အခန်း (၁၇) - တိုင်းပြည်ကို မှောက်မှားစေလောက်သည့် အလှမျိုးလည်းမဟုတ်.. နွဲ့နှောင်းလွန်းခြင်းလည်းမရှိ
“ဒါဆိုရင်... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
ကျန်းလဲ့ရွှမ်တစ်ယောက် အတော်လေး အားနာရှက်ရွံ့သွားရပြီး.. ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။
သို့သော်လည်း သူမ၏ စေတနာက ကောင်းမွန်ခဲ့တာမို့ ကျောင်းအုပ်ကြီး ယန်ရှောက်ကျဲ့ကလည်း သူမအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခြင်း မပြုခဲ့ပါချေ။
လျူယင်သည် စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် စီးမျောပေးနေသည်ကို တွေ့လိုက်ရသဖြင့်... ယန်ရှောက်ကျဲ့၏ စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
“အထူးအခြေအနေတစ်ခုကြောင့်... ကျောင်းသားအားလုံး ခေတ္တလောက် ဆိုင်းငံ့ပေးကြပါဦး"
သူ၏ အသံက လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားခဲ့ရာ.. လှုပ်ရှားရန် ပြင်ဆင်နေသည့် တတိယမြောက် အမျိုးသားကျောင်းသားသည်လည်း ချက်ချင်းပင် ရပ်တန့်လိုက်ရသည်။
လူတိုင်း၏ စိုက်ကြည့်နေမှုအောက်တွင်တင်... ယန်ရှောက်ကျဲ့သည် လေဟုန်စီးကာ ပျံသန်းသွားခဲ့ပြီး.. ချွီလျူရှန်းကို ပယ်ဖျက်ပစ်ခဲ့သည့် နတ်သမီးလေး၏ ဘေးနားသို့ ဆင်းသက်ကာ သူမအား တိုးညင်းသော အသံဖြင့် တစ်စုံတစ်ခုကို ပြောဆိုဆွေးနွေးလိုက်သည်။
ဤရုတ်တရက် ပြောင်းလဲမှုကြီးကြောင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီး.. ကျောင်းအုပ်ကြီးယန်၏ ယဉ်ကျေးပျူငှာလှသော အမူအရာကို ကြည့်ရင်း လူအများက တီးတိုးရေရွတ် ဝေဖန်လာကြတော့သည်။
“အဲဒီ စီနီယာအစ်မကြီးက ဘယ်လို နောက်ခံမျိုး ရှိလို့လဲဟ… ကျောင်းအုပ်ကြီးယန်ကိုယ်တိုင် တမင်ဆင်းပြီး စကားသွားပြောရတယ်ဆိုတော့...”
“ငါလည်း မသိဘူး… ဝါးဦးထုပ်က မျက်နှာကို ကာထားတော့ သူမ ဘယ်လိုပုံစံလဲဆိုတာ မြင်ရတာ မဟုတ်ဘူး"
“မီးတောက်မိစ္ဆာမ များလား…ဘာပဲဖြစ်ဖြစ် သူမက ကျောင်းအုပ်ကြီးယန်၏ တပည့်ပဲဥစ္စာ"
“မာရှောင်ထောင်းလား... မဖြစ်နိုင်တာ.. သူမက ဒီလိုပွဲမျိုးကို ဘယ်တုန်းကမှ စိတ်ဝင်စားခဲ့တာ မဟုတ်ဘူး"
လူတိုင်းက ကိုယ်စီထင်မြင်ချက်ပေးနေကြသော်လည်း မည်သည့်အကြောင်းရင်းမှ ရှာမတွေ့ကြပါချေ။ အကြောင်းမှာ သူတို့ကျောင်းသက်တမ်းတစ်လျှောက် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအတန်းရှိ ကျန်ရှိသော နတ်သမီးလေးများသည်ပင်လျှင်... ကျောင်းအုပ်ကြီးယန်ကိုယ်တိုင် ပွဲကို ရပ်တန့်စေရလောက်အောင် ဤမိန်းကလေးက ဘည်မျှအထိ ဂုဏ်ဒြပ်ကြီးမားလှသနည်း ဟု စပ်စုလိုသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြသည်။
