အခန်း (၁၆) - အံ့ဩစရာလက်ဆောင်လား.. လွဲချော်မှုကြီးလား
ပုံမှန်အချိန်များတွင် လူသူကင်းမဲ့ဆိတ်ငြိမ်လှသော ပင်လယ်နတ်ဘုရားအိုင်၏ ကမ်းခြေသည် ယနေ့ညတွင်မူ မလွဲမသွေပင် အလွန်တရာ စည်ကားသိုက်မြိုက်လို့နေတော့သည်။
အိုင်ဘေးပတ်ပန်းကျင်တစ်ခုလုံးတွင် မီးရောင်စုံများ လင်းထိန်နေပြီး.. အတွင်းစည်းဝင်း ကျောင်းသားများသည် အုပ်စုငယ်လေးများဖွဲ့ကာ ကျောက်လှေကားထစ်များပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးဝေဖန်ဆွေးနွေးနေကြသည်။
ဤကဲ့သို့သော အပြောင်းအလဲများအားလုံး ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ... ရှီလိုင်ခဲ့အကယ်ဒမီမှ အတွင်းစည်းဝင်း ကျောင်းသား.. ကျောင်းသူများ၏ တစ်သက်တာဖော် စိတ်ချမ်းသာမှုအတွက် နှစ်စဉ်ကျင်းပပေးမြဲဖြစ်သော ပွဲတော်ကြီးတစ်ခုကြောင့်ပင် ဖြစ်သည်။
၎င်းကား - ပင်လယ်နတ်ဘုရား၏ ဖူးစာဖက် မျက်မမြင်ချိန်းတွေ့ခြင်းပွဲတော် ပေတည်း။
ဤပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် အတွင်းစည်းဝင်း ကျောင်းသားများသည် ကျောင်းတော်ကြီးက ချမှတ်ထားသော အမျိုးမျိုးသော စမ်းသပ်ချက်များကို ကျော်ဖြတ်ကြရမည်ဖြစ်ပြီး.. နောက်ဆုံးတွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသားကို သိမ်းပိုက်နိုင်မလား ဆိုသည်မှာမူ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်အပေါ်၌သာ မူတည်ပေလိမ့်မည်။
မကြာမီအချိန်၌ပင် အိုင်ဘေးရှိ မီးရောင်စုံများအားလုံး တစ်ပြိုင်နက်တည်း ငြိမ်းသွားခဲ့ပြီး.. လှိုင်းထနေသော အိုင်၏ ရေပြင်ထက်တွင်သာ အလင်းရောင်များ ဆက်လက်လင်းထိန်ကျန်ရစ်ခဲ့သည်။
“လာကြပြီ... လာကြပြီဟေ့"
ဝါရင့်ကျောင်းသားအချို့က စတင်ကာ အော်ဟစ်အားပေးလိုက်ကြသည်။ ပွဲတော်ကြီးက တရားဝင် စတင်တော့မည် မဟုတ်ပါလား။
တိတ်ဆိတ်နေသော အိုင်၏ ရေပြင်ထက်မှနေ၍ အလင်းတန်း (၁၆) တန်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး.. အလင်းတန်းတစ်ခုချင်းစီက အကွာအဝေးတစ်ခုစီ ခြားလျက် တည်ရှိနေကာ ၎င်းတို့ပေါ်တွင် ကြီးမားလှသော ကြာပန်းကြာရွက်ကြီးတစ်ခုစီ ရှိနေကြသည်။
ထိုကြာပန်းကြီးများပေါ်တွင်မူ... သွယ်လျနွဲ့နှောင်းလှသော မိန်းမပျိုလေး (၁၆) ဦးက တူညီသော သန့်စင်ပွင့်လန်းလှသည့် အဖြူရောင် ဝတ်စုံရှည်များကို ကိုယ်စီဆင်မြန်းထားကြပြီး.. ခေါင်းပေါ်တွင်မူ ဝါးဦးထုပ်အဝိုင်းများကို ဆောင်းထားကြကာ သုံးပေခန့်ရှည်လျားသော အဖြူရောင် ဇာပဝါပါးလေးများက လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံလို့နေကြသည်။
သူတို့၏ ပုံစံက ကောင်းကင်ဘုံမှ သက်ဆင်းလာခဲ့ကြသည့် နတ်သမီး (၁၆) ပါးအလား။
