အခန်း (၂၅) - အေးခဲနေသော ဓားမြှောင်
【ဂုဏ်ယူပါသည် အိမ်ရှင် ကိုယ်ပိုင်၀န်ဆောင်ခတာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ】
【ဆုလာဘ်များ - လျိုယင်·ဆမ် ၏ အသွင်ပြောင်းခြင်းအဆင့် ၂၀ ရာခိုင်နှုန်း တိုးမြင့်လာပြီး.. ၀န်ဆောင်ခဒင်္ဂါးပြား ၄၀ ပြား ရရှိပါသည်!】
【ထပ်မံဂုဏ်ယူပါသည် အိမ်ရှင် လျိုယင်·ဆမ်၏ အသွင်ပြောင်းခြင်းအဆင့်သည် ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားခဲ့သဖြင့်... အထူးသံချပ်ကာ ‘အအေးပေးသူရဲကောင်း·ဆီဇာ’ကို ရရှိပါသည်】
【တစ်ချိန်တည်းမှာပင် လျိုယင်·ဆမ်၏ ‘အစွမ်းကုန် မီးလောင်ကျွမ်းခြင်းပုံသဏ္ဌာန်’ ကို သော့ဖွင့်ပေးလိုက်ပါပြီ】
“ဟင်...”
ရန်ကျန့်ဝေ ထွက်ခွာသွားပြီးနောက်တွင် စနစ်၏ ထူးခြားလှသော သတိပေးချက်စာတန်းများ ထွက်ပေါ်လာခဲ့သည်။ ပုံမှန်ရရှိနေကျ ဆုလာဘ်များအပြင် မျှော်လင့်မထားခဲ့သော အရာတစ်ခုကိုပါ သူ ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။
သူ ပထမတော့ ထင်မှတ်ထားခဲ့သည်မှာ သရုပ်ဆောင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သွားပါက စနစ်က သူ့ကို လျိုယင်၏ အသွင်ပြောင်းစက် ကဲ့သို့သော အရာမျိုးကိုသာ ပေးအပ်လိမ့်မည်ဟူ၍ ဖြစ်သည်။
အကြောင်းမှာ လျိုယင်၏ တိုက်ခိုက်ရေးစွမ်းရည် အားလုံးက ဆမ်အပေါ်မှာသာ အခြေခံထားသောကြောင့် မဟုတ်ပါလား။
သို့သော်လည်း အခုကြည့်ရတာ အခြေအနေက ထိုသို့မဟုတ်ပါချေ။ အမည်ကို ကြည့်ခြင်းအားဖြင့် ၎င်းကား ဆမ်နှင့် အမျိုးအစားတူညီသော်လည်း မော်ဒယ်မတူညီသည့် အခြားသော သံချပ်ကာဝတ်စုံကြီးတစ်ခု ဖြစ်ပုံရသည်။
ယွီဝူယီ သူ၏ လက်ဖဝါးငယ်လေးကို ဆုပ်ကိုင်လိုက်ရာ... သူ၏ လက်ထဲတွင် လေထုထဲမှနေ၍ လက်ဖဝါးအရွယ်အစားခန့်ရှိသော အသွင်ပြောင်းစက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအသွင်ပြောင်းစက်တစ်ခုလုံးမှာ နက်မှောင်လှသော အပြာရောင် ရှိပြီး ထက်မြက်လှသော ပိုးတောင်ပွားတစ်ကောင်၏ ပုံသဏ္ဌာန် ရှိပေသည်။
“ဆီဇာ တဲ့လား... ဒါက ဆမ်ရဲ့ အသွင်ပြောင်းစက်နဲ့ ပုံစံတူပေမဲ့ မော်ဒယ်ချင်း မတူတာလား"
စူးစမ်းလိုစိတ်ဖြင့် ယွီဝူယီတစ်ယောက် ကိုယ်ဟန်အနေအထားတစ်ခုကို ပြုလုပ်လိုက်ရင်း အသွင်ပြောင်းခလုတ်ကို ဖိနှိပ်လိုက်တော့သည်။
ထိုအခိုက်အတန့်၌ပင်... ပိုးတောင်ပွားပုံသဏ္ဌာန် အသွင်ပြောင်းစက်၏ နောက်ကျောဘက်က ရုတ်တရက် ပွင့်ဟသွားခဲ့ပြီး.. ပုစဉ်းရင်ကွဲတောင်ပံအလား ပါးလွှာလှသော အပြာနုရောင် ပျားလပို့သဏ္ဌာန် တောင်ပံငယ်လေးများ ထွက်ပေါ်လာခဲ့သည်။
ရေခဲစများ ပြည့်နှက်နေခဲ့ပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော လေဆင်နှာမောင်းကြီးတစ်ခု ယွီဝူယီ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံအုံ့မှိုင်းသွားခဲ့ပြီး.. ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ကြီး တစ်ခုလုံးအတွင်းရှိ အပူချိန်မှာလည်း တရိပ်ရိပ် ကျဆင်းသွားခဲ့ကာ စက္ကန့်ပိုင်းအတွင်းမှာတင် ရေခဲမှတ် (၀ ဒီဂရီ ဆဲလ်စီးယပ်စ်) အောက်သို့ ရောက်ရှိသွားခဲ့တော့သည်...။
ဝူး...
