အခန်း (၂၄) - ကြောက်မက်ဖွယ်ကောင်းလှသော တန်ဖိုးအဖိုးအခ
“မရွေးချယ်ခင်မှာ... ငါ မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
ယွီဝူယီက လက်ဟန်ပြလိုက်ရင်း...
“စီနီယာရန်... အားမနာတမ်း မေးမြန်းနိုင်ပါတယ်ဗျာ"
ရန်ကျန့်ဝေသည် ပထမဆုံးအနေဖြင့် အပြာရောင် ၀န်ဆောင်ခစာချုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှ အနီရောင် ၀န်ဆောင်ခစာချုပ်ကို လှမ်းကြည့်လိုက်သည်။
“အကယ်၍ ငါက အနီရောင် ၀န်ဆောင်ခကို ရွေးချယ်လိုက်မယ်ဆိုရင်... နောက်နောင်ကျရင် အပြာရောင် ၀န်ဆောင်ခကို ထပ်ပြီး ရွေးချယ်ခွင့် မရှိတော့ဘူးလား"
ဤသည်ကား သူ၏ ရွေးချယ်မှုအပေါ်တွင် များစွာ သက်ရောက်မှုရှိစေမည့် အလွန်အမင်း အရေးကြီးလှသော မေးခွန်းတစ်ခု ဖြစ်ချေသည်။
ယွီဝူယီက ပြုံးလိုက်မိရင်း တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။ သူက ပြန်လည်ဖြေကြားပေးလိုက်သည် -
“စီနီယာရန်... လုံးဝ စိတ်အေးအေးထားပါ။ စီနီယာအနေနဲ့ အနီရောင် ၀န်ဆောင်ခကိုပဲ အရင်ရွေးချယ်ခဲ့မယ်ဆိုရင်တောင်မှ အပြာရောင် ၀န်ဆောင်ခက ပျက်ပြယ်သွားမှာမဟုတ်ဘဲ ဆက်ရှိနေမှာပါ.. နောင်တစ်ချိန်ကျမှ ၎င်းကို ထပ်မံ လျှောက်ထားလို့ ရပါတယ်"
ဤစကားကို ကြားလိုက်ရသည့် အခါတွင်မှ ရန်ကျန့်ဝေတစ်ယောက် စိတ်သက်သာရာရစွာဖြင့် ပြုံးနိုင်တော့သည်။ အခြေအနေက ဒီလိုဆိုရင်တော့... သူ ဘာကို ရွေးချယ်ရမလဲဆိုတာ ရှင်းလင်းသွားခဲ့ချေပြီ။
ပထမဆုံးအနေဖြင့် ချီလော့ တူးလစ်ပန်း ရှိနေသည့် နေရာကို အရင်စုံစမ်းပြီး ကိုယ်တိုင် သွားရောက်ကြိုးစားကြည့်မည်။
အကယ်၍ ကိစ္စရပ်များကို အမှန်တကယ် မဖြေရှင်းနိုင်တော့သည့် အခါကျမှသာ ၎င်းကို ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း မရွေးချယ်မီမှာတင် သူ့တွင် နောက်ထပ် မေးခွန်းတစ်ခု ရှိနေသေးသည်။
ထို၀န်ဆောင်ခ တာဝန်နှစ်ခုလုံးအတွက် ပေးချေရမည့် သီးခြားကုန်ကျစရိတ် တန်ဖိုးအဖိုးအခက ဘာများ ဖြစ်မလဲ။
ယွီဝူယီသည် သူ၏ နောက်ကွယ်ရှိ စင်ပေါ်မှနေ၍ ‘မောက်ထိုင်’ အရက်ပုလင်းကို ယူဆောင်လိုက်ပြီး.. ဖန်ခွက်အသေးလေးတစ်ခုအတွင်းသို့ ယဉ်ကျေးပျူငှာစွာ ငှဲ့ပေးလိုက်ရင်း ရန်ကျန့်ဝေ၏ ရှေ့သို့ တွန်းပေးလိုက်သည်။
“အနီရောင် ၀န်ဆောင်ခက သတင်းအချက်အလက်ကိုပဲ ပေးစွမ်းတာဖြစ်ပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကို စီနီယာတို့ဘာသာ ဆောင်ရွက်ရမှာ ဖြစ်တာမို့... တန်ဖိုးအဖိုးအခက မကြီးမားလှပါဘူး"
“ငါတို့ လိုအပ်နေတာက... စီနီယာရန်အနေနဲ့ တစ်ကြိမ်တစ်ခါမျှသာ ကူညီပေးဖို့ပါပဲ။ နောင်တစ်ချိန်မှာ ‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် ဘက်က လိုအပ်ချက်ရှိလာတဲ့ အခါကျရင်... စီနီယာအနေနဲ့ လက်တွဲကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
“ဒါကလည်း... သဘာဝကျကျပဲ စီနီယာတို့အဖွဲ့အစည်းရဲ့ အခြေခံစည်းကမ်းတွေကို မချိုးဖောက်ဘူးဆိုတဲ့ အချက်အပေါ်မှာပဲ အခြေခံထားတာပါ"
ရန်ကျန့်ဝေသည် အရက်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံတည်းဖြင့် အကုန်မော့သောက်ချပစ်လိုက်ရာ... ပြင်းထန်ပြီး မွှေးကြိုင်လှသော အရသာက သူ၏ လျှာနှင့် လည်ချောင်းတစ်လျှောက် စီးဆင်းသွားခဲ့တော့သည်။
“အရက်ကောင်းပဲ...”
