အခန်း (၂၀) - အမှောင်မန္တန်ကျားသစ်ကြီး
“ဒါဆိုရင် စီနီယာတို့... နောက်မှ ပြန်ဆုံကြတာပေါ့"
ပင်လယ်နတ်ဘုရားမျှော်စင်၏ အပြင်ဘက်တွင် ယွီဝူယီသည် လက်လှမ်းပြလိုက်ပြီးနောက်... မီးတောက်များ ချက်ချင်းပန်းထွက်လာကာ ‘ဆမ်’ သံချပ်ကာကြီးအဖြစ် အသွင်ပြောင်းလဲပြီး ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့တော့သည်။
မုအန်းသည် လင်းလက်တောက်ပစွာဖြင့် ပျံသန်းသွားသော ကြယ်ပျံကဲ့သို့ ပုံရိပ်ကြီးကို ကြည့်ရင်း သူ၏ စိတ်နှလုံးထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်လို့နေခဲ့သည်။
ခေတ္တမျှ အချိန်အတွင်းမှာပင် ယွီဝူယီသည် ရှီလိုင်ခဲ့အကယ်ဒမီနှင့် ရှီလိုင်ခဲ့မြို့တော်ကို ကျော်ဖြတ်ကာ အရှေ့တောင်ဘက်အရပ်ဆီသို့ တည့်တည့် ဦးတည်ပျံသန်းလာခဲ့သည်။
ရှီလိုင်ခဲ့မြို့တော်ကြီးကို တည်ဆောက်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ... ဝိညာဉ်သားရဲလှိုင်း များကို ပထမဆုံးအဆင့်အနေဖြင့် ကာကွယ်တားဆီးပေးမည့် ခံတပ်ကြီးတစ်ခုအဖြစ် အသုံးချရန်ဖြစ်တာမို့.. သူ ပျံသန်းလာပြီး မကြာမီအချိန်၌ပင် ကျယ်ပြန့်လှသော ပကတိတောရိုင်းတောအုပ်ကြီးကို လှမ်း၍ မြင်တွေ့လိုက်ရတော့သည်။
လမ်းဘေးဝဲယာရှိ လေထုသန့်စင်ရန်နှင့် အလှအပအတွက် စိုက်ပျိုးထားသော အစိမ်းရောင်သစ်ပင်များနှင့် မတူညီဘဲ... ဤနေရာရှိ သစ်ပင်ကြီးများသည် အနည်းဆုံး သက်တမ်းနှစ်ရာကျော်ရှိနေကြပြီး သာမန်အပင်များထက် များစွာပိုမိုမြင့်မားကာ မီတာဆယ်ဂဏန်းအထိ မြင့်မားလှသော သစ်ပင်ကြီးများကို နေရာအနှံ့အပြားတွင် အလွယ်တကူ မြင်တွေ့နိုင်သည်။
မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ယွီဝူယီသည် သူ၏ ပျံသန်းမှုအမြင့်ကို လျှော့ချလိုက်ပြီး မြေပြင်နှင့် ကပ်လျက်သာ တောအုပ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဆမ်၏ အေးစက်လှသော အရှိန်အဝါကြောင့် ဖြစ်ရပါမည်... လမ်းခရီးတစ်လျှောက်တွင် ဝိညာဉ်သားရဲ အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့သည် သူ့ကို ရန်လိုသော မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေကြပြီး မည်သည့်သားရဲမျှ ဝင်ရောက်တိုက်ခိုက်ရန် ဆန္ဒမရှိကြပါချေ။