နောက်ဆုံးတွင်မူ... ထိုနတ်သမီးလေးနှင့် ဆွေးနွေးပြီးနောက် ယန်ရှောက်ကျဲ့သည် စင်မြင့်ထက်ရှိ မိမိ၏ နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကြေညာလိုက်တော့သည်။
“အားလုံးပဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ပင်လယ်နတ်ဘုရားရဲ့ ဖူးစာဖက် မျက်မမြင်ချိန်းတွေ့ခြင်းပွဲတော်ကို ဆက်လက်ကျင်းပပါမယ်"
“ဒါပေမဲ့... ငါ့အနေနဲ့ အမျိုးသားကျောင်းသားတွေအတွက် သတင်းဆိုးတစ်ခုနဲ့ သတင်းကောင်းတစ်ခုကို တစ်ပြိုင်နက်တည်း ပြောပြရပါလိမ့်မယ်"
“သတင်းဆိုးကတော့... အမှတ် (၁၅) နတ်သမီးလေးက ငါတို့အတွင်းစည်းဝင်းရဲ့ ကျောင်းသူတစ်ယောက် မဟုတ်ပါဘူး"
“သတင်းကောင်းကတော့... သူမက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးဖို့ သဘောတူလိုက်ပါတယ်… ဒီအဆင့်မှာ မင်းတို့ထဲက ဘယ်သူမဆို သူမရဲ့ ဝါးဦးထုပ်ကို ချွတ်ယူနိုင်မယ်ဆိုရင်... သူမက မင်းတို့ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးပါလိမ့်မယ်"
“ငါ ဒီနေရာကနေ အာမခံရဲတာကတော့... အဲဒီဆန္ဒက အလွန်အမင်း ခက်ခဲလွန်းတဲ့အရာ မဟုတ်နေသရွေ့.. သူမက မင်းတို့အားလုံးအတွက် မလွဲမသွေ ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါတယ်"
ဤသတင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ကွင်းပြင်ရှိ အမျိုးသားကျောင်းသားအားလုံး၏ မျက်ဝန်းများသည် အမှတ် (၁၅) နတ်သမီးလေးထံသို့ တောက်ပလှသော အရောင်များဖြင့် ပြိုင်တူ စိုက်ကြည့်လိုက်ကြတော့သည်။
အချို့သောကျောင်းသားများသည် မူလက ကံစမ်းသည့်သဘောဖြင့်သာ လာရောက်ခဲ့ကြခြင်းဖြစ်ပြီး မိမိ၏ ဖူးစာဖက်ကို တွေ့.. မတွေ့ ဆိုသည်မှာ ကံတရားအပေါ်၌သာ ပုံချထားခဲ့ကြသည်။
သို့သော်လည်း ကျောင်းအုပ်ကြီးယန်၏ စကားက ထိုသူများကို ရွေးချယ်စရာ လမ်းကြောင်းသစ်တစ်ခု ပေးအပ်လိုက်သကဲ့သို့ပင်။
အကယ်၍ နောက်ဆုံးတွင် အမှတ် (၁၅) နတ်သမီးလေးနှင့် ဖူးစာမပါခဲ့လျှင်ပင်... သူတို့အတွက် အလွန်တန်ဖိုးရှိလှသော အခွင့်အရေးတစ်ခုကို ကြိုတင်ရရှိထားနိုင်မည် မဟုတ်ပါလား။
ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လူမှုဆက်ဆံရေးကွန်ရက် လိုအပ်နေကြသော ဝါရင့်ကျောင်းသားအမြောက်အမြားသည် ချက်ချင်းပင် လက်မတင်စမ်းချင်စိတ်များ ပြင်းထန်လာခဲ့ကြတော့သည်။
“ဒါဆိုရင်... အခု တတိယမြောက် အမျိုးသားကျောင်းသားရဲ့ အလှည့်ဖြစ်ပါတယ်"