အတွင်းပိုင်းဆီမှနေ၍ တောက်ပလှသော အပြာရောင်အလင်းတန်းကြီး တစ်ချက် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီးနောက်... ထိုရေခဲလေဆင်နှာမောင်းကြီးက ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ချေပြီ...။
ခွမ်း... ခွမ်း... ခွမ်း...
ဘားကောင်တာပေါ်ရှိ အရက်ပုလင်းများနှင့် ဖျော်ရည်ခွက် မြောက်မြားစွာမှာ ရေခဲစများ၏ ရိုက်ခတ်မှုကြောင့် ချက်ချင်းပင် ကွဲအက်ကုန်ကြပြီး.. စားပွဲများနှင့် ကုလားထိုင်များမှာလည်း ပြင်းထန်လှသော လေဖိအားကြောင့် လွင့်စင်ကာ မှောက်ခုံ ဖြစ်ပေါ်ကုန်ကြတော့သည်။
ထိုမီးခိုးငွေ့များနှင့် ရေခဲစများကြားရှိ ဘားကောင်တာ၏ နောက်ကွယ်တွင်မူ... မီတာနှစ်မီတာကျော် မြင့်မားလှသော စက်ရုပ်သံချပ်ကာ ကြီးတစ်စီးက ခန့်ညားထည်ဝါစွာ မတ်တတ်ရပ်လို့နေခဲ့ချေပြီ။
ထိုသံချပ်ကာကြီး၏ ကိုယ်ထည်ပိုင်းက အလွန်ပင် စူးရှထက်မြက်လှသော လိုင်းဒီဇိုင်းများ ရှိပြီး.. ခေါင်းဆောင်းကမူ ကြောက်မက်ဖွယ်ကောင်းလှကာ.. ခန္ဓာကိုယ်တစ်ခုလုံးကိုမူ ကောင်းကင်ပြာရောင် လိုင်းဒီဇိုင်းများ အစင်းကြောင်းဖော်ထားသည့် နက်မှောင်လှသော အပြာရောင်ဆေးဖြင့် အလှဆင်ထားခဲ့သည်။
ထိုသံချပ်ကာကြီးတစ်ခုလုံးထက်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသော အအေးဓာတ်အရှိန်အဝါများ ပြင်းထန်စွာ ပန်းထွက်လို့နေခဲ့သည်။
“အာ... ဒါက...”
