အခန်း (၁၉) - ပွဲကြီးကြီး ကစားကြစို့
နောက်တစ်နေ့ နံနက်တွင် ယွီဝူယီ နိုးထလာပြီး တံခါးဖွင့်လိုက်သောအခါ ကျောင်းအုပ်ကြီး ယန်ရှောက်ကျဲ့သည် တံခါးအပြင်ဘက်၌ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း... တစ်ဖက်လူ၏ အေးချမ်းမှုကို မနှောင့်ယှက်လိုဟူသော စည်းကမ်းချက်ကြောင့် တံခါးပြင်ပ၌သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“ကျောင်းအုပ်ကြီးယန်... တစ်ခုခု ကိစ္စရှိလို့ပါလား”
ယွီဝူယီက စိတ်ထဲတွင် အဖြေကို ကြိုတင်သိရှိနေသော်လည်း အပြင်ပန်းတွင်မူ ဝေခွဲမရသည့်အလား မေးမြန်းလိုက်သည်။ သူ ဤအချိန်၌ ပေါ်လာခြင်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ပြီးသွားပြီဟူသော သဘောပင် မဟုတ်ပါလား။
ယန်ရှောက်ကျဲ့က အနည်းငယ် ပြုံးလိုက်ရင်း ယဉ်ကျေးပျူငှာစွာ ဆိုသည် -
“ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ သုံးရက်ကြာ အစည်းအဝေး ဆွေးနွေးပွဲပြီးတဲ့နောက်မှာတော့... ငါတို့တွေ နောက်ဆုံး ကောက်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ပါပြီ…မစ္စလျူယင်ကို အစည်းအဝေးခန်းမဆီ လာရောက်ဖို့အတွက် ဖိတ်ခေါ်ပါရစေ " သူက လမ်းညွှန်သည့် လက်ဟန်ခြေဟန် ပြုလုပ်လိုက်သည်။
ယွီဝူယီအနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက်မရှိပါချေ။ သို့သော်လည်း အစည်းအဝေးက သုံးရက်တိုင်တိုင် ကြာမြင့်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“ကျောင်းအုပ်ကြီးယန်ကိုယ်တိုင် လာရောက်ဖိတ်ကြားတာ လျူယင်အတွက် တကယ့်ကို အားနာစရာပါပဲ”
“ဒါက ငါ လုပ်ဆောင်သင့်တဲ့ အရာပါပဲ”
သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် ပင်လယ်နတ်ဘုရားမျှော်စင်၏ အစည်းအဝေးခန်းမဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
အစည်းအဝေးခန်းမအတွင်း၌မူ... ပင်လယ်နတ်ဘုရားမျှော်စင်၏ အဖွဲ့ဝင်အကြီးအကဲ အားလုံး နေရာယူထားကြပြီးသား ဖြစ်သည်။ သူတို့နှစ်ဦး ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ စိုက်ကြည့်မှုက သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။
ယန်ရှောက်ကျဲ့သည် မိမိ၏ နေရာသို့ သွားရောက်ထိုင်လိုက်ပြီး.. ယွီဝူယီသည်လည်း သူ့အတွက် အထူးပြင်ဆင်ပေးထားသည့် ‘မုအန်း’ ၏ တည့်တည့်မျက်နှာချင်းဆိုင်ရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။
သူ နေရာယူပြီးသည့် အချိန်ကျမှသာ မုအန်းက ဖြည်းညှင်းစွာ စကားစတင်ဆိုလာခဲ့သည် -
“လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဆွေးနွေးပွဲတွေမှာ... ငါတို့ရဲ့ သဘောထားချင်း မတိုက်ဆိုင်မှုတွေ အတော်လေး ရှိခဲ့ပေမဲ့.. နောက်ဆုံးမှာတော့ အားလုံးလက်ခံနိုင်လောက်တဲ့ ကောက်ချက်တစ်ခုကို ရရှိခဲ့ပါတယ်"
“ကောက်ချက်ကို အရင်ဆုံး ပြောရမယ်ဆိုရင်တော့... နောင်တစ်ချိန်မှာ မင်းပြောတဲ့ ဘေးအန္တရာယ်ဆိုးကြီးက တကယ်ပဲ ပေါ်ပေါက်လာခဲ့မယ်.. ပြီးတော့ မင်းတို့ရဲ့ ‘ဝူယီ အထွေတွေလုပ်ငန်းဆိုင်’ ရဲ့ စွမ်းအားကလည်း မင်းပြောသလိုမျိုး တကယ်ပဲ အစွမ်းထက်နေမယ် ဆိုရင်ပေါ့...”
