အခန်း (၁၄) - အတွင်းစည်းမှ စီနီယာအစ်မကြီး
ရှီလိုင်ခဲ့အကယ်ဒမီ၏ အတွင်းစည်း သည် ပင်လယ်နတ်ဘုရားမျှော်စင်နှင့် သိပ်မဝေးလှဘဲ နှစ်ခုစလုံးက ပင်လယ်နတ်ဘုရားကျွန်း ပေါ်တွင်ပင် တည်ရှိသည်။
အတွင်းစည်းဝင်းက ကျွန်းပေါ်မှာ တည်ရှိနေခြင်းကြောင့် ၎င်း၏ အကျယ်အဝန်းကို သေးငယ်လိမ့်မည်ဟု မထင်လိုက်ပါနှင့်။
တကယ်တမ်းတွင်မူ ပင်လယ်နတ်ဘုရားကျွန်းသည် သေးငယ်သော ကျွန်းကလေးတစ်ကျွန်း မဟုတ်ဘဲ အလွန်ပင် ကျယ်ပြန့်လှသည့် ကျွန်းကြီးတစ်ကျွန်း ဖြစ်သည်။ ၎င်းပေါ်တွင် အမျိုးမျိုးသော အဆောက်အအုံများစွာ ရှိနေကြပြီး ကျောင်းသားဦးရေမှာလည်း ရာဂဏန်းနီးပါး ရှိသည်။
ပြင်ပစည်းဝင်း နှင့် နှိုင်းယှဉ်လျှင်သာ သေးငယ်သည်ဟု ထင်ရသော်လည်း.. အတွင်းစည်းဝင်း၏ ပမာဏက သာမန် ဝိညာဉ်သခင်ကျောင်းတော် အများအပြားနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။
အချိန်ကာလက ညနေစောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လမ်းမများပေါ်တွင် လူသူအနည်းငယ် ရှင်းလင်းလို့နေပြီး.. ဒါက ကျောင်းသားအားလုံး ကျင့်ကြံခြင်း၌ အာရုံစိုက်နေကြသောကြောင့် ဖြစ်နိုင်သည်။
ရှီလိုင်ခဲ့ အကယ်ဒမီ၏ အတွင်းစည်းဝင်းသို့ တက်ရောက်နိုင်သည့် ကျောင်းသားများဆိုသည်မှာ မတော်တဆမှုတစ်ခုခု မရှိခဲ့လျှင် နောင်တစ်ချိန်တွင် ဘွဲ့နှင်းခံသုန့်လော်များ ဖြစ်လာကြမည့်သူများသာ ဖြစ်သည်။ ထို့ကြောင့် ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်ခြင်းက ဤနေရာ၏ ပုံမှန်ဓလေ့တစ်ခုပင်။
ယွီဝူယီသည် လမ်းဘေးရှိ အလိုအလျောက် အရောင်းစက် တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤကမ္ဘာတွင် အရပ်သားသုံး ဝိညာဉ်ကရိယာများ ရှိနေသည်ဆိုသော်လည်း ဤကဲ့သို့သော ပစ္စည်းမျိုးအထိ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပါ။
သူသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားနှင့် ဆင်တူသည့် အရာတစ်ခုကို ထုတ်ယူကာ စက်တွင် ကတ်ခြစ်လိုက်ပြီးနောက်.. ရေနွေးကြမ်းနှင့် ဆင်တူသည့် သောက်စရာတစ်ခုကို ရွေးချယ်လိုက်သည်။
ဂလွန့်...
