အခန်း (၂၉) - လုံရှောင်းယောင်
တောင်ကြား၏ အပြင်ဘက်စွန်းတွင်ရှိသော ‘မြရောင်နဂါး နဝမအဆင့်ပန်း’ သည်လည်း ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်ပေသည်။
၎င်းသည် ချီလော့တူးလစ်ပန်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ထူထပ်လှသော အဆိပ်မြူခိုးများကို ဖယ်ရှားပေးလိုက်ပြီး လမ်းကြောင်းတစ်ခု ဖန်တီးပေးခဲ့သည်။
ထိုလမ်းကြောင်းက အပြင်ဘက်ဆီသို့ တိုက်ရိုက် ဦးတည်နေခဲ့ချေသည်။
သို့သော်လည်း ချီလော့မှာမူ မျှော်လင့်မထားဘဲ “ဟင်...” ဟု ရုတ်တရက် အာမေဍိတ်သံ ထွက်ပေါ်လာခဲ့ရသည်။
အပြင်ဘက် ပတ်လမ်းတွင်ရှိသော ‘မြရောင်နဂါး သတ္တမအဆင့်ပန်း’ က ‘နဝမအဆင့်ပန်း’ အဖြစ်သို့ တိုးတက်ပြောင်းလဲသွားခဲ့သည့် အချက်က သူ၏ မျှော်လင့်ချက်များကို တကယ့်ကို ကျော်လွန်နေခဲ့သောကြောင့် ဖြစ်သည်။
“ထူးဆန်းလိုက်တာ... မင်းတို့တွေ အဆင့်တက်ဖို့အတွက် နောက်ထပ် နှစ်ပေါင်းတစ်သောင်းလောက်အထိ အချိန်ယူရဦးမှာ မဟုတ်ဘူးလား"
သူသည် အပင်များအချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုကြသည့် နည်းလမ်းဖြင့် ၎င်းတို့ကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
“ဘာ... လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းက တစ်စုံတစ်ရာသော စွမ်းအားတွေကို ရုတ်တရက် ရရှိခဲ့ပြီး အဆင့်တက်သွားခဲ့တာ ဟုတ်လား...”
ချီလော့ မိမိ၏ မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။ ဝိညာဉ်သားရဲတစ်ကောင်ကို နှစ်ပေါင်းသောင်းချီ ကြာမြင့်မည့် ကြီးထွားမှုသံသရာကာလတစ်ခုကို တိုက်ရိုက် ကျော်ဖြတ်သွားစေနိုင်လောက်အောင် မည်သည့်စွမ်းအားက စွမ်းဆောင်ပေးနိုင်ခဲ့သလဲဆိုသည်ကို သူ လုံးဝ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ရပေသည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦး အဆိပ်မြူခိုးများထဲမှနေ၍ အောင်မြင်စွာ ထွက်ခွာလာခဲ့ကြသည်။
လမ်းခရီးတစ်လျှောက်တွင် ယွီဝူယီအနေဖြင့် ချီလော့၏ စွမ်းအားများက တဖြည်းဖြည်းချင်း အားနည်းလာနေခဲ့သည်ကို အထင်အရှား ခံစားမိလိုက်ရသည်။
၎င်းတို့သည် ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်းကို အမှီပြု၍ ကြီးပြင်းလာခဲ့ကြရခြင်းဖြစ်တာမို့... ၎င်းနေရာမှနေ၍ ထွက်ခွာလာခဲ့သည်နှင့်အမျှ ၎င်းတို့၏ စွမ်းအားများက ဆက်လက်၍ ကျဆင်းသွားရဦးမည် ဖြစ်သည်။
၎င်းတို့၏ စွမ်းအားက အနှစ်တစ်သောင်းတန်း ဝိညာဉ်သားရဲတစ်ကောင်၏ အဆင့်အထိ ကျဆင်းသွားမည် မဟုတ်သော်လည်း... ၎င်းကား အသက်တစ်သိန်းတန်း ဝိညာဉ်သားရဲများအကြားတွင်တော့ သံသယဝင်စရာမလိုဘဲ အားအနည်းဆုံး ဖြစ်သွားရပေလိမ့်မည်။
“ဘယ်လိုလဲ... အဆင်ပြေရဲ့လား"
ချီလော့၏ ပုံစံမှာ အတော်လေး နေမကောင်းဖြစ်နေပုံရတာမို့ ယွီဝူယီ ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။
