အခန်း (၁၈) - ပန်းတိုင်အသစ်များ
“အားလုံးပဲ မင်္ဂလာပါ... ကျွန်မနာမည် လျူယင် ပါရှင်”
သူမ၏ နှုတ်ခမ်းလွှာလေးများ အသာအယာ ကွေးညွတ်သွားပြီး... လူတိုင်း၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားလောက်မည့် နွေးထွေးလှသော အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမ၏ လက်ဖဝါးနုနုလေးကလည်း လေထဲတွင် ဖြည်းညှင်းစွာ ဝှေ့ယမ်းပြနေပြီး.. ထိုကဲ့သို့ ချစ်စဖွယ်ကောင်းလှသော ပုံစံလေးက အမျိုးသားကျောင်းသားအားလုံး၏ နှလုံးသားကို ချက်ချင်းပင် ဆွဲကိုင်လှုပ်နိုးလိုက်တော့သည်။
“အို... အသည်းကျော်လေးရေ ဒါက ငါ့ဘဝရဲ့ စစ်မှန်တဲ့ နတ်သမီးလေးပဲ”
“သူမ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လှလှပပ ပြုံးနိုင်ရတာလဲဟ”
“ငါ့နှလုံးသားကို အလယ်တည့်တည့်ကနေ မြှားမှန်သွားသလိုပဲဗျာ”
‘ဒီကောင်လေးတွေ... ငါ့ရဲ့ သရုပ်ဆောင်မှုအစွမ်းနဲ့ လျူယင်ရဲ့ ချစ်စဖွယ် ဇနီးမယားဆန်တဲ့ ရုပ်သွင်ကို ပေါင်းစပ်လိုက်ရင်... မင်းတို့အားလုံး ငါ့ကို အရူးအမူး စွဲလမ်းသွားကြမှာ အသေအချာပဲ။
ကံဆိုးတာကတော့... ငါက ယောက်ျားစစ်စစ်ဖြစ်နေတာမို့ မင်းတို့အားလုံး အိပ်မက်ပဲ ဆက်မက်နေကြတော့' ယွီဝူယီ စိတ်ထဲကနေ တိတ်တဆိတ် တွေးတောကာ ရယ်မောလိုက်မိသည်။
သို့သော်လည်း အပြင်ပန်းတွင်မူ... သူသည် အလွန်ပင် အားနာစိတ်မကောင်းဖြစ်နေသော အမူအရာကို ဖန်တီးလိုက်ရင်း -
“အားလုံးရဲ့ အချစ်တွေအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင် ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားမှာ ပိုင်ရှင်ရှိနေခဲ့ပါပြီ ဒီနေ့ ဒီနေရာကို ရောက်လာခဲ့ရတာကလည်း မတော်တဆမှုတစ်ခုကြောင့်သာ ဖြစ်တာမို့... ဒါဆိုရင်တော့...”