တတိယနေရာရှိ အမျိုးသားကျောင်းသား၏ နောက်ကွယ်တွင် ညိုမှိုင်းသော အတောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့သည်။ သို့သော် စောစောက ကျောင်းသားနှင့် မတူညီသည့်အချက်မှာ... သူ၏ အတောင်ပံများက ပိုမိုထူထဲ.. သန်မာပြီး ကြီးမားကျယ်ပြန့်လှသည်။
၎င်းကား ခွန်အားကို အဓိကထားသည့် ပျံသန်းခြင်းဆိုင်ရာ ဝိညာဉ် ဖြစ်ပုံရပြီး.. ၎င်း၏ အရှိန်က စောစောကကျောင်းသားလောက် မမြန်ဆန်သော်လည်း... စွမ်းအားအပိုင်းတွင်မူ ပိုမိုသာလွန်လှသည်။
သူသည် အတောင်ပံများကို ခါးခါးသီးသီး ခတ်လိုက်ရင်း အထက်သို့ ဒေါင်လိုက် ပျံတက်သွားခဲ့ပြီး... အမြင့်တစ်ခုသို့ ရောက်ရှိသွားသည့် အခါတွင်မူ ယွီဝူယီရှိရာဘက်သို့ တည့်တည့် ဦးတည်ကာ အရှိန်ပြင်းစွာ ထိုးဆင်းလာခဲ့တော့သည်။
မူလကမူ... သူသည် နတ်သမီးတစ်ပါး သို့မဟုတ် နှစ်ပါး၏ ဝါးဦးထုပ်ကိုသာ ချွတ်ယူရန် စိတ်ကူးထားခဲ့သော်လည်း အခုတော့ အခြေအနေက ပြောင်းလဲသွားခဲ့ချေပြီ။
ဤတစ်ကြိမ်တွင်မူ သူသည် မိမိ၏ စွမ်းအားအားလုံးကို အသုံးချပြီး... အမှတ် (၁၅) နတ်သမီးလေး၏ ဝါးဦးထုပ်ကို မဖြစ်ဖြစ်အောင် ချွတ်ယူရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ထိုးဆင်းလာသော အရှိန်က ပိုမိုမြန်ဆန်လာခဲ့ပြီး လေထုထဲတွင်ပင် စူးရှလှသော လေတိုးသံကြီးများ ထွက်ပေါ်လို့နေသည်။
နောက်ဆုံးတွင်မူ... သူသည် ယွီဝူယီနှင့် ငါးမီတာခန့်အကွာတွင် ချက်ချင်း ရပ်တန့်လိုက်ပြီး.. သူ၏ ကြီးမားလှသော အတောင်ပံများကို ရှေ့သို့ ပြင်းထန်စွာ ခတ်ထုတ်လိုက်သည့် အချိန်မှာပင်... သူ၏ နှစ်ပေါင်းတစ်သောင်း ဝိညာဉ်ကွင်း က တောက်ပစွာ လင်းထိန်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်... အိုင်၏ ရေစက်ရေမှုန်များကို သယ်ဆောင်လာသော ကြီးမားလှသည့် လေဖိအားလှိုင်းကြီးတစ်ခုက သားရဲကြီးတစ်ကောင်အလား ရှေ့သို့ ဒုန်းစိုင်းတိုးဝင်သွားခဲ့တော့သည်။
လူအများ၏ အံ့ဩဘနန်း အော်ဟစ်သံများနှင့်အတူ... နတ်သမီးလေးများ၏ ဝတ်စုံစကတ်ရှည်များသည် ပြင်းထန်လှသော လေပြင်းကြောင့် လေထဲသို့ လွင့်ပျံသွားခဲ့ကြသဖြင့်.. သူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန်အတွက် လက်များဖြင့် အလျင်အမြန် လှမ်းဆွဲလိုက်ကြရသည်။
ဤအခြေအနေကြောင့် နတ်သမီးနှစ်ပါးမှာ မိမိတို့၏ ခေါင်းပိုင်းကို ဂရုမစိုက်နိုင်တော့ဘဲ ဝါးဦးထုပ်များ လေထဲသို့ လွင့်ပါးသွားခဲ့ရရှာကာ... သူမတို့၏ နူးညံ့ချစ်စဖွယ်ကောင်းသော မျက်နှာလေးများ ပေါ်ထွက်လာခဲ့ရသည်။