သူတို့ဘက်က စတင်တိုက်ခိုက်လိုစိတ် မရှိတာမို့ ယွီဝူယီကလည်း သူတို့ကို စိတ်ဝင်စားခြင်းမရှိဘဲ ကျော်ဖြတ်လာခဲ့သည်။
သူ၏ အဓိကပစ်မှတ်မှာ တောအုပ်၏ နက်ရှိုင်းသောအပိုင်းတွင် ရှိနေကြသည့် သက်တမ်းနှစ်သောင်းကျော် ဝိညာဉ်သားရဲများ ဖြစ်သည်။
သက်တမ်းဆယ်စုနှစ် ဝိညာဉ်ကွင်းများကိုလည်း စနစ် အသုံးပြု၍ အဆင့်မြှင့်တင်နိုင်သည်ဆိုသော်လည်း... ၎င်းက ငွေကြေး အမြောက်အမြား လိုအပ်လှတာမို့ ထိုငွေကြေးများ၏ တန်ဖိုးက အလွန်ပင် ကြီးမားလှပေသည်။
ဒါကြောင့်မို့လို့ ဖြစ်နိုင်မယ်ဆိုရင် သူကိုယ်တိုင် အမဲလိုက်ပြီး ဝိညာဉ်ကွင်းကို ရယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူ ဘာဖြစ်လို့ သက်တမ်းနှစ်သိန်းကျော် ဝိညာဉ်သားရဲတွေကို ပစ်မှတ်မထားခဲ့တာလဲဆိုရင်... ပထမအချက်အနေဖြင့် သူ၏ ခန္ဓာကိုယ်က မည်မျှအထိ ပြင်းထန်လှသော ဝိညာဉ်ကွင်းစွမ်းအားကို ခံနိုင်ရည်ရှိမလဲဆိုတာ သူ သေချာမသိသေးခြင်းကြောင့်ဖြစ်ပြီး.. ဒုတိယအချက်အနေဖြင့် သူ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သက်တမ်းနှစ်သိန်းကျော် ဝိညာဉ်သားရဲတစ်ကောင်ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်ရန် ခက်ခဲလွန်းလှသောကြောင့် ဖြစ်သည်။
အထူးသဖြင့် ဤနေရာသည် ‘ဒီထျန်း’ ၏ နယ်မြေဖြစ်ပြီး.. သက်တမ်းနှစ်သိန်းကျော် ဝိညာဉ်သားရဲတိုင်းက ဤတောအုပ်ကြီး၏ အဓိက စစ်အင်အားများ ဖြစ်ကြတာမို့... သူသည် မည်သူ့ကိုမျှ လွယ်လွယ်ကူကူ အမဲလိုက်ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။
အကယ်၍ အချိန်အကြာကြီး ရုန်းကန်နေရပြီး ဒီထျန်း၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားပါက ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုမိုများပြားသွားနိုင်သည်။
ရုတ်တရက်... သူ၏ ရှေ့မလှမ်းမကမ်းဆီမှနေ၍ ဆူညံသံအချို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းက လူသားတို့၏ စူးစူးရှရှ အော်ဟစ်ငိုကြွေးသံများနှင့် တူလှသည်။
‘သားရဲလာဖမ်းရင်း ဘေးဒုက္ခကြုံနေရတာလား...’