ပြောပြီးသည်နှင့်... ထိုမိန်းကလေးငယ်၏ ခန္ဓာကိုယ်ထက်မှနေ၍ တောက်ပလှသော မီးတောက်များ ရုတ်တရက် အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာခဲ့ပြီး.. ပင်လယ်နတ်ဘုရားအိုင်တစ်ခုလုံးကို လင်းပန်းသွားစေသည့် ကြီးမားလှသော မီးတောက်လျှံတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
သူမနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေကြသော နတ်သမီးနှစ်ပါးမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး အလန့်တကြား အော်ဟစ်လိုက်မိကြသည်။
ထိုမီးတောက်လျှံတိုင်ကြီး ပြန်လည်ငြိမ်းသတ်သွားသည့် အခါတွင်မူ... ဘေးပတ်ပန်းကျင်တစ်ခုလုံးတွင် ရေနွေးငွေ့များ ဝေဝါးလို့နေခဲ့ပြီး.. အရပ်ရှည်ရှည်နှင့် ဖြူဖွေးလှသော ပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း ထင်ရှားပေါ်ထွက်လာခဲ့သည်။ ၎င်း၏အတွင်းမှနေ၍ အေးစက်ကာ စိတ်ခံစားမှု ကင်းမဲ့လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့တော့သည် -
“ရေစက်ရှိခဲ့ရင်... ငါတို့ ပြန်ဆုံကြတာပေါ့"
ထိုအချိန်ကျမှသာ လူတိုင်း အသေအချာ မြင်တွေ့လိုက်ရသည်မှာ... စောစောက ချစ်စဖွယ်ကောင်းလှသော မိန်းကလေးငယ်သည် ခန့်ညားထည်ဝါလှသော လူသားတစ်ပိုင်း စက်ရုပ်သံချပ်ကာကြီး အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။
၎င်း၏ ခြေထောက်သံချပ်ကာများထက်မှနေ၍ ပြင်းထန်လှသော မီးတောက်လျှံများ ပန်းထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက်... ၎င်းသည် ညမှောင်မိုက်ခြင်းကုလားကာကြီးအတွင်းသို့ ချက်ချင်းပင် ပျံသန်းကွယ်ပျောက်သွားခဲ့တော့ရာ.. မူလနေရာတွင်မူ ပူနွေးလှသော အရှိန်အဝါအချို့သာ ကျန်ရစ်ခဲ့တော့သည်။
ကွင်းပြင်တစ်ခုလုံး၏ လေထုကြီးက အေးခဲတောင့်တင်းသွားသည်ကို မြင်တွေ့လိုက်ရသဖြင့်... ကျောင်းအုပ်ကြီး ယန်ရှောက်ကျဲ့က အခြေအနေကို အချိန်ကိုက် ဝင်ရောက်ထိန်းညှိပေးလိုက်သည်။
“ငါ ယုံကြည်တာကတော့... အားလုံး မြင်တွေ့ခဲ့ကြတဲ့အတိုင်း မစ္စလျူယင်က ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ အဖွဲ့ဝင် မဟုတ်ပါဘူး”
သူမက အလွန်အမင်း အစွမ်းထက်လှတဲ့ ‘စူပါသုန့်လော်’ စွမ်းအားစုကြီးတစ်ခုကနေ လာခဲ့တာ ဖြစ်ပါတယ်။
ဒီသံချပ်ကာ နည်းပညာတစ်ခုတည်းတင်... မင်းတို့အားလုံးရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျော်လွန်လို့နေပါပြီ"
“ဒါပေမဲ့ သူတို့က ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တည်ဆောက်ထားပြီးသား ဖြစ်တာမို့... ကျောင်းသားတွေ.. အထူးသဖြင့် အမျိုးသားကျောင်းသားတွေအနေနဲ့ စိတ်ပျက်အားငယ်မနေကြပါနဲ့ဦး မင်းတို့သာ နောင်အနာဂတ်မှာ လုံလောက်အောင် သန်မာလာမယ်ဆိုရင်... မစ္စလျူယင်ရဲ့ မျက်စိထဲကို ရောက်သွားနိုင်တာပဲ မဟုတ်လား"
တကယ်တမ်းတွင်မူ ဤအခွင့်အရေးက သုညရာခိုင်နှုန်းနီးပါး ရှိနေသည်ဆိုသော်လည်း... ဒါက ကျောင်းသားများကို ကျင့်ကြံခြင်း၌ ပိုမိုအားစိုက်လာစေရန်အတွက် စေ့ဆော်မှုအဖြစ် အသုံးချခြင်းကို မတားဆီးနိုင်ပါချေ။
“ကဲ... ဒါဆိုရင်တော့.. ကြားဖြတ်အစီအစဉ်လေး တစ်ခုရှိခဲ့ပေမဲ့လည်း... ငါတို့ရဲ့ ပင်လယ်နတ်ဘုရားအိုင် ဖူးစာဖက်ပွဲတော်ကြီးကတော့ ဆက်လက်ကျင်းပရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ်ကတော့ ဒုတိယမြောက် အစီအစဉ်ဖြစ်တဲ့...”
