အခန်း (၂၇) - သဘာဝတရား၏ အံ့မခန်း လက်ရာမွန်ကြီး
ဆိုင်တံခါးဝတွင် “ယာယီပိတ်သည်” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးနောက် ယွီဝူယီသည် မြို့ပြင်သို့ အလျင်အမြန်ပင် ထွက်ခွာလာခဲ့လိုက်သည်။
သူ၏ထံမှ မီးတောက်များ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီးနောက်.. သူသည် ဆမ် စက်ရုပ် ဝတ်စုံကို ဝတ်ဆင်မောင်းနှင်ကာ သူ၏ပန်းတိုင်ရှိရာဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
ယခုအခါတွင် ဆမ်၏ သရုပ်ဆောင်မှုရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းဆောင်ရည်မှာ အရည်အသွေးပိုင်းအရ သိသိသာသာ ကြီးမားစွာ ခုန်ပျံကျော်လွှားတိုးတက်သွားခဲ့ပြီး.. ယခု အရှိန်မြင့်ပျံသန်းခြင်းမှာ ထိုစဉ်က အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းခြင်းထက်ပင် ပိုမိုမြန်ဆန်နေခဲ့ချေပြီ။
နေဝင်တောအုပ် သည် ထျန်းဟုန်းအင်ပါယာ၏ အရှေ့ဘက်.. ဒ်ိုလင်းအင်ပါယာ၏ နယ်စပ်နှင့်ကပ်လျက်တွင် တည်ရှိသည်။
နှစ်နာရီခန့် ပျံသန်းပြီးနောက်တွင်မူ သူ သွားရောက်မည့် ပန်းတိုင်ကို လှမ်းမြင်လိုက်ရတော့သည်။
ကြယ်တာရာတောအုပ်ကြီး နှင့် နှိုင်းယှဉ်လျှင်မူ နေဝင်ဖျားတောအုပ်က ပိုမို၍ ပုံမှန်ဆန်ပုံရပြီး.. သစ်ပင်သစ်တောများမှာ ကျဲပါးလှသလို မီတာ ၁၀၀ အထိ မြင့်မားသော သစ်ပင်ကြီးများမှာလည်း အလွန်ပင် ရှားပါးလှသည်။
သို့သော်လည်း ၎င်းကို တောအုပ်ကြီးတစ်ခုဟု ခေါ်ဆိုနိုင်သည်ဖြစ်ရာ သဘာဝအတိုင်း သေးငယ်နေမည်တော့ မဟုတ်ပါချေ။
ထိုနေရာတွင် ဝိညာဉ်သားရဲ များစွာ ရှိနေကြသော်လည်း အများစု၏ စွမ်းအားမှာ ယေဘုယျအားဖြင့် အလွန်ပင် နိမ့်ပါးကြသည်။
သို့သော် ၎င်းတွင်လည်း အားသာချက်အချို့ ရှိနေပေသည်။ ပထမအချက်မှာ ဤနေရာရှိ ဝိညာဉ်သားရဲများက ယေဘုယျအားဖြင့် အားနည်းကြသဖြင့် ဝိညာဉ်ဆရာ များ တစ်ဦးတည်း လာရောက်အမဲလိုက်ရန်အတွက် အလွန်သင့်တော်လှသည်။
ဒုတိယအချက်မှာ ဤနေရာတွင် အခြားသော အရပ်ဒေသများ၌ လုံးဝ ရှာမတွေ့နိုင်လောက်အောင် ထူးခြားဆန်းပြားလှသည့် ဝိညာဉ်သားရဲအချို့ ရှိနေတတ်ခြင်းပင်။
ယွီဝူယီသည် ၎င်းကို နှစ်ချက်မျှသာ ဝေ့ဝဲကြည့်ရှုလိုက်ပြီး အချိန်ဆွဲမနေတော့ပါချေ။ မကြာမီအချိန်အတွင်းမှာပင် အံ့မခန်းဖွယ်ရာ ထူးဆန်းသော မြင်ကွင်းကြီးတစ်ခုက သူ၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့တော့သည်။
ပြာလွင်နေသော ရေခဲတောင်ကြီးများနှင့် ရဲရဲတောက်နေသော မီးတောင်ကြီးများသည် ဘေးချင်းယှဉ်လျက် တည်ရှိနေကြပြီး.. ထိုအရာနှစ်ခု၏ ကြားတွင်မူ တောက်ပသော အစိမ်းရောင်မြူခိုးများဖြင့် ပြည့်နှက်နေသည့် တောင်ကြားလျှိုမြောင်ကြီးတစ်ခု ရှိနေချေသည်။ ယွီဝူယီ သူ၏ အရှိန်ကို လျှော့ချလိုက်ပြီးနောက် တောင်ကြား၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်သည်။
ဤနေရာသို့ သူ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်းဖြစ်တာမို့ ပိုမိုဘေးကင်းစိတ်ချရစေရန်အတွက် သူ၏ ရှေ့မှောက်ရှိ နယ်မြေကို အရင်ဆုံး စကန်ဖတ် ကြည့်လိုက်မိသည်။
အမည်: သေမင်းတမန် ပန်းအဆိပ်
မြစ်ဖျားခံရာ: မြရောင်နဂါး နဝမအဆင့်ပန်း
“ဟင်... ကိုးဆင့်သေမင်းပန်းလား...”