ထိုဆန်းကြယ်လှသော အရသာက သူ့ကို တကယ့်ကို အံ့အားသင့်သွားစေခဲ့သည်.. လူတိုင်းက ဤဆိုင်၏ အရက်ကို အဘယ်ကြောင့် ချီးမွမ်းနေကြမှန်း သူ အခုမှ ကောင်းစွာ သဘောပေါက်သွားခဲ့ရသည်။ ဒါက တကယ့်ကို အမှန်တရားပါပဲ။
“ဒါဆိုရင်... အပြာရောင် ၀န်ဆောင်ခရဲ့ တန်ဖိုးကကော ဘာလဲ"
ယွီဝူယီသည် ရန်ကျန့်ဝေ၏ လက်ထဲမှ အရက်ခွက်ကို ပြန်လည်ယူဆောင်လိုက်ပြီး အရက်ထပ်မံငှဲ့ပေးရင်း ဆိုလိုက်သည် -
“အပြာရောင် ၀န်ဆောင်ခကတော့ အနည်းငယ် ထူးခြားပါတယ်.. သို့မဟုတ်... ဤ၀န်ဆောင်ခကမှ ‘ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်’ ရဲ့ စစ်မှန်တဲ့ ၀န်ဆောင်ခတာဝန်လို့ ပြောလို့ရပါတယ်"
“၎င်းတောင်းဆိုတဲ့ တန်ဖိုးအဖိုးအခက ၀န်ဆောင်ခရဲ့ ခက်ခဲမှုအပေါ်မှာတင် အခြေခံထားတာမဟုတ်ဘဲ... ၎င်းတာဝန်ရဲ့ အကျိုးကျေးဇူးနဲ့ နောက်ဆက်တွဲ သက်ရောက်မှု အတိုင်းအတာတွေအပေါ်မှာပါ မူတည်နေတာ ဖြစ်ပါတယ်"
ရန်ကျန့်ဝေက ပြန်လည်ဖြည့်တင်းပေးထားသော အရက်ခွက်ကို မြှောက်လိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည် - “အဲဒါက ဘာကို ဆိုလိုတာလဲ"
“ဥပမာအနေနဲ့... ဤ၀န်ဆောင်ခတာဝန်ကိုပဲ ကြည့်လိုက်ပါ"
“ပထမဆုံးအနေနဲ့... ချီလော့ တူးလစ်ပန်း ရှိနေတဲ့နေရာက အလွန်အမင်း အန္တရာယ်များလှပြီး သာလွန်သုန့်လော် တစ်ဦးတောင် အသက်အန္တရာယ် ရှိနိုင်တယ်.. ဒါက ‘ခက်ခဲမှု’ ပင်"
“ဒုတိယအနေနဲ့... အကယ်၍ ရတနာကိုးပါးဂိုဏ်းအဖွဲ့က လူတစ်ယောက်က ချီလော့ တူးလစ်ပန်းကို ရရှိသွားခဲ့မယ်ဆိုရင်.. ရတနာကိုးပါးဂိုဏ်းမျှော်စင်ကို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် ထိပ်တန်းအဆင့် ပံ့ပိုးမှုစနစ် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်.. ဒါက ‘အကျိုးကျေးဇူး’ ပင်"
“အဲဒီအချိန်ကျရင်... ရတနာကိုးပါးဂိုဏ်းအဖွဲ့အတွင်းမှာ ဤကဲ့သို့သော အစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွက်လာမှုကြောင့် သုန့်လော်တိုက် တစ်ခုလုံးရဲ့ အခြေအနေက ပြောင်းလဲသွားလိမ့်မယ်.. ဒါက ‘နောက်ဆက်တွဲ သက်ရောက်မှု’ ပင်"
“ချုပ်လိုက်ရမယ်ဆိုရင်တော့... ဤ၀န်ဆောင်ခရဲ့ ကုန်ကျစရိတ် တန်ဖိုးဟာ ၎င်းပေးစွမ်းမယ့် ဆုလာဘ်နဲ့ အညီအမျှ တူညီနေရပါလိမ့်မယ်"
“အတိအကျ ပြောရမယ်ဆိုရင်တော့... ဤ၀န်ဆောင်ခတာဝန် ပြီးဆုံးသွားခဲ့ပြီးနောက်မှာ.. ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီး တစ်ခုလုံးဟာ ‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်လာရပါလိမ့်မယ်"
“‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် မှာ ရတနာကိုးပါးဂိုဏ်းအဖွဲ့က ချမှတ်လိုက်တဲ့ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ပယ်ဖျက်ပစ်နိုင်ခွင့် ရှိရပါမယ်"
“တစ်ချိန်တည်းမှာပဲ... ‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် မှာ ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီး တစ်ခုလုံးအပေါ် ၄၀ ရာခိုင်နှုန်းသော ဆုံးဖြတ်ပိုင်ခွင့်အာဏာ ရှိရပါလိမ့်မယ်"
ဘုန်း...
ဤစကားကို ကြားလိုက်ရသည့် အခါတွင်မူ... ကမ္ဘာပျက်မတတ် ပြင်းထန်လှသော အရှိန်အဝါ ဖိအားကြီးတစ်ခု ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်ကြီး တစ်ခုလုံးအတွင်းသို့ ချက်ချင်းပင် လွှမ်းမိုးပြည့်နှက်သွားခဲ့တော့သည်...။
ယွီဝူယီ၏ ဆံပင်ဖြူများမှာ လေထုထဲတွင် တဖျတ်ဖျတ် လွင့်စင်လို့နေခဲ့သော်လည်း သူ၏ မျက်နှာအမူအရာကမူ လုံးဝ တည်ငြိမ်အေးဆေးလို့နေဆဲ ဖြစ်သည်။
ရန်ကျန့်ဝေ ချက်ချင်းပင် မတ်တတ်ရပ်လိုက်မိရင်း... မိမိရှေ့ရှိ လူငယ်လေးကို အလွန်အမင်း အန္တရာယ်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ လေးနက်လှသောအသံဖြင့် ဆိုလိုက်သည် -
“မင်း တကယ်ပဲ ဘာတွေ ပြောနေလဲဆိုတာကိုကော ကောင်းကောင်း သဘောပေါက်ရဲ့လား… အကယ်၍ ငါတို့က ဤစည်းကမ်းချက်တွေကို လက်ခံလိုက်မယ်ဆိုရင်... ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီးက မင်းရဲ့ ကိုယ်ပိုင်ကစားစရာတစ်ခု ဖြစ်မသွားပေဘူးလား"
“မင်း ဤစည်းကမ်းချက်ကို ထုတ်ဖော်လိုက်တာကို ထားလိုက်ဦးတော့... မင်းတစ်ယောက်တည်းနဲ့ ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
ဤမျှလောက်အထိ အသက်ရှူရကျပ်လှသော ဖိအားကြီးအောက်တွင်... ယွီဝူယီသည် ဝိုင်စင်ပေါ်မှနေ၍ အနီရောင်ဝိုင်ပုလင်း တစ်ပုလင်းကို တည်ငြိမ်စွာ ယူဆောင်လိုက်ပြီး မိမိအတွက် ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။
“စီနီယာ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"
“ငါက တာဝန်ရဲ့ အခြေအနေကို မိတ်ဆက်ပေးရုံသက်သက်ပါ.. မင်းဘက်က မဖြစ်မနေ လက်ခံရမယ်လို့ ငါ အတင်းအကျပ် မတောင်းဆိုထားပါဘူး…ရွေးချယ်မှုက မင်းရဲ့ လက်ထဲမှာပဲ ရှိတာပါ"
“ဝူယီ အထွေထွေလုပ်ငန်းအေဂျင်စီက ၎င်းကို ထိန်းချုပ်နိုင်စွမ်း ရှိမရှိဆိုတဲ့ အချက်နဲ့ပတ်သက်ပြီးတော့... ငါ့ကို ယုံကြည်လိုက်ပါ… အကယ်၍ ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ‘ဝိညာဉ်နန်းတော်’ အဆင့်အထိ အစွမ်းထက်နေရင်တောင်မှ... ငါတို့က မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ လွယ်လွယ်ကူကူပဲ လက်ခံနိုင်စွမ်း ရှိပါတယ်"