ခေတ္တမျှ တွေးတောပြီးနောက်... သူသည် လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ထိုအသံထွက်ပေါ်ရာအရပ်ဆီသို့ ပျံသန်းလာခဲ့သည်။ သူသည် သူတော်စင်တစ်ဦး မဟုတ်သော်လည်း... မိမိတွင် စွမ်းရည်ရှိနေပြီး မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့် အခြေအနေမျိုးတွင်မူ တစ်ဖက်လူကို ကူညီပေးရန် ဝန်မလေးပါချေ။
မကြာမီအချိန်၌ပင်... သူသည် အသံ၏ မြစ်ဖျားခံရာနေရာသို့ ရောက်ရှိလာခဲ့ပြီး ဆံပင်ညိုရောင်နှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏ အခြေအနေကမူ လုံးဝ မကောင်းလှပါချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ပြည့်နှက်လို့နေပြီး သူ၏ ညာဘက်လက်မောင်းမှာလည်း ပြတ်တောက်ပျောက်ကွယ်နေခဲ့ချေပြီ။
သူ၏ ရှေ့တွင်မူ... မီတာသုံးမီတာခန့် မြင့်မားလှသော လူဝံပုံစံ ဝိညာဉ်သားရဲကြီးတစ်ကောင်က သူ့ကို ကြည့်ပြီး ဒေါသတကြီး ဟောက်မန်နေကာ... ၎င်း၏ လက်ထဲတွင်မူ ထိုအမျိုးသား၏ ပြတ်တောက်သွားသော လက်မောင်းကြီးကို ကိုင်ဆောင်ထားဆဲပင်။
ကြောက်မက်ဖွယ်ကောင်းလှသော သွေးချင်းချင်းနီနေသည့် မြင်ကွင်းက ထိုလက်မောင်းသည် သားရဲကြီး၏ ကြီးမားလှသော ခွန်အားဖြင့် အတင်းအကျပ် ဆွဲဖြဲခြင်း ခံလိုက်ရကြောင်းကို ထင်ရှားစေသည်။
ထိုအမျိုးသား၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ သူသည် သစ်ပင်ပင်စည်ကို မှီထားရင်း မိမိ၏ ခန္ဓာကိုယ်အတွင်းမှ သက်စောင့်စွမ်းအားများ တဖြည်းဖြည်းချင်း လျော့နည်းလာသည်ကို ခံစားနေရသည်။
သွေးအလွန်အမင်း ထွက်လွန်မှုကြောင့် သူ၏ မျက်နှာက ဖြူလျော်နေခဲ့ပြီး သတိအာရုံကလည်း တဖြည်းဖြည်းချင်း ဝေဝါးလို့လာခဲ့ချေပြီ။
“သက်တမ်းထောင်ချီ ရှိတဲ့ ‘မဟာ လူဝံကြီး’ ပါလား... ဟဟ.. ငါ ဒီနေရာကို မလာသင့်မှန်း သိထားခဲ့သင့်တာ ငါ ဘာဖြစ်လို့ ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဝင်လာခဲ့မိပါလိမ့်...” သူ ခါးသီးစွာ ပြုံးလိုက်မိရင်း အားကိုးရာမဲ့ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဒါပေမဲ့... ပိုပြီး သန်မာလာဖို့အတွက်ဆိုရင် ငါက တစ်ယောက်တည်းဖြစ်နေရင်တောင် အရာအားလုံးကို စွန့်စားရမှာပဲ မဟုတ်လား"
“ငါကလည်း အသက်ကြီးနေပြီဖြစ်တဲ့အပြင် ‘ဝိညာဉ်အကြီးအကဲ’ အဆင့်ပဲ ရှိသေးတာ... ဒီနေရာမှာ သေဆုံးရတာကပဲ ငါ့ရဲ့ ကံကြမ္မာ ဖြစ်လိမ့်မယ် ထင်ပါရဲ့...”
သူ၏ ဝေဝါးနေသော အမြင်အာရုံထဲတွင်မူ... မဟာ လူဝံကြီးက ၎င်း၏ ကြီးမားလှသော လက်မောင်းကြီးကို မြှောက်လိုက်ပြီး သူ့ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
သို့သော်လည်း... ထိုအခိုက်အတန့်မှာပင်.. သူသည် ပူပြင်းလှသော လေထုလှိုင်းတစ်ခု မိမိထံသို့ ဒုန်းစိုင်းတိုးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် ဝေဝါးနေသော သတိအာရုံက အနည်းငယ် ရှင်းလင်းသွားခဲ့ရသည်။
ဘုန်း...