ယွီဝူယီ တစ်ခုခု မှားယွင်းနေသည်ကို ထက်မြက်စွာဖြင့် သတိပြုမိသွားခဲ့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင်မူ အပြင်ဘက်ရှိ အဆိပ်မြူခိုးများကို ‘မြရောင်နဂါး သတ္တမအဆင့်ပန်း’ က ထုတ်လွှတ်ပေးထားရမည် ဖြစ်သည်။ ဘာဖြစ်လို့ အခုကျမှ ‘နဝမအဆင့်ပန်း’ ဖြစ်သွားရတာလဲ။
ထိုအရာနှစ်ခု၏ ကွာခြားချက်မှာ ဂဏန်းနှစ်လုံးမျှသာ ကွာခြားခြင်း မဟုတ်ပါချေ။
သတ္တမအဆင့်ပန်း၏ အဆိပ်သည် (ဘွဲနှင်းခံ သုန့်လော်) အဆင့်အောက်ရှိ လူသားများကို သေဆုံးစေနိုင်လောက်အောင် ပြင်းထန်လှသော်လည်း.. နဝမအဆင့်ပန်းကမူ ဘွံနှင်းခံသုန့်လာ် အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများကိုပင် ဘာမှမတတ်နိုင်ဘဲ အကြံအိုက်ဆသွားစေနိုင်လောက်အောင် အစွမ်းထက်လှပေသည်။
သူသည် မိမိ၏ လက်ညှိုးကို ‘ဟင်းလင်းပြင်နယ်မြေ ဖြင့် ကာကွယ်လိုက်ပြီးနောက် ထိုအဆိပ်မြူခိုးများထဲသို့ သတိကြီးစွာဖြင့် စမ်းသပ်ထိုးသွင်းကြည့်လိုက်သည်။
အောက်ခြေမရှိသော ချောက်နက်ကြီးသဖွယ် အကာအကွယ်ကို ထိုအဆိပ်များက လုံးဝ ဖောက်ထွင်းနိုင်ခြင်းမရှိကြောင်း သေချာစွာ အတည်ပြုပြီးသွားခဲ့သည့် အခါမှသာ... သူ စိတ်အေးချမ်းသာစွာဖြင့် အတွင်းဘက်သို့ လှမ်းဝင်ခဲ့တော့သည်။
အဆိပ်မြူခိုးများသည် မီးတောက်များနှင့် ဓာတ်ပြုမိနိုင်ခြေရှိတာမို့ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် ယွီဝူယီ ခြေလျင်ပဲ ဆက်လက်လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။
မကြာခင်မှာတင် တောင်တန်းများနှင့် လွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် စိမ်းစိုဖြစ်ထွန်းနေသော အပင်မြောက်မြားစွာကို သူ လှမ်းမြင်လိုက်ရတော့သည်။ ယွီဝူယီ အပင်တစ်ပင်၏ အနားသို့ ကျပန်းလျှောက်လှမ်းသွားလိုက်ပြီး ၎င်းကို စကန်ဖတ်ကြည့်လိုက်မိသည်။
အမည်: မြရောင်နဂါး နဝမအဆင့်ပန်း
စွမ်းရည်: သေမင်းတမန် ပန်းအဆိပ်
ထူးခြားချက်: နတ်ဘုရားစွမ်းအား ၏ ကူးစက်ခံရမှုကြောင့်... ၎င်းသည် မူလ ‘သတ္တမအဆင့်ပန်း’ ဘဝမှနေ၍ ‘နဝမအဆင့်ပန်း’ အဖြစ်သို့ တိုးတက်ပြောင်းလဲ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
“နတ်ဘုရားစွမ်းအား ဟုတ်လား...”