“ရှီလိုင်ခဲ့အကယ်ဒမီအနေနဲ့ မင်းတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါပြီးတော့... ရောက်ရှိလာမယ့် အန္တရာယ်ကို အတူတကွ ပူးပေါင်းတွန်းလှန်ဖို့ ဆန္ဒရှိပါတယ်"
ယွီဝူယီ ခေါင်းငြိမ့်လိုက်မိသည်။ ဤစကားလုံးများက အလွန်ပင် တိကျလှသည်.. ဘေးအန္တရာယ်ဆိုး တကယ်ပေါ်ပေါက်လာမည့် အခြေအနေကိုသာမက... အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ၏ စွမ်းအား စစ်မှန်မှုအပေါ်တွင်ပါ အခြေခံထားခြင်း ဖြစ်သည်။
ထိုအချိန်ကျမှ ဘေးအန္တရာယ်ဆိုးကြီး ပေါ်မလာခဲ့လျှင်ဖြစ်စေ သို့မဟုတ် အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ၏ စွမ်းအားက အလိမ်အညာဖြစ်နေလျှင်ဖြစ်စေ... ရှီလိုင်ခဲ့အကယ်ဒမီအနေဖြင့် မဟာမိတ်အဖွဲ့မှ နုတ်ထွက်ရန် ဤအချက်ကို အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်မည် မဟုတ်ပါလား။
ထို့ပြင် မုအန်းအနေဖြင့် ပြောစရာ စကားများ ကျန်ရှိနေသေးသည်မှာ ထင်ရှားလှသည်။
“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ... ကလေးမလေး.. ငါတို့အနေနဲ့ မင်းတို့ရဲ့ စွမ်းအားအပေါ် အနည်းငယ် နားလည်သဘောပေါက်ထားနိုင်ဖို့အတွက် မေးခွန်းအချို့ကို ဖြေကြားပေးစေချင်တယ်"
“မင်း နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ဒါမှသာ ငါတို့လည်း စိတ်ချလက်ချနဲ့ ငါတို့ရဲ့ ကျောပြင်တွေကို မင်းတို့ထံ ယုံကြည်အပ်နှံနိုင်မှာမို့လို့ပါပဲ"
သုန့်လော်တိုက်ကြီး ၏ အာဏာလုပွဲများနှင့် ကင်းကွာနေသော အမှီအခိုကင်း စွမ်းအားစုကြီးတစ်ခုဖြစ်သည့်အတိုင်း... ရှီလိုင်ခဲ့အကယ်ဒမီသည် အခြားသူတစ်ပါး၏
အမိန့်ပေးမှုအောက်သို့ လွယ်လွယ်ကူကူ ရောက်ရှိသွားမည့်အဖွဲ့ မဟုတ်ပါချေ။ မဟုတ်ပါက ရှီလိုင်ခဲ့၏ ဩဇာတိက္ကမနှင့်ဆိုလျှင် မည်သည့်ဘက်တော်သားထဲသို့မဆို ဝင်ရောက်သွားပါက လက်ရှိမျှခြေအခြေအနေကို လုံးဝ ပျက်စီးသွားစေနိုင်သည်။
ဤကိစ္စသည် တစ်ခုလုံးသော သုန့်လော်တိုက်ကြီး၏ အရေးကိစ္စနှင့် မပတ်သက်နေပါက သူတို့ ဤကဲ့သို့သော ဆုံးရက်ချက်မျိုးကို ချမှတ်ကြလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ ရှိနေခြင်းက သဘာဝကျလှသည်ဖြစ်ရာ.. ယွီဝူယီကလည်း နားလည်ကြောင်း ထုတ်ဖော်ပြသလိုက်သည်။
“စီနီယာတို့... စိတ်ကြိုက်မေးမြန်းနိုင်ပါတယ်ရှင် ကျွန်မတို့ အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ရဲ့ အလွန်အမင်း အရေးကြီးတဲ့ လျှို့ဝှက်ချက်ကလွဲလို့ ကျန်တဲ့အရာအားလုံးကို ကျွန်မ တတ်နိုင်သမျှ ဖြေကြားပေးပါ့မယ်"
ယန်ရှောက်ကျဲ့က ပထမဆုံး စတင်မေးမြန်းလာခဲ့သည် -