သို့သော်လည်း ယွီဝူယီ၏ အာရုံအားလုံးကမူ မိမိရှေ့ရှိ ရှုပ်ပွပျက်စီးသွားခဲ့သော မြင်ကွင်းဆီသို့သာ ရောက်ရှိသွားခဲ့ရရှာသည်။ ဤအသွင်ပြောင်းမှုက ဤမျှလောက်အထိ ကြီးမားလှသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါချေ။
ဆမ်အဖြစ် အသွင်ပြောင်းစဉ်ကလည်း လှုပ်ရှားမှုတွေ ရှိခဲ့ပေမဲ့ ဘေးပတ်ပန်းကျင်ကိုတော့ ဤမျှလောက်အထိ ထိခိုက်ပျက်စီးအောင် မလုပ်ဆောင်ခဲ့ဖူးဘူး မဟုတ်ပါလား။
သို့သော် သူ လျိုယင်အဖြစ် သရုပ်ဆောင်နေခဲ့သည့် အတွေ့အကြုံများကို ပြန်လည်တွေးတောလိုက်မိသည့် အခါတွင်မူ... အတွေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဆမ်အဖြစ် ပြောင်းလဲစဉ်က ဘေးပတ်ပန်းကျင်ကို ထိခိုက်မှုမရှိခဲ့ခြင်းမှာ... လျိုယင်ကိုယ်တိုင်က ထိုစွမ်းအင်တွေကို စိတ်ဖြင့် အသေအချာ ထိန်းချုပ်ထားခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။
ထိုခံစားချက်နောက်သို့ လိုက်ပါရင်း ယွီဝူယီသည် ဆီဇာသံချပ်ကာဆီမှ ထွက်ပေါ်နေသော အအေးဓာတ်စွမ်းအင်များကို စိတ်ဖြင့် အတင်းအကျပ် ဖိနှိပ်ထိန်းချုပ်လိုက်သည်။
မထင်မှတ်ဘဲ... ၎င်းက အမှန်တကယ်ပင် အောင်မြင်သွားခဲ့ပြီး ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်အတွင်းရှိ အပူချိန်မှာလည်း တဖြည်းဖြည်းချင်း ပြန်လည်မြင့်တက်လာခဲ့တော့သည်။
သူ၏ ပါရမီက အလွန်ကောင်းမွန်လှတာမို့ ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် ထိုလျှို့ဝှက်ချက်ကို ကောင်းစွာ သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။
“အော်... အခြေအနေက ဒီလိုကိုး ထူးခြားတဲ့ အသေးစိတ်အချက်အလက်တွေ ရှိနေတာပဲ"
သူ လျိုယင်၏ အစွမ်းထက်မှုကို တကယ့်ကို အံ့ဩချီးကျူးလိုက်မိသည်.. ဇာတ်လမ်းထဲတွင် လျိုယင်၏ သံချပ်ကာ ပျက်စီးသွားခဲ့သည့်တိုင်အောင် ထိုပြင်းထန်လှသော မီးတောက်များက သူမ၏ ခန္ဓာကိုယ်ကို အဘယ်ကြောင့် လောင်ကျွမ်းခြင်းမရှိခဲ့ရသလဲဆိုတာ အခုမှ အဖြေပေါ်သွားခဲ့ရပြီ ဖြစ်သည်။
ဤစွမ်းအင်များကို လူသားတွေက စိတ်ဖြင့် အသေအချာ ထိန်းချုပ်နိုင်စွမ်း ရှိနေကြတာကိုး။
စေ့စပ်သေချာလှသော စိတ်နေသဘောထားကို အခြေခံရင်း... ယွီဝူယီသည် သံချပ်ကာကို ပြန်လည်ရုပ်သိမ်းသည့် အခါတွင်လည်း ဤထိန်းချုပ်မှုနည်းလမ်းကိုပဲ အသုံးပြုခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သံချပ်ကာ ပြန်လည်ကွယ်ပျောက်သွားသည့်အခါ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းက ပေါက်ကွဲထွက်ခြင်းမရှိတော့ဘဲ.. ရေခဲစများမှာလည်း ကြမ်းပြင်ထက်သို့ သာမန်အတိုင်းပင် ကြွေလွင့်ကျဆင်းသွားခဲ့တော့သည်။
“အရာရာအသစ်တွေကို လေ့လာရတာက... အမြဲတမ်း ပျော်စရာကောင်းတာပဲ"