ချီလော့ကတော့ အဆင်ပြေပါသည်ဟူသော သဘောဖြင့် မိမိ၏ ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း ပြောလိုက်သည်...။
“ကျွန်တော် ဤနေရာကနေ တစ်ခါမှ မထွက်ခွာဖူးလို့ပါ.. ပြီးတော့ စွမ်းအားတွေ ဆုံးရှုံးသွားတာကြောင့် အနည်းငယ် အားနည်းသွားရုံပါပဲ လူကြီးမင်းအနေနဲ့ စိုးရိမ်မနေပါနဲ့"
ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်းမှ ထွက်ခွာလာပြီးနောက်ပိုင်းတွင် မိမိကိုယ်မိမိ ပိုမိုအားနည်းလာလိမ့်မည်ဟု သူ ကြိုတင်တွေးတောထားခဲ့သော်လည်း... ဤမျှလောက်အထိ အားအင်ချိနဲ့သွားမည့် ခံစားချက်မျိုးကတော့ သူ၏ မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့ဆဲပင် ဖြစ်သည်။
ထို့အပြင် သူ ယွီဝူယီကိုလည်း အနည်းငယ် အားကျမိလိုက်ရသည်။ အပင်အခြေပြု ဝိညာဉ်သားရဲများသည် သဘာဝအတိုင်း လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း မရှိကြပါချေ.. ၎င်းတို့ အမြစ်တွယ်ရာအရပ်သည် ၎င်းတို့၏ အိမ်ဂေဟာပင် ဖြစ်သည်။
အသက်တစ်သိန်းတန်း ဝိညာဉ်သားရဲအဆင့်အထိ ကျင့်ကြံနိုင်မှသာလျှင်... လူသားအသွင်သို့ ပြောင်းလဲနိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည့် စွမ်းရည်ကို ရရှိနိုင်ကြမည် ဖြစ်သည်။
သို့သော်လည်း အပင်အခြေပြု ဝိညာဉ်သားရဲများသည် အခြားသော ဝိညာဉ်သားရဲများနှင့် နှိုင်းယှဉ်လျှင် သဘာဝအတိုင်း အားနည်းကြတာမို့... ၎င်းတို့တွင် ထွက်ခွာသွားနိုင်မည့် စွမ်းရည်များ ရှိနေကြသည့်တိုင်အောင် ထွက်ခွာသွားမည့်သူဟူ၍ အလွန်ပင် ရှားပါးလှပေသည်။
ဤအချက်က ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်း၏ အနီးအနားတွင် မွေးဖွားလာခဲ့ကြသည့် နတ်ပန်းဆေးပင်များအတွက် ပိုမို၍ မှန်ကန်လှပေသည်။
“မင်း လေထဲမှာ ဆက်ပြီး ပျံသန်းနိုင်သေးရဲ့လား…အကယ်၍ မပျံသန်းနိုင်တော့ဘူးဆိုရင်လည်း ငါတို့တွေ လမ်းလျှောက်ပြီး သွားကြတာပေါ့"
ယွီဝူယီ စေတနာဖြင့် အကြံပြုလိုက်သည်။ ဤသို့ဆိုလျှင် မူလက သဘောတူထားခဲ့သည့် အချိန်ထက် ပိုမိုကြာမြင့်သွားနိုင်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် ပိုမိုအရေးကြီးသည်မှာ ချီလော့၏ ကျန်းမာရေးအခြေအနေပင် ဖြစ်သည်.. အပင်တစ်ပင်၏ အသက်ကလည်း အရေးကြီးသည် မဟုတ်ပါလား။
“ကျွန်တော် အဆင်ပြေပါတယ် ဤနေရာကို စောစောရောက်လေလေ... အရာအားလုံးက စောစောပြီးဆုံးသွားလေလေ ဖြစ်မှာပါ" ချီလော့ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ဤကဲ့သို့သော အားအင်ချိနဲ့နေသည့် ခံစားချက်ကြီးက တကယ့်ကို မနှစ်မြို့ဖွယ်ကောင်းလှတာမို့... သူ ဤခံစားချက်မျိုးကို နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ခံစားလိုတော့မည် မဟုတ်ပါချေ။
သူ၏ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးနောက် လေထဲသို့ ပျံတက်လိုက်တော့သည်။