“စည်းကမ်းမရှိရင် စံနှုန်းဆိုတာ ရှိလာမှာမဟုတ်ဘူး မင်းတို့ အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို ငါတို့ကို ပြောပြပေးနိုင်မလား ဒါက ဘယ်သူမဆို လာရောက်အပ်နှံလို့ရတဲ့ သာမန်အဖွဲ့အစည်းတွေလိုမျိုးတော့ မဟုတ်လောက်ဘူး ထင်တယ်”
ယွီဝူယီက ပြန်လည်ဖြေကြားလိုက်သည် -
“ကျွန်မတို့ရဲ့ ဆိုင်ရှင် က တစ်ခါက ပြောဖူးပါတယ်... အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် မှာ အခြေခံစည်းကမ်းကြီး (၃) ချက် ရှိတယ်တဲ့"
“ပထမအချက်က... သာမန်ကိစ္စအသေးအဖွဲတွေ.. အပြစ်မဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စတွေနဲ့ အဖိုးအခလုံလောက်မှုမရှိတဲ့ အလုပ်တွေကို လက်ခံမှာ မဟုတ်ပါဘူး"
“ဒုတိယအချက်က... အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ဟာ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးကိုသာ လုပ်ဆောင်မှာဖြစ်ပြီး.. ဘယ်လိုဂိုဏ်းဂဏ အာဏာလုပွဲတွေမှာမျှ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး"
“တတိယအချက်ကတော့... အထက်ပါအချက်တွေအားလုံးရဲ့ နောက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်က ဆိုင်ရှင်တစ်ဦးတည်းထံမှာပဲ ရှိပါတယ်"
“ကြည့်ရတာတော့ ဒီစည်းကမ်း (၃) ချက်ပဲ ရှိပုံရပါတယ်.. ကျန်တဲ့အရာတွေကတော့ အကောင်အထည်ဖော်ဆောင်ရွက်သူတွေရဲ့ ကိုယ်ပိုင်အသိစိတ်အပေါ်မှာပဲ မူတည်ပါတယ်"
ယန်ရှောက်ကျဲ့၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။ ဤမျှလောက် ကြီးမားလှသော စွမ်းအားစုကြီးတစ်ခုက စည်းကမ်း (၃) ချက်တည်းဖြင့်သာ လည်ပတ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
သို့သော်လည်း လက်ရှိအချိန်ထိ မည်သည့်ပြဿနာကြီးကြီးမားမားမျှ ဖြစ်ပွားခဲ့ခြင်းမရှိတာကို ကြည့်ခြင်းအားဖြင့်... ၎င်း၏အတွင်းရှိ အဖွဲ့ဝင်များ၏ အရည်အသွေးက အလွန်ပင် မြင့်မားလှသည်ကို သိသာစေသည်။
ထို့နောက်တွင်မူ... အကြီးအကဲရွှမ်း၏ အလှည့် ရောက်ရှိလာခဲ့သည် -
“မင်းအခုနက ပြောခဲ့တဲ့ ဆိုင်ရှင်ဆိုတာ မင်းတို့ရဲ့ ခေါင်းဆောင် ဖြစ်ရမယ်။ သူ့အကြောင်းကို အသေးစိတ်လောက် မိတ်ဆက်ပေးနိုင်မလား”
ယွီဝူယီက ခေါင်းယမ်းလိုက်ရင်း ဆိုသည် -
“ဆိုင်ရှင်ရဲ့ နာမည်က ‘ယွီဝူယီ’ လို့ ခေါ်ပါတယ်.. ဒါပေမဲ့ သူ့ရဲ့ နောက်ခံက အလွန်ပဲ လျှို့ဝှက်ဆန်းကြယ်လှတာမို့... သူ ဘယ်ကနေ လာခဲ့လဲဆိုတာ ဘယ်သူမှ မသိကြပါဘူး"
“အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် အဖွဲ့ဝင်အားလုံးရဲ့ စွမ်းအားတွေက အခြေခံအားဖြင့် ဆိုင်ရှင်ကိုယ်တိုင် ပေးသနားထားခဲ့တာ ဖြစ်ပါတယ်"