ပြောပြီးသည်နှင့် သူသည် ဝိုင်နီကို တစ်ငုံမျှ သောက်သုံးလိုက်ရင်း... သူ၏ လေသံက အလွန်ပင် တည်ငြိမ်အေးဆေးလို့နေခဲ့သည်.. ၎င်းက အချက်အလက်တစ်ခုကို ပုံမှန်အတိုင်း ပြောပြနေသကဲ့သို့ပင်။
ရန်ကျန့်ဝေသည် သူ့ကို စိုက်ကြည့်လိုက်မိရင်း... တစ်ဖက်လူ၏ စကားလုံးများထဲတွင် မုသာဝါဒများ သို့မဟုတ် ဟန်ဆောင်မှုများ ရှိမရှိကို ရှာဖွေရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ စိတ်ပျက်သွားခဲ့ရရှာသည်.. အကြောင်းမှာ ယွီဝူယီသည် အစအဆုံး လုံးဝ တည်ငြိမ်ရင့်ကျက်လို့နေသောကြောင့် ဖြစ်သည်။
အခြားရွေးချယ်စရာ လမ်းကြောင်းမရှိတော့တာမို့ ရန်ကျန့်ဝေသည် မိမိ၏ ကြီးမားလှသော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း တောင်းပန်စကား ဆိုလာခဲ့သည် -
“ငါ... တောင်းပန်ပါတယ် စောစောက ငါ စိတ်လှုပ်ရှားသွားမိလို့ပါ"
ယွီဝူယီက ခေါင်းယမ်းလိုက်ရင်း တည်ငြိမ်စွာ မေးမြန်းလိုက်သည် -
“ဒါဆိုရင်... စီနီယာရန်အနေနဲ့ ရွေးချယ်မှု ပြုလုပ်ပြီးပြီလား"
သူသည် တစ်ဖက်လူအနေဖြင့် မိမိ၏ အဖွဲ့အစည်းအပေါ်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေခြင်းကို နားလည်နိုင်သော်လည်း... ၎င်းက ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်အတွင်းတွင် မဆင်မခြင် ပြုမူပိုင်ခွင့်ရှိသည်ဟု မဆိုလိုပါချေ။
အကယ်၍ ယခုအချိန်က ဆိုင်ပိတ်ထားသော အချိန်မဟုတ်ပါက... တစ်ဖက်လူ၏ လုပ်ရပ်က ထွေထွေလုပ်ငန်း၀န်ဆောင်မှုဆိုင်၏ ဂုဏ်သတင်းကို တိုက်ရိုက် ထိခိုက်ပျက်စီးသွားစေနိုင်ပါသည်။
တစ်ဖက်လူက ဧည့်သည်တော်တစ်ဦးဖြစ်နေတာမို့ ယွီဝူယီအနေဖြင့် ဆိုင်ပြင်သို့ နှင်ထုတ်ခြင်း မပြုခဲ့ပါချေ။
သို့သော်လည်း စောစောက ရှိနေခဲ့သော ယဉ်ကျေးပျူငှာမှုမျိုးကတော့... သေချာပေါက် ပျောက်ကွယ်သွားခဲ့ချေပြီ။
ရန်ကျန့်ဝေသည် မိမိတွင် အမှားရှိနေမှန်း သိရှိသွားခဲ့ရသလို.. ဆက်လက်၍ စကားများများ ပြောရန်လည်း ရှက်ရွံ့သွားခဲ့ရတာမို့ မိမိ၏ ရွေးချယ်မှုကိုသာ အမြန်ဆုံး ပြောဆိုလိုက်တော့သည် -
“အပြာရောင် ၀န်ဆောင်ခကို နောက်နောင်မှ ထပ်ပြီး ရွေးချယ်လို့ရသေးတာမို့... ငါ အခုလောလောဆယ် ‘အနီရောင် ၀န်ဆောင်ခတာဝန်’ ကိုပဲ အရင်ရွေးချယ်ပါ့မယ်…အဲဒီနေရာက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ ကိုယ်တိုင် သွားကြည့်ချင်သေးလို့ပါ"
ထိုအခိုက်အတန့်၌ပင် အနီရောင် ၀န်ဆောင်ခစာချုပ်သည် သူ၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လွင့်မျောလာခဲ့သည်။