သောက်စရာဗူးလေးက အောက်သို့ ကျဆင်းလာခဲ့သည်။
ယွီဝူယီ လှမ်းယူကြည့်လိုက်သည့်အခါ ဗူးလေးက ပူနွေးလို့နေဆဲ ဖြစ်သည်။
ဝိညာဉ်ကရိယာ ဖြစ်သည့်အားလျော်စွာ ဤကဲ့သို့သော ရေနွေးကြမ်းများကိုပါ အပူချိန်မကျအောင် ထိန်းသိမ်းပေးထားနိုင်ပုံရသည်။
သူသည် ဗူးအဖုံးကို လှည့်ဖွင့်လိုက်ပြီး... လျူယင်၏ ချယ်ရီသီးပမာ နှုတ်ခမ်းလေးဖြင့် ဗူးဝကို တေ့ကာ ခါးသက်သက်နိုင်သော ရေနွေးကြမ်းကို ငုံ့သောက်လိုက်သည်။
“ကိုကာကိုလာလောက် စိတ်လှုပ်ရှားစရာ မကောင်းပေမဲ့လည်း... ဒီလိုအချိန်မျိုးမှာ ရေနွေးကြမ်းပူပူလေး တစ်ငုံသောက်ရတာကလည်း တကယ်ကို နေလို့ကောင်းသားပဲ”
သူသည် လမ်းဘေးရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်လိုက်ရင်း... လတ်ဆတ်လှသော လေထုနှင့် လှပသော ရှုခင်းများကို တိတ်တဆိတ် ခံစားနေမိသည်။
မကြာသေးမီက အဖြစ်အပျက်များက အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေခဲ့တာမို့... ရံဖန်ရံခါတွင် ဤကဲ့သို့ ဘဝကို ဖြည်းဖြည်းချင်း ဖြတ်သန်းရခြင်းကလည်း တကယ့်ကို ကောင်းမွန်လှသည်။
အချိန်ဟူသည် လက်ချောင်းများကြားမှ ဖြတ်သန်းစီးဆင်းသွားသော လေပြေလေညင်းအလား... လူကို သက်တောင့်သက်သာရှိစေရင်းနှင့်ပင် တိတ်တဆိတ် ကုန်လွန်သွားခဲ့သည်။
နေမင်းက တဖြည်းဖြတ် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ညမှောင်မိုက်ခြင်း ကုလားကာကြီးက စတင်ပွင့်လန်းလာခဲ့ပြီ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း ကျောင်းသားဦးရေ တဖြည်းဖြည်း များပြားလာခဲ့သည်။
သူတို့၏ မျက်နှာထက်တွင် ယနေ့ကျင့်ကြံမှုမှ ရရှိခဲ့သော တိုးတက်မှုများကြောင့် ကျေနပ်အားရသည့် အပြုံးများဖြင့် ပြည့်နှက်နေကြသည်။
တစ်ချို့ကမူ မကြာသေးမီက ကြုံတွေ့ခဲ့ရသော ပြဿနာများကို မည်သို့ဖြေရှင်းရမည်နည်း ဟူသော အတွေးများဖြင့် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေကြသည်။ လူတိုင်းက မိမိတို့၏ ဘဝလမ်းကြောင်းပေါ်တွင် ကိုယ်စီ ကြိုးစားအားထုတ်နေကြခြင်း ဖြစ်သည်။
“ဟယ်လို... ညီမလေး.. တစ်ယောက်တည်း ထိုင်နေတာလား”
နူးညံ့သိမ်မွေ့လှသော အသံတစ်ခုက သူ၏ အတွေးကမ္ဘာကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။
ယွီဝူယီ လှည့်ကြည့်လိုက်သည့်အခါ... အသက် ၂၀ ခန့်ရှိပြီး အလွန်ပင် နူးညံ့သိမ်မွေ့ကာ ရင့်ကျက်သော အရှိန်အဝါရှိသည့် စီနီယာအစ်မကြီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
အတွင်းစည်းဝင်း၏ အကြီးအကဲဖြစ်သူ ‘ကျန်းလဲ့ရွှမ်’ ... ဝိညာဉ်သူတော်စင် အဆင့် တစ်ဦး ပေတည်း။ ၎င်းကား ဒေတာစကင်ဖတ်ခြင်း စနစ်က သူ့ကို ပေးအပ်လိုက်သည့် အချက်အလက်များ ဖြစ်သည်။
“အင်း...”
ယွီဝူယီက ရိုးရှင်းစွာသာ ပြန်လည်ဖြေကြားလိုက်သည်။ သူသည် စောစောက အတွေးများထဲမှနေ၍ အပြည့်အဝ သတိမဝင်လာသေးခြင်း ဖြစ်သည်။
‘ကြည့်ရတာ စကားသိပ်မပြောတတ်တဲ့ ညီမလေးတစ်ယောက်ပဲ ထင်တယ်...’
“အစ်မ ညီမလေးကို တစ်ခါမှ မမြင်ဖူးပါဘူး အတွင်းစည်းဝင်းကို အခုမှ အသစ်ရောက်လာတာလား”
ကျန်းလဲ့ရွှမ်က မည်သို့မျှ အားနာမနေဘဲ ယွီဝူယီ့ဘေးနားတွင် တိုးကပ်၍ သဘာဝကျစွာ ဝင်ထိုင်လိုက်သည်။
“ဟုတ်ကဲ့...”