စောစောကတင် အလွန်အမင်း ဆိုးသွမ်းရက်စက်နေခဲ့သော မဟာ လူဝံကြီးသည် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့ချေပြီ။ ၎င်း၏ လည်ပင်းအထက်ပိုင်းတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရပြီး ဘေးပတ်ပန်းကျင်တစ်ခုလုံးတွင် မီးကျွမ်းနံ့များနှင့် အသားကင်နံ့များက ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့တော့သည်။
“လှုပ်ရှားနိုင်သေးရဲ့လား" ယွီဝူယီက သူ၏ အားအင်ကုန်ခမ်းနေသော ပုံစံကို ကြည့်ရင်း မေးမြန်းလိုက်သည်။
ထိုအမျိုးသားက ခေါင်းယမ်းလိုက်ရင်း ပြုံးလိုက်မိသည် -
“ငါ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ... ဒါပေမဲ့ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး ထင်ပါရဲ့"
အဆက်မပြတ် သွေးထွက်နေသော ပြတ်တောက်သွားသည့် လက်မောင်းအပြင်... သူ၏ ဝမ်းဗိုက်တွင်လည်း ကြီးမားလှသော သစ်ကိုင်းအကျိုးကြီးတစ်ခုက ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်နေခဲ့ချေပြီ။
၎င်းက သားရဲကြီး၏ ခွန်အားဖြင့် အတင်းအကျပ် ထိုးစိုက်ခြင်း ခံထားရခြင်း ဖြစ်သည်။
ဤမျှလောက်အထိ ပြင်းထန်လှသော ဒဏ်ရာကို ကုသရန်အတွက်ဆိုလျှင် အနည်းဆုံး ဝိညာဉ်ဧကရာဇ် အဆင့်ရှိသည့် ကုသခြင်းဆိုင်ရာ ဝိညာဉ်သခင်တစ်ဦး လိုအပ်ပေလိမ့်မည်။ သို့သော် မိမိရှေ့ရှိ အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးကမူ မလွဲမသွေပင် တိုက်ခိုက်ခြင်းဆိုင်ရာ ဝိညာဉ်သခင်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
သို့သော်လည်း သူသည် ဤကဲ့သို့သော ရလဒ်ကို ကာလရှည်ကတည်းက လက်ခံထားခဲ့ပြီးသား ဖြစ်တာမို့ သူ၏ စိတ်ထဲတွင် နောင်တရခြင်းမျိုး မရှိပါချေ။
ယွီဝူယီ ဘာမှမပြောဘဲ... မဟာခွန်အား လူဝံကြီး၏ လက်ထဲတွင် ရှိနေဆဲဖြစ်သော ညာဘက်လက်မောင်းကို သွားရောက်ယူဆောင်လိုက်သည်။
ထို့နောက် ၎င်းကို ထိုအမျိုးသား၏ ပြတ်တောက်နေသော ဒဏ်ရာနေရာတွင် ပြန်လည်တေ့ဆက်ပေးလိုက်ပြီးနောက်... ပြောင်းပြန်အတတ်ပညာ ကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။
ပြောင်းပြန်အတတ်ပညာက မိမိကိုယ်ကိုယ် ကုသနိုင်ရုံတင်မကဘဲ အခြားသူများကိုပါ အပြည့်အဝ ကုသပေးနိုင်စွမ်း ရှိပေသည်။