သို့သော်လည်း ထိုအမျိုးသားကျောင်းသားကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အချက်မှာ... အမှတ် (၁၅) နတ်သမီးလေးကမူ ဤမျှလောက် ပြင်းထန်လှသော လေဖိအားလှိုင်းကြီး၏ အလယ်တွင် စိုးစဉ်းမျှ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ မတ်တပ်ရပ်နေခြင်းပင်။
သူမ၏ ဝါးဦးထုပ်က လေထဲသို့ လွင့်ပါးမသွားခဲ့ရုံတင်မကဘဲ... သူမ ဝတ်ဆင်ထားသော ဝတ်စုံစကတ်ရှည်နှင့် သူမ မတ်တပ်ရပ်နေသည့် ကြာပန်းကြီးသည်ပင်လျှင် စိုးစဉ်းမျှ တုန်ခါခြင်းမရှိဘဲ ငြိမ်သက်လို့နေသည်။
နတ်သမီးအမြောက်အမြားကို ပျာယာခတ်သွားစေခဲ့သည့် လေဖိအားလှိုင်းကြီးက... သူမ၏ အင်္ကျီစွန်းလေးတစ်ခုကိုမျှ လှုပ်ခတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါလား။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သို့သော်လည်း သူ၏ အလှည့်က ပြီးဆုံးသွားခဲ့ချေပြီဖြစ်ရာ အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်။ သူသည် နတ်သမီးနှစ်ပါး၏ ဝါးဦးထုပ်ကို ချွတ်ယူနိုင်ခဲ့သော်လည်း စိတ်ထဲတွင် မပျော်ရွှင်နိုင်တော့ဘဲ... မိမိ၏ ကြာပန်းပေါ်သို့သာ စိတ်ဓာတ်ကျစွာဖြင့် ပြန်လည်ရောက်ရှိသွားခဲ့ရတော့သည်။
“ဟေး... ပိုင်လုရှင်း အဲဒီနတ်သမီးလေးက ဘာတွေ ထူးခြားနေလို့လဲဟ ငါတို့ကို အတွေ့အကြုံလေး နည်းနည်းလောက် မျှဝေပါဦး"
ပိုင်လုရှင်း မိမိ၏ ကြာပန်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်... သူ၏ နောက်ကွယ်ရှိ အမျိုးသားကျောင်းသားများက တီးတိုးမေးမြန်းလာကြတော့သည်။ ဘေးပတ်ပန်းကျင်ရှိ ကျောင်းသားများသည်လည်း သူ၏ အတွေ့အကြုံကို နားထောင်ပြီးမှ ဝါးဦးထုပ်ကို ချွတ်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေရန်အတွက် သူ့ကို စိုက်ကြည့်နေကြသည်။
သို့သော် သူကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေဆဲပင်။ မိမိ၏ ပြင်းထန်လှသော တိုက်ခိုက်မှုက ဘာဖြစ်လို့ တစ်ဖက်လူအပေါ် စိုးစဉ်းမျှ သက်ရောက်မှုမရှိခဲ့ရသလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။ ထို့ကြောင့် သူက သတိပေးစကားသာ ဆိုနိုင်ခဲ့သည်။
“ငါ ပြောနိုင်တာကတော့... သူမက တကယ့်ကို ဆန်းကြယ်လွန်းလှတယ် မင်းတို့ဘာသာပဲ စမ်းသပ်ကြည့်ကြတော့"
“သူမက တကယ်ပဲ အဲဒီလောက်အထိ ဆန်းကြယ်နေလို့လား"
စတုတ္ထမြောက် အမျိုးသားကျောင်းသားကမူ မယုံကြည်ပါချေ။ စောစောက အခြေအနေက တကယ့်ကို ထူးဆန်းနေသည်ဆိုသော်လည်း... ဒါက ပိုင်လုရှင်း အသုံးပြုခဲ့တဲ့ နည်းလမ်း မှားယွင်းသွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်မဟုတ်ပါလား။