ယန်ရှောက်ကျဲ့သည် ပွဲတော်၏ လုပ်ငန်းစဉ်များကို ဆက်လက်မိတ်ဆက်ပေးနေခဲ့သော်လည်း... ကျောင်းသားအမြောက်အမြား၏ စိတ်အာရုံကမူ ဤနေရာတွင် မရှိကြတော့ပါချေ။ အခြားသော နတ်သမီးလေးများပင်လျှင် ထို့အတူပင်... သူတို့၏ အာရုံစိုက်မှုက လျူယင်အပေါ်တွင် မဟုတ်တော့ဘဲ.. သံချပ်ကာအဖြစ် ပြောင်းလဲသွားပြီးနောက်က ‘ဆမ်’ အပေါ်သို့ ရောက်ရှိသွားခဲ့ကြချေပြီ။
ထိုခန့်ညားထည်ဝါလှသော ပုံရိပ်ကြီးသည် သူမတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းလှသော အစွဲအလန်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။
အကယ်၍ မိန်းကလေးတစ်ယောက်ကတင် ဤမျှလောက်အထိ ခန့်ညားနေနိုင်ရင်... ထို စွမ်းအားစုကြီးမှ အမျိုးသားများဆိုလျှင် ဘယ်လောက်တောင်မှ ထူးချွန်ပြောင်မြောက်လိုက်ကြမလဲ။
ယွီဝူယီ၏ စောစောက ပေါင်းစပ်မှု ကြောင့် အမျိုးသားရော အမျိုးသမီးပါ ကျောင်းသားအားလုံး နက်နက်ရှိုင်းရှိုင်း တွေးတောစရာများ ဖြစ်သွားခဲ့ကြရသည်။
စင်မြင့်ထက်ရှိ ကျန်းလဲ့ရွှမ်၏ မျက်ဝန်းများပင်လျှင် အရောင်တောက်လို့နေခဲ့သည် -
“သူမမှာ ဒီလောက်အထိ ကြီးမားတဲ့ စွမ်းအားမျိုး ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး...”
“အများကြီး အံ့ဩသွားရလား...” ယန်ရှောက်ကျဲ့က သူမကို လှမ်းကြည့်လိုက်သည်။
ကျန်းလဲ့ရွှမ် အသာအယာ ခေါင်းငြိမ့်လိုက်မိသည်။ ဤအရာက တကယ်ပင် သူမ၏ အသိဉာဏ် လစ်မစ်ကို သွားရောက်ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။
“သူမရဲ့ အသက်အရွယ်ကို ကြည့်ပြီး အထင်မသေးစမ်းပါနဲ့ဦး… သူမက မင်းထက် ပိုပြီး ငယ်ရွယ်တဲ့ ပုံစံမျိုး ရှိနေပေမဲ့... တကယ်တမ်းမှာတော့ သူမရဲ့ စစ်မှန်တဲ့ စွမ်းအားက ငါနဲ့ ရင်ဘောင်တန်းနိုင်လောက်တဲ့ အခြေအနေမှာ ရှိပါတယ်” ယန်ရှောက်ကျဲ့ သက်ပြင်းချလိုက်မိသည်။
ဒါက မလွဲမသွေပင် ယုံကြည်နိုင်စရာမရှိလှသော အမှန်တရားတစ်ခု ဖြစ်ချေသည်။
ကျန်းလဲ့ရွှမ်၏ မျက်ဝန်းများ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားခဲ့ရတော့သည်...
