အခန်း (၂) - ပြဿနာများ အိမ်ပေါက်ဝသို့ ရောက်ရှိလာခြင်း
“လုပ်ငန်းတစ်ခု အပ်နှံရမယ် ဟုတ်လား”
မိန်းကလေးငယ်လေးမှာ ထိုစကားလုံးရဲ့ အဓိပ္ပာယ်ကို သေချာနားမလည်သဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ထိုပုံစံကိုမြင်တော့ ယွီဝူယီက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။
“လုပ်ငန်းအပ်နှံတယ်ဆိုတာ မင်းအနေနဲ့ ဒီဆိုင်ကို ဘာလုပ်ပေးစေချင်လဲဆိုတာပဲ… သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတွင်းမှာဆိုရင် ဒီဆိုင်က မင်းဖြစ်ချင်တဲ့ဆန္ဒကို အကောင်းဆုံး ဖြည့်ဆည်းပေးမှာ ဖြစ်တယ်…ဒါပေမဲ့ လောကမှာ အလကားရတဲ့ အရာတော့မရှိဘူးလေ… ဒါအတွက် အဖိုးအခတစ်ခုတော့ ပေးရလိမ့်မယ်…ဒါက ဒီဆိုင်ရဲ့ အဓိက ဝန်ဆောင်မှုပဲ”
အဖိုးအခ ဟုတ်လား…
ထိုကဲ့သို့သော ဆရားမ၀င်နေရာဆိုးမှ ထွက်ပြေးလွတ်မြောက်လာနိုင်သူတစ်ဦးမှာ သာမန်ကလေးတစ်ယောက် မဟုတ်သည်ကတော့ အသေအချာပင်… သို့ဖြစ်ရာ သူမသည် စကားလုံး၏ အဓိကသော့ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။
သို့သော်လည်း ကောင်းကင်ကြီးက သူမကို စဉ်းစားရန် အချိန်အများကြီး မပေးခဲ့ပါ။ ဆူညံလှသော ခြေသံများမှာ နားထဲသို့ ရောက်ရှိလာနေပြီဖြစ်ပြီး နောက်က လိုက်လာသူများမှာလည်း ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။
သူမသည် သွားကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဘယ်လိုအဖိုးအခပဲ ဖြစ်ပါစေ... အခုအချိန်မှာ သူမအတွက် ရွေးချယ်စရာ မရှိတော့ပါ။ ထိုနေရာဆိုးမှ အခက်အခဲများစွာကြားက ထွက်ပြေးလာခဲ့ရခြင်းဖြစ်ပြီး အကယ်၍ ပြန်ဖမ်းမိသွားပါက နောက်နောင်တွင် မျှော်လင့်ချက်အလင်းရောင်ကို ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်ပေ။
သူမသည် နွေးထွေးသော အပြုံးဖြင့် ကြည့်နေသည့် ငွေရောင်ဆံပင်နှင့် ကောင်လေးကို တစ်ချက် ပြန်ကြည့်လိုက်သည်။
ငါ့မှာ ဒီခန္ဓာကိုယ်ပဲ ကျန်တော့တာ…သူတို့လက်ထဲ ပြန်ကျသွားမယ့်အတူတူ ဒီကောင်လေးလက်ထဲ ကျရောက်သွားတာကမှ ပိုပြီး တော်ဦးမယ်။
“သမီး လုပ်ငန်းအပ်နှံချင်ပါတယ်”
မိန်းကလေးငယ်လေးက ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းပြီ”
ယွီဝူယီက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည့် လုပ်ငန်းအပ်နှံလွှာ စာချုပ်တစ်ခု လေထုထဲတွင် အလိုလို ပေါ်လာပြီး မိန်းကလေးငယ်လေး၏ ရှေ့တွင် လွင့်မျောသွားသည်။
“ဒီစာချုပ်ရဲ့ ညာဘက်အောက်ခြေထောင့်မှာ မင်းရဲ့ လက်ဗွေကို နှိပ်ပေးပါ…မင်းရဲ့ အပ်နှံမှုက နောက်က လိုက်လာတဲ့သူတွေရန်ကနေ ကာကွယ်ပေးဖို့ ဟုတ်တယ်မလား”