ပိုင်လုရှင်းလည်း ဆက်လက်၍ ရှင်းပြမနေတော့ပါ။ ဤကဲ့သို့သော ခံစားချက်မျိုးကို မိမိဘာသာ ကိုယ်တိုင်ကြုံတွေ့ဖူးမှသာ ကောင်းစွာ သဘောပေါက်နိုင်မည် ဖြစ်သည်။
ထို့နောက်တွင်မူ... ကျန်ရှိနေသော အမျိုးသားကျောင်းသား (၂၉) ဦး၏ အလှည့် ရောက်ရှိလာခဲ့ပြီး.. သူတို့သည် အမျိုးမျိုးသော ဝိညာဉ်စွမ်းရည်များကို ပြသကာ ကွင်းပြင်တစ်ခုလုံးကို စည်ကားသွားစေခဲ့သည်။ ဝါရင့်ကျောင်းသားအမြောက်အမြားသည် ယွီဝူယီ၏ ဝါးဦးထုပ်ကို ချွတ်ယူရန် ကြိုးစားခဲ့ကြသော်လည်း... အားလုံးက ကျရှုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် မိမိ၏ ဖူးစာဖက်ကို အမှန်တကယ် ရှာဖွေရန် လာရောက်ခဲ့ကြသော ကျောင်းသားများသည်လည်း မိမိတို့၏ နည်းလမ်းများဖြင့် အခြားသော နတ်သမီးလေးများ၏ ဝါးဦးထုပ်များကို အောင်မြင်စွာ ချွတ်ယူနိုင်ခဲ့ကြသည်။
“ကဲ... ငါတို့ရဲ့ ပထမဆုံး အစီအစဉ်ကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားခဲ့ပါပြီ နတ်သမီး (၁၂) ပါးက သူမတို့ရဲ့ စစ်မှန်တဲ့ ရုပ်သွင်ကို ထုတ်ဖော်ပြသခဲ့ကြပြီး... နတ်သမီး (၄) ပါးကတော့ အခုထိ လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေကြတုန်းပါပဲ။ အမျိုးသားကျောင်းသားတွေအနေနဲ့ နောက်ထပ် အစီအစဉ်တွေမှာ ပိုပြီးတော့ ကြိုးစားကြပါဦးနော်" ကျန်းလဲ့ရွှမ်က ပြုံးလိုက်ရင်း ဆိုသည်။
“ဒါပေမဲ့... နှမြောစရာကောင်းတာကတော့.. ငါတို့ရဲ့ အမှတ် (၁၅) နတ်သမီးလေးက နောက်ထပ် အစီအစဉ်တွေမှာ ဆက်လက်ပါဝင်ဆင်နွှဲတော့မှာ မဟုတ်တာမို့... အမျိုးသားကျောင်းသားတွေအတွက် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားခဲ့ရရှာပါပြီ"
“ဒါပေမဲ့လည်း အားလုံးပဲ စိတ်ဓာတ်မကျကြပါနဲ့ဦး…ကံတရားဆိုတာ အမြဲတမ်း ရှေ့သို့ အားမာန်အပြည့်နဲ့ ချီတက်နေတဲ့သူတွေဘက်မှာပဲ ရှိနေတတ်တာမို့... နောင်အနာဂတ်မှာ ဒီထက်မက ကြီးမားလှတဲ့ အခွင့်အရေးတွေ မင်းတို့ကို စောင့်ကြိုနေလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်" ယန်ရှောက်ကျဲ့ကလည်း အားပေးစကား ဆိုလိုက်သည်။
“ကျောင်းအုပ်ကြီးယန်... အခွင့်အရေး မရှိတော့ဘူးဆိုရင်တောင်မှ.. အမှတ် (၁၅) နတ်သမီးလေးက ဘယ်သူလဲဆိုတာကို ငါတို့ကို ပြောပြလို့ မရဘူးလားဟင်"
“ဟုတ်ပ... ဟုတ်ပ…အနည်းဆုံးတော့ ငါတို့ ဘယ်လိုမိန်းကလေးမျိုးကို ရှုံးနိမ့်ခဲ့ရလဲဆိုတာကို သိခွင့်ပေးပါဦးဗျာ"
“ငါတို့ကို ကြည့်ခွင့်ပေးပါဦး"