ထို့နောက်တွင်မူ... ပိုမိုတောက်ပလှသော အဖြူရောင် အလင်းတန်းကြီးနှစ်ခု ထပ်မံလင်းထိန်လာခဲ့ပြီး အရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။
ဘယ်ဘက်တွင်မူ... နှင်းကဲ့သို့ ဖြူဖွေးလှသော ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် ကျောင်းအုပ်ကြီး ‘ယန်ရှောက်ကျဲ့’ ရှိနေသည်။
ညာဘက်တွင်မူ... ဖျော့တော့တော့ ဝါကျင်ကျင် ဝတ်စုံရှည်ကို ဆင်မြန်းထားသည့် အတွင်းစည်းဝင်း၏ စီနီယာအစ်မကြီး ‘ကျန်းလဲ့ရွှမ်’ ရှိနေသည်။
ယွီဝူယီတစ်ယောက် ဘယ်နေရာသို့ ရောက်ရှိနေသလဲဟု မေးစရာ ရှိပါသည်။
သူသည် လက်ရှိတွင် ကြာပန်းကြီးတစ်ပွင့်ပေါ်တွင် မတ်တပ်ရပ်နေပြီး.. မျက်လုံးများကို မှိတ်ထားကာ ဝေခွဲမရ ဖြစ်နေသော အမူအရာဖြင့် ရှိနေသည်။
စောစောပိုင်းက ကျန်းလဲ့ရွှမ်သည် သူ့ကို ဤအဖြူရောင် ဝတ်စုံရှည်ကြီးအား အတင်းအကျပ် လဲလှယ်ဝတ်ဆင်စေခဲ့ပြီးနောက်.. မျက်လုံးကို တင်းတင်းမှိတ်ထားရန်နှင့် သူမ ပြန်မလာမချင်း သို့မဟုတ် တိုက်ခိုက်မှုတစ်ခုခုကို အာရုံမခံမိမချင်း မျက်လုံး လုံးဝမဖွင့်ရန် မှာကြားကာ ဝါးဦးထုပ်ကို ဆောင်းပေးခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက အံ့ဩစရာလက်ဆောင်က ပျက်စီးသွားလိမ့်မည်ဟု ဆိုခဲ့သည်။
‘ဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လား...’
ယွီဝူယီအနေဖြင့် ဝေခွဲမရ ဖြစ်နေမိသော်လည်း.. သူ၏ ဟင်းလင်းပြင် စွမ်းရည်ကြောင့် သာမန်ဘေးအန္တရာယ်များက သူ့ကို ဘာမှမလုပ်နိုင်မှန်း သိရှိထားသဖြင့် သူမ၏ စကားကို နားထောင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် ဤဝတ်စုံနှင့် အပြင်အဆင်က အလွန်ပင် ရင်းနှီးနေသလို ခံစားနေရပြီး တစ်နေရာရာတွင် ကြားဖူးနားဝ ရှိနေခဲ့သလိုပင်။
သူ၏ ခြေထောက်အောက်မှနေ၍ ပြင်းထန်လှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည့် အချိန်ကျမှသာ သူသည် မသိစိတ်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိတော့သည်။
သူ၏ မျက်စိရှေ့တွင် အဖြူရောင် ဇာပဝါပါးလေးက ကာဆီးနေသော်လည်း.. ၎င်းက အလွန်ပင် ပါးလွှာလှသဖြင့် မိမိရှေ့ရှိ လှိုင်းထနေသော ပင်လယ်နတ်ဘုရားအိုင်၏ ရေပြင်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။
ထို့နောက် သူသည် စောစောကတည်းက အနည်းငယ် နူးညံ့နေသည်ဟု ခံစားနေရသော မိမိ၏ ခြေဖဝါးအောက်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်မိသည်။
၎င်းက ကြီးမားလှသော ကြာပန်းကြီးတစ်ပွင့်ဖြစ်မှန်း သူ သဘောပေါက်သွားသည့် အချိန်တွင်မူ... သူ၏ နှလုံးခုန်နှုန်း ချက်ချင်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
ပင်လယ်နတ်ဘုရားအိုင်.. အဖြူရောင်ဝတ်စုံ.. ဝါးဦးထုပ်.. ကြာပန်း.. ပြီးတော့ မီးရောင်စုံတွေ...