သူသည်လည်း လျင်မြန်စွာ ချဉ်းကပ်လာနေသည့် ခြေသံများကို အတိုင်းသား ကြားနေရသည်။
“ဟုတ်ပါတယ်... သမီးကို ကူညီပါဦး”
လေထုထဲတွင် စာချုပ်တစ်ခု အလိုလို ဖန်တီးလိုက်နိုင်သည့် အစွမ်းကြောင့် မိန်းကလေးငယ်လေး ထိတ်လန့်သွားရသော်လည်း အခြားအရာများကို စဉ်းစားနေရန် အချိန်မရှိတော့ပါ။ သူမသည် သေးငယ်သော လက်ကလေးကို ဆန့်ထုတ်ကာ ယွီဝူယီ ညွှန်ကြားသည့်အတိုင်း လက်ဗွေ နှိပ်လိုက်သည်။
သူမ လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ လုပ်ငန်းအပ်နှံလွှာပေါ်တွင် လက်ဗွေရာ ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
“စာချုပ်ချုပ်ဆိုမှု အောင်မြင်သွားပြီ… မင်းရဲ့ အပ်နှံမှုကို ငါ လက်ခံလိုက်ပြီ”
စာချုပ်သည် ယွီဝူယီ၏ လက်ထဲသို့ လွင့်မျောလာပြီး ကြယ်ပွင့်အလင်းတန်းများအဖြစ် ပြောင်းလဲကွယ်ပျောက်သွားသည်။
ပထမဆုံး လုပ်ငန်းအပ်နှံမှုကို နောက်ဆုံးတော့ ရရှိခဲ့ပြီ ဖြစ်သည်။ ဒီနေ့ရက်ကို သူ တကယ်ပဲ အကြာကြီး စောင့်ဆိုင်းခဲ့ရတာပါ။ ယွီဝူယီတစ်ယောက် စိတ်လှုပ်ရှားသွားပြီး ပထမဆုံး အလုပ်ရလိုက်သည့်အတွက် ဤမျှ ဝမ်းသာပီတိဖြစ်ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။
သို့သော်လည်း ယခုက ထိုအရာများကို တွေးတောနေရမည့် အချိန်မဟုတ်ပါ။ သူသည် စိတ်ကူးယဉ်မှုများကို ရပ်တန့်ကာ မိန်းကလေးငယ်လေး၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး အားပေးသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“မင်း ဆိုင်နောက်ခန်းထဲမှာ သွားပုန်းနေလိုက်ပါ… ကျန်တဲ့အရာတွေကို ငါ့ကိုပဲ လွှဲထားလိုက်တော့…မှတ်ထားပါ... ခဏနေရင် ဘာပဲဖြစ်ဖြစ် အပြင်ကို ထွက်မလာနဲ့... ချောင်းလည်းမကြည့်နဲ့... ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ”
“ဒါဆို သွားတော့”
မိန်းကလေးငယ်လေးသည် အမြန်ဆုံးနှုန်းဖြင့် လိုက်ကာကို ဖြတ်ကျော်ကာ နောက်ခန်းသို့ ပြေးဝင်သွားတော့သည်။
သူမက လိမ္မာတဲ့ကလေးမလေးပဲ။ ဒါပေမဲ့ ကလေးက ငယ်လေလေ ဒီလိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေနဲ့ ပိုတိုးရလေလေပဲ။ ယွီဝူယီက ခေါင်းကို ခါယမ်းလိုက်ရင်း အခြားအရာများကို ဆက်မတွေးတော့ဘဲ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်ကာ အချိုရည်ကို သောက်ရင်း ဖိတ်ခေါ်မထားသော ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်လိုက်သည်။
“သူမ ဘယ်မှာလဲ”
“ဒီနားတစ်ဝိုက်မှာပဲ ဖြစ်ရမယ်”
“သူမ ဒီဘက်ကို ပြေးလာတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်တာ... လုံးဝ မမှားနိုင်ဘူး”