ပြိုင်ဘက်၏ အားမနာတမ်း ပြုမူပုံကြောင့် ယွီဝူယီ့မျက်ခုံးတစ်ချက် ပင့်သွားရသည်။
ထိုအခါမှသာ သူသည် လက်ရှိတွင် လျူယင်၏ မိန်းကလေးခန္ဓာကိုယ်၌ ရှိနေခြင်းဖြစ်တာမို့... မိန်းကလေးအချင်းချင်းကြားတွင် ခုခံမှုနည်းပါးတတ်မှန်း သတိရလိုက်သည်။
သို့သော် ပြဿနာမှာ ယွီဝူယီကိုယ်တိုင်က ယောက်ျားလေးတစ်ယောက်ဖြစ်နေခြင်းပင်။ ဤကဲ့သို့သော အကွာအဝေးက သူ့အတွက် အနည်းငယ် ရှက်စရာကောင်းလွန်းလှသည်။
ဒါကြောင့် သူက ဘေးသို့ အနည်းငယ် တမင် ရွှေ့ထိုင်လိုက်မိသည်။
ဤလှုပ်ရှားမှုကြောင့် ကျန်းလဲ့ရွှမ်က ထို မိန်းကလေးငယ်သည် လူမှုဆက်ဆံရေးကို ကြောက်ရွံ့နေခြင်းဖြစ်မည်ဟု အထင်မှားသွားခဲ့ပြီး... သူမ တစ်ယောက်တည်း ထိုင်နေခဲ့သည့် မြင်ကွင်းနှင့် ဆက်စပ်တွေးတောလိုက်တော့သည်။
သူမ၏ စိတ်ကူးထဲတွင် ဇာတ်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည် - ဤမိန်းကလေးသည် မွေးရာပါ အေးစက်သော သဘာဝကြောင့် အပေါင်းအသင်းမရှိဘဲ အထီးကျန်နေရရှာပြီး... အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေရရှာသည်။
အကယ်၍ ယွီဝူယီသာ သူမ၏ အတွေးများကို သိရှိသွားပါက မလွဲမသွေ ပြန်လည်ချေပမိမှာ သေချာသည်။
‘အစ်မကြီးရယ်... အဝေးကြီး တွေးမနေပါနဲ့ဦး..ကျွန်တော်က ဘဝကို အေးအေးဆေးဆေး ခံစားနေတာ သက်သက်ပါဗျာ’
သို့သော်လည်း ကံဆိုးစွာဖြင့် သူက မသိရှိခဲ့သလို ကျန်းလဲ့ရွှမ်ကလည်း မသိရှိခဲ့ပါ။
ထို့ကြောင့် ကျန်းလဲ့ရွှမ်သည် မိမိရှေ့ရှိ မိန်းကလေးငယ်၏ စိတ်ဒဏ်ရာကို မည်သို့နည်းဖြင့် ဖြေရှင်းပေးရမည်နည်းဟု စိတ်ထဲကနေ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ပြီးတော့... သူမရဲ့ မျက်ဝန်းတွေက တကယ့်ကို လှပလွန်းလှသည် မဟုတ်ပါလား။
ကြည်လင်တောက်ပနေတဲ့ ဖန်သားပြင်လေးတွေအတိုင်းပဲ။
ကျန်းလဲ့ရွှမ်သည် ယွီဝူယီ့ရဲ့ မျက်ဝန်းအစုံကို ကြည့်ရင်း ချက်ချင်းပင် စိတ်ကူးယဉ်ဆန်သွားရသည်။
ဤမျှလောက် လှပသော မျက်ဝန်းမျိုးကို သူမ တစ်သက်တွင် တစ်ခါမှ မမြင်ဖူးခဲ့ပါ။
‘မဟုတ်ဘူး... ငါမဖြစ်ဖြစ်အောင် သူမကို ပျော်ရွှင်အောင် လုပ်ပေးရမယ်.. မဟုတ်ရင် ဒီလိုအလှအပမျိုးက နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်'
“အစ်မနာမည်က ကျန်းလဲ့ရွှမ် ပါ။ အတွင်းစည်းဝင်းရဲ့ ကျောင်းသားတွေထဲမှာတော့ အစ်မက ဝါရင့်စီနီယာတစ်ယောက်ပေါ့... ညီမလေးက အစ်မကို ‘စီနီယာအစ်မကြီး’ လို့ပဲ ခေါ်နိုင်ပါတယ်။ ညီမလေးရဲ့ နာမည်ကကော...”