သုန့်လော် တိုက်ကြီးတွင် မည်မျှပင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါစေဦးတော့.. အသုံးပြုမည့် စွမ်းအင်မှာ ဝိညာဉ်စွမ်းအား သာ ဖြစ်ရပေလိမ့်မည်။
ထိုစွမ်းအင်က သုန့်လော်တိုက်ကြီး နှင့် သက်ဆိုင်ခြင်းမရှိမှသာ... ၎င်းကို နတ်ဘုရားစွမ်းအားဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။
“စနစ်... ထန်စန်းက ငါ့ကို အခု မြင်ရမှာ မဟုတ်ဘူး.. ဒါပေမဲ့ သူ အခြားလူတွေကိုတော့ မြင်နိုင်သေးတယ် မဟုတ်လား"
【မှန်ကန်ပါတယ်.. ဆန်းကြယ်လှတဲ့ ကမ္ဘာ့စည်းကမ်းချက်တွေက အိမ်ရှင်တစ်ဦးတည်းအပေါ်မှာသာ သက်ရောက်တာ ဖြစ်ပါတယ်။】
၎င်းက အံ့ဩစရာတော့ မဟုတ်ပါချေ။ ထန်စန်းအနေဖြင့် မိမိနှင့် ထိတွေ့ဆက်ဆံနေသော မည်သူ့ကိုမျှ မမြင်တွေ့နိုင်တော့သော်လည်း... ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီး၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကတော့ ထန်စန်း၏ မျက်လုံးထဲတွင် အထင်အရှား ပေါ်လွင်နေခဲ့မည်မှာ သေချာလှသည်။
နည်းငယ်မျှ တွေးတောလိုက်ရုံဖြင့် ဤကိစ္စက မိမိနှင့် ဆက်စပ်နေကြောင်း တစ်ဖက်လူက ရိပ်မိသွားပုံရပေသည်။
ထို့ကြောင့်ပင် သူသည် ဤနေရာရှိ မူလသဘာဝပတ်ဝန်းကျင်ကို နတ်ဘုရားစွမ်းအားကို အသုံးပြု၍ တိုက်ရိုက်ဝင်ရောက်စွက်ဖက် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း ဤအချက်က အခြားသော မေးခွန်းတစ်ခုကို ပေါ်ထွက်လာစေခဲ့ပြန်သည်။
“စနစ်... ထန်စန်းကသုန့်လော်တိုက်ကြီး ပေါ်က အရာရာကို စွက်ဖက်ဖို့ နတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်တယ်ဆိုရင်.. သူ ဘာဖြစ်လို့ ဆင်းသက်လာဖို့အတွက် ၁၅ လလောက်အထိ အချိန်ဆွဲပြီး စောင့်ဆိုင်းနေခဲ့ရတာလဲ"
【သုန့်လော်တိုက်ကြီးနဲ့ နတ်ဘုရားကမ္ဘာ တို့အကြားမှာ အားကောင်းလှတဲ့ အတားအဆီးတစ်ခု ရှိနေလို့ ဖြစ်ပါတယ်။ အကယ်၍ နတ်ဘုရားကမ္ဘာဘက်ကနေ သုန့်လော်တိုက်ကြီးကို ဝင်ရောက်စွက်ဖက်ချင်တယ်ဆိုရင် ထိုအတားအဆီးကို ဖောက်ထွင်းဖျက်ဆီးဖို့အတွက် နတ်ဘုရားစွမ်းအားကို အသုံးပြုရပါတယ်။】
ဝင်ရောက်စွက်ဖက်မှု ပိုမိုကြီးမားလေလေ... ထိုအတားအဆီးကို ဖောက်ထွင်းရန် လိုအပ်မည့် အချိန်နှင့် နတ်ဘုရားစွမ်းအား ပမာဏကလည်း ထပ်ညွှန်းကိန်းအလိုက် အဆမတန် မြင့်မားတိုးတက်သွားလေလေ ဖြစ်သည်။
မြရောင်နဂါး နဝမအဆင့်ပန်း၏ အထက်ရှိ နတ်ဘုရားစွမ်းအားမှာ သေးငယ်လှသော စွမ်းအင်မျှသာဖြစ်တာမို့ ၎င်းက ကြီးမားလှသော ခုခံမှုကို ရင်မဆိုင်ခဲ့ရပါချေ။
【သို့သော်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်... တစ်နည်းအားဖြင့် ပြောရရင်တော့ ထန်စန်းရဲ့ ဝိညာဉ်ခန္ဓာကိုယ်အဆင့်အထိ ဆင်းသက်လာဖို့ဆိုတာကတော့ ထန်စန်းရဲ့ ကိုယ်ပွားတစ်ဝက်လောက်နဲ့ ညီမျှတာမို့.. သူ ရင်ဆိုင်ရမည့် အတားအဆီးအတားအဆီးများက အလွန်အမင်း ကြီးမားလွန်းလှတာကြောင့် အတားအဆီးကို ဖောက်ထွင်းနိုင်ဖို့အတွက် ၁၆ လလောက်အထိ အချိန်ယူရခြင်း ဖြစ်ပါတယ်]