ယန်ရှောက်ကျဲ့ဆိုသည်က ဘယ်သူလဲ။ ရှီလိုင်ခဲ့အကယ်ဒမီ ဝိညာဉ်ဌာန ၏ အဓိက အကြီးအကဲဖြစ်ပြီး... အဆင့် (၉၅) ရှိသည့် သာလွန်သုန့်လော် တစ်ဦး မဟုတ်ပါလား။
သို့သော် အခုတော့ သူကိုယ်တိုင်က... မိမိနှင့် အသက်အရွယ်တူလောက်ရှိမည့် မိန်းကလေးငယ်တစ်ဦး၏ စွမ်းအားက သူနှင့် ရင်ဘောင်တန်းနိုင်သည်ဟု အတည်ပြုပြောဆိုလိုက်ချေပြီ။
“မင်း တုန်လှုပ်သွားတယ် မဟုတ်လား။ အဲဒီတုန်းက ငါ့ရဲ့ ခံစားချက်ကလည်း မင်းထက် မနည်းခဲ့ပါဘူး"
“သူမက ဆန်းကြယ်လှတဲ့ စူပါသုန့်လော် စွမ်းအားစုကြီးတစ်ခုကနေ လာခဲ့တာ သူမ ပေါ်မလာခင်အထိတော့ ငါတို့ကျောင်းတော်အနေနဲ့ ဤကဲ့သို့သော စွမ်းအားစုမျိုး ရှိနေမှန်းကို လုံးဝ မသိရှိခဲ့ကြဘူး"
“မင်း လွန်ခဲ့တဲ့ တစ်လလောက်က ပင်လယ်နတ်ဘုရားအိုင်ရဲ့ ရေဒီလှိုင်းထမှုကြီးကို မှတ်မိသေးတယ် မဟုတ်လား”
ကျန်းလဲ့ရွှမ် ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တုန်းက အတွင်းစည်းဝင်း ကျောင်းသားအချို့မှာ ထိုရေဒီလှိုင်းကြီးကြောင့် အိုင်ထဲသို့ လွင့်စင်ကျသွားခဲ့ကြရတာမို့ သူမ အသေအချာ မှတ်မိနေခြင်း ဖြစ်သည်။
“အဲဒီ ရေဒီလှိုင်းကြီး ဖြစ်ပေါ်လာရတာက... သူမ အဲဒီသံချပ်ကာကြီးကို ဝတ်ဆင်ထားရင်းနဲ့ ပင်လယ်နတ်ဘုရားအိုင်ထဲကို ပြုတ်ကျလာခဲ့လို့ ဖြစ်ရတာပဲ"
“အဲဒီအချိန်တုန်းက အကြီးအကဲကျွမ်း အပါအဝင် ငါတို့ရဲ့ အကြီးအကဲအမြောက်အမြားက သူမ အိုင်ထဲမကျခင်မှာ လှမ်းပြီး တားဆီးဖို့ ကြိုးစားခဲ့ကြသေးတယ်.. ဒါပေမဲ့ အားလုံးက ကျရှုံးခဲ့ရတယ်လေ"
ယန်ရှောက်ကျဲ့၏ စကားလုံးများက သူမ၏ အသိဉာဏ်နယ်ပယ်၏ အကန့်အသတ်ကို ထပ်မံ၍ စိန်ခေါ်လိုက်ပြန်သည်။ ဤကဲ့သို့သော အောင်မြင်မှုကို ရရှိရန်အတွက် မည်မျှအထိ ကြီးမားလှသော စွမ်းဆောင်ရည်မျိုး လိုအပ်သလဲဆိုတာကို သူမ စိတ်ကူးပင် မယဉ်ဝံ့တော့ပါချေ။
“ဒါတွေအားလုံးက ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ လူသိရှင်ကြား မထုတ်ပြန်ရသေးတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်တာမို့... အပြင်ကို မပေါက်ကြားစေနဲ့ဦးနော်" ကျန်းလဲ့ရွှမ်သည် လျူယင်နှင့် သိကျွမ်းထားပြီးသား ဖြစ်တာမို့ ဤအရာများကို သိရှိသွားဖို့က အချိန်တစ်ခုသာ လိုအပ်တော့မည် ဖြစ်သည်။
ဒါကြောင့် သူမ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အခုကတည်းက ကြိုပြောထားခြင်း ဖြစ်သည်။ ထို့ပြင် သူမက အကြီးအကဲမု ကိုယ်တိုင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့သည့် ကလေးဖြစ်တာမို့ ယန်ရှောက်ကျဲ့လည်း သူမကို အပြည့်အဝ ယုံကြည်သည်။
‘ဩော်... ဒါကြောင့်မို့လို့ သူမက ဒီလောက်အထိ အစွမ်းထက်နေရတာကိုး...’ ကျန်းလဲ့ရွှမ်သည် ယွီဝူယီနှင့်အတူ ကုန်လွန်ခဲ့သော အချိန်များကို ပြန်လည်တွေးတောလိုက်မိသည်။
“မင်း အစ်မကို ‘စီနီယာအစ်မကြီး’ လို့ ခေါ်နိုင်ပါတယ်...”