“လျူယင်...”
‘လျူယင်တဲ့လား... တကယ့်ကို လှပတဲ့ နာမည်လေးပဲ.. သူမရဲ့ မျက်ဝန်းလေးတွေလိုပဲ’
“ညီမလေးက အတွင်းစည်းဝင်းကို အခုမှ ရောက်ခါစဆိုတော့... ဒီနေရာအကြောင်းကို သိပ်ပြီး သိဦးမှာမဟုတ်ဘူး…အစ်မ လိုက်လံပြသပေးရမလား”
ပြောပြောဆိုဆိုဖြင့် ကျန်းလဲ့ရွှမ်က ယွီဝူယီ့ထံသို့ လျှို့ဝှက်စွာ ထပ်မံတိုးကပ်လိုက်ပြန်သည်။
ယွီဝူယီ့မျက်ခုံးက ဒုတိယအကြိမ်အဖြစ် ထပ်မံပင့်တက်သွားရသည်။
သူသည် ဘဝကို အေးအေးဆေးဆေး ခံစားနေသည့် အခြေအနေမှ နိုးထလာခဲ့ပြီဖြစ်ရာ... ဤကဲ့သို့သော လှုပ်ရှားမှုအသေးစားလေးက သူ၏မျက်စိကို ဘယ်လိုမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါ။ သို့သော် ဤအမျိုးသမီးက ဘာဖြစ်လို့ သူ့ထံသို့ အဆက်မပြတ် တိုးကပ်နေရသလဲဆိုတာကိုတော့ သူ နားမလည်နိုင်ပါ။
မူလဇာတ်ကြောင်းထဲက ကျန်းလဲ့ရွှမ်က ဤကဲ့သို့သော စရိုက်မျိုး ရှိတာလား။
သို့သော်လည်း သူမ၏ အကြံပြုချက်က တကယ့်ကို အသုံးဝင်လှသည်။ မိမိဘာသာ လျှောက်လည်သည်ထက်စာလျှင် လမ်းပြမည့်သူတစ်ဦး ရှိနေခြင်းက ပိုမိုအဆင်ပြေသည် မဟုတ်ပါလား။
“ဒါဆိုရင်တော့... စီနီယာအစ်မကြီးကို ဒုက္ခပေးရတော့မှာပဲရှင်”
ယွီဝူယီက တမင်သက်သက်ပင် ချိုသာလှသော အပြုံးလေးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
သူ မသိရှိခဲ့တာကတော့... ဤအပြုံးလေးသည် ကျန်းလဲ့ရွှမ်၏ နှလုံးသားခံစစ်တံတိုင်းကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့ခြင်းပင်။
‘ဟုတ်တာပေါ့... ဒီကလေးမလေးက ပြုံးလိုက်ရင် ပိုပြီးတော့တောင် ချောမောလှပသွားတာပဲ’
သူမဘက်က ပြုံးပြလာခြင်းကတင် ပထမဆုံးသော အောင်မြင်မှုခြေလှမ်းပဲ ဖြစ်သည်။
ဆက်ပြီးတော့ ကြိုးစားရမည်။
“ဒါဆိုရင် သွားကြစို့"
ကျန်းလဲ့ရွှမ်က ဘာစကားမှ ဆက်မပြောတော့ဘဲ ယွီဝူယီ့ရဲ့ လက်ကလေးကို လှမ်းဆွဲကာ လမ်းမဆီသို့ ခေါ်ဆောင်သွားတော့သည်။
‘ဟေး... ဟေး... ဟေး... အစ်မကြီးရယ်.. ဘာတွေ ဒီလောက်အထိ ဝမ်းသာအားရ ဖြစ်နေတာလဲ… လမ်းလျှောက်တာသက်သက်ကို ဒီလောက်အထိ ပျော်နေရလား’
ယွီဝူယီသည် သူမ၏ ဆွဲခေါ်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ယိုင်တိုင်တိုင်ဖြစ်သွားခဲ့ရပြီး... သူမ၏ အရှိန်ကို လိုက်မှီရန်အတွက် အားစိုက်လိုက်ရသည်။