ဤစကားလုံးက ပင်လယ်နတ်ဘုရားမျှော်စင် အကြီးအကဲများ၏ အသိဉာဏ်ကို ထပ်မံ၍ တုန်လှုပ်သွားစေခဲ့ပြန်သည်။
“မင်းပြောချင်တာက... မင်းအပါအဝင် အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ရဲ့ အဖွဲ့ဝင်အားလုံးရဲ့ စွမ်းရည်တွေကို အဲဒီဆိုင်ရှင်က ပေးအပ်ထားတာ ဟုတ်လား"
ယွီဝူယီ ခေါင်းငြိမ့်လိုက်ရင်း ရှင်းပြလိုက်သည် -
“ဆိုင်ရှင်မှာ ဘာဖြစ်လို့ ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေရလဲဆိုတာကို ဘယ်သူမှ မသိပါဘူး.. ဒါပေမဲ့ ဤကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်မျိုးကိုတော့ အဖွဲ့ဝင်အားလုံးက အပြန်အလှန် နားလည်မှုနဲ့ မမေးမြန်းမိအောင် တားဆီးထားကြပါတယ်"
အကြီးအကဲအားလုံး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ သူတို့၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
အခြားသူများကို စွမ်းရည်များ ပေးသနားနိုင်သော နမူနာများစွာ ရှိခဲ့ဖူးသော်လည်း... ဒါက ‘ဘွဲ့နှင်းခံသုန့်လော်’ များကိုပါ အမြောက်အမြား ထုတ်လုပ်ပေးနိုင်စွမ်း ရှိနေခြင်းနှင့် လုံးဝ ကွာခြားလှသည် မဟုတ်ပါလား။
သူမသည် စောစောပိုင်းက မိမိကိုယ်ကိုယ် သာမန်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးရာ... ၎င်းက ဤအဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်အရေအတွက်သည် မနည်းလှကြောင်းနှင့်.. သူတို့၏အထက်တွင် ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေသေးကြောင်းကို ညွှန်ပြနေသည်။
‘သာလွန်သုန့်လော် ’ ထက် ပိုမိုအစွမ်းထက်သည်ဆိုပါက ‘အဆုံးစွန်သုန့်လော် ’ သာ ဖြစ်ရပေမည်။
ဒါဆိုရင်... အခြားသူများကို ‘အဆုံးစွန်သုန့်လော် ’ အဆင့်အထိ ဖြစ်လာစေရန် စွမ်းရည်များ ပေးသနားနိုင်သော ပုဂ္ဂိုလ်၏ စွမ်းအားက ဘယ်လောက်အထိ တုန်လှုပ်စရာကောင်းလိုက်မည်နည်း။
ထိုအခိုက်အတန့်တွင်... သူတို့အားလုံး၏ စိတ်ထဲ၌ ဖြစ်နိုင်ချေတစ်ခုတည်းကိုသာ ပြိုင်တူ တွေးတောမိသွားကြတော့သည်။
နတ်ဘုရားဘုံ …
ဤကဲ့သို့သော နေရာမျိုးမှ ပုဂ္ဂိုလ်များသာလျှင် ဤမျှလောက် မယုံကြည်နိုင်စရာကောင်းသော စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
သို့သော်လည်း နတ်ဘုရားဘုံမှ လူများသည် သုန့်လော် တိုက်ကြီး ဆီသို့ လွယ်လွယ်ကူကူ ဆင်းသက်လာနိုင်စွမ်း မရှိသင့်ပါချေ.. မဟုတ်ပါက ဘိုးဘေး ‘ထန်ဆန်း’ အနေဖြင့် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ရှီလိုင်ခဲ့ကျောင်းတော်ဆီသို့ ပြန်လည်ရောက်ရှိမလာဘဲ နေလိမ့်မည်မဟုတ်ပါ။