“ဟင်... ဒီနေရာမှာ ဆိုင်တစ်ဆိုင် ဘယ်တုန်းက ပေါ်လာတာလဲ”
“အထဲဝင်ပြီး ရှာကြည့်ရအောင်”
ချလွင်…. ချလင်
တံခါးဝရှိ ခေါင်းလောင်းသံက ဆူညံစွာ မြည်ဟည်းသွားပြီး တုတ်များနှင့် ဓားမြှောင်များကို ကိုင်ဆောင်ထားသည့် ကြမ်းကြုတ်ခက်ထန်သော လူတစ်စုက ဆိုင်ထဲသို့ ရိုင်းစိုင်းစွာ ဝင်ရောက်လာကြသည်။
“ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်ကနေ ကြိုဆိုပါတယ်ခင်ဗျာ... ဘာများ ကူညီပေးရမလဲ”
ယွီဝူယီက လုပ်ငန်းသုံး အပြုံးကို ဆက်လက် ဆင်မြန်းထားဆဲပင်။
သူတို့ရဲ့ ရုပ်ရည်တွေက တကယ့်ကို ထုံးစံအတိုင်းပါပဲ… ဒီလူတွေက လူဆိုးတွေဖြစ်ကြောင်း ပေါ်လွင်အောင် ဘယ်လိုတောင် ရုပ်ဖျက်ထားကြတာလဲ။
“ဟေ့ ကောင်လေး... ဒီဆိုင်က မင်းဆိုင်လား”
လူစုကို ဦးဆောင်လာသည့် မျက်နှာတွင် အမာရွတ်နှင့် လူက ယွီဝူယီကို စူးစိုက်ကြည့်ရင်း ပထမဆုံး စကားဆိုလာသည်။
ဘုရားရေ... ဒီကောင်လေးရဲ့ ရုပ်ရည်က ထူးခြားလွန်းလှသည်။ ဒီကလေးကို ရောင်းလိုက်ရင် ငွေအမြောက်အမြား ရနိုင်မည်ဟု သူက ချက်ချင်း တွေးတောလိုက်ခြင်းပင်။ အထင်အရှားပင် သူသည် ယွီဝူယီကိုပါ ပစ်မှတ်ထားရန် စတင် ကြံစည်နေပြီ ဖြစ်သည်။
“ခေါင်းဆောင်... ငါတို့ရဲ့ ပစ်မှတ်”
ဘေးနားရှိ လက်အောက်ငယ်သားတစ်ဦးက အနားသို့ တိုးကပ်ကာ တိုးတိုးတိတ်တိတ် သတိပေးလိုက်သည်။
အော်... ဟုတ်သားပဲ။
အမာရွတ်နှင့်လူက သူ့ခေါင်းကို သူ ပြန်ရိုက်လိုက်ရင်း သူ့ရဲ့ အဓိကရည်ရွယ်ချက်ကို မေ့လုနီးပါး ဖြစ်သွားရသည်။ ဒီကောင်လေးက တန်ဖိုးရှိပုံရသော်လည်း လက်ရှိအချိန်တွင် ထွက်ပြေးသွားသည့် ပစ်မှတ်ကသာ အရေးအကြီးဆုံး ဖြစ်သည်။ ထိုကလေးမ၏ အဆင့်အတန်းက သာမန်မဟုတ်သဖြင့် အကယ်၍ လက်ဗလာဖြင့် ပြန်သွားရပါက သူတို့အတွက် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“ဟေး... ကောင်လေး... အသက် ၁၀ နှစ်ဝန်းကျင်လောက်ရှိတဲ့ ရွှေဝါရောင် ဆံပင်နဲ့ မိန်းကလေးငယ်လေးတစ်ယောက်ကို မြင်မိလား… ငါတို့က သူမရဲ့ မိသားစု လုံခြုံရေးဝန်ထမ်းတွေပါ... သူမကို လိုက်ရှာနေတာ”
ယွီဝူယီတစ်ယောက် ရယ်ချင်စိတ်ကို အောင့်အီးထားရသည်။ သူမကို မြင်သည်ဖြစ်စေ.. မမြင်သည်ဖြစ်စေ... ဒီလို ရုပ်ဆိုးဆိုး အသွင်အပြင် ရှိသည့်လူများက မိသားစု လုံခြုံရေးဝန်ထမ်းများဟု ပြောလာခြင်းကို ဘယ်သူက ယုံကြည်နိုင်မည်နည်း။
သို့သော်လည်း ကောင်းမွန်လှသော အသက်မွေးဝမ်းကျောင်း စိတ်ဓာတ်ကြောင့် သူသည် စိတ်ကို ထိန်းချုပ်ကာ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူးခင်ဗျာ... ကျွန်တော် ဘယ်မိန်းကလေးကိုမှ မမြင်မိပါဘူး… ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ... ကျွန်တော့်ရဲ့ ဆိုင်လေးထဲမှာ ကျွန်တော်နဲ့ ခင်ဗျားတို့ပဲ ရှိတာပါ”