“လာပါ... ကြည့်လိုက်ဦး.. ဒါက ငါတို့အတွင်းစည်းဝင်းရဲ့ စာကြည့်တိုက်ပဲ ဝိညာဉ်အကြောင်းအရာတွေကနေစပြီး ကမ္ဘာ့ရေးရာတွေအထိ... ညီမလေး သိချင်သမျှ အရာအားလုံး ဒီနေရာမှာ ရှိတယ်”
“ပြီးတော့ ဒါကတော့... ငါတို့အတွင်းစည်းဝင်းရဲ့ ဝိညာဉ်ကရိယာ နယ်မြေပဲ…ကျောင်းတော်ရဲ့ အဆင့်မြင့်ဆုံး ဝိညာဉ်ကရိယာတွေနဲ့ ထုတ်လုပ်မှုနည်းလမ်းတွေအားလုံး အခြေခံအားဖြင့် ဒီနေရာမှာပဲ ရှိကြတာ”
“ဒါကတော့... အတွင်းစည်းဝင်းရဲ့ အစားအသောက်လမ်းမပေါ့… အရသာရှိတဲ့ အစားအသောက်တွေ အများကြီးရှိတယ်နော်”
“ပြီးတော့ ဒါက... အတွင်းစည်းဝင်းရဲ့ စိန်ခေါ်မှုနယ်မြေပဲ.. ပြင်ပစည်းဝင်းရဲ့ ဝိညာဉ်စိန်ခေါ်မှုကွင်းနဲ့ ဆင်တူပေမဲ့... ဒီနေရာမှာတော့ အလကား ယှဉ်ပြိုင်လို့ရတယ်”
“ပြီးတော့ ဒါက...”
“ဒါကတော့...”
လမ်းခရီးတစ်လျှောက်တွင် ကျန်းလဲ့ရွှမ်သည် ပျားပိတုန်းငယ်တစ်ကောင်အလား မမောမပန်းနိုင်ဘဲ အတွင်းစည်းဝင်း၏ အဆောက်အအုံများနှင့် နယ်မြေများကို ယွီဝူယီ့အား အသေးစိတ် လိုက်လံမိတ်ဆက်ပေးခဲ့သည်။
ထို့ပြင် သူမသည် ယွီဝူယီ့ကို ဆွဲခေါ်ကာ အမျိုးမျိုးသော အစားအသောက်များနှင့် သောက်စရာများကို မြည်းစမ်းစေခဲ့ပြီး အတွင်းစည်းဝင်း ကျောင်းသားများ၏ လေ့ကျင့်ရေးယှဉ်ပြိုင်မှုများကိုလည်း အတူတူ ကြည့်ရှုခဲ့ကြသည်။
ယွီဝူယီသည်လည်း မူလက အတင်းအကျပ် ဆွဲခေါ်ခြင်းခံရ၍ စိတ်မသက်မသာဖြစ်ခဲ့ရသော်လည်း... တဖြည်းဖြည်းနှင့် ကျန်းလဲ့ရွှမ်၏ စည်းချက်ထဲသို့ စီးမျောဝင်ရောက်သွားခဲ့ပြီး ၎င်းကို သဘောကျနှစ်သက်လာခဲ့သည်။
နောက်ဆုံးတွင်မူ... သူတို့သည် ပင်လယ်နတ်ဘုရားရေအိုင် ၏ ဘေးပတ်ပန်းကျင် နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာက အိုင်၏ အခြားသော နယ်မြေများနှင့် ယှဉ်လျှင် အနည်းငယ် ကွဲပြားခြားနားနေပုံရသည်။
အိုင်နှင့် အလွန်နီးကပ်သော နေရာတွင် ဟိုတယ်တစ်ခုမျှ ကြီးမားကျယ်ပြန့်လှသော ထမင်းစားဆောင်ကြီးတစ်ခု ရှိနေသည်။
ထို့ပြင် အိုင်၏ ဘေးပတ်ပန်းကျင်တွင် မတူညီသော အမြင့်ရှိသည့် လှေကားထစ်များစွာ ရှိနေကြပြီး... ၎င်းက ပွဲကြည့်စင်တစ်ခုနှင့် အလွန်ပင် ဆင်တူလှသည်။
အိုင်၏ ရေပြင်ပေါ်တွင်လည်း အရွယ်အစားစုံလင်လှသော ကြာပန်းကြာရွက်များစွာ ရှိနေကြပြီး ၎င်းတို့က လူကုသိုလ်ပြုပြီး စိုက်ပျိုးထားခြင်း ဖြစ်ပုံရသည်။