“ဘာလဲ... အစ်မအကြောင်း တွေးနေတာလား...”
“ညီမလေး လျူယင်... စောစောက ညီမလေးရဲ့ ပုံစံက တကယ့်ကို အမိုက်စားပဲနော်...”
“ညီမလေး လျူယင်...”
“ညီမလေး... လျူယင်...”
မိမိကိုယ်ကိုယ် ဘွဲ့နှင်းခံသုန့်လော်အဆင့်ရှိတဲ့ စွမ်းအားရှင်ကြီးတစ်ဦးရဲ့ အရှေ့မှာ စီနီယာအစ်မကြီးအလား ဟန်ပန်ထုတ်ကာ ပြုမူခဲ့မိသည်ကို တွေးမိသည့်အခါ... သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီမြန်းသွားခဲ့ရရှာတော့သည်။
ဒါက တကယ့်ကို ရှက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။ ပြီးတော့... ‘ညီမလေး လျူယင်’ တဲ့လား.. ကျန်းလဲ့ရွှမ်ရယ်... မင်း ဘာတွေ လျှောက်လုပ်ခဲ့မိတာလဲ။
သို့သော်လည်း... သူမသည် ယွီဝူယီ၏ ခန္ဓာကိုယ်ထက်က အက်ကြောင်းကွဲပုံစံများကို ပြန်လည်သတိရလိုက်မိသဖြင့်.. ချက်ချင်းပင် ယန်ရှောက်ကျဲ့ကို လှမ်းကြည့်ကာ မေးမြန်းလိုက်ပြန်သည် -
“ဒါဆိုရင်... သူမမှာ ကုသလို့မရတဲ့ ရောဂါဆိုးကြီး ရှိနေတယ်ဆိုတာက မဟုတ်ဘူးပေါ့ ဟုတ်လား”
ယန်ရှောက်ကျဲ့ အနည်းငယ် အံ့ဩသွားခဲ့ရသည်။
ထိုမိန်းကလေးက ဤအကြောင်းအရာကိုပါ ကျန်းလဲ့ရွှမ်အား ထုတ်ဖော်ပြောဆိုခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“မဟုတ်ပါဘူး... သူမမှာ ထူးဆန်းလှတဲ့ ရောဂါဆိုးတစ်ခု ရှိနေတာက အမှန်ပါပဲ။ အဲဒီရောဂါကို အကြီးအကဲကျွမ်းကိုယ်တိုင်တောင်မှ ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရတာ"
“ဖြစ်နိုင်တာကတော့... ဒါက သူမ ဤမျှလောက် ကြီးမားလှတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ရခြင်းရဲ့ ပေးဆပ်မှု ဖြစ်လိမ့်မယ် ထင်တယ်"
နောက်ဆုံးစကားလုံးကမူ သူ၏ ခန့်မှန်းချက်သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်က အသက် ၂၀ ခန့်သာ ရှိဦးမည်ဖြစ်ရာ... အကယ်၍ မိခင်ဝမ်းထဲကတည်းက စတင်ကျင့်ကြံခဲ့လျှင်ပင် ဤကဲ့သို့သော အဆင့်မျိုးသို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော် သူမသည် ဤအကြောင်းအရာများကို ပြောဆိုသည့်အချိန်တွင် စိုးစဉ်းမျှ မကျေမနပ်ဖြစ်ခြင်းမျိုး မရှိခဲ့တာမို့.. ဒါက သူမကိုယ်တိုင် မိမိဆန္ဒအလျောက် ရွေးချယ်ခဲ့ခြင်း ဖြစ်မှန်း သိသာလှသည်။ ဖြစ်နိုင်တာကတော့... ထိုစွမ်းအားစုကြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိ၏ စွမ်းအားများကို အသုံးချပြီး ကာကွယ်နိုင်ရန်အတွက် ဖြစ်ပေလိမ့်မည်။ တကယ့်ကို ရဲရင့်ပြတ်သားတဲ့ ကလေးမလေးပဲ...