“ကလေးမလေး... မင်းတို့ရဲ့ ဆိုင်ရှင်က တကယ်ပဲ သုန့်လော်တိုက်ကြီးက လူတစ်ယောက် ဟုတ်ရဲ့လား”
မုအန်းက စကားဆိုလာခဲ့ပြီး လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းကို မေးမြန်းလိုက်သည်။
ယွီဝူယီက ခေါင်းယမ်းလိုက်ပြီး မိမိအနေဖြင့် မသိရှိကြောင်း ထုတ်ဖော်ပြသလိုက်သည်။
မုအန်းက ထပ်မံမေးမြန်းလိုက်ပြန်သည် -
“ဒါဆိုရင်... မင်းကိုယ်တိုင်ကော သုန့်လော်တိုက်ကြီး လူတစ်ယောက် ဟုတ်ရဲ့လား”
ယွီဝူယီ ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရသည်။ မုအန်းက ဤအချက်ကို မေးမြန်းလာလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ ကြည့်ရတာ တစ်ဖက်လူက တစ်စုံတစ်ခုကို ဝေဝေဝါးဝါး အာရုံခံမိနေပုံရသည်။
ဒါဆိုရင်လည်း... အခြေအနေက ဤသို့ဖြစ်လာမှတော့.. ပွဲကြီးကြီး ကစားပစ်လိုက်တော့မည်။
“မဟုတ်ပါဘူးရှင်"
ဤအဖြေသည် ပင်လယ်နတ်ဘုရားမျှော်စင် အကြီးအကဲအားလုံး၏ စိတ်နှလုံးကို ကြီးမားလှသော မုန်တိုင်းတစ်ခုအလား ရိုက်ခတ်သွားစေခဲ့တော့သည်။
ဆိုင်ရှင်၏ စွမ်းရည်က မယုံကြည်နိုင်စရာကောင်းလွန်းလှသဖြင့် သူတို့က ထိုသူကို နတ်ဘုရားဘုံက ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း... အခုတော့ သူမကိုယ်တိုင်ကပါ သုန့်လော် တိုက်ကြီး လူမဟုတ်ဘူး ဟုတ်လား။
ဤ ‘ဝူယီ အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ’ ဟုခေါ်သော အဖွဲ့အစည်းသည်... သူတို့ ထင်မှတ်ထားခဲ့သည်ထက် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလွန်းလှချေပြီ။
မုအန်း၏ အကြည့်သည်ပင်လျှင် အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့ရတော့သည်။
ယွီဝူယီနှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်ကတည်းက... သူသည် မည်ကဲ့သို့သော စွမ်းအားစုမျိုးက ဤကဲ့သို့သောအရာများကို စွမ်းဆောင်နိုင်သလဲဆိုတာကို အမြဲတမ်း တွေးတောနေခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ ဤစွမ်းအားစုက ဘယ်အချိန်ကတည်းက စတင်ဖွံ့ဖြိုးတိုးတက်လာခဲ့တာလဲ။
သူကိုယ်တိုင်က ဤကမ္ဘာကြီး၏ ပိရမစ်ထိပ်သီးအဆင့်မှာ ရှိနေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း... မိမိရှေ့ရှိ အလွန်ငယ်ရွယ်လှသော မိန်းကလေးငယ်ကိုမူ လုံးဝ ဖောက်ထွင်းမြင်နိုင်ခြင်း မရှိပါချေ။
သို့သော်လည်း... အကယ်၍ ဤအရာအားလုံးက တစ်ဖက်လူသည် ‘ပြင်ပကမ္ဘာမှလူ’ သို့မဟုတ် ပြင်ပစွမ်းအားစုတစ်ခု ဖြစ်သည်ဟူသော အချက်အပေါ် အခြေခံလိုက်မည်ဆိုပါက... နားမလည်နိုင်စရာ အခြေအနေအားလုံးသည် ချက်ချင်းပင် ရှင်းလင်းသွားခဲ့ချေပြီ။