“စီနီယာအနေနဲ့ ညာဘက်အောက်ခြေထောင့်မှာ မိမိရဲ့ လက်မနဲ့ ဖိနှိပ်လိုက်ရုံပါပဲ.. ဒါဆိုရင် ၀န်ဆောင်ခတာဝန်က တရားဝင် အတည်ပြုပြီးသား ဖြစ်သွားပါလိမ့်မယ်"
လမ်းညွှန်ချက်အတိုင်း ရန်ကျန့်ဝေသည် မိမိ၏ လက်ဗွေရာကို နှိပ်လိုက်သည့်အခါ... ထိုအနီရောင် ၀န်ဆောင်ခစာချုပ်သည် ယွီဝူယီ၏ လက်ထဲသို့ ပြန်လည်လွင့်မျောသွားခဲ့ပြီး အလင်းစက်များအဖြစ် ပျက်ပြယ်သွားခဲ့တော့သည်။
“ချီလော့ တူးလစ်ပန်းက... ‘နေဝင်တောအုပ်’ ရဲ့ အလယ်ဗဟိုချက်.. ရေခဲတစ်ခုနဲ့ မီးတောက်တစ်ခု ရှိနေတဲ့ တောင်နှစ်လုံးကြားက နေရာမှာ ရှိပါတယ်… ရတနာကိုးပါးဂိုဏ်းအဖွဲ့ရဲ့ သတင်းကွန်ရက်နဲ့ဆိုရင် ၎င်းကို ရှာဖွေရတာ အလွန်ပဲ လွယ်ကူလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"
နေဝင်တောအုပ် ဟုတ်လား... ၎င်းက ထျန်းဟုန်အင်ပါယာရဲ့ နယ်နိမိတ်အတွင်းမှာတင် ရှိနေတာ မဟုတ်ပါလား… ဤမျှလောက်အထိ တန်ဖိုးကြီးမားလှသော ရတနာကြီးက သူတို့နှင့် ဤမျှလောက်အထိ နီးကပ်စွာ တည်ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြပါချေ။
“အခြေအနေက ဒီလိုဆိုရင်တော့... ရန်ကျန့်ဝေတစ်ယောက် ခွင့်ပြုချက်တောင်းပြီး ပြန်လည်ထွက်ခွာပါတော့မယ်"
သူသည် ဤသတင်းကောင်းကို ‘နင်ယွန်ယဲ့’ ထံသို့ အမြန်ဆုံး ယူဆောင်သွားရပေမည်.. ရတနာကိုးပါးဂိုဏ်းအဖွဲ့ကြီး၏ ဘုန်းကြီးသော နေ့ရက်များ... မကြာမီ ပြန်လည်ရောက်ရှိတော့မည် ဖြစ်ချေသည်။
သူ လှည့်ထွက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ယွီဝူယီ၏ စကားလုံးများကြောင့် သူ၏ ခြေလှမ်းများ ခေတ္တမျှ ရပ်တန့်သွားခဲ့ရပြန်သည် -
“စီနီယာ့ကို ငါ သတိပေးစရာတစ်ခု ရှိပါသေးတယ်"
“‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် ဆီကနေ ရရှိတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်းမှာပဲ အများဆုံး သိရှိခွင့် ရှိပါတယ်"
“တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်... ချီလော့ တူးလစ်ပန်းက နေဝင်တောအုပ်ထဲမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို ရတနာကိုးပါးဂိုဏ်းအဖွဲ့တစ်ခုတည်းသာ သိရှိခွင့် ရှိပါတယ်"
“အကယ်၍ အခြားသော အင်အားစုတွေသာ ဤအချက်ကို သိရှိသွားခဲ့မယ်ဆိုရင်... ‘ဝူယီ အထွေထွေလုပ်ငန်း၀န်ဆောင်မှု ဆိုင် က လူကိုယ်တိုင် လှုပ်ရှားပါလိမ့်မယ်"
“ငါ စီနီယာ့ကို ပြောနိုင်တဲ့အချက်ကတော့... အဲဒီအချိန်ကျရင် ‘ရှီလိုင်ခဲ့ အကယ်ဒမီ’ တောင်မှ ငါတို့ရဲ့ အရေးယူမှု နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး"
မောက်မာလွန်းလှချေတကား...