ယွီဝူယီ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက ဆုံးဖြတ်ချက်ချပြီးသားဖြစ်တာမို့ သူလည်း ဘာမှ ထပ်မံပြောဆိုမနေတော့ပါချေ။
မိမိ၏ ခြေဖဝါးအောက်ရှိ တွန်းကန်အားပေးစနစ် များကို စတင်ဖွင့်လှစ်လိုက်ပြီးနောက် လမ်းညွှန်ပြသရန်အတွက် အရှေ့ဆုံးမှနေ၍ ဦးဆောင်ပျံသန်းသွားလိုက်တော့သည်။
ချီလော့၏ အခြေအနေကို ထောက်ထားသောအားဖြင့် ယွီဝူယီသည် သူ ဤနေရာသို့ လာခဲ့စဉ်ကထက် များစွာ နှေးကွေးသောအရှိန်ဖြင့်သာ သွားလာခဲ့သည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေဦးတော့ အခြားတစ်ဖက်လူက အသက်တစ်သိန်းတန်း ဝိညာဉ်သားရဲတစ်ကောင်ဖြစ်တာမို့... သာမန်ပျံသန်းမှုမျှဖြင့်တော့ သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားစရာ အကြောင်းမရှိပါချေ။
သူတို့နှစ်ဦးစလုံး အလောတကြီးမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အရှိန်နှုန်းဖြင့်သာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြသည်။
သို့သော်လည်း သူတို့ လမ်းခရီး၏ တစ်ဝက်ခန့်သို့ ရောက်ရှိလာခဲ့ချိန်တွင်မူ မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ရတော့သည်။
သူတို့၏ တည့်တည့်အရှေ့ ကောင်းကင်ယံတွင် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော အဖိုးအိုတစ်ဦးက လေထဲတွင် တိတ်ဆိတ်စွာ ပျံသန်းလျက် ရှိနေခဲ့သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထံမှနေ၍ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည့် အရိပ်အယောင်မျိုးကိုတော့ လုံးဝ မတွေ့ရှိရပါချေ။
ယွီဝူယီ လက်ကို ဆန့်ထုတ်ကာ ချီလော့ကို တားဆီးလိုက်ပြီးနောက် ခေါင်းလှည့်ကာ ပြောလိုက်သည်...။
“မင်း အရင်ဆုံး နောက်ကို ဆုတ်နေလိုက်ပါ။ အကယ်၍ ခဏနေရင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့မယ်ဆိုရင်... ဘေးကင်းတဲ့နေရာမှာ ပုန်းကွယ်နေဖို့ မမေ့နဲ့ဦး"
သူတို့၏ အရှေ့မှောက်ရှိ ဆန်းကြယ်လှသော အဖိုးအိုကို ကြည့်ရင်း... ချီလော့အနေဖြင့် ထိုပုဂ္ဂိုလ်ကလည်း အဆင့်မြင့်မားလှသော ထိပ်သီးပညာရှင်ကြီးတစ်ဦး ဖြစ်ရပေမည်ဟု ကောင်းစွာ ရိပ်မိလိုက်သည်။
ထို့ကြောင့်ပင် သူ လိမ္မာသိတတ်စွာဖြင့် နောက်သို့ ဆုတ်ခွာလိုက်ပြီး လျင်မြန်စွာပင် ဝေးရာသို့ ရွှေ့ပြောင်းသွားခဲ့တော့သည်။
ယွီဝူယီ မိမိ၏ ရှေ့မှောက်ရှိ အဖိုးအိုကို အလွန်ပင် စိတ်ဝင်စားစရာကောင်းသောအမူအရာဖြင့် ကြည့်ရှုလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ဤပုဂ္ဂိုလ်ကြီးနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပါချေ။
အမည်: လုံရှောင်းယောင်
အသက်: ၂၆၁ နှစ်
ကျင့်ကြံမှုအဆင့်: ၉၉ အဆင့်
ဝိညာဉ်: အမှောင်ဝိညာဉ်နဂါး
ဝိသေသလက္ခဏာ: နဂါးဧကရာဇ် ဘွဲနှင်းခံ သန့်ရှင်းသောဝိညာဉ်ဂိုဏ်း ၏ မဟာပုရောဟိတ်ချုပ်။