“ဒီလိုကိုး...”
ကျန်းလဲ့ရွှမ်၏ စိတ်ထဲတွင် အလွန်ပင် စိတ်မကောင်းဖြစ်သွားရသည်။
ယွီဝူယီက ဤမျှလောက် ကြီးမားလှသော စွမ်းအားရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သော်လည်း.. တစ်ဖက်လူ၏ ကျန်းမာရေးအပေါ် စိုးရိမ်မှူဖြစ်မိသည်ကတော့ အမှန်ပင် ဖြစ်သည်။
သူမ၏ စိတ်ထဲတွင်မူ ထိုကလေးမလေးက မိမိကို လိမ်ညာပြောဆိုခဲ့ခြင်းသာ ဖြစ်ပါစေဟု တိတ်တဆိတ် ဆုတောင်းနေမိတော့သည်။
‘ဒါက မဟုတ်မမှန်တဲ့ အရာတစ်ခုပဲ ဖြစ်ပါစေတော့...’ သူမ စိတ်ထဲကနေ တွေးတောနေမိသည်။
“ဟချိုး...”
အတွင်းစည်းဝင်း၏ လမ်းမထက်တွင် ဝေးကွာစွာ ရောက်ရှိနေသော ယွီဝူယီတစ်ယောက် ရုတ်တရက် နှာချေလိုက်မိသည်။ သူသည် နှာခေါင်းကို အသာသပ်လိုက်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည် -
‘ပုံမှန်ဆိုရင်... ငါက ဒီလိုမျိုး နေမကောင်းဖြစ်စရာ အကြောင်းမရှိဘူးဥစ္စာ…တစ်စုံတစ်ယောက်က ငါ့အကြောင်းကို အတင်းပြောနေတာများလား...’ သို့သော်လည်း အကြာကြီး စဉ်းစားသော်လည်း အဖြေရှာမတွေ့တာမို့ သူသည် ဤကိစ္စကို စိတ်ထဲကနေ မေ့ဖျောက်လိုက်တော့သည်။
လမ်းမီးတိုင်များမှ ထွက်ပေါ်လာသော နွေးထွေးလှသော အလင်းရောင်သည်... လူသူကင်းမဲ့ဆိတ်ငြိမ်လှသော လမ်းမကြီးနှင့် အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်သော မြင်ကွင်းကို ဖန်တီးလို့နေသည်။
အကြောင်းမှာ ကျောင်းသားအများစုက အိုင်ဘေးရှိ ပွဲတော်ဆီသို့ ရောက်ရှိနေကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူက ဤကဲ့သို့သော တိတ်ဆိတ်အေးချမ်းလှသည့် လေထုကြီးကို ပိုမိုသဘောကျနှစ်သက်သည်။ ၎င်းက သူ၏ စိတ်ကမ္ဘာကို ပိုမိုကြည်လင်ပြတ်သားသွားစေပြီး မလိုအပ်သော ဆူညံသံများ၏ နှောင့်ယှက်မှုကို မခံရတော့ပါချေ။
သူသည် ရင်းနှီးနေပြီဖြစ်သော အလိုအလျောက် အရောင်းစက်ရှေ့သို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် သစ်သီးဖျော်ရည်တစ်ဗူးကိုသာ မှာယူလိုက်တော့သည်။