ရှီလိုင်ခဲ့ အကယ်ဒမီတောင်မှ ခံနိုင်ရည်မရှိဘူး ဟုတ်လား။ ဒါက ဘယ်လို စကားလုံးမျိုးလဲ။
တစ်ကျွန်းလုံးရှိ မည်သည့်အင်အားစုမဆို.. ‘နေနှင့်လ အင်ပါယာ’ အပါအဝင် မည်သူမျှ ဤကဲ့သို့သော စကားမျိုးကို မဆင်မခြင် ပြောဝံ့ကြမည် မဟုတ်ပါချေ။
သို့သော်လည်း မိမိရှေ့ရှိ လူငယ်လေးကမူ ၎င်းကို အေးဆေးစွာ ပြောဆိုဝံ့ခဲ့သည်။ သူ၏ လေသံက အချက်အလက်တစ်ခုကို ရိုးရိုးသားသား ပြောပြနေသကဲ့သို့ပင်။
ရန်ကျန့်ဝေသည် ဤလူငယ်လေးအား ဤမျှလောက်အထိ ယုံကြည်မှုများ ပေးစွမ်းနိုင်သော စွမ်းအားက ဘာများ ဖြစ်မလဲဆိုတာကို တကယ့်ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့မိသည်။
စောစောက သူ ဝတ်ဆင်ခဲ့သော ဝိညာဉ်ကရိယာ သံချပ်ကာအပေါ်မှာတင် အခြေခံထားတာလား။ ၎င်းက... ထိုမျှလောက်သာ မကနိုင်မှန်း ထင်ရှားလှပေသည်။
သူ၏ နှလုံးသားထဲတွင် ရုတ်တရက် အာရုံခံစားမှုတစ်ခု ပေါ်ထွက်လာခဲ့သည် - ဤလူငယ်လေး ပိုင်ဆိုင်ထားသော စစ်မှန်သော စွမ်းအားက... သူ၏ စိတ်ကူးပုံဖော်မှုများထက် များစွာ သာလွန်နက်ရှိုင်းနေပေလိမ့်မည်။
မဟုတ်ရင် သူက ချီလော့ တူးလစ်ပန်း၏ တိကျလှသော တည်နေရာကို ဘယ်ကနေ သိရှိနေရမှာလဲ။
ဤမေးခွန်းများစွာက မိုးရွာပြီးစ မှိုများအလား သူ၏ ဦးနှောက်အတွင်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင်မူ သူ မေးမြန်းရန် မဝံ့ရဲခဲ့ပါချေ.. အကြောင်းမှာ စောစောက မိမိ၏ ရိုင်းစိုင်းလှသော လုပ်ရပ်ကြောင့် တစ်ဖက်လူကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့မှန်း သူ ကောင်းစွာ သဘောပေါက်ထားသောကြောင့် ဖြစ်သည်။
တစ်ဖက်လူက သူ့ကို ‘စီနီယာ’ ဟု ဆက်လက်ခေါ်ဆိုနေခြင်းကပင် အလွန်ကောင်းမွန်လှသော စိတ်ရှည်သည်းခံမှု ရှိနေခြင်းကြောင့်သာ ဖြစ်ရပေမည်။
“ငါ... နားလည်ပါပြီ"
ပြောပြီးသည်နှင့် ရန်ကျန့်ဝေသည် လှည့်၍ ဆိုင်ပြင်သို့ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့တော့သည်...