အမှန်စင်စစ်ပင်... သူတို့၏ ရှေ့မှောက်တွင် ရောက်ရှိနေသော အဖိုးအိုကား အခြားသူမဟုတ်ဘဲ ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးသော သက်ရှိပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး.. ‘အဆုံးစွန်သုန့်လော် အဆင့်ရှိ ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည့် ‘လုံရှောင်းယောင်’ ပင် ဖြစ်ချေတော့သည်။
လုံရှောင်းယောင်သည် အခြားသူများ၏ ရှေ့မှောက်တွင် အလွယ်တကူ ပေါ်ထွက်လာတတ်သူမျိုး မဟုတ်ပါချေ။
အခြားတစ်ဖက်လူက သူတို့ သွားရမည့် တစ်ခုတည်းသော လမ်းကြောင်းပေါ်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်တာမို့... သူတို့၏ထံသို့ ဦးတည်ချက်ထား၍ လာရောက်ခြင်း ဖြစ်ရပေမည်။
“လူကြီးမင်း... တစ်ခုခု လိုအပ်လို့ပါလား"
ယွီဝူယီ ဆမ်ဝတ်စုံ၏ အေးစက်စက်နိုင်လှသော စက်ရုပ်အသံဖြင့် မေးမြန်းလိုက်သည်။
လုံရှောင်းယောင်ကလည်း မိမိ၏ ရှေ့မှောက်ရှိ ဖြူဖွေးလှသော စက်ဝတ်စုံကြီးကို အကဲခတ်အကဲဖြတ်လို့နေခဲ့သည်။
‘ရဲရှီးရွှေ’ နှင့်အတူ ရှိနေခဲ့စဉ်က... သူသည် ဝိညာဉ်ကရိယာ များနှင့် ပတ်သက်၍ အချို့သော နားလည်မှုများကို ရရှိခဲ့ဖူးသည်။
သို့သော်လည်း လူသားတစ်ဦး၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းထားနိုင်သည့် ဤကဲ့သို့သော စက်မှု ဝတ်စုံမျိုးကိုတော့ သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါချေ။
“ဟဟ... မင်းအနေနဲ့ ဒီလောက်အထိ သတိကြီးမနေပါနဲ့.. ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သန်းသွားရုံသက်သက်ပါပဲ"
နောက်နေတာလား...
ယွီဝူယီ ဤအကြောင်းပြချက်ကို လုံးဝ မယုံကြည်ပါချေ။
“အို... တိုက်ကြီးပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ နဂါးဧကရာဇ်ဘွဲ့နှင်းခံ ...” လုံရှောင်းယောင်လို လူမျိုးက... ဘယ်လိုလုပ်ပြီး အခြားလူတစ်ယောက်ရဲ့ ရှေ့မှောက်ကနေ ဒီအတိုင်းကြီး လက်ပိုက်ကြည့်ပြီး အေးအေးဆေးဆေး ဖြတ်သန်းသွားနိုင်မှာလဲ။
သူသည် အခြားတစ်ဖက်လူ၏ ဝိသေသလက္ခဏာကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
တည်ငြိမ်လှသော လုံရှောင်းယောင် မိမိ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိပြီး.. အခြားတစ်ဖက်လူက မိမိ၏ ဝိသေသလက္ခဏာကို ချက်ချင်း မှတ်မိသွားသည့်အတွက် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
“ကြည့်ရတာ မင်းရဲ့ ဝိသေသလက္ခဏာကလည်း သာမန်တော့ မဟုတ်ပုံရဘူး"
မိမိ၏ ဝိသေသလက္ခဏာကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်ဆိုပါက... အခြားတစ်ဖက်လူသည် မိမိ သိကျွမ်းထားဖူးသည့်သူ ဖြစ်ရပေလိမ့်မည်။
“ကျွန်တော်လည်း ထို့အတူပါပဲ"
ယွီဝူယီ တည်ငြိမ်စွာ ပြောလိုက်သည်။