ယွီဝူယီ သူ၏ လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ... ပျက်စီးရှုပ်ပွသွားခဲ့သော ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ကြီးအတွင်းရှိ အရာအားလုံးက အချိန်နောက်ပြန်လှည့်သွားခဲ့သည့်အလား မူလနေရာများဆီသို့ တရိပ်ရိပ် ပြန်လည်ရွေ့လျားသွားခဲ့ကြချေပြီ။
ခဏချင်းအတွင်းမှာတင် ဆိုင်တစ်ခုလုံးက မူလအခြေအနေအတိုင်း သန့်ရှင်းသပ်ရပ်သွားခဲ့တော့သည်။
ယွီဝူယီ သူ၏ လက်နှစ်ဖက်ကို ပုတ်လိုက်ရင်း အပြစ်အနာအဆာမရှိ သန့်ရှင်းသွားခဲ့သော ဆိုင်အတွင်းပိုင်းကို ကြည့်ကာ စိတ်ကျေနပ်သွားခဲ့မိပြီး.. စနစ်ကိုလည်း သူ၏ စိတ်ထဲမှနေ၍ လက်မထောင်ကာ အသိအမှတ်ပြုလိုက်မိသည်။
အကယ်၍ ဤရှုပ်ပွမှုတွေကိုသာ သူကိုယ်တိုင် လိုက်လံသန့်ရှင်းရေးလုပ်ရမည်ဆိုပါက... သူ ယနေ့ည အိပ်ရတော့မည် မဟုတ်ပါချေ။
“ဟင်း... ဒီနေ့က တကယ့်ကို ကံကောင်းတဲ့ နေ့တစ်နေ့ပဲ ဒီအတိုင်းဆိုရင် နောက်ထပ် ရက်အနည်းငယ်အတွင်းမှာတင် ငါ့ရဲ့ ပထမဆုံး ‘ဇာတ်ကောင်ကတ်’ ကို ရရှိတော့မှာ သေချာတယ်"
သူသည် ရန်ကျန့်ဝေတစ်ယောက် ချီလော့ တူးလစ်ပန်းကို လူကိုယ်တိုင် သွားရောက်ယူဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်းကို သူ၏ စိတ်ထဲတွင် ကြိုတင်၍ သတ်မှတ်ထားခဲ့ပြီးသား ဖြစ်သည်။
ချောက်ကမ်းပါး၏ ပြင်ပပတ်ပန်းကျင်ရှိ ‘ခုနစ်ပါးအဆိပ်သင့် ကျောက်စိမ်းပန်း’ များက ‘သာလွန်သုန့်လော်’ ဖြစ်သော ရန်ကျန့်ဝေကို မတားဆီးနိုင်ခဲ့လျှင်ပင်... ကျန်ရှိနေသေးသော အခြားလူအများစုကိုတော့ သေချာပေါက် တားဆီးနိုင်စွမ်း ရှိပေသည်။
သူ နင်ထျန်းကို အိမ်သို့ ကာကွယ်စောင့်ရှောက်ရင်း လိုက်ပါပို့ဆောင်ခဲ့ဖူးသည့် နေ့ကတည်းက... ရတနာကိုးပါးဂိုဏ်းအဖွဲ့အတွင်း၌ ဘွဲ့နှင်းခံသုန့်လော် အဆင့်ရှိသူ သုံးဦးထက်မပိုဘဲ.. ၎င်းအပြင် သာလွန်သုန့်လော် ဖြစ်သော ရန်ကျန့်ဝေတစ်ဦးသာ ရှိနေကြောင်း သူ ကောင်းစွာ ခွဲခြားသိရှိထားခဲ့ပြီးသား ဖြစ်သည်။
ချီလော့ တူးလစ်ပန်းက အလွန်ရှားပါးလှသော ရတနာတစ်ပါး ဖြစ်သော်လည်း... သူတို့အနေဖြင့် ဤမျှလောက်အထိ အန္တရာယ်များလှသော လှုပ်ရှားမှုတစ်ခုအတွက် အဖွဲ့အစည်းအတွင်းရှိ ဘွဲနှင်းခံသုန်လော် အားလုံးကို အင်အားကုန် ထုတ်နှုတ်အသုံးပြုဝံ့ကြမည် မဟုတ်ပါချေ။
မည်သို့ပင်ဖြစ်စေ... အဖွဲ့အစည်း၏ ဌာနချုပ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လူချန်ထားခဲ့ရဦးမည် မဟုတ်ပါလား။
ရှေ့တန်းမှ ရန်သူများကို ထားလိုက်ဦးတော့... ကွယ်ရာဆီမှနေ၍ သူတို့ကို မကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြမည့် အင်အားစုများစွာက ဒုနဲ့ဒေး ရှိနေကြသည် မဟုတ်ပါလား။
