက်နှင့် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သူတို့ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။ ကွဲပြားခြားနားသော အော်ဟစ်သံနှစ်ခုနှင့်အတူ ထိုလူများလည်း အမာရွတ်နှင့်လူ၏ ခြေရာအတိုင်း လိုက်ပါသွားရတော့သည်။
“မင်း... မင်းက အမှန်တကယ် ဘာကောင်ကြီးလဲ”
ယွီဝူယီက နောက်ဆုံးကျန်ရှိနေသည့် လူကို လွှင့်မပစ်ခင် ထိုလူက စကားဆိုလာသည်။ ဤလူကတော့ အစပိုင်းတွင် မျက်လုံး အလွန်စူးရှခဲ့သည့် လက်အောက်ငယ်သားပင် ဖြစ်သည်။
သို့သော် ယွီဝူယီက သူ၏မေးခွန်းကို ဖြေဆိုရန် စိတ်မဝင်စားပါ။ မိမိ၏ ပါရမီကို လမ်းမှားတွင် အသုံးချခဲ့ကတည်းက သူ၏ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သည်။
“သေမယ့်လူက မေးခွန်းမေးပိုင်ခွင့် မရှိဘူး”
ယွီဝူယီက သူ့ကို ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင် အပြင်ဘက်သို့ ဆွဲထုတ်လာခဲ့သည်။ အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိသေးပါ။
သူ့ရှေ့တွင်တော့ အပြင်သို့ လွှင့်ပစ်ခံထားရသည့် အမာရွတ်နှင့်လူနှင့် အခြားနှစ်ယောက်တို့မှာ အသက်ငင်နေကြပြီ ဖြစ်သည်။ ယွီဝူယီက ဤလက်အောက်ငယ်သားကိုပါ ထိုလူများကြားထဲသို့ ပစ်ချလိုက်ပြီးနောက် ညာဘက်လက်ကို မြှောက်ကာ သူတို့ထံသို့ ဦးတည်လိုက်သည်။
နောက်ဘဝမှာ ဒီလိုပါရမီမျိုး ထပ်ရခဲ့ရင်တောင် အနည်းဆုံးတော့ ဒီလိုနေရာမျိုးမှာ လာမသုံးနဲ့တော့။
“သဘောတူညီချက် အတည်ပြုပြီးပြီ... အမိန့်ကို အကောင်အထည်ဖော်ပါပြီ... ကောင်းကင်ဘုံမီးတောက်”
လက်အောက်ငယ်သား၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများအောက်တွင် ကြီးမားလှသော မီးတောက်မီးလျှံများက သူတို့ကို လွှမ်းခြုံသွားပြီး အရာအားလုံးကို ဝါးမြိုပစ်လိုက်သည်။
ဝုန်း…
ခဏချင်းအတွင်းမှာပင် ထိုနေရာတစ်ခုလုံး၏ အပူချိန်က ရုတ်တရက် မြင့်တက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ မိုးရေများအားလုံး ရေငွေ့ပျံသွားကာ ဖြူဖွေးသော ရေနွေးငွေ့များ ထွက်ပေါ်လာသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ခဏတာမျှ ခြောက်သွေ့သော နေရာကွက်လပ်တစ်ခု ပေါ်ပေါက်လာသော်လည်း မကြာမီမှာပင် မိုးရေများက မူလအတိုင်း ပြန်လည် ဖုံးလွှမ်းသွားခဲ့သည်။ အမာရွတ်နှင့်လူတို့ အဖွဲ့မှာမူ ပြာတစ်စပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဒါက ယွီဝူယီ့အတွက် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သော်လည်း သူ့ရင်ထဲတွင်မူ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပြီး မည်သည့်လှုပ်ခတ်မှုမျှ မရှိခဲ့ပါ။
ငါက မွေးရာပါ သွေးအေးတဲ့လူ ဖြစ်နေလို့လား မသိဘူး။
ထိုစိတ်အာရုံနောက်စရာ အတွေးများကို ခါထုတ်လိုက်ရင်း ယွီဝူယီက ဆိုင်လေးထဲသို့ ပြန်လည်ဝင်ရောက်ကာ အသွင်ပြောင်းခြင်းကို ရုပ်သိမ်းလိုက်သည်။ အခြားသော မီးတောက်တစ်ခု ထွက်ပေါ်လာပြီးနောက် သူ ပြန်လည်ပေါ်လာသည့်အချိန်တွင်မူ မိန်းကလေးတစ်ဦး၏ အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့သည်။
ပန်းပွင့်ပုံသဏ္ဍာန် ဆံညှပ်နှစ်ခု ဆင်မြန်းထားသည့် ခေါင်းမီးခိုးရောင် ဆံပင်ရှည်.. သက်တံရောင် မျက်ဝန်းများနှင့် ပုစဉ်းရင်ကွဲ အမှတ်အသားများ ပါရှိသည့် အဝတ်အစား။ ဒါက ဆမ်၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ပြသသည့် ဖိုင်းယားဖလိုင်း ပုံစံပင် ဖြစ်သည်။