သို့သော်လည်း ဤရိုးရှင်းလှသော အဖြေစကားက လုံရှောင်းယောင်၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းသွားစေခဲ့ရသည်။ တစ်ဖက်လူ၏ စကားလုံးများက... သူတို့ တစ်ခုခုကို ကောင်းစွာ သိရှိထားကြောင်း အရိပ်အယောင် ပြသနေသည့်အလား ရှိနေခဲ့သည်။
သူသည် အစပိုင်းတွင် ဤနယ်မြေကို လမ်းကြုံ၍ ဖြတ်သန်းသွားခဲ့ခြင်းသာ ဖြစ်သော်လည်း.. ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သော ကြီးမားလှသည့် စွမ်းအင်လှိုင်းကြီးက သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သူ စွမ်းအင်၏ မြစ်ဖျားခံရာကို မရှာဖွေနိုင်သေးခင်မှာတင် ထိုစွမ်းအင်များက ပြန်လည်ပျောက်ကွယ်သွားခဲ့ရသည်။
စူးစမ်းလိုစိတ်ကြောင့် သူ ဤနေရာတွင် ခေတ္တမျှ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး.. သူ၏ မျှော်လင့်ချက်အတိုင်း အမှန်တကယ်ပင် ဆုံတွေ့ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
လုံရှောင်းယောင် ချီလော့၏ မူလအသွင်သဏ္ဍာန်ကို ကြည့်ကာ ၎င်းကား ‘ချီလော့ တူးလစ်ပန်း’ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
သို့သော်လည်း သူတို့၏ အရှေ့မှောက်ရှိ ဖြူဖွေးသော စက်ဝတ်စုံကြီး၏ နောက်ခံမြစ်ဖျားခံရာကိုတော့ လုံးဝ ခွဲခြားသိမြင်နိုင်ခြင်း မရှိပါချေ။
ယခုအခါတွင် ဤဖြူဖွေးသော စက်ဝတ်စုံကြီးသည် မိမိ၏ ဝိသေသလက္ခဏာကို သိရှိရုံတင်မကဘဲ... ပိုမိုနက်ရှိုင်းလှသော အကြောင်းအရာအချို့ကိုပါ သိရှိထားသည့်အလား ရှိနေခဲ့ချေပြီ။
“မင်းက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား...”
သူ စကားပြောဆိုနေစဉ်မှာတင်... သူ၏ နောက်ကျောဘက်တွင် ရှိနေသော လက်ဖဝါးများက စတင်လှုပ်ရှားလာခဲ့ကြပြီး.. တစ်ဖက်လူက အရာအားလုံးကို တကယ်ပဲ သိရှိထားသည့်အလား ရှိနေခဲ့သည်။ သူသည် အစွန်းရောက်လှသော နည်းလမ်းအချို့ကို အသုံးပြုရန်အတွက် ပြင်ဆင်နေခဲ့ချေပြီ။
ယွီဝူယီ လုံရှောင်းယောင်၏ လှုပ်ရှားမှုများကို မမြင်တွေ့နိုင်သော်လည်း.. တစ်ဖက်လူ ဘာတွေးတောနေသည်ကိုတော့ အကြမ်းဖျင်းအားဖြင့် ခန့်မှန်းနိုင်ပေသည်။
ထိုစကားလုံးများက လုံရှောင်းယောင်အတွက် မည်မျှအထိ အဓိပ္ပာယ်သက်ရောက်မှု ရှိသည်ကို သူ ကောင်းစွာ သိရှိထားသည်။
“ဝူယီ အထွအထွေထွေ ၀န်ဆောင်မှုလုပ်ငန်း” လုံရှောင်းယောင် မိမိ၏ မှတ်ဉာဏ်ထဲတွင် ‘ဝူယီ အထွေထွေအလုပ်အကိုင်အေဂျင်စီ’ ဟု အမည်ရသော မည်သည့် အဓိက အဖွဲ့အစည်းကြီး ရှိသလဲဆိုသည်ကို အဆက်မပြတ် စဉ်းစားတွေးတောလိုက်မိသည်။
သို့သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင်အောင် ထိုအမည်ဖြင့် ကျော်ကြားလှသော မည်သည့်အင်အားစုမျှ မရှိကြောင်း သူ သဘောပေါက်သွားခဲ့ရသည်။
တစ်ဖက်လူက မိမိ၏ ဝိသေသလက္ခဏာကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်ဆိုပါက... သူတို့သည် သာမန်အဖွဲ့အစည်းတစ်ခုမှ ဖြစ်ရမည် မဟုတ်ပါချေ။ တစ်နည်းအားဖြင့် ပြောရလျှင် ဤတိုက်ကြီးကြီးပေါ်တွင် မိမိ လုံးဝ သတိမပြုမိသေးသည့် လျှို့ဝှက်ဆန်းကြယ်လှသော အင်အားစုကြီးတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