ဒါက နေပါဦး... မဖြစ်နိုင်တာ...
“ပင်လယ်နတ်ဘုရားအိုင်ပေါ်က ဖူးစာဖက်ရှာဖွေခြင်း.. ရှီလိုင်ခဲ့ကျောင်းတော်ရဲ့ နှစ်ပေါင်းတစ်သောင်း သမိုင်းကြောင်း.. တစ်ကွက်တည်းနဲ့ အချစ်ကို ဆုံးဖြတ်မယ့် အခိုက်အတန့်... အားလုံးကို လှပတဲ့ ညချမ်းအချိန်လေးကနေ ကြိုဆိုပါတယ်...”
ယွီဝူယီတစ်ယောက် နောက်ထပ်ထွက်ပေါ်လာသော စကားလုံးများကို ဘာတစ်ခုမျှ ဆက်လက်၍ မကြားရတော့ပါချေ။
အကြောင်းမှာ သူ၏ စိတ်ကမ္ဘာတစ်ခုလုံးတွင် စောစောက ကျန်းလဲ့ရွှမ် ပြောခဲ့သည့် ‘အံ့ဩစရာလက်ဆောင်’ ဆိုသော စကားလုံးများဖြင့်သာ ပြည့်နှက်သွားခဲ့သောကြောင့် ဖြစ်သည်။
‘ဒါကို အံ့ဩစရာလက်ဆောင်လို့ ခေါ်တာလား...’
‘ငါက ယောက်ျားလေးတစ်ယောက်ဖြစ်နေတာကို ဒီလိုမျက်မမြင်ချိန်းတွေ့ပွဲကို လာရတာကပဲ တော်တော်ဆိုးနေပြီဥစ္စာ... အခုတော့ အမျိုးသမီး ပါဝင်ဆင်နွှဲသူတစ်ယောက်အနေနဲ့ပါ ရောက်နေတာလား...’
မိမိ၏ လက်ရှိအခြေအနေကို တွေးတောရင်း ယွီဝူယီတစ်ယောက် အတော်လေး အားကိုးရာမဲ့သွားရသည်။
‘ငါက ဟင်းလင်းဟင်နယ်မြေ ရှိနေရင် ဘယ်လိုရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးမဆို ငါ့ကို မထိခိုက်နိုင်ဘူးလို့ ထင်ထားခဲ့တာ.. ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး...’