သို့သော် ဤအရာက လုံးဝဥဿုံ မမှန်ကန်သေးပါ... ဆမ်နှင့် ဖိုင်းယာဖလိုင်း နှစ်ခုစလုံးက သူကိုယ်တိုင်ပင်ဖြစ်ပြီး မတူညီသော အဆင့်အတန်းများသာ ဖြစ်သည်ဟု ဆိုရမည်။
ယွီဝူယီက စိတ်ထဲကနေ တွေးတောလိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ဤမိန်းကလေးအပေါ် အထင်ကြီးလေးစားမှု ရှိသည်။
သူမ၏ ပြတ်သားသော စိတ်ဓာတ်က အားနည်းလှသော ခန္ဓာကိုယ်ကို တွန်းအားပေးကာ သာမန်လူများ မလုပ်နိုင်သည့် အရာများကို လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုက ထိုအရာများကို တွေးနေရမည့် အချိန်မဟုတ်ပါ။ သူသည် အသွင်ပြောင်း အခြေအနေကို ရုပ်သိမ်းလိုက်ပြီး မိမိ၏ ငွေရောင်ဆံပင်နှင့် မျက်လုံးနှစ်ရောင် အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။
သူ၏ လက်သေးသေးလေးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ စောစောက တိုက်ပွဲ... အကယ်၍ ထိုအရာကို တိုက်ပွဲဟု ခေါ်နိုင်ပါက... တိုက်ပွဲ၏ အကြွင်းအကျန် အမှတ်အသားများအားလုံးကို ရှင်းလင်းပစ်လိုက်သည်။
ရှေ့တန်းကောင်တာတွင် ပြန်လည်ထိုင်လိုက်ပြီးနောက် ရေနွေးဖြင့် ဂျင်းသကြားရည်တစ်ခွက် ဖျော်စပ်လိုက်ပြီး ဆိုင်နောက်ခန်းသို့ လှမ်းခေါ်လိုက်သည်။
“အဲဒီလူတွေ အားလုံး သွားကြပြီ။ အပြင်ထွက်လာလို့ ရပြီ”
မိန်းကလေးငယ်လေးက ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိတော့ကြောင်း သေချာမှသာ တုန်တုန်ရင်ရင်ဖြင့် ထွက်လာခဲ့သည်။
“လာ... ထိုင်ပါ”
ယွီဝူယီက သူ့ရှေ့က ကုလားထိုင်ကို ညင်သာစွာ ညွှန်ပြလိုက်သည်။ သူမ ထိုင်လိုက်ပြီးနောက် ပြင်ဆင်ထားသည့် ဂျင်းသကြားရည်ခွက်ကို သူမထံသို့ တွန်းပေးလိုက်သည်။
“မိုးထဲမှာ အကြာကြီးနေလာတော့ မင်း တော်တော်အေးနေမှာပဲ။ ဒါလေးသောက်လိုက်ရင် ပိုပြီး နေလို့ကောင်းသွားလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်...”
မိန်းကလေးငယ်လေးက ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုပြီးနောက် ခွက်ကို အသာအယာ မလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။
အပူချိန် အနေတော်ဖြစ်သော ဂျင်းသကြားရည်က သူမ၏ လျှာပေါ်မှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းသွားကာ တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်။
“သိပ်... သိပ်သောက်လို့ကောင်းတာပဲ...”
ယွီဝူယီက ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မင်း သဘောကျရင် ပြီးတာပါပဲ”
ဒါက ကောင်းမှုကုသိုလ်လုပ်ရတဲ့ ခံစားချက်မျိုးလား။ မဆိုးပါဘူး။ မိန်းကလေးငယ်လေး၏ ပြန်လည်သက်သာလာသော ပုံစံကို ကြည့်ရင်း ယွီဝူယီ့ရင်ထဲတွင် ကျေနပ်မှုအချို့ ဖြစ်ပေါ်လာရသည်။
“မင်းရဲ့ နာမည်ကို သိပါရစေဦး”
မိန်းကလေးငယ်လေးက နောက်ထပ်တစ်ငုံ ထပ်မံသောက်လိုက်ပြီး ယခုအခါတွင်မူ လုံးဝ စိတ်အေးသွားပုံရကာ သူမ၏လေသံက တုန်ရီမနေတော့ဘဲ တိုးညင်စွာ ပြောလိုက်သည်။
“သမီးနာမည်က နင်ထျန်း လို့ ခေါ်ပါတယ်”
“လှပတဲ့ နာမည်လေးပဲ”
ယွီဝူယီက နှစ်သိမ့်မှုပေးသည့်အနေဖြင့် ချီးကျူးလိုက်သော်လည်း... ထိုခဏမှာပင် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
နေပါဦး... ဘယ်သူလဲ။