ချိုမြိန်လှသော အရသာက သူ၏ လျှာဖျားထက်တွင် ပျံ့နှံ့သွားခဲ့သည်နှင့်တစ်ပြိုင်နက်... ယွီဝူယီ၏ စိတ်ခံစားမှုက အတိုင်းထက်အလွန် ကောင်းမွန်သွားခဲ့ရသည်။
ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ရင်း... သူသည် မိမိ၏ နောက်ထပ် ပန်းတိုင်အသစ်များအတွက် စတင်တွေးတောလိုက်မိတော့သည် -
‘မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်ဆိုပေမဲ့လည်း... ငါ ရှီလိုင်ခဲ့အကယ်ဒမီနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တာက တကယ့်ကို ကံကောင်းလှတယ်။
သူတို့ရဲ့ အကူအညီနဲ့ဆိုရင်... ငါ့ရဲ့ “အထွေထွေလုပ်ငန်း ၀န်ဆောင်မှုဆိုင် ” ရဲ့ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးတော့ အဆင်ပြေချောမွေ့သွားလိမ့်မယ်'
‘ဒါပေမဲ့ ဒီနေရာက ကိစ္စတွေကတော့ အခြေခံအားဖြင့် အားလုံး ပြီးပြတ်သွားခဲ့ပြီပဲ။ နောက်ထပ်ကျရင်တော့... ငါ ဝိညာဉ်ကွင်း အသစ်တစ်ခုကို သွားရောက်ရယူဖို့အတွက် ‘ကြယ်တာရာတောအုပ်ကြီး’ ဆီကိုပဲ သွားရမလား.. ဒါမှမဟုတ် အလုပ်အသစ်တွေကို လက်ခံဖို့အတွက် ပြန်ရမလား... ဒီနှစ်ခုထဲက တစ်ခုကို ငါ ရွေးချယ်ရတော့မယ်'
‘ငါ ကလေးမလေး နဉ်ထျန်းကို သူမရဲ့ ဂိုဏ်းဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့တာ... မထင်မှတ်ဘဲ အခုဆိုရင် တစ်လတောင် ကုန်လွန်သွားခဲ့ပြီပဲ။ အဲဒီအချိန်တွေရဲ့ အများစုမှာ ငါက သတိမေ့မြောနေခဲ့တာ ဖြစ်ပေမဲ့လည်းပေါ့...’ ယွီဝူယီ မပြုံးဘဲ မနေနိုင်တော့ပါချေ။
‘ဒါပေမဲ့... အထွေထွေလုပ်ငန်းဆိုင် ဂုဏ်သတင်းက အခုထိ လူသိပ်မသိသေးဘူး။ အကယ်၍ ငါ အခုချက်ချင်း ပြန်သွားမယ်ဆိုရင်လည်း... ရေစက်ရှိတဲ့သူတွေ လာရောက်အပ်နှံမယ့် အချိန်ကိုပဲ ထိုင်စောင့်နေရဦးမှာ'
‘ငါက ဤနေရာအထိ ရောက်ရှိနေပြီဖြစ်တာမို့... ဝိညာဉ်ကွင်း ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီးမှပဲ ပြန်တော့မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ရှီလိုင်ခဲ့အကယ်ဒမီက ကြယ်တာရာတောအုပ်ကြီးနဲ့ အလွန်နီးကပ်တဲ့ နေရာမှာ ရှိနေတာပဲ'