အမာရွတ်နှင့်လူက ထိုစကားကို အလွယ်တကူ မယုံကြည်ဘဲ ထပ်မံ မေးမြန်းရန် ပြင်လိုက်သည်။
ထိုစဉ် စောစောက လက်အောက်ငယ်သားက ဆိုင်နောက်ခန်းသို့ ဦးတည်နေသည့် ကြမ်းပြင်ကို လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်ပြန်သည်။
“ခေါင်းဆောင်... ဟိုမှာကြည့်ဦး”
“ဟင်”
အမာရွတ်နှင့်လူက လှမ်းကြည့်လိုက်ရာ ဆိုင်နောက်ခန်းအထိ အစဉ်လိုက် ထင်ကျန်နေသည့် မိုးရေစိုစွတ်နေသော ခြေရာများကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
စိတ်ဝင်စားစရာပဲ။
သူသည် နောက်ခန်းသို့ ချက်ချင်း ဝင်မရှာဘဲ ယွီဝူယီ့ထံသို့ အကြည့်ကို ပြန်လည်ပို့ဆောင်ကာ ဖြဲဖြဲကြီး ပြုံးလိုက်သည်။
“ဆိုင်ရှင်လေး... မင်းက စောစောကပဲ ဒီအခန်းထဲမှာ ငါတို့ပဲ ရှိတယ်လို့ ပြောခဲ့တယ်နော်…အခုကြည့်ရတာတော့ အဲဒီစကားက မမှန်တော့ဘူး ထင်တယ်”
ရေစိုခြေရာများ၏ ပိုင်ရှင်မှာ သူတို့ လိုက်ရှာနေသည့် ပစ်မှတ်ဖြစ်ကြောင်း သူ ရာနှုန်းပြည့် သေချာသွားသည်။ ဤဆိုင်က လမ်းကြား၏ အဆုံးတွင် ရှိနေခြင်းဖြစ်ရာ ပစ်မှတ်က ပျံမထွက်နိုင်ပါက ဤဆိုင်ထဲတွင်သာ ရှိနေရမည် ဖြစ်သည်။ ပစ်မှတ်ကိုလည်း တွေ့ပြီဆိုတော့... အပိုဝင်ငွေရအောင် ဒီကောင်လေးကိုပါ တစ်ပါတည်း ဖမ်းသွားရင် ပိုမကောင်းဘူးလား။
တစ်ဖက်လူ၏ ရိုင်းစိုင်းလှသော အကြည့်များကို ကြည့်ရင်း ယွီဝူယီက စိတ်ထဲကနေ သက်ပြင်းချလိုက်မိကာ အမာရွတ်နှင့်လူ၏ ဘေးက လက်အောက်ငယ်သားကို လှမ်းကြည့်လိုက်သည်။
ထိုလူ့မျက်လုံးက တကယ့်ကို စူးရှလှသည်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ အဲဒီစူးရှမှုကို နေရာမှားပြီး သုံးလိုက်ခြင်းပင်။ ကိစ္စရပ်ကို အေးအေးဆေးဆေး ဖြေရှင်းလို့ ရနိုင်ပါလျက်နှင့်... အခုတော့ အချို့လူတွေ အရိုက်ခံရတော့မည် ဖြစ်သည်။
“ခင်ဗျားတို့ အခုချက်ချင်း ထွက်သွားရင်... ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးနိုင်တယ်”
ယွီဝူယီက နောက်ဆုံး သတိပေးချက်ကို ထုတ်ပြန်လိုက်သည်။
သို့သော်လည်း ထိုလူများက အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောကြတော့သည်။
“ဟေး... မင်းတို့ ကြားလိုက်လား”
“ကြားတယ် ကြားတယ်... ငါတို့ အခုချက်ချင်းမထွက်သွားရင် ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ့်ပုံပဲ ဟဲဟဲ”
“ဒီကောင်လေးက ငါတို့ကို လူကောင်းတွေလို့ ထင်နေတာလား မသိဘူး”