အနည်းဆုံးတော့... ဘွဲနှင်းခံ သုန့်လော် နှစ်ဦးခန့်က ဌာနချုပ်တွင် ကျန်ရှိနေရမည်ဖြစ်ရာ.. ထိုကျောက်စိမ်းပန်းအဆိပ်အတောက်များကို ဖောက်ထွက်နိုင်စွမ်းရှိမည့်သူမှာ ရန်ကျန့်ဝေနှင့် အခြားသော ဘွဲနှင်းခံ သုန့်လော် တစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ထိုနေရာသို့ ရောက်ရှိသွားခဲ့ပြီးနောက်တွင် သူတို့သည် ‘ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်း’ ၏ စွမ်းအင်များကို စုပ်ယူထားကြသည့် ထိပ်တန်းအပင်မျိုးစိတ်ဝင် ဝိညာဉ်သားရဲကြီး ခြောက်ကောင်နှင့် ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။
ဤအခြေအနေတွင် ရန်ကျန့်ဝေက တစ်ယောက်တည်းနှင့် ရန်သူလေးကောင်ကို အနိုင်တိုက်နိုင်ပြီး.. အခြားသော ဘွဲနှင်းခံ သုန့်လော် က ရန်သူနှစ်ကောင်ကို ထိန်းချုပ်ထားနိုင်သည်ဟုပဲ ထားလိုက်ဦးတော့...မေးခွန်းကတော့ - သူတို့နှစ်ယောက်စလုံးက ရန်သူတွေကို တိုက်ခိုက်နေကြရပြီဖြစ်တာမို့... ဘယ်သူက ချီလော့ တူးလစ်ပန်းကို သွားရောက်ခူးယူမှာလဲ။
ချီလော့ တူးလစ်ပန်းကိုယ်တိုင်ကလည်း ထိုထိပ်တန်း ဝိညာဉ်သားရဲကြီး ခြောက်ကောင်ထဲက တစ်ကောင် ဖြစ်နေသည်ဆိုသည့်အချက်ကိုလည်း မေ့လျော့ထား၍ မရပါချေ။
ထို့ကြောင့်... သူတို့အနေဖြင့် ချီလော့ တူးလစ်ပန်းကို အမှန်တကယ် ပိုင်ဆိုင်လိုပါက ရွေးချယ်စရာ လမ်းကြောင်း နှစ်ခုသာ ရှိတော့သည်။ ‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် ထံမှ အပြာရောင် ၀န်ဆောင်ခစာချုပ်ကို လက်ခံခြင်း.. သို့မဟုတ် အခြားသော အင်အားစုများထံမှ အကူအညီ တောင်းခံခြင်းပင်။
အကယ်၍ တစ်ဖက်လူက ဒုတိယမြောက် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့မည်ဆိုပါက... ယွီဝူယီအနေဖြင့် ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီးတစ်ခုလုံးကို သုန့်လော်တိုက်ကြီးပေါ်မှနေ၍ အပြီးအပိုင် ကွယ်ပျောက်သွားအောင် ပြုလုပ်ရန် ဝန်လေးနေမည် မဟုတ်ပါချေ။
သူ ရန်ကျန့်ဝေကို ပြောခဲ့သော စကားလုံးများထဲတွင် အခြားသော လေးနက်လှသည့် ဆိုလိုရင်းတစ်ခု ရှိနေသေးသည်။
ရေခဲနှင့်မီးတောက် ယင်ယန်စမ်းရေတွင်းအနီးရှိ ထိုဝိညာဉ်သားရဲကြီး ခြောက်ကောင်စလုံးမှာ အလွန်ပင် တန်ဖိုးကြီးမားလှသော မသေမျိုးဆေးဖက်ဝင်အပင်ကြီးများ ဖြစ်ကြပြီး.. ကျန်ရှိနေသေးသော အခြားသော ဆေးပင်များစွာကလည်း ကြီးပြင်းလို့မလာသေးပါချေ။
အကယ်၍ ဤသတင်းအချက်အလက်များသာ အပြင်သို့ ပေါက်ကြားသွားခဲ့မည်ဆိုပါက... ဆေးပင်များကို အလိုရှိနေကြသည့် လောဘရမ္မက်ကြီးမားလှသော အင်အားစုမြောက်မြားစွာက ထိုနေရာကို ဖျက်ဆီးပစ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုကြပါလိမ့်မည်။
ယွီဝူယီသည် အတ္တသမားတစ်ဦး ဖြစ်သော်လည်း... ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ရတနာသိုက်ကြီး သုံးခုထဲမှ တစ်ခုဖြစ်သည့် ဤနေရာကြီး မိမိကြောင့် ပျက်စီးယိုယွင်းသွားရမည်ကိုတော့ သူ မလိုလားပါချေ။
တောက်...