မကြာမီအချိန်၌ပင်... ထိုအမျိုးသားသည် မိမိ၏ ညာဘက်လက်မောင်းထံသို့ အာရုံခံစားမှုများ ပြန်လည်ရောက်ရှိလာသည်ကို သိရှိလိုက်ရပြီး သူ၏ သတိအာရုံကလည်း ပိုမို၍ ကြည်လင်ပြတ်သားလို့လာခဲ့သည်။
ကုသမှု ပြီးဆုံးလုနီးပါး ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ... ယွီဝူယီသည် မိမိ၏ လက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခြေထောက်ရှိ စက်များကို ထပ်မံ၍ အသက်သွင်းလိုက်တော့သည်။
“မင်း လှုပ်ရှားနိုင်ပြီဆိုရင်... ဒီနေရာကနေ မြန်မြန် ထွက်ခွာသွားတော့ ဤနေရာက အလွန်အမင်း အန္တရာယ်များတယ်။ ဒီဝိညာဉ်သားရဲကိုတော့ မင်းဘာသာမင်းပဲ ဖြေရှင်းလိုက်တော့"
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားခဲ့ပြီး မိမိ၏ မူလပန်းတိုင်ဆီသို့ ဆက်လက်ပျံသန်းသွားခဲ့တော့သည်။ ထိုအမျိုးသားခမျာ ကျေးဇူးတင်စကားပင် လှမ်းမပြောနိုင်လိုက်မီမှာတင် ဆမ်၏ ပုံရိပ်ကြီးက မျက်စိရှေ့မှနေ၍ ပျောက်ကွယ်သွားခဲ့ချေပြီ။
မိမိရှေ့ရှိ မဟာ လူဝံကြီး၏ သက်တမ်းထောင်ချီ ဝိညာဉ်ကွင်းကို ကြည့်ရင်း... သူ၏ စိတ်ထဲတွင် စိတ်သက်သာရာရမှုများနှင့်အတူ ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။
သူသည် နောက်ဆုံးတွင် ခုံတန်းတစ်ခုပေါ်၌ ထိုင်လိုက်ပြီး ၎င်းကို စုပ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ယနေ့ည၏ အဖြစ်အပျက်ကို ရော မိမိ၏ ကယ်တင်ရှင်ကြီးကိုပါ ဘဝတွင် ဘယ်တော့မှ မေ့လျော့နိုင်တော့မည် မဟုတ်ပါချေ။
နောက်ဆုံးတွင်မူ... အချိန်တစ်ခုကြာ ပျံသန်းပြီးနောက်.. ယွီဝူယီသည် တောအုပ်၏ ပြင်ပစည်းဝိုင်းကို ကျော်ဖြတ်ကာ အလယ်စည်းဝိုင်း အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင်မူ... ဝိညာဉ်သားရဲများ၏ အန္တရာယ်က အရှိန်အဟုန်ပြင်းစွာ မြင့်တက်လို့နေသည်။
ကျင့်ကြံခြင်းသက်တမ်းချင်း တူညီနေလျှင်ပင် အလယ်စည်းဝိုင်းအတွင်းရှိ သက်တမ်းထောင်ချီ ဝိညာဉ်သားရဲတစ်ကောင်သည် ပြင်ပစည်းဝိုင်းက သားရဲထက် များစွာပိုမိုအစွမ်းထက်လှပြီး.. အဓိကအားဖြင့် သူတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် တိုက်ခိုက်ရေးအတွေ့အကြုံအပိုင်းတွင် ဖြစ်သည်။
ဤနေရာမှစ၍... ၎င်းကား သက်တမ်းသောင်းချီ ဝိညာဉ်သားရဲများ၏ အဓိက လှုပ်ရှားရာ နယ်မြေပေတည်း။