အမာရွတ်နှင့်လူကလည်း လှောင်ပြုံး ပြုံးလိုက်သည်။ သူ့ရှေ့တွင် တည်ငြိမ်နေသည့် ကောင်လေး၏ မျက်နှာကို ကြည့်ရင်း ထိုတည်ငြိမ်မှုကို ဖျက်ဆီးပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။
“ဟားဟားဟားဟား... ကောင်လေး... မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကနေ ရနေလဲဆိုတာ ငါမသိပေမယ့်... ငါတို့ကတော့ မင်းကို စိတ်ပျက်စေရလိမ့်မယ်”
ဖြူ... ဝါ... ဝါ... ဝါ ဆိုပြီး ဝိညာဉ်ကွင်း လေးကွင်းက သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ အထင်အရှားပင် သူက ဝိညာဉ်ဘိုးဘေး အဆင့်ရှိသူ တစ်ဦး ဖြစ်သည်။
အခြားသော လက်အောက်ငယ်သားများကလည်း သူတို့၏ ဝိညာဉ်ကွင်းများကို ထုတ်ဖော်လိုက်ကြသော်လည်း အားလုံးက အမာရွတ်နှင့်လူထက် အဆင့်နိမ့်ကြပြီး ဝိညာဉ်ဆရာကြီး အဆင့်သာ ရှိကြကာ ဝိညာဉ်ကွင်းများမှာလည်း အောက်ခြေအဆင့် သနားစရာ အဖြူရောင် နှစ်ကွင်းစီသာ ဖြစ်ကြသည်။
“ကောင်လေး... အခုကော ဘယ်လိုလဲ”
အမာရွတ်နှင့်လူက ဝင့်ဝံစွာ ပြောလိုက်သည်။ ယွီဝူယီ့ထံမှ မည်သည့် ဝိညာဉ်စွမ်းအားကိုမျှ မခံစားရသဖြင့် သူ့အနေဖြင့် ယွီဝူယီကို အပိုင်ချုပ်နိုင်ပြီဟု အပြည့်အဝ ယုံကြည်နေခြင်း ဖြစ်သည်။
အမှန်တော့ သူက ယွီဝူယီကို ထိုးဖောက်မမြင်နိုင်ခြင်းသာ ဖြစ်သည်။ ဤဆိုင်လေးအတွင်း၌ ရှိနေသရွေ့ နတ်ဘုရားတစ်ပါးပင်လျှင် ယွီဝူယီကို ထိုးဖောက်မြင်နိုင်စွမ်း မရှိပေ။ သို့သော် ထိုလူက ဤအချက်ကို မသိရှိသလို... ဒါတွေကလည်း အရေးမကြီးတော့ပါ။
“ဒါဆိုရင်တော့ စကားပြောလို့ မရတော့ဘူးပေါ့… ခင်ဗျားတို့ကိုယ်တိုင် မထွက်သွားချင်မှတော့... ငါကပဲ ခင်ဗျားတို့ကို လိုက်ပို့ပေးရတော့မှာပေါ့”
ယွီဝူယီက အပြင်ပန်းတွင် သက်ပြင်းချကာ အားမလိုအားမရ ဖြစ်နေသည့် ပုံစံဖမ်းထားသော်လည်း ရင်ထဲတွင်မူ အတိုင်းထက်အလွန် ဝမ်းသာနေမိသည်။
ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့ရာ... ဒီလိုအခွင့်အရေး ပေးတဲ့အတွက်။ ငါ အမြဲတမ်း အသုံးပြုချင်နေခဲ့တဲ့ အရာကို နောက်ဆုံးတော့ သုံးခွင့်ရပြီဟေ့။
လုပ်ငန်းအပ်နှံမှု စာချုပ်ချုပ်ဆိုပြီးသွားပြီ ဖြစ်၍ ထိုအရာပေါ်ရှိ တံဆိပ်ခတ်နှိပ်ထားမှုက ပယ်ဖျက်သွားခဲ့ပြီ ဖြစ်သည်။
နွေဦးနှင့်ဆောင်းဦး ပုစဉ်းရင်ကွဲ ပုံသဏ္ဍာန်ရှိသော အသွင်ပြောင်း ကိရိယာတစ်ခုက ယွီဝူယီ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။
သူသည် ပြုံးလိုက်ရင်း ညာဘက်လက်ကို ဘယ်ဘက်ပုခုံးရှေ့သို့ ရွှေ့ကာ ဘယ်ဘက်လက်ကို မြှောက်၍ ညာဘက်လက်ပေါ်တွင် တင်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ ရွတ်ဆိုလိုက်သည်။
“ဆမ်... အသွင်ပြောင်း စတင်စေ”