၎င်းအပြင်... ဤအင်အားစုကြီးသည် ‘သန့်ရှင်းသောဝိညာဉ်ဂိုဏ်း’ တည်ရှိနေခြင်းကိုပါ သိရှိထားနိုင်ခြေ ရှိပေသည်။
လုံရှောင်းယောင် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း နောက်ဆုံးမေးခွန်းတစ်ခုကို မေးမြန်းရန် ပြင်ဆင်လိုက်စဉ်မှာတင်... သူ၏ စကားလုံးများက ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်...။
“သန့်ရှင်းသောဝိညာဉ်ဂိုဏ်းရဲ့ မဟာပုရောဟိတ်ချုပ်... ဟုတ်တယ်မလား"
ထိုအခိုက်အတန့်တွင်ပင်... သာမန်လူသားတစ်ဦးကဲ့သို့ တည်ငြိမ်နေခဲ့သော လုံရှောင်းယောင်၏ ခန္ဓာကိုယ်ထံမှနေ၍ အတိုင်းအဆမဲ့ ကြီးမားလှသော ဖိအားလှိုင်းကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ယွီဝူယီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံချုပ်ကိုင်သွားခဲ့တော့သည်...
တစ်ပြိုင်နက်တည်းမှာပင်... သူ၏ ခန္ဓာကိုယ်ပတ်ပန်းကျင်တွင် ဝိညာဉ်ကွင်း ကိုးကွင်း ဖြစ်ကြသော - အဝါ.. အဝါ.. ခရမ်း.. ခရမ်း.. အနက်.. အနက်.. အနက်.. အနီ.. အနီ - ဟူ၍ မည်သည့် ဖုံးကွယ်ထားမှုမျိုးမျှမရှိဘဲ တောက်ပလှစွာဖြင့် ထွက်ပေါ်လာခဲ့ကြချေပြီ။
သူသည် အသက်တစ်သိန်းတန်း ဝိညာဉ်ကွင်း အနီရောင် နှစ်ကွင်းစလုံးကိုပင် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
“မင်း ငါ ဘယ်သူလဲဆိုတာကို သိနေရက်သားနဲ့... ဘာဖြစ်လို့ အဲဒါကို ထုတ်ပြောဖို့ သတ္တိရှိနေရတာလဲ ဤကဲ့သို့ လုပ်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း ကောင်းကောင်း သိထားသင့်ပါတယ်"
လုံရှောင်းယောင် စက်မှု ဝတ်စုံ၏ မျက်နှာဖုံးကို စိုက်ကြည့်လိုက်မိပြီး.. ထိုမျက်နှာဖုံး၏ နောက်ကွယ်တွင် မည်ကဲ့သို့သော မျက်နှာအမူအရာမျိုး ရှိနေမည်ကို သူ အလွန်ပင် သိရှိလိုလှပေသည်။
မိမိက နဂါးဧကရာဇ်ဘွဲခံ ဖြစ်ကြောင်း သိရှိထားသည့်တိုင်အောင်.. သန့်ရှင်းသောဝိညာဉ်ဂိုဏ်း တည်ရှိနေခြင်းကို သိရှိထားသည့် မည်သူ့ကိုမျှ မိမိအနေဖြင့် အသက်ရှင်လျက် လွှတ်ပေးမည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည့်တိုင်အောင်...
သူ ဘာဖြစ်လို့ ဤမျှလောက်အထိ ရဲရဲဝံ့ဝံ့ကြီး ထုတ်ဖော်ပြောဆိုရဲရတာလဲ။
ယွီဝူယီ ပြုံးလိုက်မိပြီး.. အကြောင်းပြချက်ကတော့ အလွန်ပင် ရိုးရှင်းလှပေသည်။
သူသည် ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေသော ဆမ်ဝတ်စုံ၏ အစွမ်းသတ္တိများက မည်မျှအထိ သန်မာထက်မြက်နေပြီလဲဆိုသည်ကို တကယ့်ကို လက်တွေ့စမ်းသပ်ကြည့်ချင်နေခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင်... သူ လုံရှောင်းယောင်နှင့် လက်ရည်စမ်းရန်အတွက် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်ပေါ်လို့နေခဲ့ချေပြီ...