【၎င်းအပြင် ဤအချက်က နတ်ဘုရားကမ္ဘာနဲ့ သုန့်လော်တိုက်ကြီးတို့အကြားက အချိန်စီးဆင်းမှုနှုန်း ကွာခြားချက်တွေနဲ့လည်း သက်ဆိုင်နေပါသေးတယ်။】
“နားလည်ပြီ... ကျေးဇူးပဲ စနစ်"
အရာအားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားပြီးနောက် ယွီဝူယီသည် ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်း ၏ ဝင်ပေါက်ကို စတင်ရှာဖွေတော့သည်။
ဤသေမင်းတမန် ပန်းအဆိပ်က တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ပြောရပေမည်.. ၎င်း၏ သိပ်သည်းဆက အတော်လေးကို မြင့်မားလှပေသည်။
၎င်းအပြင် အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းသွားလေလေ အဆိပ်၏ သိပ်သည်းဆက ပိုမို၍ ထူထပ်လာလေလေ ဖြစ်သည်။
နောက်ပိုင်းတွင်မူ မိမိ၏ ရှေ့မှောက်ရှိ ကိုယ်ပိုင်လက်ဝါးကိုပင် လှမ်းမမြင်ရလောက်အောင်အထိ အခြေအနေက ဆိုးဝါးလာခဲ့ရသည်။
အကယ်၍ ဆမ်ဝတ်စုံ၏ လမ်းညွှန်ပြသမှုစနစ် သာ မရှိခဲ့ဘူးဆိုလျှင်... အဆိပ်ကို အာရုံမစိုက်ဘဲ ကျော်ဖြတ်နိုင်သည့်တိုင်အောင် ဤအဆိပ်မြူခိုးများကြောင့် လမ်းပျောက်ပြီး လုံးဝ မျက်စိလည်သွားနိုင်ပေသည်။
ယွီဝူယီ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေစဉ်မှာတင်... ထူထပ်ကာ မည်းမှောင်နေသော အရိပ်ကြီးတစ်ခုက သူ၏ နောက်ကျောဘက်ဆီမှနေ၍ တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။ ထို့နောက်တွင်မူ အလွန်မြင့်မားလှသော အရှိန်နှုန်းဖြင့် တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ကျရောက်လာခဲ့တော့သည်...
ဖျန်း...
ထိုမည်းမှောင်သောအရိပ်သည် ဟင်းလင်းပြင်နယ်မြေ ၏ အကာအကွယ်အပေါ်သို့ ကြီးမားလှသော စွမ်းအားဖြင့် ရိုက်ခတ်မိသွားခဲ့ပြီး.. ထိုရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းက ဘေးပတ်ပန်းကျင်ရှိ အဆိပ်မြူခိုးများကိုပါ ခေတ္တမျှ လွင့်စင်သွားစေခဲ့ရသည်။
ယွီဝူယီ ၎င်းကို ကြည့်ကာ... သက်တံရောင် အစင်းကြောင်းများ ပါရှိသည့် နက်ပြာရောင် နွယ်ပင်တစ်ပင် ဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသည့် အခါတွင်မူ ယွီဝူယီ တိုက်ခိုက်ခံရခြင်းအတွက် စိတ်ဆိုးဒေါသထွက်မသွားခဲ့ရုံတင်မကဘဲ... ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပင် ဝမ်းသာပီတိ ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤနွယ်ပင်မျိုးက တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာများတွင်သာ ပေါ်ပေါက်တတ်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် မိမိ၏ ပန်းတိုင်နှင့် မဝေးတော့ပါချေ။
ဖျန်း... ဖျန်း... ဖျန်း... ဖျန်း...
ရိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်လို့နေခဲ့သော်လည်း ယွီဝူယီကတော့ ၎င်းကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။
တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ပိုမိုနီးကပ်လာလေလေ... ရိုက်ခတ်လာကြသော နွယ်ပင်အရေအတွက်ကလည်း ပိုမို၍ များပြားလာလေလေ ဖြစ်သည်။
ဖျန်း ဖျန်း ဖျန်း ဖျန်း ဖျန်း...
နောက်ဆုံးတွင်မူ ထိုအသံများက သံစုံတီးဝိုင်းကြီးတစ်ခု ဖွဲ့စည်းတီးခတ်နေသည့်အလားပင် ဖြစ်ပေါ်လာခဲ့တော့သည်။
ဤအသံများက ယွီဝူယီ၏ နားထဲတွင်တော့ အလွန်ပင် သာယာနာပျော်ဖွယ်ကောင်းလှပေသည်.. အဘယ်ကြောင့်ဆိုသော် ထိုနွယ်ပင်များ၏ အလောတကြီး တိုက်ခိုက်နေကြသည့် အမူအရာများက သူ့အား သူ၏ ယခင်ဘဝက စကားပုံတစ်ခုကို သတိရသွားစေသောကြောင့် ဖြစ်သည်။
“မင်းတို့တွေ ငါ့ကို ဒီလောက်တောင် စိတ်တိုဒေါသထွက်နေကြပြီး ဘာမှမတတ်နိုင်ဘဲ ဖြစ်နေကြတဲ့ ပုံစံလေးကို ကြည့်ရတာ... ငါ တကယ့်ကို သဘောကျမိပါတယ်ဗျာ"
ဤကဲ့သို့ဖြင့် ယွီဝူယီသည် သံစုံတီးဝိုင်းကြီးတစ်ခုလုံးကို ဦးဆောင်ခေါ်ယူရင်း ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်းဆီသို့ ဆက်လက်ချီတက်ခဲ့တော့သည်။
သို့သော်လည်း ပျော်ရွှင်စရာအချိန်ဟူသည် အမြဲတမ်း တိုတောင်းလှတတ်စမြဲပင်။ နွယ်ပင်များ၏ ရိုက်ခတ်လာမှု အကြိမ်ရေ တဖြည်းဖြည်းချင်း လျော့နည်းသွားခဲ့သည်နှင့်အမျှ... သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းကြီးက ရုတ်တရက် ပွင့်လင်းလင်းလင်း ဖြစ်ပေါ်သွားခဲ့ရတော့သည်။
သူသည် ထူထပ်လှသော အဆိပ်မြူခိုးများကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်ခဲ့ပြီဖြစ်ပြီး တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ရောက်ရှိလာခဲ့ချေပြီ။
သူ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာသော ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီးကြောင့် သူ၏ နှုတ်ခမ်းဖျားမှနေ၍ မချီးကျူးဘဲ မနေနိုင်လောက်အောင် ဖြစ်ပေါ်လာခဲ့ရသည်။
တောင်ကြား၏ အထက်ကောင်းကင်ယံတွင် သက်တံရောင် ခုနစ်သွယ် အဆိပ်တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေသော်လည်း... ထိုခုနစ်သွယ်သော အရောင်အဝါများက တောင်ကြားတစ်ခုလုံးကို အလွန်အမင်း ခန့်ညားထည်ဝါပြီး လှပတင့်တယ်သွားစေခဲ့သည်။
မြင့်မားလှသော အထက်ဆီတွင်မူ စောစောက နွယ်ပင်များဖြင့် ဝန်းရံထားလျက်ရှိရာ... တောင်နံရံကြီးတစ်ခုလုံးပေါ်တွင် တောက်ပလှသော သက်တံရောင် နီလာကျောက်မျက်ရတနာ ဆွဲကြိုးကြီးတစ်ခုံးကို ဆင်မြန်းပေးထားသည့်အလား ထင်မှတ်ရပေသည်။
တောင်ကြားအတွင်း၌မူ... အပင်ငယ်လေးများ၏ အဖူးအငုံများက တောင်စောင်းတစ်ခုလုံးကို ဖုံးလွှမ်းထားကြပြီး.. တောက်ပဆန်းပြားလှသော ပန်းမန်များကလည်း အပြိုင်အဆိုင် ဖူးပွင့်ဝေဆာလို့နေကြသလို.. အသီးအနှံများ ဝေဝေဆာဆာ သီးပွင့်နေကြသော အပင်များကိုလည်း နေရာအနှံ့အပြားတွင် လှမ်းမြင်နေရသည်။