အမျိုးသားကျောင်းသားအားလုံးက သူတို့၏ ဆန္ဒများကို ထုတ်ဖော်ပြောဆိုလာကြသည်။ အကယ်၍ ဆန္ဒများကို ဖြည့်ဆည်းပေးမည့် အခွင့်အရေးကို မရရှိခဲ့လျှင်ပင်... အနည်းဆုံးတော့ သူမ၏ ချောမောလှပသော ရုပ်သွင်ကို တစ်ချက်လောက်ဖြစ်ဖြစ် ကြည့်ရှုခွင့် ရရှိသင့်သည် မဟုတ်ပါလား။
“ဒါကတော့... ငါတို့ရဲ့ အမှတ် (၁၅) နတ်သမီးလေးရဲ့ သဘောထားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ယန်ရှောက်ကျဲ့သည် အလင်းတန်းများ လင်းထိန်နေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။
အမျိုးသားကျောင်းသားအားလုံးသည်လည်း ထိုလမ်းကြောင်းဆီသို့ ပြိုင်တူ ကြည့်လိုက်ကြတော့သည်။
ကွင်းပြင်ရှိ အခြားသော နတ်သမီးလေးများသည်ပင်လျှင်... ဤမျက်မမြင်ချိန်းတွေ့ပွဲတော်တစ်ခုလုံးတွင် လူအများ၏ အာရုံစိုက်မှုကို တစ်ဦးတည်း သိမ်းပိုက်သွားခဲ့သည့် ဤမိန်းကလေးသည် မည်ကဲ့သို့သော ရုပ်ရည်မျိုး ရှိနေမလဲဆိုတာကို သိရှိနိုင်ရန်အတွက် စပ်စုလိုသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြသည်။
သူတို့၏ တောင်းဆိုမှုကို လိုက်လျောပေးသည့်အလား... ထိုနတ်သမီးလေးသည် မိမိ၏ ဝါးဦးထုပ်ကို ကိုယ်တိုင် ချွတ်ယူလိုက်ပြီး သူမ၏ စစ်မှန်သော ရုပ်သွင်ကို ထုတ်ဖော်ပြသလိုက်တော့သည်။
သို့သော်လည်း အမျိုးသားကျောင်းသားများ လုံးဝ ထင်မှတ်မထားခဲ့တာကတော့... သူမ၏ မျက်နှာက သူတို့ စိတ်ကူးယဉ် ထင်မှတ်ထားခဲ့သလိုမျိုး တိုင်းပြည်ကို မှောက်မှားစေလောက်သည့် အလွန်အမင်း ချောမောလှပလွန်းလှသော အလှမျိုး မဟုတ်နေခြင်းပင် ဖြစ်သည်။
နက်မှောင်လှသော ကလစ်အဝိုင်းလေးတစ်ခုက သူမ၏ ဖျော့တော့တော့ ငွေရောင်ဆံနွယ်ရှည်များကို ဘေးနှစ်ဖက်တွင် အသာအယာ ညှပ်ကပ်ထားပြီး.. နှဖူးထက်တွင် ဆံပင်အနည်းငယ် ဝဲကျလို့နေကာ... နှာတံလေးက အနည်းငယ် ပင့်တက်နေပြီး.. နှုတ်ခမ်းလေးကမူ ဖျော့တော့တော့ ပန်းရောင်သန်းနေသည့် ချယ်ရီသီးလေးနှင့် တူလှသည်။
သူမ၏ ကြည်လင်တောက်ပနေသော ဖန်သားပြင်ပမာ မျက်ဝန်းအစုံက အလွန်ပင် အေးချမ်းတည်ငြိမ်လို့နေသည်။
သူမသည် နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းလှကာ... လူအများအလွယ်တကူ ချဉ်းကပ်နိုင်မည့် အရှိန်အဝါမျိုး ရှိနေသည်။
သူမသည် တိုင်းပြည်ကို မှောက်မှားစေလောက်သည့် သို့မဟုတ် ပန်းမလှဂူသွင်းလောက်သည့် အလှမျိုး ရှိမနေသော်လည်း... သူမ၏ တည်ရှိမှုက ဘေးနားရှိလူများကို သူမအား မိမိတို့၏ အနီးနားတွင် အမြဲတမ်း ရှိနေစေချင်လောက်အောင်အထိ စစ်မှန်လွန်းလှသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်စွမ်း ရှိပေတော့သည်။