အလယ်စည်းဝိုင်းသည် အခြေခံအားဖြင့် သက်တမ်းထောင်ချီနှင့် သက်တမ်းသောင်းချီ သားရဲများ၏ ရှင်သန်ရာ နေရာဖြစ်သော်လည်း.. တစ်ခါတစ်ရံတွင်မူ တောအုပ်အူတိုင်ဝင်း အတွင်းမှ သက်တမ်းနှစ်သိန်းကျော် ဝိညာဉ်သားရဲကြီးများသည်လည်း အမဲလိုက်ရန်အတွက် ဤနေရာအထိ ထွက်ပေါ်လာတတ်ကြသည်။
ယွီဝူယီသည်လည်း ခရီးစဉ်အတွင်း မိမိနှင့် ကြုံတွေ့ရသော ဝိညာဉ်သားရဲများသည် သူ့အပေါ် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြသည်ကို အသေအချာ အာရုံခံမိနေသည်။
သို့သော်လည်း သူတို့သည် မရင်းနှီးသောအရာများအပေါ် သတိကြီးစွာ ထားတတ်ကြသည့် သဘာဝကြောင့် ချက်ချင်းပင် ခုန်အုပ်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ကြသေးပါချေ။
သို့သော်လည်း ခြွင်းချက်ဆိုတာ အမြဲတမ်း ရှိနေတတ်စမြဲပင်... ဥပမာအားဖြင့် မိမိ၏ ရှေ့တွင် ပုံသဏ္ဌာန်မမှန်သော အစင်းကြောင်းများဖြင့် ပြည့်နှက်နေသည့် အမှောင်မန္တန်ကျားသစ်ကြီး ကဲ့သို့သော သားရဲမျိုး ပေတည်း။
၎င်း၏ အခြေခံစွမ်းရည်များကို ၎င်း၏ နာမည်ကို ကြည့်ရုံမျှဖြင့် အလွယ်တကူ ခန့်မှန်းနိုင်စွမ်း ရှိပေသည်။
အမည်: မရှိပါ
မျိုးစိတ်: အမှောင်မန္တန်ကျားသစ်
ကျင့်ကြံခြင်း သက်တမ်း: နှစ်သောင်းကျော်
စွမ်းရည်များ: ဝိညာဉ်သိမ်းပိုက်ခြင်.. မိစ္ဆာဝိညာဉ်ဝင်တိုက်ခြင်း .. အမှောင်အမဲလိုက်လက်သည်း.. ညဉ့်နက်နယ်ပယ်…
သူသည် အလယ်စည်းဝိုင်းအတွင်းသို့ ဝင်ရောက်လာပြီးပြီးချင်းမှာတင် ဤမျှလောက် ကောင်းမွန်လှသော ရွေးချယ်မှုတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
သက်တမ်းနှစ်သောင်းဆိုသည်မှာ ယွီဝူယီ စိတ်ကူးယဉ် ထင်မှတ်ထားခဲ့သော အကန့်အသတ်အတွင်းတွင် အတိအကျ ရှိနေခြင်း ဖြစ်သည်။
အလွန်အမင်း အစွမ်းထက်လွန်းလှပါက သူ၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်သော်လည်း... သက်တမ်းနှစ်သောင်းဆိုသည်မှာ ဤအကန့်အသတ်၏ အလယ်တည့်တည့်မှာပင် ရှိနေသည်။
အမှောင်မန္တန်ကျားသစ်ကြီးသည်လည်း သူ့ကို ဆက်လက်စောင့်ဆိုင်းနေရန် အစီအစဉ်မရှိပါချေ။
စေးပျစ်လှသော အနက်ရောင် နယ်ပယ်ကြီးတစ်ခုက အမှောင်မန္တန်ကျားသစ်ကြီး၏ ခန္ဓာကိုယ်ထက်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ယွီဝူယီကို ချက်ချင်းပင် ဝါးမြိုပိတ်ဆို့လိုက်တော့သည်...။
‘ဒါက အမြင်အာရုံကို နှောင့်ယှက်ရုံတင်မကဘဲ အာရုံငါးပါးလုံးကိုပါ သက်ရောက်မှုရှိစေတာပဲ။
ဒီ “ညဉ့်နက်နယ်ပယ်” က တကယ့်ကို ကောင်းမွန်တဲ့ စွမ်းရည်တစ်ခုပဲ...’