လက်ညှိုးတစ်ချက် တောက်လိုက်သည်နှင့်အတူ... ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ကြီးအတွင်းရှိ မီးဆိုင်းများအားလုံး ချက်ချင်းပင် မှိတ်တုတ်သွားခဲ့ကြပြီး.. ဆိုင်တည်ရှိရာ လမ်းကြားလေးမှာလည်း ပုံမှန်အတိုင်းပင် ပြန်လည်တိတ်ဆိတ်သွားခဲ့တော့သည်။ သူသည်လည်း မိမိ၏ အခန်းအတွင်းသို့ ဝင်ရောက်ကာ အနားယူလိုက်တော့သည်။
အချိန်ကာလက မြန်ဆန်လှစွာ ကုန်ဆုံးသွားခဲ့ပြီး... နောက်ထပ် ခုနစ်ရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြန်သည်။
ယွီဝူယီ ကြိုတင်ခန့်မှန်းထားခဲ့သည့်အတိုင်းပင်... သတ္တမမြောက်နေ့၏ မွန်းတည့်ချိန်၌ မမျှော်လင့်ဘဲ မျှော်လင့်ထားခဲ့ရသည့် ဧည့်သည်တော်အချို့ ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့ကြချေပြီ။
သူတို့ကား... အခြားသူများ မဟုတ်ကြဘဲ ‘ ရန်ကျန့်ဝေ.. ရတနာကိုးပါးဂိုဏ်းအဖွဲ့၏ ဂိုဏ်းချုပ် ‘နင်ယွန်ယဲ့’ နှင့် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမည့် ဝတ်စုံအကျပ်လေးကို ဝတ်ဆင်ထားသည့် ‘နင်ထျန်း’ တို့ပင် ဖြစ်ကြသည်။
မည်သည့်အကြောင်းကြောင့်ရယ်မသိ... နင်ထျန်းသည် သူမ၏ ဆံပင်ရှည်ကြီးများကို တိုတိုလေး ညှပ်ပစ်ထားခဲ့ပြီး.. ၎င်းက သူမ၏ သွက်လက်ထက်မြက်လှသော ဝတ်စုံလေးနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမအား ပိုမို၍ ထက်မြက်ရဲရင့်သော အလှတရားမျိုးကို ပေးစွမ်းလို့နေခဲ့သည်။
“‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် မှ ကြိုဆိုပါတယ်ဗျာ လူကြီးမင်းတို့အနေနဲ့ ဘာများ လိုအပ်လို့လဲခင်ဗျာ" ယွီဝူယီက သူတို့အား ကြည့်ရင်း သိနားလည်စွာဖြင့် ပြုံးလိုက်မိသည်။
“ဆိုင်ရှင်... အဲဒီနေ့က ကျွေးခဲ့တဲ့ အချိုပွဲမျိုး ငါ့ကို တစ်ပွဲလောက် ချက်ချင်း ချပေးစမ်းပါ" နင်ထျန်းက ဘားကောင်တာ၏ ရှေ့တွင် မည်သည့်တွန့်ဆုတ်မှုမျိုးမျှမရှိဘဲ ချက်ချင်း ဝင်ထိုင်လိုက်ရင်း သွက်လက်လှသော အမူအရာဖြင့် ဆိုလိုက်သည်။
“အော်... ရှောင်နင်ထျန်းလေးပဲ… မင်းက တကယ့်ကို အများကြီး ပြောင်းလဲသွားတာပဲ.. ငါတောင် မမှတ်မိချင်တော့ဘူး" သူမက ယခင်ကထက် ပိုမို၍ လှပလာခဲ့ပြီး.. သူမ၏ မျက်နှာထက်တွင်လည်း ကျန်းမာရွှင်လန်းလှသော အရောင်အဝါများ ဖြာထွက်လို့နေခဲ့သည်။
“ဒါဆိုရင်... မင်းကပဲ ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ရဲ့ ဆိုင်ရှင်ပေါ့… တကယ့်ကို ‘လှိုင်းသစ်က လှိုင်းဟောင်းကို ကျော်တက်တယ်’ ဆိုသလို ပါရမီရှင် လူငယ်လေးတစ်ယောက်ပါပဲလား"