“ဒါကတော့... ငါတို့ရဲ့ ဒီနေ့အတွက် နောက်ဆုံးမှတ်တိုင်ပဲ… ဒါပေမဲ့ ဒီနေရာကို ဘာအတွက် သုံးလဲဆိုတာကိုတော့ အစ်မက အခုလောလောဆယ် မပြောပြနိုင်သေးဘူး”
“မနက်ဖြန်ညမှာ ကျင်းပမယ့် ပွဲတော်ကြီးက ဒီနေရာမှာ ဖြစ်လာလိမ့်မယ်ဆိုတာကိုပဲ အစ်မ ပြောပြနိုင်မယ်”
“တစ်ချိန်တည်းမှာပဲ... အစ်မ ညီမလေးအတွက် ပြင်ဆင်ထားတဲ့ အံ့ဩစရာလက်ဆောင် ကလည်း ဒီနေရာမှာပဲ ရှိနေလိမ့်မယ်"
ကျန်းလဲ့ရွှမ်၏ မျက်နှာထက်တွင် လျှို့ဝှက်ဆန်းကြယ်လှသော အမူအရာတစ်ခု ဖြစ်ပေါ်လို့နေသည်။
‘ဒီလောက်အထိ လျှို့ဝှက်နေတာလား... အံ့ဩစရာလက်ဆောင်လည်း ရှိသေးတယ် ဟုတ်လား… ကြည့်ရတာ ဒီနေရာက တကယ့်ကို မရိုးရှင်းဘူးပဲ...’
ယွီဝူယီသည် ဤနေရာတွင် မည်မျှအထိ ကြီးမားလှသော လျှို့ဝှက်ချက် ရှိနေသလဲဆိုတာကို သိရှိနိုင်ရန်အတွက် ဒေတာစကင်ဖတ်ခြင်း စွမ်းရည်ကို အသုံးပြုရန် အလိုလို စဉ်းစားလိုက်မိသည်။
သို့သော်လည်း ကျန်းလဲ့ရွှမ်က သူမ၏ လက်နှစ်ဖက်ဖြင့် ယွီဝူယီ့ရဲ့ ခေါင်းလေးကို အသာအယာ ဆွဲကိုင်လိုက်ပြီး... သူ၏ အာရုံစိုက်မှုကို သူမ၏ မျက်နှာထက်သို့ အတင်းအကျပ် လွှဲပြောင်းစေကာ မှာကြားလိုက်သည်။
“အံ့ဩစရာလက်ဆောင်ဆိုတာ ကြိုတင်သိသွားရင် စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူးလေ.. ဒါကြောင့် စီနီယာအစ်မကြီးက အဖြေကို မပြောပြသေးခင်အထိ... ညီမလေး လျူယင်အနေနဲ့ ဒီနေရာကို ကြိုတင်ပြီး မစုံစမ်းရဘူး.. ပြီးတော့ တခြားသူတွေကိုလည်း သွားပြီး မမေးရဘူး... ဟုတ်ပြီလား”
ပြောပြီးသည်နှင့် သူမက သူမ၏ နှုတ်ခမ်းလေးကို စူအောင့်ပြလိုက်ရာ... အကယ်၍ ယွီဝူယီသာ သဘောမတူပါက ချက်ချင်း စိတ်ဆိုးတော့မည့်အလား အလွန်ပင် ချစ်စဖွယ်ကောင်းလှသော အမူအရာ ဖြစ်သွားခဲ့သည်။
‘သူမ အသက်ဘယ်လောက်ရှိပြီလဲ... ကလေးကို ချော့နေသလိုမျိုး လာလုပ်ပြနေသေးတယ်...’
သူ စိတ်ထဲကနေ ထိုသို့တွေးတောမိသော်လည်း ယွီဝူယီ ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါက တစ်ရက်တည်းသော အချိန်ဖြစ်တာမို့ အလျင်စလို စုံစမ်းနေစရာ မလိုပါချေ။
သို့သော်လည်း သူ လုံးဝ ထင်မှတ်မထားခဲ့တာကတော့... ကျန်းလဲ့ရွှမ် ပြင်ဆင်ထားသည်ဆိုသော အံ့ဩစရာလက်ဆောင်ကြီးက နောင်တွင် သူ့ကို မည်မျှအထိ ထိတ်လန့်တုန်လှုပ်သွားစေမည်နည်း ဟူသော အချက်ပင် ဖြစ်တော့သည်။