‘ကဲ... ဟုတ်ပါပြီ.. ဒီလိုကစားချင်တယ်ပေါ့'
သူ၏ ရှေ့မလှမ်းမကမ်းတွင် အလင်းတန်း (၃၂) တန်း ထပ်မံထွက်ပေါ်လာခဲ့ပြီး တန်းစီလျက် တည်ရှိနေကာ.. အလင်းတန်းတစ်ခုချင်းစီက ကြာပန်းတစ်ပွင့်စီနှင့် ကိုက်ညီနေသည်။
အိုင်ဘေးရှိ ဝါရင့်ကျောင်းသားအမြောက်အမြားသည် ရှေ့ဆုံးတန်းက ကြာပန်းများကို လုယူနိုင်ရန်အတွက် မိမိတို့၏ စွမ်းရည်မျိုးစုံကို အသုံးပြုနေကြပြီ ဖြစ်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် သူက ဤနေရာသို့ ရောက်ရှိနေပြီဖြစ်တာမို့ ပျော်အောင်သာ ကစားပစ်လိုက်တော့မည်။
‘ငါမှတ်မိသလောက်ဆိုရင်... ပထမဆုံးအဆင့်က ဝါးဦးထုပ်ကို ချွတ်ရတဲ့ အဆင့် မဟုတ်လား… ဒီနေ့ ငါ့ရဲ့ဦးထုပ်ကို ဘယ်သူချွတ်ဝံ့မလဲဆိုတာ ကြည့်ကြသေးတာပေါ့' ယွီဝူယီ၏ မျက်နှာထက်တွင် ဆိုးသွမ်းလှသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပထမဆုံး ကြာပန်းပေါ်ရှိ ဝါရင့်ကျောင်းသားတစ်ဦးက စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ညိုမှိုင်းသော လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီးနောက်... သူသည် အကွာအဝေးကို ချက်ချင်းကျော်ဖြတ်ကာ နတ်သမီး (၃) ပါး၏ ဝါးဦးထုပ်များကို ချွတ်ယူလိုက်ပြီး မိမိ၏ ကြာပန်းပေါ်သို့ အေးအေးဆေးဆေး ပြန်လည်ရောက်ရှိသွားခဲ့သည်။
“စီနီယာတို့... အလျှော့ပေးလိုက်တာ ကျေးဇူးတင်ပါတယ်ဗျာ" သူက မိမိကိုယ်ကိုယ် အလွန်ပင် ချောမောခန့်ညားသည်ဟု ထင်ရသော အပြုံးတစ်ခုကို ပြသလိုက်သည်။
ထို့နောက် ဒုတိယမြောက်ကျောင်းသားက လှုပ်ရှားလာခဲ့သည်။ သူ၏ နောက်ကွယ်တွင် စိမ်းစိုသော အတောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့ပြီး အလွန်ပင် မြန်ဆန်လှသော အရှိန်ဖြင့် ယွီဝူယီရှိရာဘက်သို့ တည့်တည့် ဦးတည်ကာ ပျံသန်းလာခဲ့တော့သည်။
‘အို... မင်းက တော်တော်လေး သတ္တိရှိတာပဲ'
ယွီဝူယီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ တစ်စုံတစ်ယောက်က သူ့ကို ဤမျှအထိ မြန်မြန်ဆန်ဆန် ပစ်မှတ်ထားလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
သို့သော်လည်း သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး... သူသည် မည်သို့မျှ ခုခံရန် မကြိုးစားသည့်အပြင်.. မိမိ၏ ဝတ်စုံရှည်လေးကို လက်နှစ်ဖက်ဖြင့် အသာအယာ မလိုက်ရင်း ဒူးကို အနည်းငယ် ညွတ်ပြလိုက်ရာ... ပြိုင်ဘက်ကို လာရောက်ဖိတ်ခေါ်နေသည့်အလား ပုံစံမျိုး ဖြစ်သွားခဲ့သည်။