အပင်တော်တော်များများမှာ ကျောက်မျက်ရတနာများကဲ့သို့ပင် တဖိတ်ဖိတ် တောက်ပနေကြပြီး... ၎င်းတို့ကား ပြင်ပကမ္ဘာတွင် လုံးဝ ရှာဖွေရခက်ခဲလှသည့် အဖိုးတန်ရတနာများ ဖြစ်ကြကြောင်း ထင်ရှားလှပေသည်။
အရာအားလုံးထဲတွင် တကယ့်ကို အသက်ရှူမှားလောက်အောင် အံ့မခန်းဖွယ်အကောင်းဆုံး မြင်ကွင်းကား တောင်ကြား၏ ဗဟိုချက်တည့်တည့်ရှိ အံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုပင် ဖြစ်သည်။
ထိုနေရာတွင် မြစိမ်းရောင်ကဲ့သို့ ကြည်လင်ပြတ်သားလှသော ကြီးမားကျယ်ပြန့်လှသည့် ကန်ကြီးတစ်ခု ရှိနေပြီး... ၎င်းကို ကွဲပြားခြားနားလှသော အစိတ်အပိုင်းနှစ်ခုအဖြစ် အညီအမျှ ပိုင်းခြားထားချေသည်။
တစ်ဖက်တွင်မူ... ကျဆင်းနေသော ဆီးနှင်းများကဲ့သို့ ဖြူဖွေးအေးစက်နေသည့် ရေခဲပြင်ကြီး ရှိနေပြီး.. ၎င်းထံမှနေ၍ အေးမြလှသော အအေးဓာတ်များ အဆက်မပြတ် ထွက်ပေါ်လို့နေသည်။ အခြားတစ်ဖက်တွင်မူ... ရဲရဲတောက်နေသော မီးလျှံများကဲ့သို့ နီရဲနေပြီး.. ပြင်းထန်လှသောအပူရှိန်ကြောင့် ဘေးပတ်ပန်းကျင်ရှိ အလင်းတန်းများပင် အနည်းငယ် ကွေးညွတ်ပုံပျက်နေခဲ့ရသည်။
“အကြီးမားဆုံးသော ရတနာသိုက်သုံးခုထဲက တစ်ခုဖြစ်တဲ့... ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်းက.. တကယ့်ကို နာမည်နဲ့လိုက်အောင် ထိုက်တန်လှပေတယ်ဗျာ"
ယွီဝူယီ သူ၏ စိတ်ထဲမှနေ၍ အလွန်အမင်း အံ့ဩချီးကျူးမိလိုက်ရပြီး.. သူ ဤမြင်ကွင်းကြီးကို သူ၏ တစ်သက်တာလုံး မေ့လျော့နိုင်တော့မည်မဟုတ်ပါချေ။
ဤနေရာသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က အဆိပ်ဘွဲနှင်းခံ ၏ ကိုယ်ပိုင်သီးသန့် နယ်မြေတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း နှစ်ပေါင်းသောင်းချီ ကြာမြင့်သွားခဲ့ပြီးနောက်တွင်မူ ၎င်းတို့သည် မိမိတို့ဘာသာ ထူးခြားဆန်းပြားလှသော သဘာဝဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပြီး.. ၎င်းကား သဘာဝတရားကြီး၏ အံ့မခန်း လက်ရာမွန်ကြီးတစ်ခုဟု ပြောလျှင်ပင် လွန်အံ့မည်မဟုတ်ပါချေ။
သူ စိတ်လှုပ်ရှားအံ့ဩနေခဲ့သော်လည်း... မိမိ၏ တာဝန်ကိုတော့ ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်သည်။
မီးတောက်များ ထပ်မံပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးနောက် ယွီဝူယီသည် ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်း၏ ဗဟိုချက်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့တော့သည်။
အစွမ်းထက်လှသော သဘာဝအပင်သားရဲကြီး ခြောက်ကောင်စလုံးမှာ ဤယင်ယန်မျက်စိ ၏ ဘေးပတ်ပန်းကျင်တွင်သာ ရှိနေကြတာမို့... ‘ချီလော့ တူးလစ်ပန်း’ သည်လည်း ဤနေရာတွင်သာ ရှိနေမည်မှာ အထူးပြောနေစရာ လိုမည်မဟုတ်ပါချေ။