သူ၏ အမြင်အာရုံတစ်ခုလုံး ကတ္တရာစေးကဲ့သို့ မှောင်မိုက်သွားခဲ့ရပြီး ဘေးပတ်ပန်းကျင်ရှိ အသံဗလံအားလုံးလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
ရုတ်တရက်... အေးစက်ရက်စက်လှသော မျက်ဝန်းတစ်စုံက သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး.. ချမ်းစိမ့်လှသော စိတ်ဝိညာဉ်စွမ်းအားကြီးတစ်ခုက သူ၏ စိတ်ကမ္ဘာထဲသို့ တည့်တည့် ထိုးစိုက်ဝင်ရောက်လာခဲ့တော့သည်။
ဝိညာဉ်သိမ်းပိုက်ခြင်း ၎င်းက သားရဲကို ခေတ္တမျှ တောင့်တင်းသွားစေနိုင်စွမ်း ရှိပြီး.. ပိုမိုအားနည်းသော ဝိညာဉ်သားရဲများနှင့် ဆိုပါက ၎င်းတို့ကို ချက်ချင်းပင် သတိမေ့မြောသွားစေနိုင်သည်။
အမြင်အာရုံနှင့် အာရုံငါးပါးကို နှောင့်ယှက်နိုင်သော ‘ညဉ့်နက်နယ်ပယ်’ နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... ဒါက တကယ့်ကို ပြီးပြည့်စုံလှသော ပေါင်းစပ်စွမ်းရည် ကြီးတစ်ခု ဖြစ်ချေသည်။
သို့သော်လည်း... အကယ်၍ ကျယ်ပြန့်လှသော ဧရိယာအလိုက် တိုက်ခိုက်နိုင်စွမ်းရှိသည့် ဝိညာဉ်စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ရန်သူနှင့် ကြုံတွေ့ရပါက ဤညဉ့်နက်နယ်ပယ်၏ အကျိုးသက်ရောက်မှုက အလွန်ပင် အကန့်အသတ် ရှိသွားပေလိမ့်မည်။
အမှောင်မန္တန်ကျားသစ်ကြီးအနေဖြင့် ယွီဝူယီကို မထိခိုက်စေနိုင်သော်လည်း... ဤကဲ့သို့သော အာရုံငါးပါးလုံး ပျောက်ကွယ်သွားသည့် ခံစားချက်ကြီးက သူ့ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
ဒါကြောင့်မို့လို့...
ဆမ်၏ ရင်ဘတ်သံချပ်ကာထက်မှနေ၍ ရုပ်ဝတ္ထုပစ္စည်းအလား ထင်ရှားလှသော မီးတောက်လျှံစမ်းကြောင်းကြီး နှစ်ခု ရုတ်တရက် ပန်းထွက်လာခဲ့ပြီးနောက်... သူသည် သူ၏ ကြီးမားလှသော လက်ဝါးကြီးကို ဘေးသို့ ပြင်းထန်စွာ ဝှေ့ယမ်းပစ်လိုက်တော့သည် -
DHGDR - တစ်ပိုင်းမီးလောင်ကျွမ်းခြင်း အခြေအနေ
“ငါ... ပင်လယ်ပြင်ကြီးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်မယ်"
ကြီးမားလှသော မီးတောက်မုန်တိုင်းကြီးတစ်ခု ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့ပြီး... စေးပျစ်လှသော အနက်ရောင် ညဉ့်နက်နယ်ပယ်ကြီးကို ဖန်သားပြင်တစ်ခုအလား အပိုင်းပိုင်းအစစ ဆွဲဖြဲဖျက်ဆီးပစ်လိုက်တော့သည်။
စိမ်းစိုနေသော မြေပြင်ကြီးသည် ချက်ချင်းပင် ပြာကျသွားခဲ့ရပြီး... ဘေးပတ်ပန်းကျင်ရှိ အရာအားလုံးသည် ပြင်းထန်လှသော မီးတောက်လျှံကြီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ ဘာတစ်ခုမျှ လွတ်မြောက်နိုင်ခြင်း မရှိပါချေ။
လူသားတစ်ယောက်အလား ထိတ်လန့်တုန်လှုပ်မှုများသည် အမှောင်မန္တန်ကျားသစ်ကြီး၏ မျက်ဝန်းအစုံတွင် ပေါ်ထွက်လာခဲ့ရတော့သည်။
ဤအခိုက်အတန့်တွင်... ၎င်းသည် မိမိကိုယ်ကိုယ် ငရဲဘုံသို့ ရောက်ရှိနေသကဲ့သို့ပင် ပြင်းထန်စွာ ခံစားလိုက်ရတော့သည်…