ထိုဝါရင့်ကျောင်းသားသည် ယွီဝူယီ၏ ဟန်ပန်ကို မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းများ ချက်ချင်း တောက်ပသွားခဲ့ပြီး.. လူသားတို့၏ အကြီးမားဆုံးသော စိတ်ကူးယဉ် အထင်မှားမှုကြီးတစ်ခု သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့တော့သည်။
‘သူမ... ငါ့ကို စိတ်ဝင်စားနေတာပဲ'
အိုင်ဘေးရှိ ကျောင်းသားများနှင့် အမျိုးသား ပါဝင်ဆင်နွှဲသူ အမြောက်အမြားပင် ယွီဝူယီ၏ ပြုမူပုံကြောင့် အံ့ဩတုန်လှုပ်ကာ အော်ဟစ်လိုက်ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါ။
မိမိအနေဖြင့် ယနေ့တွင် မိန်းမလှလေးတစ်ဦးကို မလွဲမသွေ သိမ်းပိုက်နိုင်တော့မည်ဟု တွေးတောရင်း ထိုဝါရင့်ကျောင်းသား၏ အရှိန်က ပိုမိုမြန်ဆန်လာခဲ့ပြီး... သူ၏ ညာဘက်လက်က ဝါးဦးထုပ်ဆီသို့ တည့်တည့် လှမ်းကိုင်လိုက်တော့သည်။
သို့သော်လည်း... သူ၏လက်က ဝါးဦးထုပ်ကို ထိခိုက်လုနီးပါး အချိန်မှာပင်.. ထိုဝါရင့်ကျောင်းသားသည် သူ၏လက်ပေါ်သို့ ကြီးမားလှသော ခုခံတွန်းကန်အားကြီးတစ်ခု ရုတ်တရက် သက်ရောက်လာသလို ခံစားလိုက်ရသည်။ မိမိ၏ ရှေ့တွင် မဖောက်ထွင်းနိုင်သော တံတိုင်းကြီးတစ်ခု ကာဆီးနေသကဲ့သို့ပင်။
မိမိ၏ ညာဘက်လက်ကို ကာကွယ်ရန်အတွက် ထိုကျောင်းသားသည် လမ်းကြောင်းကို အတင်းအကျပ် ပြောင်းလဲလိုက်ရသဖြင့်... နောက်ဆုံးတွင် သူသည် ယွီဝူယီ၏ ဘေးပတ်ပန်းကျင်တွင် လေဟုန်စီးကာ တစ်ပတ်လည်သွားခဲ့ရတော့သည်။
၃၆၀ ဒီဂရီ ပတ်ချာလည်သွားပြီးနောက်တွင်မူ... သူသည် ပင်လယ်နတ်ဘုရားအိုင်၏ ရေပြင်ထက်သို့ ဖားပြုပ်တစ်ကောင်အလား ဖုန်းခနဲ ပြုတ်ကျသွားခဲ့ရရှာတော့သည်။
ဝုန်း...
ပြင်းထန်လှသော ရေပက်သံကြီးနှင့်အတူ ရေစက်ရေမှုန်များ ဘေးပတ်ပန်းကျင်သို့ လွင့်စင်သွားခဲ့သည်။
သို့သော်လည်း ထိုရေစက်များသည် ယွီဝူယီ့ထံသို့ မရောက်ရှိမီမှာတင် ဟင်းလင်းပြင်နယ်မြေ စွမ်းရည်ကြောင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။
ပွဲတော်၏ စည်းကမ်းချက်များအရ... ဤဝါရင့်ကျောင်းသားသည် ပြိုင်ပွဲမှ ပယ်ဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သူသည် အိုင်၏ ရေပြင်ထက်တွင် လဲလျောင်းရင်း အရာအားလုံးကို ဝေခွဲမရ ဖြစ်နေခဲ့ပြီး သူ၏ ဦးနှောက်တစ်ခုလုံး အေးခဲသွားခဲ့ရသည်။
ယွီဝူယီကမူ သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ဝတ်စုံစကတ်ကို ကိုင်ထားသော မိမိ၏ လက်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဤအဖြစ်အပျက်များအားလုံးက ပွဲကြည့်ပရိသတ်အားလုံးကို ဆွံ့အသွားစေခဲ့ရတော့သည်။