နင်ထျန်း ပြန်လည်ပြောဆိုရန် ပြင်ဆင်လိုက်စဉ်မှာပင် နင်ယွန်ယဲ့၏ စကားလုံးများကြောင့် သူမ၏ စကားသံများ ရပ်တန့်သွားခဲ့ရရှာသည်။ ယနေ့ည သူတို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်ကို တွေးတောမိရင်း သူမအနေဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ နှုတ်ခမ်းစူလိုက်မိတော့သည်။
ယွီဝူယီ သူမ၏ ချစ်စဖွယ်ကောင်းလှသော အမူအရာကို ကြည့်ကာ ပြုံးလိုက်မိပြီးနောက်... မိမိ၏ အာရုံများကို နင်ယွန်ယဲ့ထံသို့ ပြောင်းလဲလိုက်သည်။
“ဂိုဏ်းချုပ်နင်... မင်းက ငါ့ကို အရမ်းချီးမွမ်းလွန်းနေပါပြီ။ မင်းကိုယ်တိုင်ကလည်း တကယ့်ကို ခန့်ညားထည်ဝါပြီး တည်ငြိမ်ရင့်ကျက်လှတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲ"
“ဒါနဲ့... ဂိုဏ်းချုပ်နင်တစ်ယောက် ယနေ့ည ငါ့ရဲ့ ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ကို ရောက်လာရတဲ့ အဓိကအကြောင်းရင်းက ဘာများ ဖြစ်မလဲ"
တစ်ဖက်လူ၏ ရည်ရွယ်ချက်က မတွေးတောဘဲ ကြည့်ရုံမျှဖြင့် ထင်ရှားလှသော်လည်း... အချို့သောအရာများကိုတော့ တစ်ဖက်လူကိုယ်တိုင်က နှုတ်မှ ထုတ်ဖော်ပြောဆိုလာအောင် ပြုလုပ်ရပေမည်။
နင်ယွန်ယဲ့သည်လည်း နင်ထျန်း၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ယဉ်ကျေးပျူငှာလှသော အမူအရာဖြင့် ဆိုလာခဲ့သည် -
“ဆိုင်ရှင်ရဲ့ ကျယ်ပြန့်လှတဲ့ ဗဟုသုတတွေနဲ့ဆိုရင်... ငါ ယနေ့ည ဘာဖြစ်လို့ ဒီနေရာကို ရောက်လာရလဲဆိုတာကို ကြိုတင်ပြီး သေချာပေါက် သိရှိထားပြီးသား ဖြစ်မှာပါ"
ထိုမြှောက်ပင့်စကားများကို လျစ်လျူရှုထားခဲ့ရင်း ယွီဝူယီက တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည် -
“ဒါဆိုရင်... ဂိုဏ်းချုပ်နင်အနေနဲ့ ယနေ့ည ဘယ်လို၀န်ဆောင်ခတာဝန်မျိုးကို အပ်နှံဖို့အတွက် ရောက်လာခဲ့တာလဲ"
“ဒါမှမဟုတ်... ငါနဲ့ စည်းကမ်းချက်အချို့ကို လာရောက်ဆွေးနွေးချင်လို့လား"
နင်ယွန်ယဲ့၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားခဲ့ရသည်.. သူသည် တစ်ဖက်လူက ဤအချက်ကိုပင် ကြိုတင်ခန့်မှန်းထားနိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပါချေ။
ဒါကလည်း သဘာဝကျလှပေသည်.. အကယ်၍ ၀န်ဆောင်ခတာဝန်ကို သာမန်အတိုင်း လက်ခံရန်သက်သက်သာဆိုပါက ရန်ကျန့်ဝေတစ်ယောက်တည်း လာရောက်လျှင်ပင် လုံလောက်လှသည် မဟုတ်ပါလား။ သူကိုယ်တိုင် လူကိုယ်တိုင် ဤနေရာသို့ ရောက်ရှိနေခြင်းကပင်... သူ၏ ရည်ရွယ်ချက်ကို ကောင်းစွာ ဖော်ပြလို့နေခဲ့ပြီ ဖြစ်ချေတော့သည်။