ပြိုင်ဘက်က မူလကတည်းက သုန့်လော်တိုက်ကြီး က လူမဟုတ်တာမို့... သူတို့ အသုံးပြုသော စွမ်းရည်များသည်လည်း သူတို့၏ အသိဉာဏ်နယ်ပယ် ပြင်ပက ဖြစ်နေခြင်းက သဘာဝကျလှပေသည်။
ဒါပေမဲ့... အကယ်၍ ပြိုင်ဘက်က ‘ကမ္ဘာများကိုပင် ဖြတ်ကျော်နိုင်စွမ်း’ ရှိနေပါလျက်နှင့်.. ဘာဖြစ်လို့ ဤမျှလောက် အကျိုးအမြတ်မရှိလှတဲ့ အလုပ်မျိုးကို လာရောက်လုပ်ဆောင်နေရတာလဲ။
ပြိုင်ဘက်၏ စွမ်းရည်များနှင့်ဆိုလျှင် သုန့်လော်သိုက်မြုံထက် ပိုမိုအစွမ်းထက်သော စွမ်းအားစုကြီးတစ်ခုကို လုံးဝ တည်ဆောက်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
သို့မဟုတ်ရင်... ရောက်ရှိလာမည့် ဘေးအန္တရာယ်ဆိုးကြီးက အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် ပြိုင်ဘက်အနေဖြင့် စစ်အင်အား အနည်းငယ်မျှကိုပင် လက်လွှတ်မခံဝံ့တာများလား။
နှစ်ပေါင်းနှစ်ရာကျော်တိုင်တိုင် ရှင်သန်ခဲ့သော မုအန်းတစ်ယောက်... မိမိ၏ သက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဦးနှောက်မလောက်ငတော့သလို ခံစားလိုက်ရသည်။
သူ စုဆောင်းခဲ့ဖူးသမျှ အတွေ့အကြုံအားလုံးကို ဤအခြေအနေတွင် အသုံးချရန် အလွန်ပင် ခက်ခဲလို့နေသည်။
ယွီဝူယီအနေဖြင့် ဤပြုမူချက်ကြောင့်... သုန့်လော် တိုက်ကြီး ရှိ စွမ်းအားစုများ တိတ်တဆိတ် ပူးပေါင်းကာ မိမိ၏ ဆိုင်လေးကို လာရောက်ဆန့်ကျင်ကြလိမ့်မည်ဟူသော မူလက စိုးရိမ်ပူပန်မှုမျိုး လုံးဝ မရှိတော့ပါချေ။
အကြောင်းမှာ ဤအရာမတိုင်ခင်မှာတင် သူသည် ရှီလိုင်ခဲ့အကယ်ဒမီအား မိမိ၏ မဟာမိတ်အဖြစ် သတ်မှတ်နိုင်အောင် စွမ်းဆောင်ထားခဲ့ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
အလွန်အမင်း အစွမ်းထက်လှသော မဟာမိတ်တစ်ဦး ရှိနေခြင်းက သူတို့၏ စိတ်ကမ္ဘာကို ရှုပ်ထွေးသွားစေနိုင်သည်ဆိုသော်လည်း...
နှစ်ဦးနှစ်ဖက်စလုံးတွင် တူညီသော ပန်းတိုင်တစ်ခု ရှိနေသရွေ့... အစွမ်းထက်သော မဟာမိတ်တစ်ဦး ရှိနေခြင်းက သူတို့အတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်ပေသည်။
လက်ရှိတွင် သူတို့၏ စိတ်ထဲ၌မူ... ‘အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ’ အား ပြင်ပကမ္ဘာမှ အလွန်အမင်း အစွမ်းထက်လှသော ဂြိုဟ်ပြင်ပ စွမ်းအားစုကြီးတစ်ခုအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။
၎င်း၏ စစ်မှန်သော ရုပ်သွင်ကို သေချာစွာ နားမလည်နိုင်သေးမီအထိတော့... သူတို့ မဆင်မခြင် လှုပ်ရှားဝံ့ကြမည် မဟုတ်ပါချေ။
အထူးသဖြင့် ဤစွမ်းအားစုက သူတို့ကိုယ်တိုင်ထက် များစွာသာလွန်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် အချိန်မျိုးတွင် ဖြစ်ပေတော့သည်။