အစီအစဉ်တင်ဆက်သူအဖြစ် ရှိနေသော ကျန်းလဲ့ရွှမ်သည်လည်း ကြောင်အမ်းသွားခဲ့ပြီး.. ဤကျောင်းသားတစ်ယောက် ဘာတွေ လာလုပ်နေတာလဲဆိုတာကို သူမ လုံးဝ နားမလည်နိုင်တော့ပါချေ။
“ချွီလျူရှန်း... ပြိုင်ပွဲကနေ ပယ်ဖျက်ခြင်း ခံရပါတယ်… မင်း ဘာတွေ လုပ်နေတာလဲ ကောင်လေးရယ်... လာပြီး ပြက်လုံးထုတ်နေတာလား” ကျန်းလဲ့ရွှမ် စကားမဲ့သွားရရှာရင်း ပြိုင်ပွဲရလဒ်ကို ကြေညာလိုက်ရသည်။
သို့သော် သူမ၏ ဘေးနားရှိ ကျောင်းအုပ်ကြီး ယန်ရှောက်ကျဲ့ကမူ ထိုတည်ငြိမ်နေသော ‘နတ်သမီးလေး’ ကို ကြည့်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
အကြောင်းမှာ စောစောက ချွီလျူရှန်း၏ လှုပ်ရှားမှုက အလွန်ပင် ဆန်းကြယ်လွန်းလှသောကြောင့် ဖြစ်သည်။ ၎င်းက မိမိဘာသာ ပြုတ်ကျသွားခြင်းထက် တစ်စုံတစ်ခုသော စွမ်းအားကြောင့် အတင်းအကျပ် တွန်းကန်ခံလိုက်ရခြင်းနှင့် ပိုမိုတူညီနေသည်။
သေချာစေရန်အတွက်... သူသည် သူတို့နှစ်ဦးတည်းသာ ကြားနိုင်မည့် အသံဖြင့် တိုးညင်းစွာ မေးမြန်းလိုက်သည်။
“လဲ့ရွှမ်... (၁၅) မြောက် ကြာပန်းပေါ်က နတ်သမီးလေးရဲ့ နာမည်က ဘယ်သူလဲ”
ကျန်းလဲ့ရွှမ် အနည်းငယ် အံ့ဩသွားခဲ့သည်။ ကျောင်းအုပ်ကြီးယန် ဘာဖြစ်လို့ ဤအရာကို မေးမြန်းရသလဲဆိုတာကို သူမ မသိသော်လည်း.. ဒါက လျှို့ဝှက်ချက်မဟုတ်တာမို့ ပြန်လည်ဖြေကြားလိုက်သည်။
“သူမနာမည်က လျူယင် ပါရှင်"
ယန်ရှောက်ကျဲ့၏ အသက်ရှူသံ ချက်ချင်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ ဤနာမည်ကို လူတစ်ယောက်ထံကသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ သို့သော် ပိုမိုသေချာစေရန်အတွက် သူ ထပ်မံမေးမြန်းလိုက်ပြန်သည်။
“မင်း သူမနဲ့ ဘယ်တုန်းက တွေ့ခဲ့တာလဲ”
“မနေ့က ညနေပိုင်းလောက်ကပါရှင်…သမီး သူမကို တစ်ခါမှ မမြင်ဖူးတာမို့... ကျောင်းတော်ကို အခုမှ အသစ်ရောက်လာတဲ့ ကျောင်းသူအသစ် ဖြစ်ရမယ်.. သူမက တစ်ယောက်တည်း အထီးကျန်နေရရုံတင်မကဘဲ ကုသလို့မရတဲ့ ရောဂါဆိုးကြီးကိုလည်း ခံစားနေရရှာတယ်လေ"
“သူမကို ပိုပြီး ပျော်ရွှင်သွားစေချင်လို့... သမီး သူမကို ဒီဖူးစာဖက်ပွဲတော်ကို လာရောက်ဆင်နွှဲဖို့ ခေါ်လာခဲ့တာပါ.. သူမ စိတ်ချမ်းသာသွားအောင်လို့ပေါ့"
“ကျောင်းအုပ်ကြီးယန်... သူမကို သိလို့လားဟင်”
အခုအချိန်မှာတော့ ယန်ရှောက်ကျဲ့တစ်ယောက် အရာအားလုံးကို အသေအချာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ဒါက သူ ထင်ထားခဲ့သလိုပင် တကယ် ဖြစ်နေခဲ့ချေပြီ။
“သူမက မိမိဘာသာ ဆန္ဒရှိလို့ လာဆင်နွှဲတာလား”
“မဟုတ်ပါဘူးရှင်"
‘ဒါက တကယ့်ကို ကြီးမားလှတဲ့ လွဲချော်မှုကြီး ပဲ...’
ယန်ရှောက်ကျဲ့တစ်ယောက် ခေါင်းအလွန် ကိုက်သွားခဲ့ရပြီး.. ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ဤမိန်းကလေးငယ်သာ ဆန္ဒမရှိပါက... ကျောင်းတော်ကြီးတစ်ခုလုံးတွင် မည်သူကမျှ သူမ၏ ဝာားဦးထုပ်ကို ချွတ်ယူနိုင်ကြလိမ့်မည် မဟုတ်ပါချေ။
“အော်... မင်း ဒီနေ့ ကောင်းမှုပြုမိရာကနေ အမှားကြီး မှားသွားခဲ့ပြီပဲ… သူမက ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ ကျောင်းသူ မဟုတ်ဘူး"
“ဒါပေမဲ့... သမီး အဲဒီအချိန်တုန်းက သူမကို အသေအချာ မေးမြန်းပြီး အတည်ပြုခဲ့တာလေ...” ကျန်းလဲ့ရွှမ်၏ မျက်နှာထက်တွင် ဝေခွဲမရခြင်းများ ပြည့်နှက်သွားခဲ့ပြီး ယန်ရှောက်ကျဲ့ ပြောဆိုနေသည့် စကားကို သူမ နားမလည်နိုင်တော့ပါ။
“အသေအချာ ပြန်စဉ်းစားကြည့်စမ်း... သူမက မင်းကို ‘ငါက အတွင်းစည်းဝင်းက ကျောင်းသူပါ’ လို့ အတိအလင်း ပြောခဲ့လို့လား”
ယန်ရှောက်ကျဲ့လည်း အလျင်စလို ဆုံးဖြတ်ချက် မချဝံ့ပါချေ။ အကယ်၍ ပြိုင်ဘက်က တမင်သက်သက် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပါက ကျန်းလဲ့ရွှမ်ကို အပြစ်တင်လို့ ရမည်မဟုတ်ပါ။
ကျန်းလဲ့ရွှမ်သည် မနေ့က ပြောဆိုခဲ့သော စကားများကို အသေအချာ ပြန်လည်သုံးသပ်လိုက်မိသည်။
“ညီမလေး... တစ်ယောက်တည်း ထိုင်နေတာလား”
“အင်း...”
“အစ်မ ညီမလေးကို တစ်ခါမှ မမြင်ဖူးပါဘူး။ အတွင်းစည်းဝင်းကို အခုမှ အသစ်ရောက်လာတာလား”
“ဟုတ်ကဲ့...”
ကြည့်ရတာ... သူမက မိမိကိုယ်ကိုယ် အတွင်းစည်းဝင်း ကျောင်းသူပါဟု အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါလား။
ကျန်းလဲ့ရွှမ်၏ ထူးဆန်းလှသော မျက်နှာအမူအရာကို ကြည့်ရင်း ယန်ရှောက်ကျဲ့တစ်ယောက် အဖြေကို အလိုလို သိရှိသွားခဲ့ပြီ ဖြစ်သည်။
“မစ္စလျူယင်က ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ အလွန်အရေးကြီးတဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်တစ်ဦး ဖြစ်တယ်… ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ အစည်းအဝေးကြောင့်... ငါတို့က သူမကို အတွင်းစည်းဝင်းထဲမှာ စိတ်အပန်းဖြေဖို့အတွက် ခွင့်ပြုထားခဲ့တာ"
“မင်း သူမကို ဒီနေရာအထိ ခေါ်လာလိမ့်မယ်လို့ ငါ လုံးဝ ထင်မှတ်မထားခဲ့မိဘူး"
သူသည် စိတ်ထဲကနေ အနည်းငယ် ရယ်ချင်မိသွားသော်လည်း... အနည်းဆုံးတော့ ထိုမိန်းကလေးငယ်သည် ကျန်းလဲ့ရွှမ်အပေါ် စိတ်ဆိုးခြင်းမရှိဘဲ လိုက်လျောပေးနေခဲ့တာမို့ ဒါက တကယ့်ကို ကံကောင်းလှသည်ဟု ဆိုရပါမည်။